ကျိုးထျန်ဟောက်
Vol. 1 Ch. 11
"ဖာခ့် ငါက သန့်စင်ခန်းကို သွားတာ အဲ့မှာ ခွေးမတစ်ကောင်နဲ့ တွေ့တော့တာပဲ"
သက်လတ်ပိုင်း လူဝကြီးက ဆိုဖာပေါ် ပစ်ထိုင်လိုက်ပြီး ဝိုင်တစ်ခွက်အား တကျိုက်ကျိုက် မြည်အောင် မော့သောက်လိုက်သည်။
"ငါက အစကတော့ မိန်းမလှလေး တစ်ယောက်ပါလား ဆိုပြီး နှုတ်ဆက်မလို့ ရှိသေးတယ် အဲ့ခွေးမက ငါ့မျက်နှာကို ပိတ်ရိုက်သွားတယ်လေ ပြီးတော့ သူ့ကောင်လေး ရောက်လာပြီး ငါ့ကို ကန်ကျောက်သွားတယ် အဲ့ကောင်နာမည်က တင်းကျွင်းဖေ့တဲ့ တစ်ခါမှ ကြားတောင် မကြားဖူးဘူး"
"တင်းကျွင်းဖေ့ အဲ့ဒါက ကွင်းအခန်းထဲက ဒုတိယမျိုးဆက် လူပျက်လေးတွေထဲက တစ်ယောက် မဟုတ်လား"
ပါးအို့နီနီနှင့် မိန်းကလေးတစ်ယောက်က ဝင်ပြောလာသည်။
"ဟုတ်တယ် သူပဲ အဲ့ကောင်က ကွင်းအခန်းထဲကလို့ ပြောသွားတယ် ကြည့်ရတာ တော်တော် မာန်ထောင်နေပုံပဲ"
လူဝကြီးက အာပေါင်အာရင်း သန်သန်နှင့် ပြောလိုက်သည်။
ကျိုးထျန်ဟောက်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘေးတွင်ထိုင်နေသော ပါးအို့နီနီနှင့် မိန်းကလေးကို မေးလိုက်သည်။
"မင်းသူ့ကိုသိလား"
"အင်း သူက ကျော်ကြားတဲ့ ကောင်လေးတွေထဲက တစ်ယောက်ပဲ သူ့အဖေက စက်ရုံသေးသေးလေး တစ်ခု ပိုင်တယ် မီလီယမ်ဒါဇင် နည်းနည်းလောက်ပဲ ချမ်းသာတာပါ"
ပါးအို့နီနီနှင့် မိန်းကလေးက ခြေချိတ်ထိုင်လိုက်ကာ ပါးစပ်ထဲမှ ဆေးလိပ်ငွေ့တို့အား မှုတ်ထုတ်လိုက်ပြီး ပြန်ဖြေသည်။
ကျိုးထျန်ဟောက်က ခဏမျှ စဉ်းစား ပြီးတော့မှ ပြောလိုက်သည်။
"သူတို့ကို ငါ့ဆီခေါ်ခဲ့"
...
ယန်ချောင်နှင့် သူ၏ သူငယ်ချင်းတစ်စု အင်ပါရီယာ အခန်းသို့ ရောက်လာချိန်မှာ အလယ်ခုံတွင် ထိုင်နေသောသူ၏ အရှိန်အဝါက အားလုံးကို အံ့အား သင့်သွားစေသည်။ ထိုလူ၏ ကိုယ်ဟန်အနေအထားက အလွန် ဩဇာညောင်းသည့်ပုံ ဖြစ်ပြီး ဘယ်သူမှ မလွန်နိုင်သည့် ခံစားချက်ကို ပေးသည်။ သို့သော် ယန်ချောင်တို့ တအုပ်စုလုံးက ချမ်းသာပြီး နောက်ခံတောင့်တင်းသော အသိုင်းအဝိုင်း ဖြစ်ရာ သူတို့က ဒီလောက်နှင့် မဖြုံပေ။
"လူကြီးမင်းက ကျွန်တော့်သူငယ်ချင်း ရှောင်ဖေ့ကို ရှာနေတယ် ဆိုလို့ပါ"
ယန်ချောင်က တတ်နိုင်သလောက် စိတ်တည်ငြိမ်အောင် ထားပြီး မေးလိုက်သည်။
"ဟုတ်တယ် ဒါပေမဲ့ မင်းကဘယ်သူလဲ"
ကျိုးထျန်ဟောက်က ထိုကလေးတသိုက်၏ လူကြီးဂိုက်ဖမ်းထားသော အမူအရာကို ကြည့်ကာ ရယ်ချင်သွားရသည်။
"ကျွန်တော့်နာမည်က ယန်ချောင်ပါ ကျွန်တော့်အဖေက ထျန်ရှန်းဟိုတယ်ပိုင်ရှင် ယန်ရိဖန်ပါ တကယ်လို့ လူကြီးမင်းက ရှောင်ဖေ့အပေါ် မကျေနပ်တာရှိရင် ကျွန်တော့်မျက်နှာကို ထောက်ထားပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"
"ယန်ရိဖန်"
ကျိုးထျန်ဟောက်က နှာခေါင်းရှုံ့လိုက်သည်။
"မင်းအဖေကိုယ်တိုင် ဒီကိုလာပြီး တောင်းပန်ရင်တောင် မရသေးဘူး ငါက မင်းမျက်နှာကိုထောက်ပြီး ခွင့်လွှတ်ရမယ်တဲ့လား"
"လူကြီးမင်းက.. "
ယန်ချောင်၏ မျက်နှာက ဖြူဖျော့သွားသည်။
"မင်းသူငယ်ချင်းက ငါ့ဧည့်သည်ကို ရိုက်တုန်းကတော့ ငါဘယ်သူလဲဆိုတာ မမေးခဲ့ဘူးလေ"
ကျိုးထျန်ဟောက်က သရော်တော်တော် ပြောလိုက်သည်။
ယန်ချောင်နှင့် သူ၏ သူငယ်ချင်းတစ်စုသည် မိဘလုပ်စာ ထိုင်စားနေသော လူရှုပ်လူပွေများသာ ဖြစ်ကြသည်။ သို့သော် သူတို့ မိဘများ ကိုယ်တိုင် ရောက်လာလျှင်ပင် ကျိုးထျန်ဟောက်အား တောင်းပန်ရမည်ဖြစ်သည်။
ယန်ချောင်က ခက်ခက်ခဲခဲ တံတွေးမြိုချမိပြီး ပတ်ပတ်လည်ရှိ သူ့သူငယ်ချင်းများအား ကြည့်လိုက်မိသည်။ အားလုံး၏ မျက်လုံးများထဲ၌ တုန်လှုပ်ချောက်ချားမှုများကိုသာ တွေ့လိုက်ရသည်။
အလယ်ခုံရှိ လူ၏နာမည်မှာ 'ကျိုးထျန်ဟောက်'ဟု သိပြီးကတည်းက သူသာ ကောင်းကောင်း မကိုင်တွယ်တတ်လျှင် အသုံးသတ်က ကောင်းမည် မဟုတ်ကြောင်း ယန်ချောင်က ရိပ်မိသည်။ သူက ထိုနာမည်အား အရင်တည်းက ကြားဖူးခဲ့ပြီး ထိုလူနှင့် မကောင်းသော ပတ်သက်မှုဖြင့် ပတ်သက်မှုသူ မှန်သမျှသည် ဆိုးရွားစွာ အဆုံးသတ်ကြရသည်။ ယန်ချောင်က ကျောရိုးတလျှောက် စိမ့်တက်သွားသည်။ သူ့သူငယ်ချင်းများက နာမည်သိပြီးကတည်းက ဒူးခွေကြမတတ် ဖြစ်နေကြရာ သူက ကိုယ့်အားကိုယ်ကိုး ရပေမည်။
"လူကြီးမင်းကျိုး ကျွန်တော့်သူငယ်ချင်းက လူကြီးမင်းရဲ့ မိတ်ဆွေအပေါ် လုပ်ခဲ့မိတာအတွက် စိတ်မကောင်းပါဘူး ကျွန်တော် တကယ် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်"
"ကောင်းပြီလေ ငါက မင်းအဖေနဲ့ အကြိမ် အတော်များများ တွေ့ခဲ့ဖူးတယ် ဒီတော့ ဒီကိစ္စကို မဖြစ်ခဲ့သလို သဘောထားပေးမယ်"
ကျိုးထျန်ဟောက်က မရိုးရှင်းလှသော အပြုံးတစ်ခုကိုပြုံးရင်း ပြောလိုက်သည်။
"ငါမင်းကို သွားခွင့်ပြုမယ် ဒါပေမဲ့ သူတို့နှစ်ယောက်ကိုတော့ ထားခဲ့ရမယ်"
ယန်ချောင်၏ မျက်နှာပေါ်မှ အပြုံးက တစ်ဝက်တစ်ပျက်နှင့် အေးခဲသွားသည်။
"မင်းတို့နှစ်ယောက် ဒီမှာနေခဲ့ ကျန်တဲ့သူတွေ သွားလို့ရပြီ"
ကျိုးထျန်ဟောက်က ကျွင်းရှောက်နှင့် သူ့ကောင်မလေးကို ညွှန်ပြရင်း ပြောလိုက်သည်။
ယန်ချောင်နှင့် တခြားသူတို့၏ မျက်နှာများက မဲမှောင်သွားကြသည်။
တကယ်လို့ ယန်ချောင်က ကျွင်းရှောက်တို့နှစ်ယောက်အား ထားခဲ့ဖို့ သဘောတူလိုက်ပါက သူတို့ကြားက သူငယ်ချင်း ဆက်ဆံရေးကိုပါ တာ့တာ ပြလိုက်ရပေမည်။ အဆိုးဆုံးက သူငယ်ချင်း အပေါ် သစ္စာမရှိသော ငကြောက်တစ်ကောင် အဖြစ် လှောင်ပြောင်ခံရပေမည်။
"သူတို့က ဘာလို့နေခဲ့ရမှာလဲ သူတို့ရဲ့ ဆန္ဒမပါဘဲ ဒီမှာ ကျန်ခဲ့ခိုင်းတာက တရားမဝင်ဘူးဆိုတာ မသိဘူးလား"
ကျန့်ယွီမုန့်က ဘာမှ မတတ်နိုင်သော်လည်း ပြန်ခံပက်ဖို့တော့ မမေ့ပေ။
ယန်ချောင်က သူ့ကောင်မလေး၏ စကားကိုကြားပြီးနောက် သူ့နှလုံးသားက နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ မုန့်မုန့်က အိမ်မှာရော၊ သူငယ်ချင်းတွေကြားမှာရော အလိုလိုက်ခံထားရပြီး အပြင်လောကအကြောင်း အများကြီး မသိပေ။ ကျိုးထျန်ဟောက်၏ ရက်စက်သော နည်းလမ်းများက သူမ နားလည်နိုင်သော အရာမဟုတ်။
***