ချန်းဖန် လှုပ်ရှားပြီ
Vol. 1 Ch. 12
ကျိုးထျန်ဟောက်၏ ရယ်သံလွင်လွင်က ထွက်ပေါ်လာသည်။ သူက ကျန့်ယွီမုန့်ကို ပြောလိုက်သည်။
"မင်းပြောတာ ငါက တရားမဝင်တဲ့ တစ်ခုခုကို လုပ်ဖို့ ကြိုးစားနေတယ်ပေါ့ ဟုတ်လား"
ကျိုးထျန်ဟောက်၏ မျက်နှာပေါ်မှ လှောင်ပြုံးက ပျောက်ကွယ်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
"ငါစိတ်ပြောင်းသွားပြီ ကျန်တဲ့သူတွေ အားလုံး သွားနိုင်ပြီ မင်းနဲ့ မင်းဘေးက နှစ်ယောက်ကတော့ ကျန်ခဲ့ပြီး ငါနဲ့အတူ သောက်ပေးရမယ်"
ကျိုးထျန်ဟောက်က ကျန်းချူယန်နှင့် ရှုယုံဖေးကိုပါ ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။
ထိုမိန်းကလေးနှစ်ယောက် စဝင်လာကတည်းက သူ့အာရုံကို ဖမ်းစားသွားခဲ့တာ ဖြစ်သည်။ တစ်ယောက်က ကြော့ရှင်းလှပကာ၊ တစ်ယောက်ကတော့ အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိသည်။ နှစ်ယောက်လုံးက ရှားမှရှားသော အလှပိုင်ရှင်များ ဖြစ်ကာ ပါးအို့နီနီမိန်းကလေးအတွက် အလုပ်လုပ်ပေးနေသော ကောင်မလေးများထက်ပင် ပိုလှသည်။ ကျိုးထျန်ဟောက်က ထိုနှစ်ယောက်ကို မျက်စိကျနေချိန်တွင် ဦးနှောက်မရှိသော မိန်းမတစ်ယောက် ပြောလိုက်သော စကားက သူ့အတွက် အခွင့်အရေး ရသွားစေသည်။
"လူကြီးမင်းကျိုး ကျွန်တော့် ကောင်မလေးရဲ့ အပြုအမူအတွက် တောင်းပန်ပါတယ် သူက သိပ်မစဉ်းစားတတ်လို့ပါ ကျွန်တော့်အဖေရဲ့ မျက်နှာကို ထောက်ပြီး သူ့ကိုခွင့်လွှတ်ပေးပါဗျာ"
ယန်ချောင်က နှိမ့်နှိမ့်ချချ ပြုံးပြီး ပြောလိုက်သည်။
"မင်းအဖေ ငါမင်းကို လွှတ်ပေးသင့်လား ဆိုတာ ဘာလို့ မင်းအဖေကို သွားမမေးတာလဲ"
ကျိုးထျန်ဟောက်က ဝိုင်ခွက်အား ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်ပြီး အော်လိုက်သည်။
"မင်းကို ငါ့ရှေ့က ထွက်သွားတော့လို့ ပြောနေတယ် မင်းေ–ာက်ပါးစပ်ကို ပိတ်ပြီး ထွက်သွားတော့ မဟုတ်ရင် ဒီည ဘယ်သူမှ မသက်သာစေရဘူး"
ဝိုင်ခွက် ကျကွဲသံက မိန်းကလေးများကို ကြောက်လန့်စေသည်။ ထိုမမလေးများက တစုံတစ်ယောက် ဤမျှထိ ဒေါသထွက်တာကို တစ်ခါမှ မမြင်ဖူးကြပေ။
အုပ်စုထဲမှ ကောင်မလေး တစ်ယောက်က သူ့ကောင်လေး၏ အင်္ကျီလက်အား ဆွဲကာ ပြောလိုက်သည်။
"ငါတို့ ထွက်သွားသင့်ပြီလို့ ထင်တယ်"
အားလုံးက ဝေခွဲမရ ဖြစ်နေကြဟန် ရှိသည်။ ကျန်းချူယန်တို့ သုံးယောက်က သူတို့၏ သူငယ်ချင်းများ ဖြစ်သော်လည်း ဒါက အချိန်ကောင်းများတွင်သာ ဖြစ်သည်။ အခုလို အကျပ်အတည်းမျိုး ကြုံလာချိန်မှာတော့ ဘယ်သူကမှ ကျန်းချူယန်တို့ဘက်က ရပ်တည်ပေးရန် စိတ်ကူးမရှိပေ။ သူတို့က အချင်းချင်း ညီအစ်ကိုရင်း၊ ညီအမရင်းတွေလို ခေါ်ပြောနေကြသော်လည်း အပေါ်ယံ အရေပြား တထောက်စာ ဆက်ဆံရေးသာ ဖြစ်သည်။
ဒါ့အပြင် ကျန်းချူယန်တို့ သုံးယောက်လုံးက ချမ်းသာသော မိသားစုများမှ မမလေးများ ဖြစ်ကြရာ ကျိုးထျန်ဟောက်က လွန်လွန်ကျူးကျူးတော့ ဒုက္ခပေးရဲမည်မဟုတ်ဟု သူတို့က ယူဆသည်။
"ဟေး မင်းတို့က ငါတို့ အကိုဟောက်နဲ့ တခွက်၊ နှစ်ခွက်လောက် အတူတူ သောက်ပေးရုံပါ စိတ်မပူပါနဲ့ ငါတို့က ကိုက်မစားတတ်ပါဘူး "
ပါးအို့နီနီနဲ့ မိန်းကလေးက ပြောလိုက်ပြီး 1961 ထုတ် ဝိုင်တစ်ပုလင်းကို ဖောက်လိုက်သည်။ ထိုဝိုင်ကား တစ်ပုလင်းကို စတာလင်ပေါင် 130,000 တန်ပေသည်။
ထို့နောက် သူမက သက်တော်စောင့် အားပျောင်အား ခေါင်းညိတ်ပြလိုက်ပြီး မိန်းကလေး သုံးယောက်အား ခေါ်လာရန် အချက်ပြလိုက်သည်။
ကျန့်ယွီမုန့်၏ မျက်နှာက ဖြူဖျော့သွားပြီး ကြောက်ရကောင်းမှန်း သိသွားသည်။ သူမက တုန်တုန်ယင်ယင်နှင့် ယန်ချောင့်နောက်သို့ ဝင်ပုန်းလိုက်သော်လည်း ယန်ချောင်ကား အားပျောင်ကို မတားရဲပေ။
ယန်ချောင်က ကျိုးထျန်ဟောက်နှင့် ပတ်သက်ပြီး သူ့ဖခင်ထံမှ အများကြီး ကြားဖူးနားဝ ရှိသည်။ သူ့အဖေကိုယ်တိုင်က ဂုဏ်သရေရှိ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ပြီး ဟိုတယ်ကြီးတစ်ခုအား ပိုင်ဆိုင်သော်လည်း ကျိုးထျန်ဟောက်နှင့်တော့ မယှဉ်နိုင်ပေ။ ကျိုးထျန်ဟောက်က မြို့တော်ထဲတွင် အလွန် လွှမ်းမိုးနိုင်စွမ်း ရှိပြီး သူသာ ကျိုးထျန်ဟောက်နှင့် သွားရှုပ်မိပါက ဇာတ်သိမ်းလှမည် မဟုတ်ပေ။ အကယ်၍ သူ့အဖေသာ ဒီမှာရှိနေပါက တောင်းပန်၍ ရကောင်းရနိုင်သော်လည်း သူ့လို ဆယ်ကျော်သက်လေးကတော့ ဘောင်မဝင်ပေ။
ကျန်းချူယန်လည်း မျက်နှာမကောင်းတော့ပေ။ သို့သော် သူမက မကြောက်။ သူမအဖေ ကျန်းဟိုင်ရှန်းက အစိုးရ ဘက်ပိုင်းတွင် ရာထူးကြီးမားရာ ကျိုးထျန်းဟောက်က သူမအား အန္တရာယ်ပြုရဲလိမ့်မည်ဟု မထင်ပေ။ သို့သော် သူက သူမအား အလွယ်တကူတော့လည်း လွှတ်ပေးလိမ့်မည် မဟုတ်။
ကျိုးထျန်ဟောက်၏ သက်တော်စောင့်က မိန်းကလေးများထံ ရောက်တော့မည့်ဆဲဆဲမှာပဲ လက်တစ်ဖက်က ထိုသက်တော်စောင့်အား တားဆီးလိုက်သည်။
လူတိုင်းက ထိုအဖြစ်အပျက်ကြောင့် အံ့ဩသွားကြသည်။
ချန်းဖန်က ကျန်းချူယန်နှင့် ရှုယုံဖေး၏ ဘေးတွင် ရပ်နေပြီး လက်တဖက်က အင်္ကျီအိတ်ထဲတွင် ထည့်ထားဆဲဖြစ်ကာ နောက်လက်တဖက်က သက်တော်စောင့်အား တားဆီးထားသည်။ ထို့နောက် သူက ကျိုးထျန်ဟောက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"လူကြီးမင်း သူတို့နှစ်ယောက်က ကျွန်တော့်သူငယ်ချင်းတွေ ဒီတော့ ကျွန်တော့်ကို မျက်နှာသာပေးတဲ့အနေနဲ့ သူတို့ကို လွှတ်ပေးလိုက်လို့ ရမလား"
"နင်ရူးနေလား"
ကျန်းချူယန်က ချန်းဖန်၏ ကျောကုန်းအား ရိုက်လိုက်ရင်း တီးတိုးပြောလိုက်သည်။
အဆိုးဆုံး ဖြစ်နိုင်ချေဆိုလို့ သူမတို့သုံးယောက်က ထိုလူအိုကြီးများနှင့် အတူထိုင်ပြီး အရက်သောက်ပေးရုံပင်။ မနှစ်မြို့စရာ ကောင်းသော်လည်း ပြီးသွားလျှင် ဘေးကင်းစွာနှင့် အိမ်ပြန်နိုင်သေးသည်။ သို့သော် ချန်းဖန်၏ ဝင်ရှုပ်လိုက်မှုက ကြည်လင်နေသောရေကို နောက်ကျိအောင် လုပ်လိုက်သလိုပင်။
"အို မင်းကဘယ်သူများလဲ ငါက ဘာလို့ မင်းကို မျက်နှာသာ ပေးသင့်တာလဲ"
ကျိုးထျန်ဟောက်၏ အသံက ပို၍ အေးစက်လာသည်။ သူ၏စိတ်ရှည်မှုက တဖြည်းဖြည်း ကုန်ဆုံးလာပြီ ဖြစ်သည်။ ပထမဆုံး သူ့ဧည့်သည်က အကန်ခံလိုက်ရသည်။ အခုလည်း ဆယ်ကျော်သက် ကောင်လေးများက သူ့လိုလူအား တန်းတူညီတူလို သဘောထားပြီး စကားပြောနေကြသည်။
"ငါကဘယ်သူလဲ ဟုတ်လား"
ချန်းဖန်က ခေါင်းအား ဘေးတဖက်သို့ စောင်းလိုက်ပြီး စဉ်းစားဟန်ပြုလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။
"ငါက မင်းအနေနဲ့ ဘယ်တော့မှ လာမရှုပ်သင့်တဲ့ တစုံတစ်ယောက်လေ"
တအုပ်စုလုံးမှာ ဆွံ့အလျက် ချန်းဖန်အား ကြောင်ကြည့်နေမိကြသည်။
"သေစမ်း ဒီအရူးကောင် ကတော့ ငါတို့အားလုံးကို သေစေချင်နေတာလား"
ယန်ချောင်က ချန်းဖန်၏ မဆင်မခြင် မိုက်မဲမှုကြောင့် ရှော့်ရသွားသည်။ အစတည်းက ဒီကောင်အား KTV သို့ ခေါ်မလာသင့်မှန်း သူသိခဲ့သင့်တာ။
သူက ပြဿနာတစ်ခုလုံးကို ဘယ်လို ဖြေရှင်းပြီး ကျိုးထျန်ဟောက်နှင့် ဘယ်လို ညှိနှိုင်းရမှန်း မသိသေးခင်မှာပဲ ချန်းဖန်က ကျိုးထျန်ဟောက်အား ပေါ်တင်ပင် စိန်ခေါ်လိုက်လေသည်။
ေ–ာက်ကျိုးနည်း
တင်းကျွင်းဖေ့၏ ခြေထောက်များမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီး ကျိုးထျန်ဟောက်တစ်ယောက် ဒေါသထွက်ပြီး ဘာဆက်လုပ်မည်ကို တွေးပင်မတွေးရဲတော့ပေ။
"ဟား ဟား ဟား"
ကျိုးထျန်ဟောက်က ရယ်ရလွန်ပြီး ဆိုဖာကူရှင်ကိုပင် မီလိုက်ရလေသည်။
"မင်းက ငါလာမရှုပ်သင့်တဲ့သူ ဟုတ်လား"
ကျိုးထျန်ဟောက်က ကြက်သီးထစရာ ကောင်းသော အပြုံးတစ်ခုကို ပြုံးကာ ချန်းဖန်အား ကြည့်လာသည်။
"သွားပြီ"
အခြေအနေက ထိန်းချုပ်လို့ မရတော့ကြောင်း နားလည်လိုက်သည်မို့ ကျန်းချူယန်က မျက်လုံးများကို မှိတ်ချလိုက်မိသည်။ သူမက ဆက်ဖြစ်လာမည့် အရာများကို မကြည့်ရဲတော့ပေ။
"ဒီအရူးကောင်ကတော့ ယန်ချောင်တောင်မှ ကျိုးထျန်ဟောက်ကို ထိပ်တိုက်မတွေ့ရဲဘူး သူက ဘာလို့ ဒီပြဿနာထဲကို ကြားဝင်လိုက်ရတာလဲ ဒါက ဟီးရိုးလုပ်တမ်း ကစားရမဲ့ အချိန် မဟုတ်ဘူးလေ သူက ငါတို့ အားလုံးကို ဒုက္ခရောက်စေချင်နေတာလား"
ကျန်းချူယန်၏ ငြီးငြူသံ အဆုံး ရှုယုံဖေးက ပြောလိုက်သည်။
"ငါတို့ ဘာလုပ်ကြမလဲ သူ့ကို ကယ်ဖို့ လိုတယ်"
"ဘယ်လိုကယ်မှာလဲ ကျိုးထျန်ဟောက်က ငါတို့ကို ဘာမှ မလုပ်ဘူး ဆိုတာက ငါတို့အဖေတွေမျက်နှာကြောင့်လေ ချန်းဖန်ကျတော့ ချူကျိုးမြို့မှာ ဘာနောက်ခံမှ မရှိဘူး ပြီးတော့ သူက ကျိုးထျန်ဟောက်ကို ပေါ်တင်ကြီး ဆန့်ကျင်ထားတာ ကျိုးထျန်ဟောက်က လွယ်လွယ်ကူကူ အလွတ်ပေးမယ်များ ထင်နေလား "
ကျန်းချူယန်က ပြောသည်။
"ငါတို့က ေ–ာက်ကျိုးနည်းကို ကံဆိုးနေတာပဲ"
အားပျောင်ဟု အမည်ရသော သက်တော်စောင့်က ချန်းဖန်အား အော်လိုက်သည်။
"ကောင်လေး မင်းက ဒါကိုတောင်းနေတာလားကွ"
ထို့နောက် သူက ချန်းဖန်၏ လည်ပင်းထက်ပင် ပို၍ ကြီးမားသော လက်သီးကြီးနှင့် ချန်းဖန်အား ထိုးလိုက်သည်။ ထိုလက်သီးကြီးက လေထုကိုခွင်းလျက် ချန်းဖန်၏ ရင်ဘတ်ဆီသို့ တည့်မတ်စွာ ဝင်လာသည်။ လက်သီး၏ ပြင်းအားမှာ အိမ်တစ်အိမ်ကို ဖြိုနိုင်သော အစွမ်းရှိသည်ဟုပင် ထင်မှတ်ရစေရာ ချန်းဖန်အတွက်မူ အနည်းဆုံး နံရိုးသုံး၊ လေးချောင်းတော့ ကျိုးပေမည်။
ချန်းဖန် အနောက်တွင် ရပ်နေသော လူများ၏ မျက်နှာများမှာ ဖြူဖျော့သွားသည်။ အားပျောင်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ငယ်ရွယ်သော သူဌေးသား၊သမီးလေးများမှာ ထိတ်လန့်သွားပြီး နောက်သို့ အလျှိုလျှို ဆုတ်သွားကြသည်။
ရှုယုံဖေးက အော်လိုက်မိသည်။
"နောက်ဆုတ်"
အံ့ဩစရာကောင်းစွာပင် ချန်းဖန်က သူမဘက်သို့ လှည့်လာပြီး ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြုံးပြသည်။
"မစိုးရိမ်ပါနဲ့ ဒါက ကိတ်မုန့်လေး လှီးစားရသလိုကို လွယ်ပါတယ်"
ချန်းဖန်က လက်တဖက်ကို အင်္ကျီအိတ်ထဲ ထည့်ထားရင်းပင် ကျန်လက်တဖက်ဖြင့် အားပျောင်၏ လက်သီးအား အသာအယာ ဖမ်းဆုပ်လိုက်သည်။
ထို့နောက်သူက ရိုးရှင်းသော ခြေကန်ချက်တစ်ခုဖြင့် ကန်လိုက်ရာ အားပျောင်၏ ခန္ဓာကိုယ်ကြီးက လာရာလမ်းအတိုင်း ပြန်၍ လွင့်ထွက်သွားလေသည်။
မယုံကြည်နိုင် ဖြစ်နေသော မျက်လုံးများရှေ့တွင်ပင် အားပျောင်က မီတာပေါင်း များစွာအထိ လွင့်ထွက်သွားပြီး ကျိုးထျန်ဟောက်၏ ရှေ့တည့်တည့်ရှိ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"အားပျောင် အဆင်ပြေရဲ့လား"
ကျိုးထျန်ဟောက်က မဲမှောင်နေသော မျက်နှာကြီးနှင့် မေးလိုက်သည်။
အားပျောင်က ဆိုင်ကယ်အတိုက်ခံ လိုက်ရသလို ခံစားလိုက်ရပြီး နာကျင်မှုက အတွင်းကလီစာများ အထိပါ ရောက်ရှိလာသည်။ ရုတ်တရက် အားကောင်းသော လှိုင်းတစ်ခုက သူ့ခန္ဓာကိုယ်အတွင်းတွင် မွှေနှောက်သွားပြီး အားပျောင်က သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
"သူ.. သူ တကယ်ကြီး အဲ့ဒီ့လူကို လွင့်ထွက်သွားအောင် ကန်လိုက်နိုင်တယ်"
ကျန်းချူယန်၏ မျက်လုံးတို့က မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေပြီး သရဲတစ်ကောင်ကို အရှင်လတ်လတ် မြင်လိုက်ရသလို ခံစားနေရသည်။
သူမက ချန်းဖန်နှင့် ပထမဆုံး ဆုံခဲ့စဉ်က သူ့တွင် ရုပ်ရည်ကလွဲပြီး ဘာကမှ ထူးခြားထက်မြက်နေတာမျိုး မမြင်ခဲ့ပေ။ ထို့ကြောင့် ချန်းဖန်သည် သူ့တဘဝလုံး လူ့အဖွဲ့အစည်း၏ အောက်ခြေ၌သာ နေသွားရလိမ့်မည်ဟု တွေးခဲ့မိသည်။ သို့သော်လည်း သူမ မှားသွားခဲ့တာလား။
အဖြစ်အပျက်က ရုပ်ရှင်ဆန်ဆန် ပြောင်းလဲသွားရာ တီဗွီရှိုးတစ်ခု သူမရှေ့တည့်တည့်တွင် လာပြနေသလားဟုပင် ကြောင်တောင်တောင် တွေးမိသည်။
ယန်ချောင်လည်း ဘာပြောလို့ ပြောရမှန်းပင် မသိတော့ပေ။ အစောပိုင်းက သူ၏ အရှက်ခွဲမှုများအတွက် ချန်းဖန်သာ လက်တုံ့ပြန်လာခဲ့ရင် ဟူသော အတွေးက သူ့အား အလွန်အမင်း ကြောက်ရွံ့သွားစေသည်။
ချန်းဖန်က ကျိုးထျန်းဟောက် အနီးသို့ လျှောက်သွားပြီး ကျိုးထျန်ဟောက်၏ ရှေ့တည့်တည့်ရှိ ခုံတွင် အလွန် သက်တောင့်သက်သာ ဖြစ်ဟန်နှင့် ထိုင်လိုက်သည်။
"ဒီလောက်ဆိုရင် ငါ့စကားကို မင်းလက်ခံဖို့ လုံလောက်ပြီလား"
ရုတ်တရက် အင်ပါရီယာ အခန်းထဲ၌ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ကျိုးထျန်ဟောက်က ဒေါသနှင့် ကြောက်ရွံ့မှုတို့ လွန်ဆွဲနေရင်း အရှေ့မှ ကောင်လေးအား ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
သို့သော် သူက ဉာဏ်များသော စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်အနေနှင့် ခံစားချက်များကို မျက်နှာပေါ်တွင် မပေါ်လွင်စေပေ။
"ဒါပေါ့ မင်းက တကယ်ကို တော်တဲ့ ဖိုက်တာ တစ်ယောက်ဆိုတာ ငါလက်ခံပါတယ် ဒါပေမဲ့ တချို့ အကြောင်းအရာတွေကို မင်းမသိသေးပုံပဲ အရင်တုန်းက မင်းလိုပဲ သိုင်းပညာရှင် တစ်ယောက် ငါ့ကိုလာရှုပ်ဖူးတယ် အခု သူဘယ်ရောက်သွားလဲ သိလား ထောင်ထဲမှာပဲ အရိုးဆွေးတဲ့အထိ နေနေရတဲ့လေ ငါတို့အခု နေနေတာက တရားဥပဓဒ လွှမ်းမိုးတဲ့ မြို့ကြီးပြကြီး တစ်ခုဆိုတာ မမေ့နဲ့ မင်းရဲ့ခုနက လုပ်ရပ်တွေက လူတွေကို ထိတ်လန့်စေတယ် ငါသာ ငါ့ရှေ့နေကို ဖုန်းတစ်ချက် ဆက်လိုက်ရင် မင်းရဲ့ကျန်တဲ့ ဘဝစ်တလျှောက်လုံး သံတိုင်တွေနောက်မှာပဲ နေသွားရလိမ့်မယ်"
ကျေနပ်သော အပြုံးတစ်ခုက ကျိုးထျန်ဟောက်၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်လာပြီး သူက ဆိုဖာနောက်မီကို ပြန်မီလိုက်သည်။
ချန်းဖန်၏ စိတ်ရှည်နိုင်စွမ်းက ကုန်ဆုံးတော့မည် ဖြစ်သည်။ သူက ပြောလိုက်သည်။
"သူတို့ကို လွှတ်ပေးလိုက် ငါနေခဲ့မယ် ငါတို့ကြားမှာ ပြောစရာတွေ အများကြီး ရှိနေသေးတယ်မလား"
ချန်းဖန်၏ အစီအစဉ်က ကျန်းချူယန်နှင့် တခြားသူများအား ဘေးကင်းစေပြီးမှ နည်းလမ်းဟောင်းကြီး အတိုင်း ကျိုးထျန်ဟောက်ကို ရင်ဆိုင်ရန် ဖြစ်သည်။
ကျိုးထျန်ဟောက်က ချန်းဖန်၏ မျက်နှာအား ခဏမျှ အကဲခတ်ပြီးနောက် ဆယ်ကျော်သက်အုပ်စုအား ကြည့်ကာ ပြောလိုက်သည်။
"ဒါပေါ့ ဟေး သူတို့ကိုလွှတ်ပေးလိုက် မင်းကတော့ နေခဲ့ရမယ် မင်းပြောသလိုပဲ ပြောစရာ စကားတွေ အများကြီး ရှိသေးတယ်"
ယန်ချောင်လည်း စိတ်သက်သာရာ ရသွားပြီး သူ့လူတွေကိုခေါ်ကာ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားတော့သည်။ အခြေအနေက သူတို့ ထိန်းချုပ်နိုင်သော အနေအထား မဟုတ်ပေ။ သူတို့ တတ်နိုင်တာက ဘယ်သူမှ မထိခိုက်ဘဲ ပြဿနာကြီးတစ်ခုလုံး ပြီးဆုံးသွားဖို့ ဆုတောင်းရုံသာ။
ရှုယုံဖေးက မသွားလိုပေ။ ကျန့်ယွီမုန့်က သူမအား အတင်း ဆွဲခေါ်သွားသည်။
ကျန်းချူယန်က တံခါးဝနား ရောက်သည်အထိ ချန်းဖန်အား လှည့်ကြည့်လျက်ရှိသည်။ ချန်းဖန်က မြင်ရသလောက် ရိုးရှင်းသည့်လူ မဟုတ်ဟု သူမ ယူဆသည်။
"သူ ဒီလောက် အေးအေးဆေးဆေး ဖြစ်နေတာ မထူးဆန်းတော့ပါဘူး ဒါပေမဲ့ ကျိုးထျန်ဟောက်က ခွန်အားသက်သက်နဲ့ ရင်ဆိုင်လို့ရတဲ့သူ မဟုတ်ဘူးဆိုတာ သူသိဖို့ပဲ မျှော်လင့်ရတော့မယ်"
သူမ နေခဲ့လို့လည်း ချန်းဖန်အတွက် အထောက်အကူ ဖြစ်မည် မဟုတ်။ ထို့ကြောင့် နောင်တများနှင့် အပြစ်ရှိသလို ခံစားချက်များကို ပွေ့ပိုက်ရင်း သူမ သူငယ်ချင်းများ နောက်သို့ လိုက်ခဲ့ရုံသာ တတ်နိုင်သည်။
အားလုံး အခန်းထဲမှ ထွက်သွားကြသည်ကို မြင်မှ ချန်းဖန် သက်ပြင်းချမိသည်။ သူက ကျန်းချူယန်နှင့် ရှုယုံဖေးအား ပြဿနာထဲ မပါဝင်စေလိုပေ။
ချန်းဖန်က နားလည်ရခက်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ကျိုးထျန်ဟောက်ကို ခြောက်လှန့်ရန် မှော်အစွမ်းတချို့ သုံးစွဲဖို့ ပြင်လိုက်သည်။ ထိုစဉ်မှာပဲ သူ့ဖုန်းက မြည်လာခဲ့လေသည်။
***