← Chapters

မြစ်မြောက်ပိုင်းက ဝေ့မိသားစု

Vol. 1 Ch. 13

မြစ်မြောက်ပိုင်းက ဝေ့မိသားစု

Vol. 1 Ch. 13

ချန်းဖန် မျက်မှောင်ကြုတ်လိုက်ပြီး အင်္ကျီအိတ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။

"ရှောင်ချီ"

ထိုနာမည်ကို မြင်တော့မှ ဝေ့ဖူအား အခုညတွင် ကုသပေးရန် ချိန်းထားသည်ကို သတိရသည်။ ယန်ချောင်နှင့် ကျိုးထျန်ဟောက်တို့ ပြဿနာထဲ ကြားဝင်လိုက်ခြင်းက ချန်းဖန်တစ်ယောက် ချိန်းဆိုထားမှုကို မေ့လုနီးနီးပင်။

ခဏ စဉ်းစား‌နေပြီးမှ ချန်းဖန် ဖုန်းကိုင်လိုက်သည်။

"ဟယ်လို ဆရာချန်း ကျွန်တော် ရှောင်ချီပါ ကျွန်တော် ဆရာ့ရဲ့အိမ်ရှေ့ကို ရောက်နေပြီ ဆရာ အဆင့်သင့် ဖြစ်ပြီလားလို့ ဖုန်းဆက်ကြည့်တာပါ"

ရှောင်ချီ၏ လေးစားမှုအပြည့်နှင့် အသံက လေလှိုင်းကို ဖြတ်၍ ဖုန်းထဲသို့ ပျံ့လွင့်လာသည်။‌ ရှောင်ချီက ချန်းဖန် သစ်ရွက်လေးတစ်ရွက်အား သေစေနိုင်သော လက်နက်တစ်ခုအဖြစ် ပြောင်းလိုက်သည်ကို မြင်ပြီးကတည်းက စိတ်ရင်းနှင့် လေးစားနေသူ ဖြစ်သည်။ သူက ပရော်ဖက်ရှင်နယ် သက်တော်စောင့် တစ်ယောက်ဖြစ်ရာ လူတစ်ယောက်၏ခွန်အားအား တခြားအရာများထက် ပိုလေးစားပေသည်။

"အာ ဆောရီး ကျွန်တော်က အခု ရေကန်ဘေးက တိုက်ခန်းမှာ မဟုတ်ဘူး"

ချန်းဖန်က ရှောင်ချီ့အား သက်သက်မဲ့ အလုပ်ရှုပ်ခံ ကားမောင်းခိုင်းသလို ဖြစ်သွား၍ အားနာသွားသည်။

"ဟုတ်လား ဆရာချန်းက အခုဘယ်မှာလဲ ကျွန်တော် ကူညီနိုင်တာ တစ်ခုခုများ ရှိလားမသိဘူး"

ရှောင်ချီက မေးလိုက်ပြီးမှ တခြားသူ၏ ကိစ္စထဲ ဝင်စွက်ဖက်သလို ဖြစ်သွားမလားဟူ၍ မသက်မသာ တွေးမိသွားသည်။

"ကျွန်တော်က အခု လမ်းသစ်မှာ တချို့ ပြဿနာလေးတွေ ဖြေရှင်းနေရလို့.. "

ချန်းဖန်က ပြောရင်း သက်သောင့်သက်သာ ပြန်ထိုင်လိုက်ပြီး ကျိုးထျန်ဟောက်အား လုံးဝ အရေးမလုပ်ပေ။

"ပြဿနာ ကျွန်တော် ကူညီနိုင်တာများ ရှိလားမသိဘူး"

ရှောင်ချီက စိတ်အား ထက်သန်စွာ မေးလာသည်။ သူက ခဏရပ်လိုက်ပြီးမှ စကား  မမှားအောင် သေချာ ရွေးချယ်ကာ ရှင်းပြလာသည်။

"ဒီလိုပါ ကျွန်တော်က အဖိုးရဲ့ ကုသမှုကို နောက်မကျစေချင်ဘူးလေ ပြီးတော့ ကျွန်တော်က သက်တော်စောင့်လေး တစ်ယောက်ပဲ ဆိုပေမဲ့ ဆရာ ထင်တာထက် ပိုပြီး လုပ်ရည်ကိုင်ရည် ရှိပါတယ်"

"ကျွန်တော် နားလည်ပါတယ် အခု ကျွန်တော်က လမ်းသစ်က ‌တော်ဝင် KTV မှာ ပြဿနာကတော့ အရမ်း မကြီးကျယ်ပါဘူး ကျိုး‌ထျန်ဟောက်လို့ ခေါ်တဲ့ သူဌေးတစ်ယောက်နဲ့ လုပ်စရာလေး တချို့  ရှိနေလို့ "

ချန်းဖန်က ဖြစ်စဉ်ကို အကျဉ်းချုပ် ပြောပြလိုက်သည်။ သို့သော်လည်း ရှောင်ချီက သက်တော်စောင့် တစ်ယောက်သာ ဖြစ်ရာ အခု အခြေအနေအတွက် အများကြီး တတ်နိုင်မယ် လို့တော့ သူက မထင်‌ခဲ့ပေ။

ချန်းဖန်က ကျိုးထျန်ဟောက်လို့ ပြောလိုက်သည်နှင့် တစ်ဖက်မှ ရှောင်ချီ၏ ပင့်သက်ရှိုက်သံကို ကြားလိုက်ရသည်။

"သူ့ကိုသိတာလား"

ချန်းဖန်က မေးလိုက်သည်။

"ဒါပေါ့ ကျွန်တော် အဲ့ကို ဆယ်မိနစ်အတွင်း ‌ရောက်မယ်"

ရှောင်ချီက မြန်မြန်ပဲ တုံ့ပြန်လာသည်။

"ကျိုးထျန်ဟောက်ဆိုတဲ့ ‌ကောင်ကို ပြောလိုက်ပါ ဘောင်းဘီခိုင်အောင် ဝတ်ထားလို့ ကျွန်တော် ခုချက်ချင်း အဲ့ကို လာခဲ့မယ်"

ချန်းဖန်က ဖုန်းချလိုက်ပြီး ရှောင်ချီ၏ နောက်ဆုံးစကားကြောင့် တွေဝေသွားသည်။ ကြည့်ရတာ ရှောင်ချီနှင့် ကျိုးထျန်ဟောက်‌က သိကြရုံတင် မဟုတ်ဘဲ အထူး ပတ်သက်မှု တစ်ခု ရှိပုံပင်။

ရှောင်ချီက ကျိုးထျန်ဟောက်ကို သိတယ်ဆိုမှတော့ ချန်းဖန်ကကိုယ်တိုင် မဖြေရှင်းတော့ပေ။ ရှောင်ချီရောက်သည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။

ကျိုးထျန်ဟောက်က ချန်းဖန် ဖုန်းပြောနေသည်ကို မနှောင့်ယှက်ပေ။ လုပ်ဖို့လည်း မလိုဟု သူကတွေးသည်။ ချန်းဖန် ဖုန်းချလိုက်သည်ကို တွေ့မှ ပြုံးရင်း မေးလိုက်သည်။

"ဘယ်လိုလဲ မင်းကို ကူညီမဲ့ တစ်ယောက်ယောက် တွေ့ပြီလား ဆက်လုပ်လေ မင်းသိသမျှ လူတိုင်းကို ဖုန်းခေါ်ပြီး ဘယ်သူ မင်းကို လာကယ်မလဲ ကြည့်ရအောင်"

"ကောင်းပြီလေ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ဒီကို ဆယ်မိနစ်အတွင်း ရောက်မယ်တဲ့ သူပြောတာက ခင်ဗျားရဲ့.. "

ချန်းဖန်က ရှောင်ချီပြောသလို ‌ပြန်ပြောမည် ပြင်ပြီးမှ မပြောတာ ကောင်းမည် ဟုတွေးမိပြီး ပြင်ပြောလိုက်သည်။

"သူက ခင်ဗျားကို စောင့်နေတဲ့"

ချန်းဖန်က သူ့စွမ်းအား အစစ်အမှန်ကို မဖော်ထုတ်ချင်သေးရာ ရှောင်ချီသာ ဤပြဿနာ ဖြေရှင်းနိုင်ပါက သူ့အတွက် အကောင်းဆုံးပင်။

"ငါ့ကိုစောင့်နေခိုင်းတယ်"

ကျိုးထျန်ဟောက်က မယုံကြည်သလို မျက်ခုံးပင့်ရင်း ပြောသည်။

"ကောင်းပြီလေ ငါဆယ်မိနစ် စောင့်ပေးမယ် ချူကျိုးမြို့မှာ ဘယ်သူကများ ငါ့ကို အပြစ်ပြုရဲသလဲ ဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

ထို့နောက် တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက ဆယ်မိနစ် ပြည့်သည်အထိ စောင့်နေကြသည်။ ကျိုးထျန်ဟောက်ကတော့ အတွင်းဘက်တွင် ဒေါသများ အလိပ်လိုက် ထွက်နေပြီ ဖြစ်သည်။

ဆယ်မိနစ် ပြည့်ခါနီး အချိန်မှာပဲ အင်ပါရီယာ အခန်း အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသည်။ လူတိုင်းက စိတ်ဝင်တစားနှင့် ဝင်ပေါက်ဘက်သို့ ကြည့်လိုက်ချိန်မှာတော့ ဝုန်းဒိုင်းကြဲကာ ဝင်လာသော ခန္ဓာကိုယ် တောင့်တောင့်နှင့် လူငယ်တစ်ဦးအား တွေ့လိုက်ရ‌လေသည်။

ထိုလူငယ်က အမူအယာမဲ့စွာ အခန်းတွင်းသို့ ဝေ့ကြည့်လိုက်ပြီး ချန်းဖန်ကိုတွေ့သွားတော့မှ လေးစားသော အမူအယာသို့ ပြောင်းလဲသွားကာ လာရောက် နှုတ်ဆက်လေသည်။

"ဆရာချန်း အဆင်ပြေရဲ့လား သူတို့ ဆရာချန်းကို တစ်ခုခု ထိခိုက်အောင် လုပ်လိုက်သေးလား"

"သူတို့အိပ်မက်ထဲမှာပဲ ရမယ်"

ချန်းဖန်က ခေါင်းယမ်းရင်း ပြန်ပြောလိုက်သည်။

" ကျွန်တော် အတွေးမှား သွားတယ် ဆရာချန်း ကျွန်တော်က ဆရာ့ရဲ့ ခွန်အားကို အထင်မသေးရဲပါဘူး"

ရှောင်ချီက ကို့ရို့ကားယား ပြုံးကာ ပြန်ပြင်ပြောလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်နေသော လူများအား ဝေ့ကြည့်လိုက်ကာ အော်လိုက်သည်။

"ကျိုးထျန်ဟောက် မင်းအသိစိတ် လွတ်သွားတာလား"

ကျိုးထျန်ဟောက်မှာ ထိုလူငယ်က ရှောင်ချီမှန်း မြင်လိုက်ပြီးကတည်းက ဖြူဖျော့သွားတာ ဖြစ်သည်။ ရှောင်ချီ့ရဲ့ အော်သံကို ကြားလိုက်ရချိန်မှာတော့ ဆိုဖာပေါ်မှ ခုန်ထမိသွားကာ မရေမရာနှင့် မေးလိုက်မိသည်။

"အ.. အကိုချီက.. ဒီကို ဘယ်လိုလုပ်ပြီး.."

ကျိုးထျန်ဟောက် သေချာသိတာတစ်ခုက ရှောင်ချီသည် ဝေ့မိသားစုက အဘိုး‌ဝေ့၏ သက်တော်စောင့် ဖြစ်သည် ဆိုတာပင်။

ရှောင်ချီက လှောင်ပြုံးတစ်ခုကို ပြုံးလိုက်သည်။

"မင်းက အဖိုးဝေ့ရဲ့ မိတ်ဆွေကိုတောင် ခြိမ်းခြောက်ရဲမှတော့ ငါရောက်လာရတာ မထူးဆန်းပါဘူး"

"မိတ်ဆွေ အကိုချီပြောတာ.. ဒီကောင်လေးက အဖိုးဝေ့ရဲ့ မိတ်ဆွေ"

ကျိုးထျန်ဟောက်က မယုံကြည်နိုင် ဖြစ်နေပြီး ချန်းဖန်ကို တစ်လှည့် ရှောင်ချီကို တစ်လှည့် ကြည့်နေမိသည်။

အဘိုး‌ဝေ့က အသက်ရှစ်ဆယ် ပြည့်တော့မှာလေ။ ဒါတောင် သူက ဆယ့်ခြောက်နှစ်လောက်ပဲ ရှိဦးမဲ့ ‌ကလေး တစ်ယောက်နဲ့ မိတ်ဆွေဖွဲ့တယ်တဲ့လား

"အဖိုးဝေ့က ဆရာချန်းအတွက် ညစာစားပွဲ လုပ်ပေးချင်လို့ ငါ့ကိုခေါ်ခိုင်းလိုက်တာ အခု ငါ့ကားက အောက်ထပ်မှာ ရပ်ထားတယ် မင်းက ငါ့ကို မေးခွန်း ထုတ်ချင်နေသေးတာလား"

"မဟုတ်.. မဟုတ်ပါဘူး လုံးဝ မဟုတ်ပါဘူး"

ကျိုးထျန်ဟောက်၏ ကျောပြင်က ချွေးအေးများနှင့် စိုစွတ်နေပြီ ဖြစ်သည်။ Audi A6 က အဘိုးကြီးဝေ့ ပိုင်ဆိုင်သောကား ဖြစ်ပြီး ထိုကားက အဘိုးကြီးဝေ့ ပထမဦးဆုံး ဝယ်ခဲ့သောကား ဖြစ်ရာ အဘိုးဝေ့က လွန်စွာ တန်ဖိုးထားပြီး တွေ့ရာလူအား တင်ခေါ်မည် မဟုတ်။ ထို့ပြင် အဘိုးကြီးက ရှောင်ချီ့အား ကိုယ်တိုင်ကိုယ်ကျ အကြိုအပို့ လုပ်ခိုင်းသည့် ဧည့်သည်ဆိုသည်မှာ အလွန်ရှားပါးလှသည်။  အကယ်၍ လုပ်ခိုင်းသည် ဆိုလျှင်လည်း ထိုဧည့်သည်က အဘိုးကြီးအတွက် အလွန် အရေးကြီးသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

နောက်ဆုံးတော့ ကျိုးထျန်ဟောက်က နားလည်သွားပြီ ဖြစ်သည်။ သူက လူမှားပြီး သွားရှုပ်မိခြင်းပင်။ သူက အလွန်ရို့ကျိုးသော အသံဖြင့် ပြောလိုက်သည်။

"ဆရာချန်းက အဖိုးဝေ့ရဲ့ ဧည့်သည်မှန်း မသိခဲ့ဘူး ကျွန်တော်မှားတာပါ စိတ်ရင်းနဲ့ တောင်းပန်ပါတယ်"

အင်ပါရီယာအခန်းတွင်းရှိ လူများမှာ အဖြစ်အပျက်ကြောင့် မှင်တက်နေကြသည်။ အပြောင်းအလဲကား အိပ်မက် ဆန်လွန်းလှသည်။ မြို့တော်၏ အထင်ကရပုဂ္ဂိုလ်က ဘာမှမဟုတ်သော ဆယ်ကျော်သက် ကောင်လေးအား တောင်းပန်နေသည်။

သူတို့အားလုံး တူညီစွာ တွေးမိသည်မှာ ချန်းဖန်က လွန်စွာ အင်အားတောင့်တင်းသော မိသားစုမှ ဖြစ်ရပေမည်။ မဟုတ်ပါက ကျိုးထျန်ဟောက်အား ဤမျှအထိ ကြောက်ရွံစေမည် မဟုတ်ပေ။

ရှောင်ချီဝတ်ဆင်ထားသော သိုင်းဝတ်စုံအား မြင်လိုက်ချိန်မှာတော့ ဘယ်သူကမှ စကားတစ်ခွန်းပင် ကျယ်ကျယ် မပြောရဲတော့ပေ။

ပါးအို့နီနီနှင့် မိန်းကလေးမှာတော့ ကြောက်ရွံမှုက တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေပြီး နှလုံးခုန်ရပ်တော့မတတ်ပင် ခံစားနေရသည်။ သူမက အခြေအနေ သိပ်မဟန်လျှင် ကျိုးထျန်ဟောက်၏ သူဌေးအား ဖုန်းဆက်လိုက်ရန် ‌တွေးနေခဲ့သော်လည်း.. ။

"အဲ့ဒီ့ ကောင်လေးက အဘို‌ဝေ့နဲ့ သိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

ကျိုးထျန်ဟောက်၏ ရှိခိုး ဦးချမတတ် တောင်းပန်နေမှုကြောင့် ချန်းဖန် မျက်မှောင်ပင် ကြုတ်မိသွားသည်။ ကြည့်ရသည်မှ သူက ဝေ့ဖူ၏ လွှမ်းမိုးနိုင်စွမ်းအား လျှော့တွက်မိခဲ့ပုံပင်။

ဘယ်လိုတောင် အင်အားကြီးလိုက်တဲ့ အဘိုးကြီးလဲ

"ဆရာချန်း ဒီကောင့်ကို ဘယ်လိုလုပ်စေချင်လဲ"

ရှောင်ချီက မေးသည်။

ရှောင်ချီက ဒီပြဿနာအား ထပ် အကျယ်မချဲ့လိုပေ။ ဒါ့ကြောင့် သူက ကျိုးထျန်ဟောက်ကို ဖိအားပေးပြီး ချန်းဖန်ကို တောင်းပန်စေခဲ့တာ ဖြစ်သည်။ အကယ်၍ သူက ကျိုးထျန်ဟောက်အား အမှန်တကယ် သတ်ပစ်ဖို့ဆိုလျှင် လျင်လျင်မြန်မြန်နှင့် တိတ်တိတ်ဆိတ်ဆိတ် လုပ်ဆောင်ဖို့လိုသည်။ သို့သော် ကျိုးထျန်ဟောက် သည်လည်း အဘိုး‌ဝေ့အတွက် အလုပ်လုပ်ပေးနေသူပဲ ဖြစ်ရာ သူက ကာကွယ်ပေးလိုခြင်း ဖြစ်သည်။

ချန်းဖန်ကလည်း ရိပ်မိသည်။ သူက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ငါတို့အားလုံးက တစ်ယောက်နဲ့တစ်ယောက် သိနေကြမှတော့ ဒီနေ့ကိစ္စကို မေ့လိုက်ကြတာပေါ့"

ဘယ်လိုပဲဖြစ်ဖြစ် ကျိုးထျန်ဟောက်က သူ့အား လက်ဖျားနှင့်ပင် မထိခဲ့ပေ။ သူကသာ ကျိုးထျန်ဟောက်၏ သက်တော်စောင့်အား လွင့်ထွက်သွားအောင် ကန်ခဲ့သည် မဟုတ်ပါလား။

ချန်းဖန်က ကျိုးထျန်ဟောက်ဘက်သို့ လှည့်လိုက်ပြီး..။

"ဒါကို နားလည်မှုလွဲတာ လို့ပဲ သဘောထားပြီး မေ့လိုက်ကြတာပေါ့ ဒါပေမဲ့ မင်းကို သတိပေးချင်တာက ငါ့သူငယ်ချင်း မိန်းကလေး နှစ်ယောက်ကို ထပ်မထိဖို့ပဲ မင်းအနေနဲ့ ငါ့ကို မကျေနပ်တာရှိရင် ငါနဲ့ တိုက်ရိုက် ရှင်းလို့ ရတယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် အဲဒီမိန်းကလေးတွေကို ဘယ်တော့မှ ထပ်မထိတော့ပါဘူး ကတိ‌ပေးပါတယ်"

ကျိုးထျန်ဟောက်က နဖူးပြင်မှ စီးကျလာသော ချွေးစများအား သုတ်လိုက်ရင်း ပြောသည်။

ချန်းဖန်နှင့် ရှောင်ချီတို့ ထွက်သွားကြတော့မှ  ကျိုးထျန်ဟောက်ခမျာ သက်ပြင်းချနိုင်ပြီး မတ်မတ် ပြန်ထိုင်နိုင်ရှာသည်။

ဤပြဿနာ၏ အစဖြစ်သော သက်လက်ပိုင်း လူဝကြီးက တွန့်ဆုတ်၊ တွန့်ဆုတ်နှင့် မေးလာသည်။

"ကျိုးထျန်ဟောက် ဘယ်လိုဖြစ်သွားတာလဲ"

ကျိုးထျန်ဟောက်က ခေါင်းယမ်းရင်း မပီမပြင် ပြုံးလိုက်ရကာ ပြောသည်။

"စိတ်မကောင်းပါဘူး သူဌေးကျန်း ဒီတခါတော့ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး"

လူဝကြီး၏ နဖူးပြောင်ပြောင်ကြီးပေါ်မှ အကြောများက ရှုံ့သွားပြီး သူက မေးလာသည်။

"အဲ့ကောင်လေးက ဘယ်သူလဲ"

ကျိုးထျန်ဟောက်က ပြန်မဖြေသေးဘဲ ပါးအို့နီနီနှင့် မိန်းကလေးကို လှမ်းကြည့်လိုက်သည်။ ပါးအို့နီနီနှင့် မိန်းကလေးကလည်း သဘောပေါက်ကာ အင်ပါရီယာ အခန်းထဲရှိ လူများအား ထွက်သွားရန် ပြောလိုက်သည်။ နောက်ဆုံး အခန်းထဲတွင် လူလေးယောက်သာ ကျန်ခဲ့သည်။ ကျိုးထျန်ဟောက်၊ ပါးအို့နီနီမိန်းကလေး၊ လူဝကြီး၊ အဖြူရောင် ဝတ်စုံနှင့် မိန်းကလေး တစ်ယောက်တို့ ဖြစ်ကြသည်။

ကျိုးထျန်ဟောက်က ပါးအို့နီနီနှင့် မိန်းကလေး ငှဲ့ပေးသော ဝိုင်နီအား သောက်ရင်း စိတ်ငြိမ်အောင် အတော် ကြိုးစားလိုက်ရဟန် ရှိသည်။ ထို့နောက် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

"အဲ့ဒီ့ ကောင်လေးက ဘယ်သူလဲ ဆိုတာတော့ ငါလည်း သေချာမသိဘူး ဒါပေမဲ့ သူ့ကိုလာခေါ်သွားတဲ့သူက ဘယ်သူလဲ ဆိုတာတော့ သိတယ် သူက ငါ့သူဌေးရဲ့ အထက်က လူအတွက် အလုပ်လုပ်ပေးနေတာ "

"အိုး သူက ဘယ်မိသားစုကများလဲ"

လူဝကြီးက သိလိုစွာ မေးလိုက်သည်။

ကျိုးထျန်ဟောက်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။

"ဝေ့မိသားစု"

"ဝေ့မိသားစု "

လူဝကြီးက တီးတိုး ရေရွတ်လိုက်သည်။ ထိုနောက် သူက တစ်စုံတစ်ခုအား သတိရသွားသည်။

"ဝေ့မိသားစု.. ခင်ဗျားပြောတာက မြစ်မြောက်ပိုင်းက ဝေ့မိသားစု အရမ်းအင်အားကြီးတဲ့ သိုင်းပညာရှင် မိသားစုကြီးလား"

"အမှန်ပဲ"

ကျိုးထျန်ဟောက်က ခေါင်းငြိမ့်သည်။

"ခုနက ငါ'အကိုချီ'လို့ ခေါ်နေတဲ့ တစ်ယောက်က အဖိုးဝေ့ရဲ့ ကိုယ်ပိုင် သက်တော်စောင့်ပဲ ငါတောင် သူ့ကို နှစ်ကြိမ်ပဲ တွေ့ဖူးခဲ့တာ"

အဖြစ်မှန်ကို သိပြီးနောက်မှာတော့ လူဝကြီးက သူ့ဆံပင်များပင် ထောင်မတ် သွားသလို ခံစားလိုက်ရသည်။

မြစ်မြောက်ပိုင်းက ဝေ့မိသားစုသည်သည် ဟူတုန်းနယ်တွင် အခြေစိုက်သော အလွန် အင်အားကြီးလှသည့် မိသားစုတစ်ခုဖြစ်သည်။ ဝေ့မိသားစုသမိုင်းကား အလွန်ရှည်ကြာလှပြီ ဖြစ်ကာ ဆွေစဉ်မျိုးဆက် ချမ်းသာခဲ့ကြသည်။ တခြား တစ်ဖက်တွင် သူကတော့ ရှန်းရှီနယ်မှ ကျောက်မီးသွေး တွင်းများကြောင့် နေ့ချင်းညချင်း ချမ်းသာလာသော သူဌေးတစ်ယောက်သာ ဖြစ်သည်။ အင်းအားကြီး မိသားစုကြီးများမှ သာမန် မိသားစုတစ်ယောက်၏ ပိုင်ဆိုင်မှုနှင့်ပင် နှိုင်းယှဉ်မရချေ။

လူဝကြီးက ဘယ်တုန်းကမှ အခုလောက်ထိ ကြောက်ရွံမှုကို မခံစားဖူးချေ။ သူက ဖြစ်နိုင်လျှင် အခုချက်ချင်းပင် ရှန်းရှီနယ်သို့ ပြန်ပြေးချင်စိတ်များ ပေါက်လို့နေသည်။ သို့သော် ဝေ့မိသားစု၏ လက်တံက ရှည်လျားလှရာ သူ့မွေးရပ်မြေကလည်း မလုံခြုံပေ။ သူက ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

"သေတာပဲကွာ"

လူဝကြီးက ကျိန်ဆဲလိုက်မိသည်။

***

All Chapters