အထွတ်အထိပ်အဆင့် သိုင်းပညာရှင်များ
Vol. 1 Ch. 15
ချန်းဖန် သိလိုသည်များ အားလုံးကို အဘိုးဝေ့က ရှင်းပြခဲ့သည်။ ဝူရှလမ်းစဉ် (သိုင်းပညာလမ်းစဉ်) မှာလည်း သူ့သမိုင်းနှင့် သူ ရှည်ကြာသော အချိန်တစ်ခုတည်းက ရှိခဲ့တာ ဖြစ်သည်။ ချန်းဖန်၏ ယူဆချက်အရ သိုင်းပညာလမ်းစဉ်၏ အစသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှန်းရှလမ်းစဉ်(ကျင့်ကြံခြင်းလမ်းစဉ်) ဂိုဏ်းကြီးတခု၏ အခွဲများမှ ဆင်းသက်လာခြင်း ဖြစ်ပုံရသည်။ သိုင်းပညာရှင်များ၏ အတွင်းအား လေ့ကျင့်ခြင်း နည်းစနစ်များမှာ ကျင့်ကြံသူများ၏ စွမ်းအင်ကျင့်ကြံခြင်း နည်းစနစ်များကို လွယ်ကူရိုးရှင်းအောင် ပြုပြင်ထားသည်နှင့် တူသည်။
သိုင်းပညာရှင်များ၏ ရွှေရောင် ထွန်းတောက်ခဲ့သော ကာလများသည် ကြီးမြတ်သော ချင်မင်းဆက် ပြိုကွဲသွားခြင်းနှင့် အတူ ပျောက်ကွယ်သွားခဲ့သည်။
သိုင်းပညာ အင်အားစု တချို့ကတော့ ကျန်ရစ်ခဲ့သော်လည်း ချင်မင်းဆက် နောက်ပိုင်း ဂျပန်နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲတွင် သိုင်းပညာရှင်များပါ ပါဝင်လာပြီး သိုင်းပညာအင်အားစု များစွာလည်း ပျက်စီးသွားခဲ့သည်။ နောက်ပိုင်း ခေတ်များတွင်တော့ တရုတ်ပြည်ရှိ စစ်မှန်သော သိုင်းပညာရှင် အရေအတွက်မှာ လက်တစ်ဖက်တည်းနှင့် ရေတွက်လို့ ရသည်အထိ ရှားပါးသွားခဲ့သည်။
သိုင်းပညာရှင်များအား အဆင့်သုံးဆင့် ခွဲခြားထားသည်။ ပြင်ပစွမ်းအားအဆင့်၊ အတွင်းအား စွမ်းအင်အဆင့် နှင့် အထွတ်အထိပ် ပညာရှင် အဆင့်တို့ ဖြစ်ကြသည်။
ကမ္ဘာပေါ်ရှိ သိုင်းပညာရှင် အတော်များများမှာ ပြင်ပစွမ်းအား အဆင့်တွင်သာ ရှိကြသည်။ ဤလောကတွင် ကျော်ကြားသော လင်းယုန်လက်သည်း၊ ဟုန်လက်သီးသိုင်း၊ ထန်ခြေသိုင်း အစရှိသည့် သိုင်းပညာများမှာလည်း သာမန်လူ ခန္ဓာကိုယ်၏ ခံနိုင်စွမ်းအားနှင့် လုပ်နိုင်စွမ်းအပေါ်သာ အခြေခံ၍ တီထွင်ထားခြင်းများ ဖြစ်သည်။
အလွန်နည်းပါးသော သိုင်းသင်တန်းကျောင်းများကသာ အတွင်းအား စွမ်းအင် အဆင့်သို့ ရောက်အောင် သင်ကြားပေးနိုင်ကြသည်။ ဥပမာ– နီကျား ကျောင်းတော်လို ကျောင်းတော်များနှင့် အခြားသော လျှို့ဝှက် မိသားစုကြီးများ ကသာ တတ်နိုင်ကြသည်။
အတွင်းအား စွမ်းအင် အဆင့်တွင် အဆင့်ခွဲ လေးခုရှိသည်။ စဦးအဆင့်၊ အခြေခံအောင်မြင်မှု အဆင့်၊ ထူးကဲသော အောင်မြင်မှုအဆင့် နှင့် ပြည့်စုံအဆင့်တို့ ဖြစ်ကြသည်။ ချန်းဖန်၏ ခန့်မှန်းချက်အရ အဘိုးဝေ့က ထူးကဲသော အောင်မြင်မှု အဆင့် ဖြစ်လောက်သည်။
သိုင်းပညာလမ်းစဉ် ကလည်း သူ့ခက်ခဲမှုနှင့် သူတော့ ရှိသည်။ ဝေ့ကျီချင်း ပင်လျှင် ငယ်စဉ်ကတည်းက အဘိုးဝေ့၏ သင်ကြားမှုအောက်တွင် လေ့ကျင့်ခဲ့သော်လည်း အတွင်းအားစွမ်းအင် စဦးအဆင့်တွင်သာ ရှိနေသေးရာ အခြေခံအောင်မြင်မှု အဆင့်ဆိုသည်မှာ အဝေးကြီး လိုသေးတာဖြစ်သည်။
အတွင်းအားစွမ်းအင် အဆင့်သို့ ရောက်ရှိနေသော ပညာရှင်များမှာ တရုတ်တစ်ပြည်လုံးတွင်ပင် ရှားပါးရာ ဟူတုန်းနယ်တွင် ပို၍ ရှားပါးပေသည်။
တစ်စုံတစ်ယောက်သည် အတွင်းအားစွမ်းအင်၏ ပြည့်စုံအဆင့်သို့ ရောက်ရှိပြီးလျှင်ပင် သေနတ်သမားတစ်ယောက်၏ ကျည်ဆန်ကို ရှောင်တိမ်းဖို့ရာ မဖြစ်နိုင်သေးပေ။ သိုင်းပညာလမ်းစဉ်ကို လျှောက်လှမ်းသူ နည်းလာလေလေ ထိုသို့ လုပ်နိုင်သူကလည်း နည်းလာလေလေ ဖြစ်သည်။
အဘိုးကတော့ တစ်စုံတစ်ယောက်က အထွတ်အထိပ် ပညာရှင် အဆင့်သို့ ရောက်ရှိသွားပါက ခန့်မှန်းမရနိုင်လောက်သော စွမ်းအားများ ပိုင်ဆိုင်သည်ဟု ယုံကြည်သည်။ အထွတ်အထိပ်ပညာရှင်များက အတွင်းအားလှိုင်းများကို နက်နဲစွာ နားလည်ကာ အသုံးပြုနိုင်ပြီး မည်သို့သော ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ကမှ မကျရောက်နိုင်ဟု ဆိုသည်။
"အဘိုးဝေ့ရဲ့ စကားအရဆိုရင် အထွက်အထိပ် ပညာရှင်အဆင့်ရဲ့ အပေါ်မှာ နတ်ဘုရားအဆင့်ဆိုတာ ရှိသေးတယ်တဲ့ ဒါပေမဲ့ ဘယ်သူမှ ကိုယ်တိုင် မြင်ဖူးကြတာ မဟုတ်တော့ အဘိုးဝေ့ကိုယ်တိုင်တောင် နတ်ဘုရားအဆင့် တကယ် ရှိတယ်လို့ မယုံကြည်ပုံပဲ"
ဒီလိုတွေးကြည့်ရင်ရော..။
အတွင်းအား စွမ်းအင်အဆင့်က ချီသန့်စင်ခြင်း အခြေခံအဆင့်နဲ့ ညီမျှတယ်ပဲ ထားပါတော့။ ဒါဆို အထွတ်အထိပ် ပညာရှင်အဆင့်က ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်နဲ့ ညီမျှမယ်။ နတ်ဘုရားအဆင့်ဆိုတာက ချီပြည့်စုံအဆင့်နဲ့ ညီမျှတဲ့ ခွန်အားကို ပိုင်ဆိုင်တဲ့ သိုင်းပညာရှင်တွေကို ခေါ်တာများ ဖြစ်နေနိုင်မလား!။
တစ်စုံတစ်ယောက်က ချီပြည့်စုံအဆင့်နှင့် တူညီသော ခွန်အားသာ ပိုင်ဆိုင်ခဲ့ပါလျှင် ဓမ္မစွမ်းအင်များ(မှော်စွမ်းအင်များ) အကြောင်း နကန်းတလုံးမျှ နားမလည်လျှင်တောင် ဆန်းကြယ်သော ကိစ္စရပ်များစွာအား ဖန်တီးနိုင်စွမ်းရှိသည်။
သေချာတာပေါ့။ ကျင့်ကြံခြင်း ကမ္ဘာမှာတော့ ချီပြည့်စုံအဆင့် ဆိုတာက ဘာမှမဟုတ်သော်လည်း ကမ္ဘာမြေတွင်တော့ ကွာခြားသည်။ ချီပြည့်စုံအဆင့် တစ်ယောက်၏ အဆင့်အတန်းက မိုးထိအောင် မြင့်မားပေမည်။
သို့သော်လည်း အထွတ်အထိပ်အဆင့် ပညာရှင်များကပင် ရှားလှပြီဖြစ်ရာ နတ်ဘုရားအဆင့် တစ်ယောက်နှင့် တည့်တည့်ကြီး ဆုံရလောက်အောင် သူက ကံပါမည် မဟုတ်ဟု ချန်းဖန် တွေးမိသည်။
ချန်းဖန်က ခေါင်းယမ်းလိုက်ပြီး ထိုကိစ္စများကို ခေတ္တခေါက်ထားရန် တွေးလိုက်သည်။ မသေချာ၊မရေရာသော နတ်ဘုရားအဆင့်များ ကမ္ဘာပေါ်တွင် တကယ်ရှိ၊မရှိ အချိန်ကုန်ခံ စဉ်းစားနေ၍လည်း ဘာအကျိုးမှ ရှိမည် မဟုတ်ပေ။
ချန်းဖန် ပြန်လည်ထူထောင်ရေး စင်တာမှ ပြန်လည် ထွက်ခွာလာချိန်တွင်တော့ အဘိုးဝေ့ထံမှ သိလိုသည်များ သိလိုက်ရသည့်အပြင် တခြားသော လက်ဆောင်တစ်ခုလည်း အဘိုးဝေ့က အတင်းပေးခဲ့သည်။
ထိုလက်ဆောင်ကား .. ယွင်ဝူတောင်ပေါ်ရှိ ကြီးမားလှသော အပန်းဖြေအိမ်တစ်လုံး၏ သော့ပင် ဖြစ်သည်။
အဘိုးဝေ့၏ စကားအရ ထိုအပန်းဖြေအိမ်မှာ သူ့အငယ်ဆုံးသားမှ သူ့အား လက်ဆောင်ပေးထားခြင်း ဖြစ်သော်လည်း အဘိုးဝေ့၏ ကျန်းမာရေးအခြေအနေကြောင့် ထိုအိမ်တွင်နေမည့်အစား ပြန်လည် ထူထောင်ရေး စင်တာတွင် နေသည်က ပိုမို သင့်တော်သည်ဟု ဆိုသည်။ တစ်ဖက်က ကြည့်လျှင်လည်း အငယ်ဆုံးသား၏ လူယုံ ကျိုးထျန်ဟောက်က ချန်းဖန်ကို အပြစ်ပြုခဲ့မိရာ ယခု အငယ်ဆုံးသား ပိုင်ဆိုင်သော အပန်းဖြေအိမ်အား ချန်းဖန်ထံ လက်ဆောင်အဖြစ် ပေးလိုက်ခြင်းက အလွန်သင့်လျော်သော တောင်းပန်ခြင်းလည်း ဖြစ်သည်။
အဘိုးဝေ့က လိုလိုလားလား ပေးလာသောအခါ ချန်းဖန်ကလည်း အခြားသော သူများကဲ့သို့ ဟန်လုပ်၍ ငြင်းမနေပေ။ ပုံမှန် အမူအယာဖြင့်သာ လက်ခံလိုက်သည်။ ထိုအိမ်က သာမန်လူများအတွက် အဖိုးမဖြတ်နိုင်အောင် ဈေးကြီးကောင်း ကြီးနိုင်သော်လည်း ချန်းဖန်လို ကောင်းကင်ဘုံ အရှင်သခင် ဖြစ်ခဲ့ဖူးသူ တစ်ယောက် အတွက်မူကား မထူးခြားလှပေ။
အမှန်တော့ ချန်းဖန် လုပ်ပေးခဲ့သည်များက အပန်းဖြေအိမ်တစသ်လုံးထက်ပင် အဆများစွာ သာသည်။ အဘိုးဝေ့၏ ရောဂါကို ကုသပေးခဲ့ရုံသာမက ဝေ့မိသားစုအရင်းအမြစ် ကျင့်စဉ်အား ပိုမို အစွမ်းထက်လာအောင် ပြုပြင်ပေးခဲ့သည်။ ကျင့်စဉ်အသစ်နှင့် ဆိုလျှင် အချိနတစ်ခုကြာပြီးနောက် အဘိုးဝေ့က အထွတ်အထိပ်ပညာရှင် အဆင့်သို့ပင် ရောက်ရှိနိုင်လောက်သည်။
ထပ်ပြောရလျှင် အဘိုးဝေ့အား သူ ကူညီပေးရခြင်းမှာ ဒါက နောက်ဆုံးအကြိမ် ဖြစ်လိမ့်မည်ဟု ချန်းဖန်ကတော့ မထင်ပေ။
ကောင်းကင်ဘုံ အရှင်သခင်တစ်ယောက်၏ ထည်ဝါမှုနှင့် မြင့်မြတ်သော စိတ်နေစိတ်ထား၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်းတို့က ဤဘဝသို့တိုင် လိုက်ပါလာပုံရကာ အပန်းဖြေအိမ်တစ်လုံး လက်ခံလိုက်ခြင်း အပေါ် ချန်းဖန်က စိုးစဉ်းမျှ မျက်နှာပူနေခြင်းမျိုး မရှိပေ။
ဝေ့မြေအဘိုးနှစ်ယောက်က မိုးမခပင်တစ်ပင်အနီးရှိ ခုံတန်းပေါ်တွင် ထိုင်ရင်း ပြန်လည်ထူထောင်ရေးစင်တာ အတွင်းမှ တရွေ့ရွေ့ ထွက်ခွာသွားသော ချန်းဖန်ကို ကြည့်နေကြသည်။ ဝေ့ကျီချင်းက မျက်မှောင်ကြုတ်ထားရင်း အထွန့်တက်လိုက်သည်။
"ဖိုးဖိုး သူ့ကိုပေးလိုက်တဲ့ လက်ဆောင်က အရမ်းကြီး လွန်ကဲ မနေလွန်ဘူးလား ယွင်ဝူတောင် တတောင်လုံးမှာတောင် အဲ့ဒီ့အပန်းဖြေအိမ်က အကောင်းဆုံးလေ ပိုက်ဆံနဲ့တွက်မယ် ဆိုရင်လည်း ယွမ်သုံးဆယ်မီလီယမ်တောင်မှ တန်တာ.. ပြီးတော့လည်း အဲ့ဒီ့အိမ်က အငယ်ဆုံးဦးလေးက ဖိုးဖိုးကို လက်ဆောင် ပေးထားတာ မိသားစုထဲမှာတောင် ကျီပင်းနဲ့ အန်တီတို့က အဲ့ဒီ့အိမ်ကို လိုချင်နေကြတာ အသိသာကြီး အဲ့ဒါ ဘာလို့ ဖိုးဖိုးက မိသားစုဝင်မဟုတ်တဲ့ တခြား တစ်ယောက်ကို လွယ်လွယ်လေး ပေးပစ်လိုက်နိုင်ရတာလဲ"
သူမက မောသွားပုံဖြင့် ခဏနားပြီးမှ ဆက်ပြောသည်။
"သူက ဖိုးဖိုး ဒဏ်ရာကို ကုပေးခဲ့တယ် ဆိုရင်တောင် အပန်းဖြေအိမ်ကတော့ သူလုပ်ပေးခဲ့တာနဲ့ မတန်အောင် များလွန်းနေတာ မဟုတ်ဘူးလား သမီးအထင်တော့ ယွမ်မီလီယမ် နည်းနည်းလောက် ပေးလိုက်ရင် လုံလောက်နေပြီကို.."
သူမက အဘိုးဖြစ်သူ၏ လွန်ကဲလှသော လက်ဆောင်ကြီးကြောင့် ဘာပြောရမှန်းကို မသိဖြစ်သွားပြီး ထုံးစံအတိုင်း အဘိုးဖြစ်သူအား ပွစိပွစိ ညည်းညူနေတာ ဖြစ်သည်။
"သူပေးခဲ့တဲ့ စာအုပ်လေးကတင် အဲ့ဒီ့ အပန်းဖြေအိမ်မျိုး ဆယ်လုံးစာလောက်နဲ့ ညီမျှနေပြီ "
အဘိုးဝေ့က ပြောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင်တော့ လိမ္မာပါးနပ်သော အရောင် တချက် လက်သွားပြီး ဘယ်တော့မှ မရှုံးမည့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု တခုအား ပြုလုပ်ခဲ့သူလို ပြုံးနေသည်။
"ပြန်လည်ပြုပြင်ထားတဲ့ ဝေ့မိသားစုကျင့်စဉ်နဲ့ ဆိုရင် အဖိုးတို့ မိသားစုက အနည်းဆုံး နောက် နှစ်တစ်ရာလောက် အထိတော့ ဆက်ပြီး ထွန်းလင်းသွားနိုင်ပြီ ရှောင်ချင်း.. သမီးကငယ်ပါသေးတယ် အထွတ်အထိပ်ပညာရှင် တစ်ယောက်ရဲ့ အဆင့်အတန်းကို နားမလည်နိုင်သေးဘူး"
အဘိုးဝေ့က သူ့မြေးမလေးအား ချစ်ခင်ကြင်နာစွာ ကြည့်၍ ပြောသည်။
"အထွတ်အထိပ်အဆင့် ပညာရှင်"
ကျီချင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"သမီးက နားမလည်ဘူးလို့ ထင်ရင် ဖိုးဖိုးက ပြောပြလို့ မရလို့လား အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်က အတွင်းအားလှိုင်းတွေကို သုံးပြီး ပြင်ပဒဏ်ရာ မရရှိအောင် ခန္ဓာကိုယ်ကို ကာကွယ်နိုင်တယ်ပဲ ထားပါဦး သူတို့က အရမ်းရှားပါးတယ်လေ တကယ်လို့ ချန်းဖန်က အထွတ်အထိပ် အဆင့် ပညာရှင်တစ်ယောက် ဆိုတော့ရော ဘာဖြစ်လဲ သမီး အဲ့ကောင်လေးအကြောင်း အကုန် စုံစမ်းပြီးပြီ သူက သာမန် မိသားစုလေးကပဲ အဲ့ကောင်လေးက အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်လို့ ဖိုးဖိုးက ထင်နေတာလေး တခုတည်းနဲ့ ကိုယ်နဲ့ အဆင့်အတန်းချင်း မတူတဲ့သူကို မိတ်ဖွဲ့မယ်ပေါ့လေ"
ဝေ့မိသားစု၏ မမလေး တစ်ယောက်အနေနှင့် ဝေ့ကျီချင်းက ချန်းဖန်၏ မိဘများအကြောင်း စုံစမ်းရန် မခက်ပေ။ သို့သော် ချန်းဖန်၏ အဖေက သာမန်ပင် ဖြစ်သော်လည်း အမေဘက်မှ တော်စပ်သော ဝမ့်မိသားစုကမူ အင်အားကြီးမိသားစု တစ်ခုဖြစ်ရာ ဝေ့ကျီချင်း အနေနှင့် ဝင်စွက်ဖက်ဖို့ မတတ်နိုင်ပေ။
"ကိစ္စတွေက သမီးထင်သလောက် ရိုးရှင်းမနေဘူး ရှောင်ချင်းလေးရဲ့"
အဘိုးဝေ့က ခေါင်းသာယမ်းရင်း သူ၏ ချစ်လှစွာသော မြေးမလေးကို ကြည့်လိုက်သည်။ ဝေ့မိသားစုတွင် လူငယ်မျိုးဆက်များ များစွာ ရှိသည့်အထဲ ကျီချင်းတစ်ယောက်တည်းကသာ သူ့လို အဘိုးကြီး အနားတွင် မပျင်းမရိ တချိန်လုံး ရှိနေပေးခဲ့သည်။ တခြားသူများက ပိုက်ဆံရှာပြီး အပျော်အပါးလိုက်စားရင်း အချိန်ကုန်နေချိန်မှာ သူမလေးကတော့ သူ့အနားတွင်သာ နေပြီး သိုင်းပညာကို စိတ်ဝင်တစား လေ့လာ သင်ယူနေခဲ့သည်။
မြေးမလေး၏ မိသားစု သိုင်းပညာအပေါ် သံယောဇဉ်ကြီးမှုကြောင့် အနာဂတ်တွင် ပိုပြီး သင်ပြပေးရန် အဘိုးဝေ့က တွေးမိသည်။
"သမီး ယဲ့နန်ထျန်းကို မှတ်မိသေးလား"
အဘိုးဝေ့က မေးလိုက်သည်။
"ယဲ့နန်ထျန်း သူက ရန်ကျင်းမြို့ကမလား"
ဝေ့ကျီချင်းကလည်း ပြန်မေးလိုက်သည်။
"ဟုတ်တယ် သမီးကတော့ သိချင်မှသိမယ် သူကလည်း သိုင်းပညာလမ်းစဉ်ရဲ့ ဆရာတစ်ဆူပဲလေ"
အဘိုးဝေ့က ခေါင်းညိတ်ရင်း ပြောသည်။
"ဘယ်.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဝေ့ကျီချင်းက အံ့ဩမှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သူမက သိုင်းပညာရှင် စစ်စစ် တစ်ယောက်တော့ မဟုတ်သော်ငြား ငယ်စဉ်ကတည်းက အဘိုးဖြစ်သူထံမှ သိုင်းပညာကို သင်ယူခဲ့ရာ ယဲ့နန်ထျန်းအကြောင်း များစွာသော ပုံပြင်တို့ကို သူမအဘိုးဆီမှ ကြားဖူးခဲ့သည်။
ဝေ့ကျီချင်း၏ ငယ်ဘဝတစ်လျှောက်လုံး ယဲ့နန်ထျန်းအကြောင်း ပုံပြင်များနှင့် ကြီးပြင်းခဲ့ရသည်။
ပုံပြင်များထဲ၌ ယဲ့နန်ထျန်းက မည်သူမှ မလွှမ်းမိုးနိုင်သော စွမ်းအားများ၏ ပြယုဂ်ပင် ဖြစ်သည်။
တချို့ပုံပြင်များထဲတွင် ယဲ့နန်ထျန်းက ဓားမြှောင်တိုလေး တချောင်းနှင့် စွန့်စားခန်း ထွက်ခဲ့ဖူးသည်ဟု ဆိုသည်။ တချို့ပုံပြင်များကတော့ ယဲ့နန်ထျန်းသည် ပျက်စီးယိုယွင်းနေသော နယ်စပ်ဒေသတခုတွင် ပြင်ပ အထောက်အပံ့မပါဘဲ ခြောက်လခန့် ရှင်သန် နေထိုင်နိုင်ခဲ့သည်ဟု ပြောကြသည်။
မည်သို့ပင်ဆိုစေ ယဲ့နန်ထျန်းကား အဆုံးမရှိသော ခွန်အားနှင့် သတ္တိတို့၏ ပြယုဂ်ဖြစ်ပြီး ဒဏ္ဍာရီထဲမှ လွီပုနှင့် ကျန်းဖေး တို့လို သူရဲကောင်းများမှ ပြန်လည်ဝင်စားခြင်း ဟူ၍ပင် ပြောကြသည်။
သို့သော် ဝေ့ကျီချင်းက အသက်ကြီးလာသည် နှင့်အမျှ ထိုပုံပြင်များမှာ အခြေအမြစ်မရှိသော ယုံတမ်းပုံပြင်များ အဖြစ်သာ ယူဆခဲ့သည်။
"ဒါဆို ယဲ့နန်ထျန်း အကြောင်း ပုံပြင်တွေက အဖြစ်မှန်တွေလား"
ဝေ့ကျီချင်းက မေးလိုက်သည်။
"ဒါပေါ့ မှန်ရုံတင် ဘယ်ကမလဲ အဖိုးက သမီးကို ပြောမပြရသေးတဲ့ ပုံပြင်တွေ အများကြီး ရှိသေးတယ် အဲ့လိုမှ မဟုတ်ရင် လူတွေအားလုံးက ဘယ်လိုလုပ်ပြီး သူ့ကို စစ်နတ်ဘုရားလို့ ခေါ်ကြမှာလဲ"
ယဲ့နန်ထျန်းအကြောင်း ပြောနေရင်း အဘိုးဝေ့၏ မျက်ဝန်းများထဲ ဆွတ်ပျံ့သော အရိပ်အငွေ့များ ဖြတ်သန်းသွားပြီး သက်ပြင်းချလိုက်သည်။
"ဒါဆို အထွတ်အထိပ် ပညာရှင်တွေက အဲ့လောက်တောင်မှ အစွမ်းထက်တယ်လား"
ဝေ့ကျီချင်းက သူမ၏ အိပ်ရာဝင်ပုံပြင်များက အစစ်အမှန် ဖြစ်ရပ်များ ဖြစ်နေခြင်းကို ယုံရခက်နေဆဲဖြစ်သည်။
"အထွတ်အထိပ် ပညာရှင်တွေက သေလောက်အောင် အစွမ်းထက်တဲ့ လူတွေ ဖြစ်တဲ့အပြင် အတွင်းအားလှိုင်းတွေကြောင့် ဘယ်ကျည်မှ တိုးမပေါက်တဲ့ ကျည်ကာ အင်္ကျီတခု အမြဲတမ်း ဝတ်ထားသလိုပါပဲ"
သူမအဘိုး၏ စကားများအား နားထောင်ရင်း သူမအတွေးထဲ၌ ပုံရိပ်တစ်ခုကို မြင်ယောင်ကြည့်လိုက်သည်။ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်က ကျည်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး အစွမ်းထက်လှသော သေနတ်နှစ်လက်အား ကိုင်ဆောင်ထားသည်။ ကျောရိုးတလျှောက် စိမ့်တက်သွားသဖြင့် သူမ ခေါင်းယမ်းလိုက်မိသည်။
အကယ်၍ အထွတ်အထိပ်အဆင့် ပညာရှင်များသာ နိုင်ငံနှစ်နိုင်ငံကြားမှ သာမန်စစ်ပွဲများတွင် ပါဝင်လာပါက မည်သို့မည်ပုံ ဖြစ်လိမ့်မည်ကို သူမက စိတ်ကူးယဉ်ကြည့်မိသည်။
"ယဲ့နန်ထျန်း တစ်ယောက်ထဲတင် မဟုတ်သေးဘူး သမီးအကိုချီရဲ့ မိသားစုထဲက ဦးလေးဝူကို သိတယ်မလား"
အဘိုးဝေ့ကမေးသည်။
"ဟုတ်ကဲ့"
ဝေ့ကျီချင်းက စိတ်လှုပ်ရှား၍ နီမြန်းနေသော မျက်နှာနှင့် ခေါင်းညိတ်ပြလိုက်သည်။
"သူကလည်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်ပဲလေ"
ဝေ့ကျီချင်း၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများမှာ အေးခဲသွားပြီး မထင်မှတ်ထားသော ရှောခ့်ရစရာ ကိစ္စကြီးကြောင့် သူမက မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။
***