အထက်တန်းကျောင်း ပထမဆုံးနေ့
Vol. 1 Ch. 16
အဘိုးဝေ့ ငယ်စဉ်က သူ့ကုမ္ပဏီကို စတင် တည်ထောင်ချိန်တွင် ရှောင်ချီ၏ အဘိုးနှင့် အဘိုးဝေ့တို့မှာ မိတ်ဆွေကောင်းများ ဖြစ်ကြသည်။
နောက်ပိုင်းမှာတော့ အဘိုးဝေ့က စီးပွားရေးနယ်ပယ်မှာ အောင်မြင်လာခဲ့ပြီး တခြားသော မိတ်ဆွေများကလည်း နယ်ပယ် အသီးသီးတွင် အောင်မြင်သူများ ဖြစ်လာကြသည်။ အဘိုးကြီးများ အားလုံးက ပင်စင် ယူရမည့်အရွယ်များ ဖြစ်နေကြသော်လည်း လွှမ်းမိုးနိုင်စွမ်းနှင့် အာဏာကတော့ လျော့ကျမသွားခဲ့ပေ။
ရှောင်မိသားစုကလည်း ရန်ကျင်းမြို့တွင် အင်အားကြီးသော မိသားစုကြီး တစ်ခုဖြစ်သည်။
ရှောင်ချီက ရန်ကျင်းမြို့ရှိ အင်အားကြီး မိသားစုများ၏ လူငယ် မျိုးဆက်ထဲတွင်တောင် အလွန် ထင်ရှားသော လူငယ်လေး ဖြစ်သည်။
ဝေ့ကျီချင်း ငယ်စဉ်ကပင် အဘိုးဖြစ်သူ သွားလေရာသို့ တောက်လျှောက်လိုက်ရင်း ရှောင်ချီ့ကို မြင်ဖူးခဲ့သည်။ ထိုစဉ်ကတည်းက ရှောင်ချီ၏ အပြုအမူ၊ အရည်အချင်းများအပေါ် အထင်ကြီး လေးစားခဲ့သည်။
သို့သော် ရှောင်ချီ့လို ရှောင်မိသားစု၏ ပင်မမျိုးဆက်ကပင် အဘိုးရှောင် အနားတွင်ရှိသော 'ဦးလေးဝူ' ဆိုသူအား တလေးတစား ဆက်ဆံရသည်။ အပြင်လူ တစ်ယောက် အနေနှင့် ကြည့်လျှင်ပင် ဦးလေးဝူ ဆိုသူမှာ ရှောင်မိသားစုတွင် မြင့်မားသော အဆင့်အတန်းရှိကြောင်း သိနိုင်သည်။
"ဖိုးဖိုးက အဲ့ဒီ့ချန်းဖန်ဆိုတဲ့ ကောင်လေးနဲ့ ဆက်ဆံရေးကို ရှောင်မိသားစုနဲ့ ဦးလေးဝူတို့လို ဆက်ဆံရေးမျိုး ဖြစ်အောင် လုပ်ချင်နေတာလား"
"သမီးက အထွတ်အထိပ်အဆင့် ပညာရှင်တွေကို လျော့တွက်လွန်းနေတာပဲ"
အဘိုးဝေ့က ခေါင်းယမ်းရင်း ပြောသည်။
“အဘိုးသူငယ်ချင်း အဘိုးကြီးရှောင်က ဆရာဝူရဲ့ မိသားစုကို တစ်ခါ ကယ်တင်ခဲ့ဖူးတယ် အဲ့ဒါကြောင့်သာ ဆရာဝူက ရှောင်မိသားစုအတွက် အလုပ်လုပ်ပေးဖို့ သဘောတူခဲ့တာ အဲ့ဒီ့ကိစ္စသာ မရှိခဲ့ရင် ရှောင်မိသားစုက ဘယ်လောက်ပဲ အင်အားကြီးပါစေ အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက်ကိုတော့ သိမ်းသွင်းနိုင်မှာ မဟုတ်ဘူး"
"အဖိုးက သူ့ကို အပန်းဖြေအိမ် ပေးလိုက်တယ် ဆိုတာကလည်း ဝေ့မိသားစုရဲ့ စိတ်ရင်းကို ပြသတဲ့ အနေနဲ့လေ ချူကျိုးမြို့ပေါ်မှာ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက် ကျောထောက်နောက်ခံ ရှိတဲ့ မိသားစုရယ်လို့ မရှိသေးဘူး အခုလို အခွင့်အရေးက ရှေ့တည့်တည့်ကို ရောက်လာမှတော့ သူနဲ့ မိတ်ဖွဲ့ဖို့ အဖိုးတို့ တတ်နိုင်သလောက် ကြိုးစားကြည့်သင့်တယ်"
အဘိုးဝေ့က ကျောက်သားထိုင်ခုံ နောက်မှီကို မှီလိုက်ရင်း လက်ထဲတွင် ကိုင်ထားသော တရုတ်ရိုးရာ ယပ်တောင်ကို ပျင်းရိပျင်းတွဲ ခပ်လိုက်သည်။ အဘိုး၏ မျက်နှာတွင်တော့ အရာအားလုံးက မိမိ ထိန်းချုပ်မှု အောက်တွင် ရှိနေသကဲ့သို့ ပိုင်နိုင်သော ဗျူဟာရေးဆွဲသူ တစ်ယောက်၏ အပြုံးမျိုး ရှိနေသည်။
ဝေ့ကျီချင်းလည်း ခေါင်းညိတ်လိုက်မိသည်။ သူမက အဘိုးဖြစ်သူ၏ ချန်းဖန်အပေါ်ထားသော ရည်ရွယ်ချက် အစစ်အမှန်ကို မသိရသေးသော်ငြား ချန်းဖန်၏ စွမ်းရည်များ အပေါ်တွင်တော့ အရင်ကထက် နားလည်သွားပြီ ဖြစ်သည်။
ချန်းဖန်လို စိတ်ရှုပ်စရာ ဆယ်ကျောက်သက်လေးက သူမအဖေ၊ သူမအဘိုး၊ နောက်ဆုံး အကိုချီကပင် လေးစားရလောက်အောင် အစွမ်းထက်နေလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ခဲ့မိတာတော့ အမှန်ပင်။
"ထပ်ပြောရရင် သူက အရမ်းကို ငယ်နေသေးတယ် အခုချိန်မှာ ယဲ့နန်ထျန်းနဲ့ ဆရာဝူတို့လောက် အစွမ်း မထက်သေးရင်တောင် နောင်တချိန်မှာ အဲ့ဒီ့လူတွေကို ကျော်ဖြတ်သွားနိုင်လောက်တယ်"
အဘိုးဝေ့က လူငယ်လေး၏ မခန့်မှန်းနိုင်အောင် ကောင်းမွန်သော အလားအလာကို တွေးမိသွားကာ သက်ပြင်းချသည်။
"ဖိုးဖိုးဆိုလိုတာ.. အဲ့ဒီ့ကောင်လေးက နတ်ဘုရား အဆင့်ကိုတောင် ရောက်နိုင်ချေ ရှိတယ်လို့ ပြောချင်တာလား"
ကျီချင်းက မယုံကြည်နိုင်စွာ မေးလာသည်။ သူမ မျက်လုံး များထဲတွင်တော့ မယုံကြည်သည့် အငွေ့အသက်တို့က အထင်းသားပင်။ သူမက ထပ်မေးလိုက်ပြန်သည်။
"ဒါဆို သူက နောက်ပိုင်းကျရင် ကောင်ကင်းပေါ်မှာ ပျံသန်းပြီး မြေကြီးထဲထိ ထိုးဖောက် သွားနိုင်လိမ့်မယ်လို့ ဆိုလိုတာလား"
အဘိုးဝေ့က ခပ်တိုးတိုး ရယ်လိုက်သည်။
"နတ်ဘုရားအဆင့် ဆိုတာက အဖိုးတို့နဲ့ အလှမ်းဝေးလွန်းတဲ့ ဒဏ္ဍာရီ တစ်ခုသာသာပါပဲ ဒဏ္ဍာရီပုံပြင်တွေက နားထောင်ကောင်းပေမဲ့ ဒဏ္ဍာရီပုံပြင်တိုင်းက အမှန်တွေပါလို့တော့ ဘယ်သူမှ မပြောနိုင်ဘူးလေ"
ရုတ်တရက် အဘိုးဝေ့က တစ်ခုခုကို အာရုံခံမိသွားပုံ ပေါ်ပြီး သူ့ပခုံး တစ်ဖက်သို့ ငုံကြည့်လိုက်သည်။ အဘိုးဝေ့၏ မျက်လုံးတို့က ပြူးကျယ်သွားပြီး ထူးဆန်းသော အမူအယာတစ်ခုက သူ့မျက်နှာပေါ် ဖြတ်ပြေးသွားလေသည်။
နောက်တစ်နေ့မနက်တွင် ချန်းဖန်က ဖုန်းကောလ် တစ်ခုကို လက်ခံရရှိခဲ့သည်။ အံ့ဩစရာ ကောင်းသည်က ဖုန်းခေါ်သူမှာ ကျန်းချူယန် ဖြစ်နေခြင်းပင်။
သူမက မနေ့ညက အဖြစ်အပျက်တွေ ပြီးသည့်နောက် ချန်းဖန် အဆင်ပြေမပြေ သိလို၍ ဆက်လာခြင်းပင်။ အဆင်ပြေနေသေးကြောင်း သိရတော့ သူမတို့ သူငယ်ချင်း သုံးယောက်နှင့် နေ့လည်စာ အတူစားရန် ဖိတ်လာသည်။ ချန်းဖန်ကလည်း ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။
မနေ့က ထိုမိန်းကလေးများ၏ သူ့အပေါ် ဆက်ဆံပုံများကို သဘောမကျသော်လည်း ကောင်းကင်ဘုံ အရှင်သခင် ဖြစ်ခဲ့ဖူးသူ တစ်ယောက် အနေနှင့် သူက ကိစ္စသေးသေးလေးများကို စိတ်ထဲထားမနေပေ။ နေ့လည်စာ အတူစားရန် ငြင်းပယ်ရခြင်းမှာ စိတ်ရှုပ်မခံလို၍သာ ဖြစ်သည်။
ကျန်းချူယန် ဖုန်းချလိုက်ပြီးနောက် မကျေမချမ်း ဖြစ်စွာနှင့် ရေရွတ်လိုက်သည်။
"သိုင်းပညာလေး နည်းနည်းပါးပါး တတ်တော့ရော ဘာဖြစ်လဲ ငါဖိတ်တာကိုများ ငြင်းရဲသေးတယ် မနေ့ညက ငါ့ရဲ့အပြုအမူတွေ အတွက် တောင်းပန်မယ်လို့ တွေးထားခဲ့ပေမဲ့.. ကြည့်ရတာ ငါ အတွေးလွန်သွားတာပဲ"
မကျေမချမ်း ရေရွတ်နေသော စကားများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကတော့ သူမ၏ ဝမ်းနည်းသွားသော နှလုံးသားလေးပင်။ မညာတမ်း ဝန်ခံရလျှင် မနေ့ညက ချန်းဖန်၏ သူရဲကောင်းဆန်စွာ သူမအပေါ် ကာကွယ်ပေးခဲ့မှုက သူမ နှလုံးသားလေးအား ပြင်းထန်စွာ ခုန်စေခဲ့သည်ကို သူမတစ်ယောက်သာ သိပေသည်။
အချိန်က လျင်မြန်စွာပဲ စက်တင်ဘာ ၁ရက်နေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။ အိုင်ဗွီ အထက်တန်းကျောင်းက ပညာသင်နှစ် တစ်ခုကို စတင်တော့မည် ဖြစ်သလို ချန်းဖန်၏ ကျင့်ကြံမှုကလည်း အနည်းငယ်တော့ တိုးတက်ခဲ့သည်။ ချီသန့်စင်မှု အခြေခံအဆင့်၏ အလယ်အလတ် အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့သော အနေအထားဖြစ်သည်။
မနက်ခင်း လေ့ကျင့်မှု ပြီးဆုံးပြီးနောက် ချန်းဖန်က လိုအပ်သည်များကို ယူလိုက်ပြီး ရန်ကွေ့ ရေကန်ပတ်လမ်းတလျှောက် လမ်းလျှောက်ကာ အိုင်ဗွီ အထက်တန်းကျောင်း ရှိရာသို့ ထွက်ခွာလာခဲ့တော့သည်။
အိုင်ဗွီ အထက်တန်းကျောင်းက ကိုယ်ပိုင် အထက်တန်းကျောင်း ဖြစ်ပြီး အမျိုးမျိုးသော သတ်မှတ်ချက်များအရ ချူကျိုးမြို့တွင် နံပါတ်တစ် ချိတ်သည်။ အိုင်ဗွီအထက်တန်းကျောင်းက ကျောင်းသားများအတွက် လိုအပ်သော စက်ပစ္စည်း၊ နည်းပညာ ပစ္စည်းများကို အလုံအလောက် ထောက်ပံ့ပေးထားသည် သာမက ဆရာများကလည်း အလွန် အရည်အချင်းရှိသည်။ အိုင်ဗွီ အထက်တန်းကျောင်းတွင် တက်ခွင့်ရသော ကျောင်းသား အမျိုးအစားမှာ နှစ်မျိုးသာ ရှိသည်။ ပညာရေးတွင် အလွန် ထူးချွန်သော ပါရမီရှင် ပထမတန်းစား ကျောင်းသားများနှင့် မြို့မျက်နှာဖုံး လူချမ်းသာများ၏ သားသမီးများပင် ဖြစ်သည်။
ရေကန် ပတ်လမ်းတစ်လျှောက် လမ်းလျှောက်လာရင်း သူ့အနားမှ ဖြတ်သန်းသွားသော ဇိမ်ခံကား အမျိုးမျိုးကို မြင်နေရသည်။ တချို့ ကျောင်းသားများကို မိဘကိုယ်တိုင် လိုက်ပို့ပြီး တချို့ကတော့ ကိုယ်တိုင် ကားမောင်း၍ လာကြသည်။
ကျောင်းဝင်ပေါက်သို့ ရောက်တော့ ချန်းဖန် အလိုလို ရပ်တန့်လိုက်မိသည်။ အောက်စဖို့စတိုင် ချုပ်လုပ်ထားသော ဆင်တူ ယူနီဖောင်းများ၊ ရင်းနှီးနေသော ကျောင်းပန်းခြံ နှင့် ကျောင်းဝင်ပေါက်တို့က ချန်းဖန်၏ အတိတ်က မှတ်ဉာဏ်များနှင့် တစ်ထပ်တည်းပင်။
"အတိတ်ဘဝက အတိုင်းဆိုရင် ငါက အတန်းနံပါတ် ကိုးမှာ တက်ရမှာပဲ"
ချန်းဖန် တက်ရမည့် အခန်းသို့ ရောက်တော့ အခန်း၏ တဝက်ခန့်က လူများ ပြည့်နေသည်ကို တွေ့လိုက်ရသည်။
အတန်းထဲရှိ ကျောင်းသားအားလုံးက ဆင်တူ ယူနီဖောင်းများကို ဝတ်ဆင်ထားကြပြီး ယောက်ျားလေးများက အရပ်ရှည်ကာ ကြည့်ကောင်းကြသည်။ မိန်းကလေးများက လှပပြီး အပြစ်ကင်းပုံ ပေါ်ကြသည်။ အတန်းထဲရှိ လူအားလုံးကို ခြုံငုံပြီး သုံးသပ်ရလျှင် စာကြောင်းက တစ်ကြောင်းသာ ရှိသည်။
'အားလုံးက ချမ်းသာကြတယ်' ဟူ၍။
"သေချာကြည့်တော့မှ ငါ့အတန်းထဲက ကောင်မလေးတွေ အားလုံးက လှကြတာပဲ အတိတ်ဘဝက ဒါကို သတိမပြုမိခဲ့တာ နှမြောစရာပဲ"
ချန်းဖန် ရယ်စရာ အဖြစ် တွေးလိုက်မိသည်။
"တစ်ယောက်ယောက်ကို ရှာနေတာလား"
မိန်းကလေး တစ်ယောက်က ချန်းဖန်အား သတိပြုမိသွားကာ မေးလာသည်။
"မဟုတ်ဘူး ငါက ကျောင်းသားသစ်ပါ"
ချန်းဖန်က ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်ပြီး အတိတ်ဘဝက သူထိုင်ခဲ့သော နေရာတွင်ပင် ဝင်ထိုင်လိုက်သည်။
မိန်းကလေးတချို့က ကျောင်းသားသစ် ဟူသော အသံကြောင့် စူးစမ်းလိုဟန် လှည့်ကြည့်ကြသော်လည်း ချန်းဖန်၏ သာမန်ဆန်သော အဝတ်အစားများကြောင့် နှာခေါင်းရှုံ့ကာ ပြန်လှည့်သွားကြသည်။
"ချီး ငါ့မှာတော့ ကျောင်းသူအသစ် လှလှလေးများ ရောက်လာမလား မှတ်ပါတယ် ဘယ်လိုတောင်လားကွာ"
ချန်းဖန် တစ်စုံတစ်ယောက်၏ ကျယ်လောင်လှသော အသံကြီးအား ကြားလိုက်ရသည်။
ချန်းဖန်၏ ဘေးတွင်ထိုင်နေသော ကောင်လေးဆီမှ ဖြစ်သည်။ ထိုကောင်လေးက ဖျော့တော့သော အသားအရည်ရှိပြီး မျက်ကွင်းနှစ်ဖက်က ဝက်ဝံတကောင်လို ညိုနေသည်။ ချန်းဖန် ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ပြန်ပြောမနေတော့ပေ။
မကြာခင်မှာပဲ အတန်းထဲသို့ အမျိုးသမီးတစ်ဦး ဝင်လာသည်။ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးစက်စက် အသွင်အပြင် ရှိသော သူမကား အခြားမဟုတ် အိုင်ဗွီ အထက်တန်းကျောင်းအုပ်၏ လက်ထောက်၊ အတန်းကိုး၏ အတန်းပိုင် ရွှယ်ဟန်ကျစ်ပင် ဖြစ်သည်။ သူမက အတန်းထဲရှိ လူများအား တစ်ချက် ဝေ့ကြည့်လိုက်ပြီး ချန်းဖန်ကို မြင်တော့ ခေါင်းညိတ်ပြလိုက်ကာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရန် အချက်ပြလိုက်သည်။
ချန်းဖန် ဘာပြောလာမလဲ ဆိုတာကို ဘယ်သူမှ စိတ်မဝင်စားကြဘဲ အချင်းချင်းသာ စကားများ ပြောနေကြသည်။ ချန်းဖန် မိတ်ဆက်ပြီးသည်အထိ ဘယ်သူ့ဆီကမှ အသိအမှတ်ပြုသံ တစ်သံမှ ထွက်မလာပေ။
"မင်းနာမည်က ချန်းဖန်ပေါ့ မင်းမိတ်ဆက်တာကြီးကလည်း ပျင်းစရာ ကောင်းလိုက်တာကွာ မိန်းကလေးတွေ အများကြီးနဲ့ ဆုံတဲ့အခါ ပထမဆုံးအမြင်ဆိုတာ ဘယ်လောက် အရေးကြီးလဲ မင်း မသိဘူးလား"
ပြောလိုက်သူကတော့ ချန်းဖန် ဘေးတွင် ထိုင်နေသော ကောင်လေး ဖြစ်သည်။
"ထားပါတော့ ငါ့နာမည်က ကျန်းထန်ချိုး ငါ့ကို ကလပ်မင်းသား လို့လည်း ခေါ်ကြတယ် အရင်က ငါ့နာမည်ကို ကြားဖူးလား"
ချန်းဖန် သူ့ရှေ့မှ တက်ကြွသော အမူအယာနှင့် ကောင်လေးက စူးစူးစိုက်စိုက် ကြည့်နေမိသည်။
'ဒါပေါ့ ငါမင်းကို သိပ်သိတာပေါ့ အတိတ်ဘဝမှာ မင်းနဲ့ငါက တစ်နှစ်ပတ်လုံး အတူတူ ထိုင်ခဲ့တယ် နောက်ဆုံး ငါ့ဘဝရဲ့ စုတ်ပြတ်သတ်နေတဲ့ အချိန်တွေမှာတောင် မင်းက ငါ့သူငယ်ချင်းအဖြစ် ရှိနေပေးခဲ့တယ် နောက်ပိုင်း မင်းလည်း ကလပ်တစ်ခုမှာ မိန်းကလေးတစ်ယောက်ရဲ့ အကွက်ချ တာကို ခံလိုက်ရပြီး မင်းအဖေတောင် မကယ်နိုင်တော့ဘဲ ထောင်ကျသွားခဲ့တယ် ငါ့လုပ်ငန်းတွေ ဖျက်သိမ်းလိုက်ရပြီး ကျုံးဟိုင်မြို့ကနေ ချူကျိုးမြို့ကို ပြန်ရောက်လာတော့ လေလွင့်နေတဲ့ မင်းနဲ့ပြန်တွေ့တယ် ငါတို့နှစ်ယောက် ညတိုင်းလိုလိုပဲ အတူတူ သောက်ဖြစ်ကြပြီး တစ်လောကလုံးက လူတွေကို ကျိန်ဆဲခဲ့ကြတယ် အဲ့တုန်းက မင်းပြောတာက မင်းသာ နောက်ထပ် ဘဝတစ်ခုကို ပြန်ရှင်သန်ခွင့် ရခဲ့မယ်ဆိုရင် မင်းဘဝကို ဖျက်စီးခဲ့တဲ့ အဲဒီမိန်းမနဲ့ ဘယ်တော့မှ ထပ်ပတ်သက်မှာ မဟုတ်ဘူးတဲ့ အခုတော့ ဒီ အခွင့်အရေးကို မင်းရခဲ့ပြီ ဒီတစ်ခါ မင်းဘယ်လို ဆုံးဖြတ်မလဲဆိုတာ ငါမြင်ရမှာပါ'
အတွင်းထဲတွင် ရှုပ်ယှက်ခတ်နေသော ခံစားချက်များနှင့် ဆန့်ကျင်စွာပဲ အပြင်မှာတော့ ချန်းဖန် တိတ်ဆိတ်နေမိသည်။
အတန်ကြာသည်အထိ ဘာတုန့်ပြန်မှုမှ မရလေတော့ ကျန်းထန်ချိုးလည်း အူတူတူ ကျောင်းသားသစ်လေးအား ဘာပြောရမှန်း မသိတော့ပေ။
"ကောင်းပြီ ကောင်းပြီ မင်းက အသစ်လေးဆိုတော့ ဘာမှ သိမှာ မဟုတ်ဘူး အတန်းရဲ့ အချက်အလက်တွေ ငါမင်းကို ပြောပြမယ် ငါတို့အတန်းထဲက မိန်းကလေးတွေက လူတိုင်းလိုလိုပဲ လှကြတယ် အားလုံးက အဖိုးတန် ကျောက်မျက် ရတနာလေးတွေ ချည်းပဲ အဲ့ဒီ့ ရတနာလေးတွေ ထဲမှာမှ ငါတို့ အတန်းခေါင်းဆောင်ကတော့ အဖိုးအတန်ဆုံး ကျောက်မျက်လေးပဲ ဟိုမှာလေ လှမ်းကြည့်လိုက် မလှဘူးလား သူမနာမည်က ချန်ဝမ်တဲ့"
ကျန်းထန်ချိုးက မိန်းကလေးတစ်ယောက်ကို လှမ်းညွှန်ပြသည်။
"ချန်ဝမ်က အတန်းခေါင်းဆောင် ဖြစ်ရုံတင်မကဘူး ကျောင်းမှာ ညနေခင်းပါတီတွေ လုပ်ရင်လည်း သူပဲ ခေါင်းဆောင်တာလေ ငါတို့အတန်းမှာဆို သူက မိန်းကလေး အားလုံးရဲ့ ခေါင်းဆောင်ပဲ တစ်ကျောင်းလုံး အနေအထားနဲ့ ကြည့်မယ် ဆိုရင်တောင် ချန်ဝမ်ထက် ပိုနာမည်ကြီးတာဆိုလို့ ရှုယုံဖေးနဲ့ ကျန်းချူယန်ပဲရှိမယ် သူတို့နှစ်ယောက်ကတော့ မင်းအတွက် အလှမ်းဝေးလွန်းနေမယ် ဆိုတာ ငါသိပါတယ် ရှုယုံဖေးဆိုရင် တီဗွီရှိုးတစ်ခုမှာတောင် သရုပ်ဆောင်နေပြီလေ တစ်နှစ်တစ်နှစ်ကို သူရှာလို့ရတဲ့ ပိုက်ဆံကတင် BMW တစ်စီးလောက် ဝယ်လို့ရနေပြီ"
ရှုယုံဖေးအကြောင်း ပြောနေရင်း ကျန်းထန်ချိုး၏ မျက်လုံးတို့က တလက်လက် တောက်လို့နေသည်။ မိန်းမလှတွေနဲ့ ပတ်သက်တဲ့ ဝါသနာကလည်း ဖျောက်ရခက်သကိုး..။
ချန်းဖန် ပြုံးလိုက်မိသည်။ အတိတ်ဘဝက ရှုယုံဖေးသည် သူ့အတွက် ကူညီရန် အမြဲအဆင်သင့် ရှိနေခဲ့ပြီး သူ့ကောင်မလေးပင် ဖြစ်လာလု နီးနီး ရှိခဲ့သည် မဟုတ်ပါလား။
ကျန်းထန်ချိုးက ဆက်ပြောလာသည်။
"မင်းကို သတိပေးရဦးမယ် အဲ့ကောင်မလေးတွေကို သွားမထိနဲ့နော် သူတို့က တစ်ကျောင်းလုံးက မိန်းကလေးတွေနဲ့ သိတယ် သူတို့ဆီကနေသာ အငြင်းခံလိုက်ရရင် ဘယ်မိန်းကလေးကမှ မင်းကို စဉ်းစားတော့မှာ မဟုတ်ဘူး"
"သတိပေးတာ ကျေးဇူးပါ"
ချန်းဖန်က ပြုံးရင်း ပြန်ပြောလိုက်သည်။
ချန်းဖန်က ချန်ဝမ်ကို အကဲခတ်ကြည့်လိုက်သည်။ သူမက ကျန်းချူယန်တို့ကို မမီသော်ငြား တော်တော်လေးတော့ လှပါသည်။
"ဟေး ချန်ဝမ်ကလည်း မင်းမှန်းနိုင်တဲ့ အနေအထား မဟုတ်ဘူးနော် သူက ငါ့ကိုတောင် ပြန်ကြိုက်တာ မဟုတ်ဘူး"
ကျန်းထန်ချိုးက ပခုံးတွန့်ရင်း ပြောလိုက်သည်။ ချန်းဖန်ကတော့ ရယ်ရုံသာ ရယ်နေလိုက်သည်။ ကျန်းထန်ချိုး.. ဤအကောင်ကား မိန်းကလေးတွေနဲ့ ပတ်သက်လျှင် နည်းနည်းလေးမှ မပြောင်းလဲသေးပေ။
"ချန်ဝမ်က စီယင်းရှာ တစ်ယောက်တည်းကိုပဲ နှလုံးသားတစ်ခုလုံး ပုံအပ်ထားတာ"
ကျန်းထန်ချိုးက ငြီးငြူလိုက်သည်။
"ခက်တာက .. စီယင်းရှာ ဆိုတဲ့ကောင်ကလည်း မမလေးရှုကလွဲရင် ဘယ်မိန်းကလေးကိုမှ သူနဲ့တန်တယ် မထင်တာပဲ"
ကျန်းထန်ချိုး စကား ဆုံးပြီးပြီးချင်းမှာပဲ လူတစ်ယောက်က စာသင်ခန်းထဲသို့ ဝင်လာသည်။
"ဟိုမှာလေ စီယင်းရှာဆိုတာ အဲ့ကောင်ပေါ့"
***