← Chapters

ကယ်တင်ရှင် သူရဲကောင်း

Vol. 1 Ch. 17

ကယ်တင်ရှင် သူရဲကောင်း

Vol. 1 Ch. 17

ချန်းဖန်လည်း ဝင်ပေါက်သို့ လှမ်းကြည့်လိုက်တော့ ပခုံးတင် အိတ်တစ်လုံးကို လျော့တိလျော့ရဲ လွယ်ကာ မတ်တတ်ရပ်နေသော ခန္ဓာကိုယ် သွယ်လျလျရှိသည့် ကောင်လေး တစ်ယောက်အား တွေ့လိုက်ရသည်။ ထိုကောင်လေး၏ ရှည်လျားလှသော ဆံပင်များက နဖူးပြင်ပေါ် ရှုပ်ယှက်ခတ်ကာ ဝဲကျနေသော်လည်း ပန်းပုဆရာ တစ်ယောက်က အချိုးချချ ထုဆစ်ထားသကဲ့သို့ ချောမွတ်နေသော မျက်နှာအား မကွယ်ဝှက်ထားနိုင်ပေ။

"ဝင်လာလေ"

ရွှယ်ဟန်ကျစ်က ပြုံးရင်း ပြောလိုက်သည်။ အေးစက်လှသော သူမမျက်နှာတွင် အပြုံး သေးသေးလေးကပင် မြင်ရခဲလှသည်။

စီယင်းရှာကား အတော်ဆုံး ကျောင်းသားများထဲမှ တစ်ယောက် ဖြစ်ကာ တစ်နိုင်ငံလုံး ဆိုင်ရာ သင်္ချာ အိုလံပစ် ပြိုင်ပွဲတွင် ဆုပေါင်းများစွာ ရရှိခဲ့ဖူးသည်။ ထို့ပြင် ချင်းဟွာ တက္ကသိုလ်သို့ ဝင်ခွင့်အား ကြိုတင် အောင်မြင်ထားသူများ ထဲမှ တစ်ယောက် ဖြစ်ရာ ရွှယ်ဟန်ကျစ်က အတန်းချိန် နောက်ကျခြင်း ကဲ့သို့သော ကိစ္စသေးသေးလေးအတွက် လုံးဝ အပြစ်မတင်ပေ။

ခန့်ညားသော ဆယ်ကျော်သက်လေးက အတန်းထဲမှ မိန်းကလေးများ၏ ဘလင်းဘလင်း တောက်နေသော မျက်လုံးများကို လျစ်လျူရှုရင်း စာသင်ခန်း အတွင်းသို့ ဝင်လာသည်။

စီယင်းရှာက သူမဘေးနားမှ ဖြတ်လျှောက်သွားချိန်တွင် အတန်းခေါင်းဆောင် ချန်ဝမ်၏ မျက်လုံးများထဲမှ အရူးအမူး စွဲလန်း မြတ်နိုးခြင်းတို့က ဖုံးဖိမရအောင်ပင် သိသာလှသည်။

"ဒီကောင်က ခန့်ညားရုံတင် မဟုတ်သေးဘူး သောက်ရမ်းကို စမတ်ကျတယ်။ ကျောင်းက စစ်သမျှ စာမေးပွဲတိုင်းမှာ အမြဲတမ်း အမြင့်ဆုံး အဆင့်ကို ရတယ် ပိုပြီး စိတ်တိုစရာ ကောင်းတာက ဒီကောင်က စာနည်းနည်းလေးမှကို မလုပ်ဘဲနဲ့ စာရနေတာပဲ မနက်ဖြန်စာမေးပွဲ ဖြေတော့မယ်ဆိုရင် ဒီနေ့ အင်တာနက် ကဖေးမှာ ဒိုတာ ကစားတယ် တစ်ညလုံး ကစားပြီး နောက်နေ့ စာမေးပွဲလာ‌ဖြေတယ် အဲ့တာလည်း အဆင့်ထွက်လာတော့ A+ ရနေတုန်းပဲ သောက်ကျိုးနည်းမှုကြီး"

ကျန်းထန်ချိုးက ခါးသက်စွာ ပြောလာသည်။

"ပြီးတော့လည်း အဲ့ကောင်က ဘတ်စ်ကတ်ဘော ကစားသေးတယ် မိန်းကလေး တော်တော်များများက ဒီကောင်နဲ့ ယန်ချောင်‌ကြောင့် အလုအယက်ကို ချီးယား လီဒါ လုပ်ချင်နေကြတယ်လေ"

ခဏနေတော့ ကျန်းထန်ချိုးက သက်ပြင်းချရင်း ပြောသည်။

"ကံကောင်းသွားတာက စီယင်းရှာက မမလေးရှု တစ်ယောက်တည်းကိုပဲ သဘောကျတာ ဒါကို မိန်းကလေးတိုင်းကလည်း သိကြတယ် အဲ့လိုသာမဟုတ်ရင် မိန်းကလေးတိုင်းက သူ့ကိုပဲ မျှော်လင့်နေကြပြီး ငါတို့ကို လှည့်တောင်ကြည့်မှာမဟုတ်ဘူး"

ကျန်းထန်ချိုးက အားတက်သရော ပြောနေသော်လည်း ချန်းဖန်က ခေါင်းညိတ် ခေါင်းခါလောက်သာ တုံ့ပြန်သည်ကို မြင်ရတော့ ကျန်းထန်ချိုးခမျာ မချင့်မရဲ ဖြစ်သွားသည်။

"စီယင်းရှာ အကြောင်း ငါသိသလောက် မင်းကို ပြောပြနေတာလေကွာ စိတ်မဝင်စားရင်တောင် သေချာလေးတော့ နားထောင်ပေးပေါ့ ဟုတ်ပြီလား"

"ငါက စီယင်းရှာအကြောင်း စိတ်မဝင်စားတာ ဘာမှားနေလို့လဲ"

ချန်းဖန်က ပခုံးတွန့်ရင်း ပြန်မေးလိုက်သည်။ အတိတ်ဘဝကတော့ သူလည်း စီယင်းရှာကို အားကျခဲ့ဖူးပါသည်။ သို့သော် အခုချိန်မှာတော့ လောကကြီးအပေါ် မြင်သည့်အမြင်က အရင်ကနှင့် ကွဲပြားသွားပြီ ဖြစ်သည်။ စီယင်းရှာက ချန်းဖန်အတွက်တော့ သာမန်လူများထဲမှ တစ်ယောက်သာ။ ချန်းဖန်၏ နှလုံးသားထဲတွင်တော့ ကျန်းထန်ချိုးကမှ စီယင်းရှာထက်ပိုပြီး အရေးပါပေသည်။

ကျန်းထန်ချိုးက ချန်ဖန်၏ တုံ့ပြန်ပုံကြောင့် ဆွံ့အသွားသည်။

"အသစ်လေး မင်းကတော့ အံ့ဩစရာပဲ မင်းအမြဲတမ်း ဒီလိုပဲ ဟန်များပြီး မာနကြီးတတ်တာလား"

ချန်းဖန်ကား ပြုံးရုံသာပြုံးပြီး ပြန်မပြောတော့ပေ။

ကျန်းထန်ချိုးက ကျောင်းသားသစ်လေးမှာ အနည်းငယ် ထူးခြားပြီး မာနကြီးသော ကောင်လေးဟူ၍ ယူဆလိုက်သည်။

ချန်းဖန်က ကျောင်းသားသစ် ဖြစ်သည့်အပြင် တိတ်တိတ်ဆိတ်ဆိတ်သာ နေလေ့ရှိသောကြောင့် အတန်းဖော်များနှင့် မရင်းနှီးပေ။ အတန်းခေါင်းဆောင်ဖြစ်သော ချန်ဝမ်က ချန်းဖန်၏ နှုတ်နည်းမှုကို ကြည့်ပြီး ချန်းဖန်မှာ ရှက်တတ်ကာ သဘောကောင်းသော ကောင်လေးဖြစ်မည်ဟု တွေးမိသည်။ ထို့ကြောင့် သူမက အတန်းတာဝန်များ ခွဲဝေရာတွင် ချန်းဖန်အား ဘယ်သူမှ မလုပ်ချင်သော သန့်ရှင်းရေးတာဝန်ကို ပေးလိုက်သည်။ ဘယ်သူနဲ့မှ စကားပြောစရာ မလိုသဖြင့် ချန်းဖန်အတွက်လည်း အဆင်ပြေ၊ အတန်းအတွက်လည်း အဆင်ပြေမည်ဟု သူမက ယူဆသည်။

အိုင်ဗွီအထက်တန်းကျောင်းက ကိုယ်ပိုင်ကျောင်း ဖြစ်ရာ အစိုးရကျောင်းများနှင့် မတူဘဲ ကျောင်းစောစောလွှတ်သည်။ ကျောင်းရှိ ကျောင်းသူ၊ကျောင်းသား များကလည်း အထက်တန်းဘွဲ့ကို အရမ်းအလေးမထားကြ၊ ချမ်းသာသော မိသားစုများမှ ဖြစ်သည့်အလျောက် အထက်တန်းပြီးလျှင် နိုင်ငံခြားသို့ ပညာတော်သင် သွားရန်သာ စိတ်အားထက်သန်ကြသည်။ လူချမ်းသာ သားသမီးများ၏ အတွေးအခေါ်၊ အယူအဆတို့က သာမန်မိသားစုမှ ကလေးများနှင့်တော့ ကျိန်းသေ ကွဲပြားပေသည်။

တစ်ခုသော ညနေခင်း၌ ချန်းဖန်တစ်ယောက် အတန်းသန့်ရှင်းရေး လုပ်ပြီးနောက် ရေကန်ပတ်လမ်း အတိုင်း သူ့တိုက်ခန်းလေးဆီသို့ ပြန်လာစဉ်မှာပဲ ဖျော့တော့သော အော်သံတစ်ခုအား ကြားလိုက်ရလေသည်။

ချန်းဖန်လည်း ခဏ တန့်သွားပြီးနောက် အသံလာရာ ရှန့်ဖူပင်များ ဘက်သို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ရှန့်ဖူပင်များ နောက်သို့ ရောက်တော့ ကြောင်ကြောင်ကျားကျား ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော အသက်သုံးဆယ်ခန့် ရှိသည့် လူတစ်ယောက်က မိန်းကလေး တစ်ယောက်အား ရင်ဘတ်အောက်တွင် ဖိထားသည်ကို တွေ့လိုက်ရသည်။ ထိုလူ၏ လက်တစ်ဖက်က မိန်းကလေး၏ ပါးစပ်များအား ဖိပိတ်ထားပြီး အော်သံ ထွက်မလာစေရန် တားဆီးနေသည်။ မိန်းကလေး အဝတ်များက စုတ်ပြဲနေပြီး အဝတ်မဲ့နေသော လက်မောင်းနှစ်ဖက်က လေထဲ၌ ကူကယ်ရာမဲ့စွာ ရုန်းကန်နေရှာသည်။

"ရပ်လိုက်"

ချန်းဖန်က အော်လိုက်သည်။

ထိုလူက ရုတ်တရက် ထွက်‌ပေါ်လာသော အော်သံကြောင့် ခဏတာ တန့်သွားပြီး မိန်းကလေးအား တွန်းထုတ်လိုက်ကာ ထွက်ပြေးရန် ကြိုးစားလေသည်။

'ထွက်ပြေးချင်တယ်လား"

ချန်းဖန်က နှာခေါင်းရှုံ့လိုက်ကာ မြေကြီးပေါ်ရှိ ကျောက်ခဲလေး တစ်ခဲအား ခြေဖျားဖြင့် ခတ်လိုက်ရာ ကျည်ဆန်ကဲ့သို့ လျင်မြန်လှသော အရှိန်နှင့် ထိုလူ၏ ကျောပြင်သို့ တိကျစွာ ထိမှန်သွားသည်။

"အာ့"

ထိုလူက အော်လိုက်ပြီး မြေပြင်ပေါ် လဲကျသွားသည်။ ထို့နောက် နာကျင်မှုကို အန်တုကာ ကြိုးစား မတ်တတ်ရင်း ကမျောသောပါး ထွက်ပြေးသွားလေသည်။

ချန်းဖန်က လွှတ်ပေးရန် ဆုံးဖြတ်လိုက်ပြီး ဆက်ဖမ်းမနေတော့ပေ။ သူက ခြေကန်ချက်ထဲတွင် ချီတချို့ ထည့်သွင်းလိုက်ရာ ထိုလူသာ ဆေးရုံသို့ ချက်ချင်းမသွားပါက တဘဝလုံး ဒုက္ခိတဘဝနှင့်သာ နေသွားရမည်မှာ သေချာသလောက်ပင်။

"အဆင်ပြေရဲ့လား"

ချန်းဖန်က မြေပြင်ပေါ် လဲကျနေသော မိန်းကလေးကို မေးလိုက်သည်။

သူမက အသက်အစိတ် ဝန်းကျင်လောက်ရှိပြီး အနီးကပ်ကြည့်မှ လွန်စွာ လှပလေသည်။ ပါးလျသော အင်္ကျီနှင့် စကတ်အနီတိုတိုကို ဝတ်ဆင်ထားသော သူမကို ကြည့်ရင်း နိုက်ကလပ်မှ အမျိုးသမီးများကိုပင် ရုတ်တရက် မြင်ယောင်မိသွားသည်။

'ဒီအချိန် လူပြတ်တဲ့နေရာမှာ ဒီလိုအဝတ်အစားနဲ့ ဒီမိန်းကလေးက တစ်ယောက်တည်း ဘာလာလုပ်နေတာများလဲ'

ချန်းဖန်က တွေးလိုက်မိသည်။

သူမ လုံခြုံသွားပြီ ဆိုတာ သေချာသွားကာမှ ထိုမိန်းကလေးမှာ သတိပြန်ဝင်လာဟန် ရသည်။ ထို့နောက် သူမအား ကယ်တင်လိုက်သူမှာ ချောမောသော ဆယ်ကျော်သက် အထက်တန်းကျောင်းသားလေးတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတော့ အံ့ဩသွားပြီး အလျင်အမြန် ကျေးဇူးတင်စကား ပြောလာသည်။

"ကျေးဇူးအများကြီး တင်ပါတယ်ရှင် ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မ.. ကျွန်မ.."

မျက်ရည်များက သူမ၏ လှပသော မျက်ဝန်းများထဲမှ အဆက်မပြတ် စီးကျလာပြီး ရှိုက်သံနှင့် စကားသံများပင် မသဲကွဲတော့ပေ။

"အခု အဆင်ပြေသွားပါပြီ ခင်ဗျား တစ်ခုခု ထိခိုက်သွားတာ မရှိဘူးမလား"

ချန်းဖန်က မေးလိုက်သည်။

မိန်းကလေးက ခေါင်းညိတ်ပြသည်။ ထိုမိန်းကလေး စိတ်ငြိမ်သွားသည်အထိ စောင့်ပြီးမှ နှစ်ယောက်သား ထိုနေရာမှ ထွက်လာကြသည်။

စကားပြောရင်း ချန်းဖန် သိလိုက်ရတာက ထိုမိန်းကလေး၏ အမည်မှာ ချန်းရင် ဟူ၍ ဖြစ်ပြီး သူမက ဘားတစ်ခုကို ပိုင်ဆိုင်သည် ဆိုတာပင်။ ပုံမှန်ဆိုလျှင် သူမက ကားဖြင့်သာ အိမ်သို့ ပြန်တတ်သော်လည်း ယနေ့ ညနေတွင်တော့ သူငယ်ချင်းများနှင့် တစ်ဝိုင်းသောက်ပြီး ဘားနှင့် သိပ်မဝေးသော သူမ၏ အိမ်ဆီသို့ လမ်းလျှောက် ပြန်လာခဲ့ရာတွင် ကံဆိုးမိုးမှောင် ကျသွားခဲ့ခြင်းဖြစ်သည်။

ချန်းရင်က တည်ငြိမ်အောင် ကြိုးစားနေရှာသော်လည်း အသံများမှာတော့ တုန်ယင်နေဆဲပင်။ သူမက ချန်းဖန်အား အိုင်ဗွီ အထက်တန်းကျောင်းမှ ကျောင်းသားလေး ဖြစ်ကြောင်း သိပြီး ဖြစ်သည်။ ထိုကောင်လေးကြောင့်သာ မဟုတ်လျှင် သူမ အနိုင်ကျင့် ‌စော်ကားခံရပြီး နေလောက်ပြီ ဖြစ်သည်။ သူမက ဘားတစ်ခုကို ဦးစီး လုပ်‌ကိုင်နေသော်လည်း ထိန်းထိန်းသိမ်းသိမ်း နေတတ်သူဖြစ်ရာ သူမ၏ အပျိုရည်ကို လွန်စွာ တန်ဖိုးထားလေသည်။

နှစ်ယောက်သား စကားပြောကြရင်း ချန်းဖန်က ရေကန်ဘေးက တိုက်ခန်းအိမ်ရာတွင် နေသည်ကို သိလိုက်ရသောအခါ သူမ အံ့ဩသွားမိသည်။

"အမလည်း အဲ့ဒီ့တိုက်ခန်းမှာ နေတာပဲ ဘယ်လောက်များ တိုက်ဆိုင်လိုက်သလဲလို့"

သူမတို့ နှစ်ယောက်အား ကံကြမ္မာက ဆုံစည်းစေရန် ဖန်တီးပေးလိုက်သည်ဟုပင် ထင်မှတ်မိသွားသော ချန်းရင်တစ်ယောက် သူမ၏ ကယ်တင်ရှင် လူစွမ်းကောင်းလေးအား တလက်လက် တောက်ပသော မျက်ဝန်းများဖြင့် ကြည့်နေမိသည်။

'ရှောင်ဖန်က အိုင်ဗွီအထက်တန်းကျောင်းကလို့ ပြောတယ် ဒါပေမဲ့ အဲ့ဒီ့ကျောင်းက ဘယ် သူဌေးသားကများ အိမ်ကို လမ်းလျှောက်ပြန်တာ မြင်ဖူးလို့လဲ အဝတ်အစားတွေအရ ကြည့်ရရင်လည်း ရှောင်ဖန်က အရမ်းကြီး ချမ်းသာပုံ မရဘူး'

ချန်းရင်က တစ်ယောက်တည်း အတွေးလွန်နေရင်း သူမ၏ ငယ်ဘဝကို ပြန်အမှတ်ရသွားသည်။ သူမ ငယ်စဉ်ကလည်း မွေးရပ်မြေကို စွန့်ခွာကာ မြို့ကြီးပြကြီးသို့ တစ်ယောက်တည်း တက်လာခဲ့ရပြီး ယခု အခြေအနေအထိ ရောက်အောင် အများကြီး ကြိုးစား ရုန်းကန်ခဲ့ရသည်။ ရုတ်တရက် ချန်းဖန်ကိုကြည့်ရင်း သူမကိုယ်သူမ ပြန်မြင်နေရသလိုပင်။

တိုက်ခန်းအိမ်ရာ၏ ဂိတ်ပေါက်သို့ ရောက်တော့ နှစ်ယောက်သား နှုတ်ဆက်လိုက်ကြရင်း ချန်းရင်က မေးလိုက်သည်။

"ရှောင်ဖန် အချိန်ပိုင်း အလုပ်တွေဘာတွေ မလုပ်ချင်ဘူးလား"

"အချိန်ပိုင်းအလုပ်"

ချန်းဖန်က အဆက်အစပ်မရှိသော မေးခွန်းကြောင့် ကြောင်တောင်တောင်ပင် ဖြစ်သွားသည်။

"အင်း တကယ်လို့ ရှောင်ဖန်လုပ်ချင်ရင် အမရဲ့ဘားမှာ အချိန်ပိုင်း ဝိတ်တာ လုပ်လို့ရတယ် အမဘားနာမည်က 'CoCo'လေ အိုင်ဗွီအထက်တန်းကျောင်းနဲ့လည်း နီးတော့ နေ့တိုင်း အသွားအပြန် လုပ်ဖို့ အဆင်ပြေတယ် တကယ်လို့ ရှောင်ဖန်သာ လုပ်မယ်ဆိုရင် အမက ပုံမှန် ဝိတ်တာ လစာအပြင် ဘောနပ်စ် ယွမ် 3000 ပါ ထပ်ပေးဦးမယ်"

ချန်းရင်က ချန်းဖန်တစ်ယောက် ငွေကြေး မပြည့်စုံမှုကြောင့် မိမိကိုယ်ကို သိမ်ငယ်ရှက်ရွံမှုအား မခံစားရလေအောင် စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြီး ပြောလိုက်သည်။

"အာ.. "

တဖက်လူ၏ ကမ်းလှမ်းမှုကြောင့် ချန်းဖန် ရယ်ချင်စိတ်အား ထိန်းမရပင် ဖြစ်သွားသည်။ ကောင်းကင်ဘုံ အရှင်သခင် တစ်ယောက်က ဘားတစ်ခုမှာ ဝိတ်တာအဖြစ် အချိန်ပိုင်းလုပ်ခြင်း..။

နည်းနည်းတော့ ကိုးရို့ကားယား နိုင်နေသလိုပင်။

သို့သော်လည်း ချန်းရင်၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို ချန်းဖန်က ရိပ်မိသည်။ သူမ ကမ်းလှမ်းလာသော လစာပမာဏမှာ ၂၀၀၇ ခုနစ်၏ အတိုင်းအတာနှင့် ဆိုလျှင် လွန်စွာ ရက်ရောလှပေသည်။

ချန်းဖန် တုံ့ဆိုင်းနေသည်ကို မြင်တော့ ချန်းရင်က ထပ်ပေါင်းပြောလိုက်သည်။

"အမရဲ့ဘားမှာ မကောင်းတဲ့ အလုပ်တွေ ဘာမှ မရှိပါဘူး ဆိုင်ကိုလာတဲ့ ဧည့်သည်အများစုကလည်း ကျောင်းသားတွေပါပဲ ပြောရရင် ဒီနေ့ အဖြစ်အပျက်က အမကို တော်တော်လေး လန့်သွားစေတယ် အမ ရှောင်ဖန်ရဲ့ ကာကွယ်မှုကို လိုလို့ပါ"

ချန်းရင်၏ မျက်လုံးများထဲမှ စစ်မှန်သော ရိုးသားမှုကို မြင်နေရတာမို့ ချန်းဖန်လည်း မငြင်းသာ‌တော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ ကျေးဇူးပါ အမရင်"

"မနက်ဖြန် ဆိုင်ကိုလာဖို့ မမေ့နဲ့နော် ဆိုင်နာမည်က 'CoCo' ရှောင်ဖန်ရောက်ရင် အမနာမည်ကိုသာ မေးလိုက်"

ချန်းရင်က လှပစွာ ပြုံးရင်း ပြောလိုက်သည်။

***

All Chapters