မတွေ့တာကြာပြီ
Vol. 1 Ch. 18
နောက်တစ်နေ့ ညစာစားပြီးချိန် ၇နာရီလောက်တွင် ချန်းဖန် CoCo ဘားရှိရာသို့ ထွက်လာခဲ့သည်။ ဘားကား တက္ကသိုလ်လမ်းပေါ်တွင် တည်ရှိပြီး တက္ကသိုလ်များ၊ ကောလိပ်များ အလယ်တွင် ရှိသည်။
ဘားအနီးတွင် ချူကျိုးတက္ကသိုလ်၊ ချူကျိုးကောလိပ်၊ ချူကျိုးပညာရေး တက္ကသိုလ်၊ ချူကျိုးစက်မှုကောလိပ်၊ ချူကျိုးဆေးဝါးသိပ္ပံကျောင်း အစရှိသဖြင့် ကျောင်းပေါင်းများစွာက ဝန်းရံထားသည်။ အိုင်ဗွီအထက်တန်းကျောင်းကလည်း တက္ကသိုလ်လမ်းတွင် တည်ရှိခြင်း ဖြစ်ကာ မတူညီတာ တစ်ခုက CoCo ဘားမှာ တက္ကသိုလ်လမ်း အလယ်ခေါင် တည့်တည့်တွင် ရှိပြီး အိုင်ဗွီ အထက်တန်းကျောင်းက တက္ကသိုလ်လမ်း အစွန်ဆုံးတွင် ရှိခြင်း ဖြစ်သည်။
'CoCo'ဘားက လုံးဝမသေးဘူးပဲ ချူကျိုးရဲ့ အကြီးဆုံးဘား သုံးခုထဲမှာတောင် ပါလောက်တယ် အခုမှ ၇နာရီပဲ ရှိသေးတယ် လူတွေက ပြည့်ကျပ်နေပြီ'
ချန်းဖန်က တွေးလိုက်မိသည်။
ဘားထဲသို့ ရောက်တော့မှ အမရင်က အမှန်အတိုင်း ပြောခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ဘားအတွင်း၌ ဆူညံ ပေါက်ကွဲနေသော သီချင်းသံစဉ်များ ဖွင့်မထားသလို မလုံ့တလုံ ဝတ်ဆင်ထားသော ကလပ်မယ်များလည်း ရှိမနေပါ။ အနောက်တိုင်း သံစဉ်အေးအေးလေးသာ ဖွင့်ထားပြီး အနားယူရင်း အေးအေးဆေးဆေး သောက်လိုသူများ အတွက် နေရာကောင်း ဖြစ်သည်။ ဘားအတွင်းရှိ ဧည့်သည် အများစုကလည်း အမရင် ပြောသလို တက္ကသိုလ် ကျောင်းသားများသာ..။
ချန်းဖန်က အနီးမှ ဖြတ်သွားသော စားပွဲထိုးမလေး တစ်ဦးအား မေးလာသည်။
"ခွင့်ပြုပါ ကျွန်တော်က အမချန်းရင်ရဲ့ မောင်ဝမ်းကွဲပါ အမက သူ့ကို ဒီမှာ လာရှာဖို့ ပြောထားလို့ ကျေးဇူးပြုပြီး သူ့ဆီကို ခေါ်သွားပေးလို့ ရမလား"
စားပွဲထိုးမလေးက အသက်နှစ်ဆယ် မပြည့်တတ်ပြည့်တတ် အရွယ်လောက် ရှိပြီး အနီးနားရှိ တက္ကသိုလ်တစ်ခုမှ ကျောင်းသူ တစ်ဦး ဖြစ်ဟန်ရသည်။ သူမက အံ့ဩသွားပြီး..။
"အမရင်ရဲ့ မောင်ဝမ်းကွဲ ရှင့်ကို ကြည့်ရတာ အထက်တန်း ကျောင်းသားလေး ထင်တယ် ကောင်းပြီလေ အမရင်ဆီ ခေါ်သွားပေးမယ် ကျွန်မနာမည်က ကျိချီပါ အမကျိချီလို့ ခေါ်လို့ရတယ်"
"ကျိချီ ဘာလုပ်နေတာလဲ"
ဖြူဖတ်ဖြူရော် မျက်နှာနှင့် မျက်လုံးစူးစူးများ ရှိသည့် လူငယ်တစ်ယောက် ရောက်လာပြီး မေးသည်။
"သူဌေးယန် သူက အမရင်ရဲ့ ဝမ်းကွဲပါ အမရင်ကို လာရှာတာ"
ကျိချီက သူဌေးယန်ဆိုသူကို ကြောက်ရပုံပေါ်သည်။
"ဒါဆိုလည်း လိုက်ပို့ပြီး မြန်မြန်ပြန်လာခဲ့ နှေးတုံ့နှေးတုံ့ လုပ်မနေနဲ့ ဧည့်သည်တွေ စောင့်နေရမယ်"
သူဌေးယန် ဆိုသူက မာမာထန်ထန် ပြောပြီး ထွက်သွားသည်။
"ဟုတ်ကဲ့"
ကျိချီက ရိုရိုသေသေနှင့် ခေါင်းငုံ့ထားသည်။ သူဌေးယန် ထွက်သွားတာ သေချာပြီ ဆိုတော့မှ သူမက လျှာလေးထုတ်ရင်း ရွှတ်နောက်နောက်နှင့် ပြောလာသည်။
"သူဌေးယန်က ငါတို့ဘားရဲ့ ဒုမန်နေဂျာလေ သူက မြို့ထဲက အာဏာရှိတဲ့ လူတချို့နဲ့ သိတယ် ဘားရဲ့ ရှယ်ယာ တချို့ကိုလည်း ပိုင်တယ် သူ့ကိုတော့ ဝေးဝေးရှောင် ဘာလို့လဲဆိုတော့ သူ့ဝါသနာကိုက လူတွေကို လိုက်ဆူပူနေရတာကို ကြိုက်တာလေ"
ချန်းဖန်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ပြန်မပြောတော့ပေ။ ကျိချီက ပျော်ပျော်နေတတ်သော ပေါင်းရသင်းရ လွယ်သည့် ကောင်မလေး တစ်ယောက် ဖြစ်ကြောင်းတော့ သတိထားမိလိုက်သည်။
အမရင်၏ ရုံးခန်းထဲသို့ ရောက်တော့ အမရင်က လှိုက်လှိုက်လှဲလှဲပင် ကြိုဆိုပြီး အောက်ထပ်ရှိ ဝန်ထမ်းများအားလုံးနှင့် မိတ်ဆက်ပေးရန် ကျိချီကို ပြောသည်။
ချန်းဖန်၏ တာဝန်က သစ်သီးဝိတ်တာ ဖြစ်သည်။ အလုပ်က ရိုးရှင်းပါသည်။ တစ်ယောက်ယောက်က အသီးတစ်ခုခု မှာလာရင် သူက သစ်သီးဗန်းလေး ပြင်ပြီး သွားချပေးလိုက်ရုံပင်။
"ဒီဘားမှာ အလုပ်လုပ်တော့မယ် ဆိုရင် သွားမရှုပ်သင့်တဲ့သူ သုံးယောက်ရှိတယ် ပထမတစ်ယောက်က အမရင်၊ ဒုတိယတစ်ယောက်က သူဌေးယန် သူဌေးယန်ကို အစ်ကိုတုန်းက ကျောထောက်နောက်ခံ လုပ်ပေးထားတာ အစ်ကိုတုန်းဆိုတာက တက္ကသိုလ်လမ်း တစ်ဝိုက်မှာ အတော်လေး လွှမ်းမိုးနိုင်စွမ်း ရှိတဲ့လူပဲ အမရင်တောင် အစ်ကိုတုန်းကို စကားပြောရင် သတိထား ပြောရတယ် "
ကျိချီက ပြောသည်။
"နောက်ဆုံး တစ်ယောက်က ကျွန်မတို့ဘားရဲ့ ဂုဏ်ဆောင် အလှလေး အမတင်းတင်းပဲ အမတင်းတင်းက မနှစ်က ကျန်းနန်ခရိုင်ရဲ့ အလှမယ် ပြိုင်ပွဲမှာ အဆင့်၂၀ ချိတ်တယ်လေ ကျွန်မတို့ ဘားမှာ အလုပ်လုပ်ပေးဖို့ အမရင်က မနည်းတောင်းပန် ထားရတာ အမတင်းတင်းကြောင့်ပဲ ဘားမှာ ဧည့်သည်တွေ ပိုများလာတယ်လေ ဒါပေမဲ့ အမတင်းတင်းက အရမ်းစိတ်တိုလွယ်တာ စိတ်မထင်ရင် မထင်သလို အမှားသေးသေးလေးတွေ အတွက်နဲ့ ကျွန်မတို့ကို အပြစ်တင်တတ်တယ် ဒါကြောင့် ရှင် သူအနားမှာ ရှိနေရင် သတိထားဖို့ လိုလိမ့်မယ်"
ချန်းဖန်က နားလည်ကြောင်း ခေါင်းညိတ် ပြလိုက်သည်။
ဘားကိုလာသည့် ဧည့်သည် အများစုမှာ ကျောင်းသားများ ဖြစ်ရာ ကျောင်းဆင်းချိန် ညနေခင်းများနှင့် ည၇နာရီ ခန့်တွင် လူကျပ်လေ့ ရှိသည်။
အမကျိချီ သတိပေးထားသကဲ့သို့ပင် သူဌေးယန်ကား ချန်းဖန် အပါအဝင် ဝန်ထမ်းအားလုံးအား အလွန် ရိုင်းပျစွာ ဆက်ဆံသည်။ ထို့ပြင် သူစိတ်ပါနေသည့် နေ့များတွင် ဝန်ထမ်း မိန်းကလေးများအား ထိကပါး၊ရိကပါး အသားယူတတ်သေးသည်။
"အမရင်က ဒီလိုကောင်မျိုးကို ဘာလို့ အလုပ်ခန့်ထားတာလဲ မသိဘူး"
ချန်းဖန်က ပြောထွက်လုနီးနီး စကားများကို ပြန်မျိုချလိုက်သည်။ ပြောရရင် သူနဲ့ အမရင်က သိတာ မကြာသေးသူများသာ ဖြစ်ရာ သူ့အနေနှင့် ဒီလောက်ထိ ဝင်မစွက်ဖက်သင့်ဟု တွေးမိသွား၍ ဖြစ်သည်။
ရက်အတော်ကြာသည်အထိ ချန်းဖန်က မနက်ပိုင်းတွင် ကျောင်းတက်ပြီး ညနေပိုင်းတွင် ဘား၌ အလုပ်လုပ်သည်။ ချန်းဖန်အတွက် သူငယ်ချင်းများ ရဖို့ အချိန်သိပ်မယူလိုက်ရပေ။
ဘားတွင် အလုပ်လုပ်နေသူ အများစုမှာ ငွေကြေး အခက်အခဲ ရှိနေသော တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများဖြစ်သည်။ ချန်းဖန်က ဖနောင့်သံစူးသကဲ့သို့ မြောက်ကြွမြောက်ကြွ ဖြစ်နေသော သူ့အတန်းဖော်များထက် စာလျှင် ဘားက ဝန်ထမ်းများအား ပိုသဘောကျပေသည်။
ချန်းဖန်က ဘားတွင် အငယ်ဆုံးဝန်ထမ်း ဖြစ်သည့်အပြင် အမရင်ကလည်း သူမ၏ မောင်ဝမ်းကွဲ ဖြစ်သည်ဟု မိတ်ဆက်ပေးထားသဖြင့် ဝန်ထမ်းဟောင်းများက ချန်းဖန်အား ညီအရင်း၊ မောင်အရင်းလေး ကဲ့သို့ ဝိုင်း၍ ဂရုစိုက်ကြသည်။ ဒါကို သူဌေးယန်က ကြည့်မရပေ။
"မြန်မြန်လုပ်စမ်း ရှောင်ချန်း စားပွဲနံပါတ်၇က ဧည့်သည်က စိတ်မရှည် ဖြစ်နေပြီ"
ချန်းဖန်နှင့် စားပွဲထိုးမလေးတစ်ယောက် စကားပြောနေသည်ကို တွေ့လိုက်ရချိန် သူဌေးယန်က မျက်မှောင့်ကြုတ်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။
"အိုခေ"
ချန်းဖန်က ပြောလိုက်ပြီး ဘီယာတစ်ပိုင့် တင်ထားသော ဗန်းကို ယူလျက် စားပွဲ နံပါတ် ၇ဆီသို့ သွားလိုက်သည်။ စားပွဲထိုးမလေးကလည်း ချန်းဖန်အား အားတုံ့အားနာ ကြည့်နေသည်။ သံသယ ဖြစ်စရာ မလိုအောင်ကိုပဲ သူဌေးယန်က ဘားတွင် လူမုန်း အများဆုံးနှင့် စိတ်ပျက်စရာ အကောင်းဆုံးလူ ဖြစ်သည်။
ရုတ်တရက် အံ့ဩစွာနှင့် ခေါ်လိုက်သော အသံတစ်သံအား ကြားလိုက်ရသည်။
"ချန်းဖန်"
ချန်းဖန်လည်း လှည့်ကြည့်လိုက်တော့ သီးသန့်ခန်းတစ်ခုတွင် ထိုင်နေသော လူငယ်တစုကို တွေ့လိုက်ရသည်။ ထိုအထဲမှ တစ်ယောက်က မတွေ့ဖြစ်တာ ရက်ပိုင်းလောက် ရှိပြီဖြစ်သော ကျန်းချူယန် ဖြစ်သည်။
"နင်ဒီမှာ ဘာလုပ်နေတာလဲ"
ကျန်းချူယန်က သူမနေရာမှ ထလာပြီး ချန်းဖန်ဆီ လျှောက်လာသည်။
"သူက ဘယ်သူလဲ ယန်ယန် သူငယ်ချင်းလား"
နောက်ထပ် အမျိုးသားတစ်ဦးကလည်း စားပွဲဝိုင်းမှ ထလာပြီး မေးသည်။ ထိုအမျိုးသားက ငွေကိုင်းမျက်မှန်ပါးပါး တလက်အား စမတ်ကျစွာ တပ်ထားပြီး သီးသန့်ခန်းထဲရှိ အုပ်စုထက် ပို၍ ရင့်ကျက်ပုံပေါ်သည်။ ထိုလူ့အသံက နွေးထွေးပြီး လွန်စွာ ဆွဲဆောင်မှုရှိသည်။
ကျန်းချူယန်က ချန်းဖန်အား ငေးကြည့်နေမိသည်ကို မျက်နှာလွှဲလိုက်ပြီး ပြန်ဖြေလိုက်သည်။
"သူက အမေ့ အခင်ဆုံး သူငယ်ချင်းရဲ့ သားပါ ကျွန်မတို့ အထက်တန်းကျောင်းကပဲ"
ထိုလူက ခေါင်းညိတ်ပြီး နှုတ်ဆက်လာသည်။
"ကိုယ့်နာမည်က လီရီချန်းပါ ယန်ယန်နဲ့ သူငယ်ချင်းတွေ ဆိုမှတော့ ကိုယ်တို့ စားပွဲမှာ လာသောက်ပါလား"
"မလိုတော့ပါဘူး"
ချန်းဖန်အသံက သိသိသာသာပင် အေးစက်နေသည်။
လီရီချန်း..။
လက်ထောက် မြို့ဝန်၏သား၊ ကျောင်းသားသမဂ္ဂ၏ ဥက္ကဌ၊ ထိုလူကား အတိတ်ဘဝက ချန်းဖန်၏ အကြီးမားဆုံး ပြိုင်ဖက် ဖြစ်ခဲ့သည်။ တနည်းဆိုရသော ကျန်းချူယန်ကို လိုက်နေသော သူမ၏ အနာဂတ် ရည်းစားလောင်းကြီး ဖြစ်သည်။
ချန်းဖန် မှတ်မိတာသာ မမှားဘူးဆိုလျှင် လီရီချန်းနှင့် ရှန်းကျွင်းဝမ်မှာ သူငယ်ချင်းများ ဖြစ်ကြသည်။ ချန်းဖန်အတွက်တော့ ရှန်းကျွင်းဝမ်နှင့် ပတ်သက်သည့် မည်သူ့ကိုမဆို မြင်နေရခြင်းက ရှန်းကျွင်းဝမ်အား အမှတ်ရစေပြီး ဒဏ်ရာကို ဆားနှင့် သိပ်နေသလိုပင်။
"ကျွန်တော် အလုပ် ရှိသေးတယ် ခင်ဗျားတို့ပဲ ကောင်းကောင်း ပျော်ခဲ့ကြပါ"
ကျန်းချူယန်အား တချက် ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်ပြီး ပထမထပ်သို့ ပြန်ဆင်းရန် လှည့်ထွက်လာခဲ့သည်။
"ခဏ.. ခဏနေပါဦး"
ကျန်းချူယန်က ချီတုံချတုံ ဖြစ်နေပြီးနောက် ချန်းဖန် နောက်သို့ ပြေးလိုက်သွားသည်။
"အကိုရီချန်း သူတို့နှစ်ယောက်ကို ကြည့်ရတာ သူတို့ကြားမှာ တစ်ခုခု ရှိနေပုံပဲ"
သန်မာသော လူငယ်တစ်ယောက်က စားပွဲဝိုင်းမှ ထလာပြီး လီရီချန်းကို ပြောလိုက်သည်။
ထိုလူငယ်၏ အမည်မှာ မော့ဟယ် ဖြစ်ပြီး ကျောင်းသားသမဂ္ဂတွင် အားကစားဌာန ခေါင်းဆောင် ဖြစ်သည်။ သီးသန့်ခန်းအတွင်းရှိ တအုပ်စုလုံးမှာ မော့ဟယ် ကဲ့သို့ပင် ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင်များ ဖြစ်ကြသည်။ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ စု၍ လုပ်သော ပါတီပွဲ ဖြစ်သော်လည်း လီရီချန်းက ကျန်းချူယန်ကို ဖိတ်ခဲ့သည်။ ကျန်းချူယန်က အစပိုင်းတွင် ငြင်းလိုခဲ့သော်လည်း နောက်ဆုံးတွင်တော့ လီရီချန်း၏ စိတ်အား ထက်သန်စွာ ဖိတ်ခေါ်မှုကြောင့် မငြင်းနိုင်တော့ပေ။
"အဲ့ကောင်က ဘားက ဝိတ်တာလေးပဲ ဟာကို ယန်ယန်နဲ့ ဘာ ပတ်သက်နိုင်စရာ ရှိမှာလဲ"
မိတ်ကပ် ထူထူကြီးများ လိမ်းချယ်ထားသော မိန်းကလေး တစ်ယောက်က အထင်သေးမှုများ ပြည့်နှက်နေသော လေသံနှင့် ပြောလာသည်။
"ဒါပေမဲ့ သူတို့နှစ်ယောက်က ဘယ်လိုသိတာလဲ ကလပ်မှာ တွေ့ကြတာများလား"
ထိုမိန်းကလေးကပဲ ထပ်ပြောလိုက်ရင်း လီရီချန်းကို တချက် လှမ်းကြည့်လိုက်သည်။ သူမနာမည်က လုံရှောင်ရှောင် ဖြစ်ပြီး အနုပညာဌာန ခေါင်းဆောင်ဖြစ်သည်။ သူမက လီရီချန်းကို သဘောကျနေသူဖြစ်ရာ ကျန်းချူယန်က သူမ၏ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်သည်။ အခွင့်အရေး ရသည်နှင့် ကျန်းချုယန့်အား သိက္ခာချဖို့ မမေ့ပေ။
လီရီချန်း၏ မျက်နှာက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း အမှန်တွင်တော့ သံသဃနှင့် မနာလိုမှု များက သူ့မျက်ဝန်းများတွင် ထင်ဟပ်လို့နေသည်။
ကျန်းချူယန်က ချန်းဖန်အား လှေကား ခြေရင်း နားတွင် မှီသွားသည်။ သူမက ချန်းဖန်၏ လက်မောင်းအား လှမ်းဆွဲလိုက်ပြီး..။
"နင်ဘာလို့ ဘားမှာ အလုပ်လုပ်နေတာလဲ ငါ့အမေရော ဒီကိစ္စကို သိလား ကျောင်းကရော ဘယ်လိုလုပ်မှာလဲ"
ချန်းဖန်က မပီမပြင် ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။
"ငါ့အဆင့်တွေကို နင်လည်း သိနေတာပဲ ငါအသေအကြေ ကြိုးစားရင်တောင် ပထမတန်းစား တက္ကသိုလ် ဝင်ခွင့်ရမယ် ထင်လို့လား"
ကျန်းချူယန်လည်း ဘာပြန်ပြောရမည်မှန်း မသိတော့။ ချန်းဖန်၏ အဆင့်များက စီကျွေးနယ်တွင်ပင် ထိပ်ဆုံးငါးရာမျှသာ ရှိရာ အိုင်ဗွီ အထက်တန်းကျောင်းတွင် နောက်ဆုံးအဆင့်မျှသာ ရှိသည်။ ဆိုလိုတာက ချန်းဖန်အနေနှင့် ၂၄နာရီ၊ ၇ရက်လုံး မနားမနေ ကြိုးစားလျှင်တောင် ဒုတိယတန်းစား တက္ကသိုလ်လောက်သာ ဝင်နိုင်မည် ဖြစ်သည်။
"ထပ်ပြောရရင် ငါက ဒီဘားမှာ တစ်ညကို နှစ်နာရီပဲ အလုပ်လုပ်တာ ပညာရေးကို မထိခိုက်ဘူး "
ချန်းဖန်က ပြောသည်။
ထိုစဉ်မှာပဲ ကျန်းချူယန်အား သူ့သူငယ်ချင်းများ လှမ်းခေါ်နေသည်ကို ကြားလိုက်ရသည်။ ချန်းဖန်က သူ့လက်မောင်းပေါ်မှ ကျန်းချူယန်၏ လက်အား ဖြုတ်လိုက်ရင်း ပြောလိုက်သည်။
"သူငယ်ချင်းတွေ လှမ်းခေါ်နေပြီ သွားတော့လေ ငါလည်း အလုပ်လုပ်ရဦးမယ်"
ချန်းဖန် ထွက်ခွာသွားသည်အထိ ကျန်းချူယန်က မလှုပ်မယှက် ရပ်နေမိဆဲ။ နောက်ဆုံး သူမသူငယ်ချင်း၏ အော်သံကြောင့် သတိပြန်ဝင်လာကာ အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။ လီရီချန်းက ဒုတိယထပ် လှေကားထိပ်တွင် ရပ်စောင့်နေသည်ကို မြင်သော်လည်း ရယ်မပြမိ။ ဒုတိယထပ်သို့ ပြန်တက်လာသော လမ်းတစ်လျှောက်လုံး သူမ၏ စိတ်ဝိညာဉ်က လူနှင့် မကပ်တော့သလို ခံစားနေရသည်။
ချန်းဖန်..။
အားကောင်းမောင်သန် လူတစ်ယောက်ကိုပင် ခြေကန်ချက်တချက်နှင့် လွှင့်ထွက်သွားအောင် စွမ်းဆောင်နိုင်သူက နောက်ဆုံးတွင် မာန်မာနတွေကို ခဝါချပြီး ဘားတစ်ခုမှာ ဝိတ်တာ လုပ်နေသည်။ အားလုံးကလည်း ပိုက်ဆံကြောင့်။ လက်တွေ့ဘဝက မည်မျှခါးသီးကြောင်း သင်ခန်းစာတစ်ခု ရလိုက်သလို ကျန်းချူယန်က ခံစားမိသည်။
ကျန်းချူယန် ဒုတိယထပ်ရှိ သီးသန့်ခန်းထဲသို့ ပြန်ရောက်တော့ လူတိုင်း၏မျက်နှာများက အပြုံးအရယ် မရှိသည်ကို တွေ့လိုက်ရသည်။ လီရီချန်း၏ မျက်နှာထားကပင် အနည်းငယ် အေးစက်နေပြီး အလိုမကျမှုတချို့ကို မြင်နေရသည်။ ကျန်းချုယန်က အားတင်း ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ခုနတစ်ယောက် အကြောင်းကို မေ့လိုက်တော့ သောက်ကြရအောင်လေ"
"အမှန်ပဲ ဘာမဟုတ်တဲ့ လူတစ်ယောက်ကြောင့် အပျော်တွေ မပျက်စေနဲ့"
မော့ဟယ်က စားပွဲကိုရိုက်ရင်း ပြောလိုက်သည်။
"လာကြ အကိုရီချန်းအတွက် ဂုဏ်ပြုတဲ့အနေနဲ့ အားလုံးအတူတူ တခွက်သောက်ရအောင် အကိုရီချန်းကလွဲပြီး ဘယ်သူကမှ ငါတို့ သမဂ္ဂအတွက် ယွမ် ၁ သိန်း လှူနိုင်မှာ မဟုတ်ဘူး"
"ကောင်းတယ် ရီချန်းက တကယ်ကောင်းတဲ့ သူပဲ"
ကျန်းချူယန်က ပြောလိုက်သည်။ ထို့နောက် သူမ ရှေ့မှ ဝိုင်ခွက်ကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သော်လည်း ပူနွေးသော ဝိုင်နီများက သူမ စိတ်ကို ငြိမ်းချမ်းစေခြင်းငှာ မစွမ်းသာပါ။
'ဖြစ်နိုင်တာက.. ငါတို့နှစ်ယောက်က တကယ်ကိုပဲ မတူညီတဲ့ ကမ္ဘာနှစ်ခုမှာ ရှင်သန်နေကြပြီး မတူညီတဲ့ လမ်းနှစ်ကို သွားရမဲ့သူတွေ ဖြစ်နေခဲ့တာလား'
ထိုစကားများက မည်သူ့ကို ရည်ရွယ်ကာ တွေးလိုက်သည်ကိုတော့ ကျန်းချုယန် ကိုယ်တိုင်သာ သိပေလိမ့်မည်။
***