← Chapters

ချီသန့်စင်ခြင်း အခြေခံအဆင့်၏ အလယ်အလတ်အဆင့်

Vol. 1 Ch. 19

ချီသန့်စင်ခြင်း အခြေခံအဆင့်၏ အလယ်အလတ်အဆင့်

Vol. 1 Ch. 19

'CoCo'ဘား၌ အမှတ်မထင် တွေ့ဆုံပြီး နောက်ပိုင်း ကျန်းချူယန်က ချန်းဖန်အား စကားပြောဖို့ မကြိုးစားတော့ပေ။ ကျောင်းတွင် ဖြတ်သွားဖြတ်လာ ဆုံကြလျှင်ပင် တစ်ယောက်နှင့် တစ်ယောက် ခေါင်းညိတ်ပြရုံသာ နှုတ်ဆက်ကြပြီး ဘယ်သူကမှ စကားမစကြ။

ချန်းဖန်က ကျန်းချူယန်နှင့် တဖြည်းဖြည်းချင်း ဝေးကွာလာအောင် ကြိုးစားနေပြီး တစ်ဖက်တွင်လည်း ကျန်းထန်ချိုးက ချန်းဖန်အား ရင်းနှီးစ ပြုလာပြီ ဖြစ်သည်။

သူ၏ အတန်းဖော် အသစ်လေးက စကား နည်းကာ ပျင်းစရာ ကောင်းသော်လည်း ကျန်းထန်ချိုးက ချန်းဖန်နှင့် စကားစမြည်‌ ပြောခြင်းကို တဖြည်းဖြည်း အသားကျလာသည်။ တစ်ခါတရံ ချန်းနှင့်ကျန်း ညီနောင် နှစ်ယောက်က အတူတူ အပြင် သွားတတ်ကြပြီး အတန်းဖော်များ အားလုံးထဲတွင် ကျန်းထန်ချိုး တစ်ဦးတည်းကသာ ချန်းဖန်နှင့် အရင်းနှီးဆုံး ဖြစ်လာသည်။ အရင်ဘဝက ကဲ့သို့ တစ်ထပ်တည်းပင်။

တစ်နေ့မှာတော့ အတန်း ခေါင်းဆောင် ချန်ဝမ်က ချန်းဖန်တို့ စားပွဲဆီ လျှောက်လာပြီး ပြောသည်မှာ..။

"နေ့လယ် ရောက်ရင် ကျောင်းရဲ့ ဘတ်စ်ကတ်ဘော အသင်းက ထရိန်နင် တစ်ခု ရှိတယ် အဲ့ဒါ ရေသန့်ဘူးတွေ လိုက်ဝေပေးဖို့ နင်တို့ နှစ်ယောက်က ကူညီပေးပါ"

ချန်းဖန်တို့ ဘာမှ မတုံ့ပြန်ရသေးခင်မှာပဲ ချန်ဝမ်က လှည့်ထွက်သွားပြီ ဖြစ်သည်။

ကျန်းထန်ချိုးက လေပူ တစ်ချက် မှုတ်ထုတ်လိုက်ရင်း ပြောသည်။

"ဘယ်အချိန်ဖြစ်ဖြစ် အဲ့ဒီ့ချန်ဝမ်က စီယင်းရှာကိုကျတော့ နတ်ဘုရား တစ်ပါးလို ဆက်ဆံပြီး ကျန်တဲ့ သူတွေကို ဆိုရင် ခိုင်းဖက်ခွေးတွေများ မှတ်နေလားမသိဘူး"

ကျန်းထန်ချိုးက ချန်းဖန်ကို ကြည့်လိုက်တော့ ချန်းဖန်က ချန်ဝမ် ထွက်သွားရာ ဘက်သို့ လိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဟေ့ကောင် မင်းက သူ့များ ကြိုက်နေတာလားပဲ သူခိုင်းသမျှ တစ်ခုမှကို မငြင်းဘူး ငါပြောရဲတယ် တစ်နေ့ကျ မင်း နောင်တရလိမ့်မယ်"

လူတိုင်းအား သူ့ကဲ့သို့ပင် နှာဘူးများ ဖြစ်သည်ဟု မှတ်ယူနေသော ကျန်းထန်ချိုး၏ စကားများအား ချန်ဖန် မကြားချင်ယောင် ဆောင်နေလိုက်သည်။

ချန်းဖန်တို့နှစ်ယောက် နေ့လည်စာ စားပြီးချိန်တွင် ဘတ်စ်ကတ်ဘောကွင်း ဘက်သို့ ထွက်လာခဲ့ကြသည်။ တကွင်းလုံးမှာ နေရာလပ်မကျန် မိန်းကလေးများနှင့် ပြည့်နှက်နေပြီး တစ်ယောက်နှင့် တစ်ယောက် တိုးကျိတိုးကျိနှင့် စကားများ ပြောနေကြသည်မှာ လက်ပံပင် ဇရပ်ကျသကဲ့သို့ ရှိသည်။

ပင်မ ကစားသမားများ နားချိန်တွင် ခဏတာ ဝင်ကစားပေးမည့် အစားထိုး ကစားသမားများက ကွင်းအတွင်းသို့ ဦးစွာ ဝင်လာကြသော်လည်း ကွင်းထဲရှိ ဘယ်တစ်ယောက်ကမှ အဖက်မလုပ်ပေ။

စီယင်းရှာ တစ်ယောက် ကွင်းအတွင်းသို့ ဖြည်းညင်းစွာ ဝင်လာချိန်မှာတော့ ကွင်းအတွင်းမှ ကျောင်းသူများ၏ အော်သံများမှာ အားကစားရုံ ပွင့်ထွက်‌တော့ မတတ် ဆူညံ ပွက်လောရိုက် သွားပြီး ချန်းဖန် နားများ ကန်းသွားသလိုပင် ခံစားလိုက်ရသည်။

"ဒီလောက် လွန်ကဲစရာ လိုလို့လားဟ"

ချန်းဖန်က စီယင်းရှာသည် အိုင်ဗွီ အထက်တန်းကျောင်းမှ မိန်းကလေးတိုင်း၏ အိုင်ဒေါ ဖြစ်ကြောင်း သိရှိပြီး ဖြစ်သော်လည်း အနှီ မိန်းကလေးတစ်စု၏ စွဲလမ်း ရူးသွပ်မှုကြီးမှာ ဤမျှလောက် လွန်ကဲကြောင်း မသိခဲ့ပေ။

"စီယင်းရှာကတော့ တကယ့်ကောင်ပဲ"

ကျန်းထန်ချိုးက သက်ပြင်းချသည်။

"ငါတို့ အတန်း ခေါင်းဆောင် ထက်တောင် ပိုလှတဲ့ ကောင်မလေးတွေ သူ့ကို သည်းသည်းလှုပ်နေတာ လေးငါးယောက်မက ငါမြင်ဖူးတယ် ဒါပေမဲ့ စီယင်းရှာက သူတို့ထဲက ဘယ်တစ်ယောက်ကိုမှ အဖက်တောင် လှည့်မလုပ်ဘူးလေ"

ချန်းဖန်လည်း ခေါင်းယမ်းကာ သက်ပြင်းချမိသည်။

အတိတ်ဘဝက ချန်းဖန်သည် နဂါးငွေ့တန်း တစ်လျှောက် ဂြိုလ်ပေါင်း မြောက်များစွာသို့ လှည့်လည်သွားလာခဲ့ပြီး နတ်ဘုရားမများကဲ့သို့ မူးမေ့လဲ ချင်စရာ ကောင်းလောက်အောင် လှပသော မိန်းကလေးများအား မရေမတွက်နိုင်အောင် တွေ့ခဲ့ဖူးသည်။ သူ တွေ့ခဲ့သမျှ ထိုမိန်းကလေးတိုင်းကလည်း သူမတို့၏ လှပသော နတ်ဘုရားမ အသွင်နှင့် လျော်ညီစွာ အိ‌န္ဒြေ၊ သိက္ခာအပြည့်နှင့် နေထိုင်ကြသူများ ဖြစ်သည်။ ယခုကဲ့သို့ ယောက်ျားတစ်ယောက် အတွက်နှင့် အော်ဟစ်နေကြသည့် မိန်းကလေးများကား စိတ်ပျက်စရာပင်။

ထိုစဉ်မှာပဲ ကွင်းထဲသို့ ယန်ချောင် ဝင်လာသည်။ မိန်းကလေးများက အော်ကြပြန်သည်။ ဒါကို ကြည့်ခြင်းဖြင့် ယန်ချောင်မှာလည်း စီယင်းရှာ ကဲ့သို့ပင် မိန်းကလေး ပရိတ်သတ် အများအပြား ရှိကြောင်း သိနိုင်သည်။

"ဟိုမှာ.. အရပ်ရှည်ရှည်နဲ့တစ်ယောက်ကို တွေ့လား အဲ့ဒါ ယန်ချောင်လေ ဘတ်စ်ကတ်ဘော အသင်းရဲ့ ခေါင်းဆောင်ပေါ့"

ကျန်းထန်ချိုးက ယန်ချောင့်ကို ညွှန်ပြရင်း ပြောသည်။

"ယန်ချောင့်ရဲ့ အဖေက ထျန်ရှန်းဟိုတယ်ရဲ့ စီအီးအိုလေ ထျန်ရှန်း ဟိုတယ်ကို သိတယ်မလား အဲ့ဒီက ဈေးအပေါဆုံး အစားအစာ တစ်ခုကတောင် အနည်းဆုံး ယွမ်သုံးထောင် တန်တယ် ပြောချင်တာက ယန်ချောင်ရဲ့ နောက်ခံက သာမန်မဟုတ်ဘူး ဆိုတာပဲ တခါက ငါတို့ကျောင်းက ကျောင်းသားတစ်ယောက် ယန်ချောင့်ကို သွားရှုပ်ဖူးတယ် နောက်တစ်နေ့ မနက်လည်း ရောက်ရော ခြေတစ်ဖက်ကျိုးပြီး ကျောင်းထုတ် ခံလိုက်ရတယ်လေ ငါတို့ ခေါင်းဆောင်ယန်ကြီးကရော ဘာဖြစ်သွားလဲ မင်းမှန်းကြည့် သူ ဘာမှကို ဖြစ်သွားဘူး"

ကျန်းထန်ချိုးက အနည်းငယ် အားကျနေသော လေသံနှင့် ပြောလိုက်သည်။

"ငါသာ သူ့လို ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ မိန်းကလေးတွေ ဝိုင်းနေမှာ အသေအချာပဲ အတွေးနဲ့တင် မိုက်လိုက်တာ"

ပြောနေရင်းမှ ကျန်းထန်ချိုးက ခေါင်းယမ်းလိုက်ပြန်သည်။

"မေ့လိုက်တော့  ငါဘာတွေ ပြောမိတာလဲကွာ ယန်ချောင်ဆိုတာ အစတည်းက ငါတို့နဲ့ မတူညီတဲ့ အဆင့်အတန်းတစ်ခုနဲ့ မွေးလာခဲ့တာပဲ"

ချန်းဖန်ကတော့ သူ့ သူငယ်ချင်း အရူးကောင် ပြောနေသမျှအား မကြားချင်ယောင် ဆောင်နေလိုက်သည်။

အမှန်တော့ ကျန်းထန်ချိုးတို့ မိသားစုကလည်း ချမ်းသာကြပါသည်။ ယန်မိသားစု၏ ပိုင်ဆိုင်မှုနှင့်တော့ ယှဉ်မရပေမဲ့လည်း လူချမ်းသာ စာရင်းတော့ ဝင်နေသေးတာပင်။

ထရိန်နင် ကစားပွဲမှသည် လျင်လျင်မြန်မြန်ပဲ စီယင်းရှာ၏ တစ်ကိုယ်တော် သရုပ်ပြပွဲ အဖြစ်သို့ ပြောင်းလဲသွားသည်။ စီယင်းရှာ လက်ထဲသို့ ဘောလုံး ရောက်သွားသည့် အခါတိုင်း သူက လွယ်လွယ်ကူကူပင် ပြိုင်ဖက်၏ တိုက်ခိုက်လာမှုကို မြွေလိမ်မြွေကောက် ရှောင်ရှားကာ ပိုက်ထဲသို့ ဘောလုံးရောက်အောင် ပစ်နိုင်ခဲ့သည် ချည်းသာ။ ထိုအခါတိုင်းလည်း မိန်းကလေးများ၏ အော်သံတို့က ရုံပွင့်ထွက်မတတ် ပွက်လောရိုက် သွားလေ့ရှိသည်။

ထရိန်နင်ပွဲက ၈၂:၂၂ တဖက်စောင်းနင်း အမှတ်များနှင့် အဆုံးသတ်သွားသည်။ အနိုင်ရသွားသော အသင်း၏ ၈၂ မှတ်ထဲမှ အမှတ် ၃၀ မှာ စီယင်းရှာ တစ်ယောက်တည်းက ယူပေးထားသော အမှတ်များ ဖြစ်သည်။

ကစားပွဲ ပြီးသွားသည်နှင့် ချန်ဝမ်တစ်ယောက် စီယင်းရှာထံသို့ အပြေးအလွှားသွားပြီး ရေတစ်ပုလင်းကို ကမ်းပေးလိုက်သည်။ ထို့နောက် နူးညံ့၍ နွေးထွေးသော တာဝါတစ်ထည်ဖြင့် စီယင်းရှာ၏ ချွေးစို့နေသော နဖူးပြင်အား ညင်သာစွာ သုတ်ပေးနေသည်။

စီယင်းရှာက ချန်ဝမ် လုပ်သမျှအား မတားမြစ်သကဲ့သို့ စကားတစ်ခွန်းတောင် အဖက်လုပ်ကာ ပြန်မပြောပေ။ ရှင်းအောင် ပြောရလျှင် ဖုတ်လေသည့်ငပိ ရှိတယ် ဟူ၍ပင် မထင်ခြင်း ဖြစ်သည်။

"ကျန်းထန်ချိုး ချန်းဖန် ဘာရပ်ကြည့်နေကြတာလဲ တခြား ကစားသမားတွေကို ရေဝေပေးလိုက်လေ"

ချန်ဝမ်က မဆီမဆိုင် ချန်းဖန်တို့နှစ်ယောက်အား ဒေါသတကြီး လှည့်အော်လိုက်သည်။ ချန်းဖန်လည်း ပခုံးသာ တွန့်မိပြီး ရေဝေပေးရန် ပြင်ရတော့သည်။

"ကျေးဇူးပဲ"

ယန်ချောင်က သူ့အား ကမ်းပေးလာသော ရေဘူးကို လှမ်းယူလိုက်ပြီး ရေဘူး ကမ်းပေးလာသူ၏ မျက်နှာကို မမြင်သေးပေ။ နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားချိန်မှာတော့ အံ့ဩစရာကောင်းစွာနှင့် ချန်းဖန် ဖြစ်နေမှန်း သိလိုက်ရသည်။ အံ့ဩမှု၊ ထိတ်လန့်မှုနှင့် ရှက်ကိုးရှက်ကန်း ဖြစ်မှုတို့က ယန်ချောင်၏ မျက်နှာပေါ်တွင် တလှည့်စီ ဖြတ်ပြေးနေပြီး အတန်ကြာသည်အထိ သူက တုတ်တုတ်မလှုပ်ဘဲ ရပ်နေမိသည်။

"ဘာဖြစ်လို့လဲ"

ကစားသမား တစ်ယောက်က မေးလာသည်။

"အာ.. ဘာမှမဖြစ်ဘူး"

ယန်ချောင်က အောင့်သီးအောင့်သက် ပြုံးရင်း ပြန်ပြောလိုက်သည်။

"မတွေ့တာကြာပြီနော်"

ချန်းဖန်က စကာ နှုတ်ဆက်လိုက်သည်။

"အာ.. အင်း.. ဟုတ်တယ်"

ယန်ချောင်၏ စိတ်အခြေအနေက မတည်မငြိမ် ဖြစ်နေဆဲမို့ သူက ချန်းဖန်နှင့် စကားမပြောရဲသေးပေ။

ချန်းဖန်ကလည်း ယန်ချောင်နှင့် အချိန်ဖြုန်းလိုစိတ် မရှိ။ ရေဘူးများ ဝေပေးပြီးသည့်နောက် လျင်မြန်စွာပဲ ကျန်းထန်ချိုးနှင့် ထွက်ခွာသွားသည်။

ချန်းဖန် ထွက်ခွာသွားသည်ကို မြင်မှ ယန်ချောင်လည်း သက်ပြင်းချမိသည်။ ကြောက်ရွံ့မှု အရိပ်အယောင် တချို့ကတော့ သူ့မျက်လုံးထဲတွင် ရှိနေဆဲဖြစ်သည်။

"အဲဒါက ပြောင်းလာတာ မကြာသေးတဲ့ ကျောင်းသားသစ်မလား"

စီယင်းရှာက ရေသောက်နေရင်း လှမ်းမေးလိုက်သည်။

"မင်းလည်း သူ့ကို သိတာလား"

ယန်ချောင်က အံ့ဩသွားပြီး ပြန်မေးလိုက်သည်။

"သူက ငါတို့ အတန်းကို ပြောင်းလာတဲ့ ကျောင်းသားသစ်လေ သူ့အကြောင်းက ပြောစရာ များများစားစား မရှိပါဘူး ဒီတစ်ခေါက်က သူတို့ နှစ်ယောက်ကို ရေကူပြီး ဝေပေးဖို့ ငါခိုင်းထားတာ"

စီယင်းရှာ အစား ချန်ဝမ်က ဝင်ရှင်းပြလိုက်သည်။

အချစ်စိတ် မွှန်နေသော ချန်ဝမ်၏ မျက်လုံးထဲတွင်တော့ ချန်းဖန်က စီယင်းရှာလောက် ဆွဲဆောင်မှု မရှိပေ။ သူမက အတန်းခေါင်း‌ဆောင် ဖြစ်တာမို့ အတန်း တာဝန်များအား ခွဲဝေပေးရန်ကြောင့်သာ မဟုတ်လျှင် ချန်းဖန်နှင့် စကားတစ်ခွန်းပင် ပြောရန် စိတ်ကူးရှိမည်မဟုတ်ပေ။

ယန်ချောင်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း မပြောဖြစ်ခဲ့။ KTVတွင် ဖြစ်ခဲ့သော ကိစ္စများက ရှက်စရာ ကောင်းလှရာ သူက ဟာသအနေနှင့်ပင် ပြန်ပြောလိုစိတ် မရှိပေ။

အကွာအဝေး တစ်ခု ခြားနေသော်လည်း ချန်းဖန်က ထိုစကား အားလုံးအား ကြားနေရသည်ကိုတော့ ဘယ်သူမှ မသိကြပေ။ ချန်ဝမ်၏ မယဉ်ကျေးသော မှတ်ချက်ကြောင့် ချန်းဖန်က သူမအား တော်တော်လေး အထင်သေးသွားမိသည်။

ဘာလိုလိုနှင့် အချိန် နှစ်ပတ်ကား ကုန်ဆုံးသွားပြန်သည်။

ချန်းဖန်က တိုက်ခန်းအမိုးပေါ်၌ ကြက်ခြေခတ် သဏ္ဍာန် ထိုင်နေပြီး ကျင့်ကြံရန် စတင်လိုက်သည်။ စက်တင်ဘာလ အစတည်းက သူ၏ ကျင့်ကြံခြင်း လမ်းစဉ်မှာ တစုံတရာက ပိတ်ဆို့နေပြီး အဆင့်မတက်နိုင် ဖြစ်နေခဲ့သည်။ သို့သော် ယနေ့တွင်တော့ ချန်းဖန်က ထူးခြားမှုတစ်ခုကို ခံစားနေရပြီး အခက်အခဲအား ကျော်လွှားနိုင်တော့မည်ဟု အာရုံရနေသည်။

"ဒီညတော့ ချီသန့်စင်ခြင်း အ‌ခြေခံအဆင့်ရဲ့ အလယ်အလတ် အဆင့်လောက်ကိုတော့ ရောက်မယ်ထင်ရတာပဲ"

ချန်းဖန်က မျက်လုံး မှိတ်လိုက်ပြီး အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်အား စတင် လည်ပတ်လိုက်သည်။ လေထုထဲရှိ ဖျော့တော့သော ဝိညာဉ်ချီများက မရေမတွက်နိုင်သော စွမ်းအင် အစက်အပြောက်လေးများ အဖြစ် ပြောင်းလဲသွားပြီး ချန်းဖန်၏ ခန္ဓာကိုယ်အတွင်းသို့ အရူးအမူး ပြေးဝင်လာကြသည်။

အတားအဆီးအား ကျော်ဖြတ်နိုင်ရန် လုံလောက်သော ချီစွမ်းအင်အား စုဆောင်းနေခိုက် အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်ကလည်း စွမ်းအင်မျိုးစုံကို စုပ်ယူ‌ပြီး သန့်စင်ပေးနေသည်။

လေပြေ၏ ခေါ်ဆောင်မှုကြောင့် လမင်းက ကောင်းကင်ပေါ်သို့ ထွက်ပြူလာပြီး အေးချမ်းသော အလင်းက ချန်းဖန်၏ ကိုယ်ပေါ်သို့ ဖျာကျနေသည်။ ခပ်ဝေးဝေးက ကြည့်လျှင် ချန်းဖန်၏ ခန္ဓာကိုယ်အား နို့နှစ်ရောင် အလင်း တချို့က လွှမ်းခြုံထားသည်ကို မြင်ရပေမည်။

ကျင့်ကြံသူများက ကောင်းကင်ဘုံ၏ သဘာဝ အရင်းအမြစ်များ ဖြစ်သော နေမင်းနှင့် လမင်းမှ စွမ်းအင်တို့အား တိုက်ရိုက် မစုပ်ယူနိုင်ကြပေ။ သို့သော် အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်၏ အစွမ်းဖြင့် ချန်းဖန်ကတော့ စုပ်ယူနိုင်ပေသည်။ အံ့ဩစရာ ကောင်းလှသော ထိုကျင့်စဉ်က သဘာဝ အရင်းအမြစ်များမှ စွမ်းအင်တို့အား ကျင့်ကြံသူများ အလွယ်တကူ စုပ်ယူနိုင်သော စွမ်းအင်များအဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိသည်။

ချန်းဖန်၏ ကိုယ်တွင်း၌ လုံလောက်သော စွမ်းအင် ပမာဏအား စုဆောင်းပြီးပါက သူက အခက်အခဲကို ချိုးဖျက်ရန် အသင့်ဖြစ်ပြီဟု ပြော၍ရသည်။

သို့သော် ဝိညာဉ်ချီနှင့် လ၏စွမ်းအားတို့အား ပေါင်းပြီးတာတောင် စွမ်းအင် ပမာဏက မလုံလောက်သေးပေ။

"ကံကောင်းတာက ဝေ့ဖူအတွက် ဆေးဖော်တုန်းက ငါ့ဖို့ပါ နည်းနည်း ယူထားလိုက်မိတာပဲ"

ချန်းဖန်က အဆင်နိမ့် ခွန်အားဖြည့်ဆေးလုံး သုံးလုံးအား ထုတ်လိုက်ပြီး မြိုချလိုက်သည်။ အပူလှိုင်း တစ်ခုက သူ့ခန္ဓာကိုယ်အတွင်း ဖြတ်သွားသည်ကို ခံစားလိုက်ရပြီး ပျော်မြူးနေသော စိတ်ကျေနပ်မှုတစ်ခုက ခန္ဓာကိုယ်အတွင်း ပြေးလွှားနေသလို ခံစားရသည်။

ထို့နောက် တိုးညှင်းသော အသံတသံနှင့်အတူ ချန်းဖန်က အတားအဆီးကို ကျော်ဖြတ်ကာ အဆင့်သစ်သို့ ချိုးဖျက် ဝင်ရောက်သွားပြီ ဖြစ်သည်။

ခန္ဓာကိုယ် အတွင်းရှိ မရေမတွက်နိုင်သော ဆဲလ်များက တိုးပွားလာသော စွမ်းအင်သစ်တို့ကို ဝမ်းပန်းတသာ ကြိုဆိုနေဟန်ရသည်။ ချီစွမ်းအင်များ သာမက ခန္ဓာကိုယ် ကြံ့ခိုင်မှုကပါ အရင်ထက် တိုးတက်လာကြောင်း ချန်းဖန်က ခံစားမိသည်။

သူက သက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ တစ်လခန့် ပင်ပင်ပန်းပန်း ကြိုးစားပြီးနောက် သူက အဆင့်‌‌ခွဲ တစ်ခုအား ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

"အဆင့်နိမ့် ခွန်အားဖြည့် ဆေးလုံးတွေသာ မရှိရင် လဝက်လောက် ဒီအဆင့်မှာ သောင်တင်နေဦးမှာ ကြည့်ရတာ ပိုက်ဆံမြန်မြန် ရှာမှရတော့မယ် ပိုက်ဆံရှိမှပဲ ဆေးမြစ်တွေ ဝယ်ပြီး မြန်မြန်ဆန်ဆန် လေ့ကျင့်လို့ ရမယ်"

ချန်းဖန်က ကိုယ့်ကိုယ်ကိုယ် ပြန်လည် သတိပေးရင်း ရေရွတ်မိသည်။

နောက်တစ်နေ့တွင်တော့ ချန်းဖန်က ကျိုးထျန်ဟောက်ထံမှ ဖုန်းကောလ်တစ်ခုအား လက်ခံရရှိခဲ့သည်။ ကျိုးထျန်ဟောက်က 'မင်တု' စားသောက်ဆိုင်၌ နေ့လည်စာ အတူစားရန် ဖိတ်ကြားလာခဲ့ပြီး ချန်းဖန်အား လူကိုယ်တိုင် တွေ့ကာ တောင်းပန်လိုသည်ဟု ဆိုသည်။

ချန်းဖန်လည်း သေချာ စဉ်းစားပြီးနောက် သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။

***

All Chapters