အတွင်းအား ကျွမ်းကျင်ပညာရှင်
Vol. 1 Ch. 20
ချန်းဖန် စားသောက်ဆိုင်သို့ ရောက်သွားချိန်တွင် အံ့ဩစရာ ကောင်းစွာပဲ ကျိုးထျန်ဟောက်၏ သက်တော်စောင့် အားပျောင်မှာ ဒဏ်ရာရထားသည်ကို တွေ့လိုက်ရသည်။ အားပျောင်၏ ဒဏ်ရာမှာ လက်မောင်းတွင် ဖြစ်ပြီး ပတ်တီးဖြူဖြူကို လည်ပင်းတွင် သိုင်း၍ ချည်ထားသည်။ ချန်းဖန် ပြောနိုင်တာ တစ်ခုက အားပျောင်သည် သူ့ထက် သန်မာသော တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ရင်း လက်မောင်း အချိုးခံလိုက်ရခြင်း ဖြစ်ရပေမည်။
"ဘယ်သူလုပ်တာလဲ"
ချန်းဖန်က ထူးဆန်းသော အမူအယာနှင့် မေးလိုက်သည်။ သူက အားပျောင်၏ ခွန်အားကို သိသည်။ ထိုနေ့ညက သူ၏ ကန်ချက်မှာလည်း ရက်ပိုင်းလောက် အနားယူလိုက်ရုံနှင့် သက်သာလောက်သော အနေအထားဖြစ်ရာ လက်မောင်းက ကျိုးစရာ အကြောင်းမရှိပေ။
ချန်းဖန်၏ အတွေးထဲတွင် မေးခွန်းများစွာနှင့် ကျိုးထျန်ဟောက်ဆီ သွားလိုက်သည်။
"သူဌေးကျိုး ခင်ဗျား ကျွန်တော့်ကို တောင်းပန်ချင်ရုံ သက်သက်နှင့် ခေါ်တယ် လို့တော့ မထင်ဘူး ဒီတော့ တကယ့်အကြောင်းက ဘာလဲ"
"ကျွန်တော် အကိုချန်းကို လှည့်စားလို့ မရမှန်း သိပါတယ်"
ကျိုးထျန်ဟောက်က ချန်းဖန် ရိပ်မိသွားခြင်းအပေါ် အနည်းငယ်မျှ ရှက်ရွံခြင်းကို မခံစားရပေ။ သူက ဆက်ပြောလိုက်သည်။
"တကယ်လို့ အကိုချန်းသာ ကျွန်တော့်ကို မျက်နှာသာ ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော် တစ်ခုလောက် အကူအညီ တောင်းပါရစေ"
"ပြောပါ ကျွန်တော် နားထောင်နေတယ်"
ချန်းဖန်က အေးအေးဆေးဆေး ခေါင်းညိတ် ပြလိုက်သည်။
ကျိုးထျန်ဟောက်က ပါးအို့နီနီနှင့် မိန်းကလေးအား အချက်ပြလိုက်ပြီး အခန်းထဲမှ လူအားလုံးအား ထွက်သွားစေလိုက်သည်။ အားလုံး ထွက်သွားပြိ ဆိုမှ ကျိုးထျန်ဟောက်က ပြောသည်။
"အကိုချန်းက အဘိုးဝေ့နဲ့ မိတ်ဆွေတွေ ဆိုမှတော့ ကျွန်တော်တို့က စည်းတစ်ဖက်တည်းက လူတွေလို့ ပြောလို့ရတယ် ဒီတော့ တချို့ ကိစ္စလေးတွေ အကိုချန်းကို ပြောပြပါ့မယ် လွန်ခဲ့တဲ့ နှစ်တွေက နိုင်ငံခြားကို ထွက်သွားတဲ့ ကျွန်တော့် ပြိုင်ဘက် တစ်ယောက်က အခု ချူကျိုးကို ပြန်ရောက်လာပြီး ကျွန်တော့်ရဲ့ အလုပ်တွေမှာ သိသိသာသာ ဝင်နှောင့်ယှက်နေတယ် ကျွန်တော်က သူနဲ့ အေးအေးဆေးဆေး ဆွေးနွေးဖို့ အားပျောင်ကို ဖိတ်ခိုင်းလိုက်ပေမဲ့ သူဘာလုပ်လိုက်လဲဆိုတာ အကိုချန်းလည်း အမြင်ပါပဲ"
ကျိုးထျန်ဟောက်၏ အသံမှာ ဒေါသကြောင့် တဖြည်းဖြည်း ကျယ်လာသည်။
"ဒီပြဿနာက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"
ချန်းဖန်က ခပ်ပြုံးပြုံးနှင့် မေးလိုက်သည်။ စီးပွားရေး လုပ်ငန်းရှင်များ၏ ဥပဒေမဲ့ သတ်ပွဲများထဲ သူက လုံးဝ ဝင်မပါလိုပေ။
"ကျွန်တော့် ပြဿနာကို အကိုချန်း စိတ်ဝင်စားမှာ မဟုတ်မှန်း သိပါတယ် ဒါပေမဲ့ ကျွန်တော် အဓိက ပြောချင်တာက အဲ့ဒီ့လူက တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာပါ"
ကျိုးထျန်ဟောက်က သက်ပြင်းချလိုက်ရင်း ဆက်ပြောသည်။
"သူက တရုတ်ပြည်ကို တစ်ယောက်တည်း ပြန်လာတယ် သူ ဘယ်လို လုပ်လိုက်လဲတော့ မသိပေမဲ့ သူ့ရဲ့သိုင်းပညာက နောက်ဆုံးတခေါက် ကျွန်တော်တို့ တွေ့ခဲ့တုန်းကထက် အဆပေါင်းများစွာ ခုန်ပေါက် တိုးတက်လာတယ် သူက ကျွန်တော့် လုပ်ငန်းတွေမှာ သက်သက်ကို လိုက်နှောင့်ယှက်တယ် ကြည့်ရတာ ပိုက်ဆံကြောင့်လည်း ဟုတ်မယ် မထင်ဘူး ဒါက ကျွန်တော့်အမှားပါ ကျွန်တော်တို့ ငယ်ငယ်တည်းက သူနဲ့ ရန်သူဖြစ်အောင် မနေခဲ့သင့်ဘူး အခုလည်း ကျွန်တော် အပြင်သွားရင် သက်တော်စောင့်တွေ ဒါဇင်နဲ့ချီပြီး ခေါ်သွားတယ် ဒါပေမဲ့ သူ့ရှေ့ရောက်ရင် အားလုံးက အသုံးမကျတဲ့ကောင်တွေ ဖြစ်ကုန်ရော"
"ဟုတ်လား"
ချန်းဖန်က အားပျောင်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"အဲ့ကောင်က ငါနဲ့ယှဉ်ရင်ရော ဘယ်လိုလဲ"
"သူက ကျွန်တော့်ထက် အများကြီး ပိုသန်မာတာတော့ သေချာတယ် ကျွန်တော် သူ့ရဲ့ လက်သီးတစ်ချက်တောင် မခံနိုင်ဘူး ကျွန်တော့်အထင် သူက အကိုချန်းထက် ပိုသန်မာတယ်"
အားပျောင်က ခါးသက်စွာ ပြုံးလိုက်သည်။
"ကျွန်တော် သိုင်းပညာကို လေ့ကျင့်တာ ဆယ်နှစ်ရှိပြီ တစ်ခါမှ အဲ့လို မကောင်းဆိုးဝါးမျိုး မတွေ့ခဲ့ဖူးဘူး"
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ ကြည့်ရတာ ထိုလူက အတွင်းအား ကျွမ်းကျင်ပညာရှင် တစ်ယောက်ပဲ ဖြစ်ရမည်။ အားပျောင်က ထိုလူမှာ သူ့ထက် သာလောက်ကြောင်း ပြောသော်လည်း သူက ဂရုမစိုက်ပေ။
ဒါ့အပြင် အားပျောင်ကို ကန်ခဲ့တုန်းက ချန်းဖန်က သူ့ခွန်အား၏ ၃၀%ကိုသာ သုံးထားခြင်း ဖြစ်သည်။ မဟုတ်ပါက အားပျောင်မှာ သူ့ ကန်ချက်ကြောင့် နေရာတွင်ပင် သေသွားပေလိမ့်မည်။ ဒီရက်ပိုင်း ကျင့်ကြံခြင်းတွင် တိုးတက်မှုများအရ ထိုလူက သူ့ထက်ပို အစွမ်းထက်မည်ဟု ချန်းဖန်က မယုံပေ။
"သူက ကျွန်တော့်ကို ရန်ကွေ့ ရေကန် အလယ်က ကျွန်းမှာ အခုည လာတွေ့ဖို့ ပြောတယ် အဲဒါ.. အကိုချန်းကသာ ကျွန်တော်နဲ့ အတူ လိုက်ခဲ့ပေးရင် ကျွန်တော် တကယ် ကျေးဇူးတင်မိမှာပါ"
ကျိုးထျန်ဟောက်က အသနားခံနေသော လေသံနှင့်ပြောသည်။
ချန်းဖန်က မသိစိတ်ထဲတွင် ယခု ကိစ္စမှာ ကြားရသလောက် မရိုးရှင်းမှန်း ခံစားမိနေသည်။ သို့သော်လည်း သူက ပိုက်ဆံလိုနေသူ ဖြစ်ရာ သိုင်းပညာရှင် တစ်ယောက်အား တိုက်ခိုက်ပေးပြီး ပိုက်ဆံတောင်းခြင်းမှာ မဆိုးဟု တွေးမိသည်။
ကျိုးထျန်ဟောက်က ချန်းဖန်မှာ အဘိုးဝေ့၏ မိတ်ဆွေဖစ်ကြောင်း သိသော်လည်း ချန်းဖန်၏ လုပ်နိုင်စွမ်းကိုတော့ အကြွင်းမဲ့ ယုံကြည်မှု မရှိပေ။ သူက အရံအတား တစ်ခုအနေနဲ့သာ ချန်းဖန်အား ကျွန်းပေါ်သို့ လိုက်ရန် ဖိတ်ခဲ့ခြင်း ဖြစ်သည်။
"သေချာတာပေါ့ ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့ပေးမယ်"
"ကောင်းတယ် မသွားခင် အကိုချန်းကို တခြား သိုင်းပညာရှင် တစ်ယောက်နဲ့ မိတ်ဆက်ပေးဦးမယ်"
ချန်းဖန် နားလည်သွားသည်။ ထို'သိုင်းပညာရှင်'ကသာ ယနေ့ည အတွက် ကျိုးထျန်ဟောက် အမှန်တကယ် အားထားသောသူ ဖြစ်ပြီး သူကတော့ အရံ သက်သက်သာ ဖြစ်သည်။
ထိုစဉ်မှာပဲ လူတစုက အခန်းတွင်းသို့ ဝင်လာကြသည်။
ကျိုးထျန်ဟောက်က ထိုင်ခုံမှ ထသွားပြီး လူစု၏ ခေါင်းဆောင်အား နွေးထွေးသော အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်သည်။
"ဆရာကော နောက်ဆုံးတော့ ရောက်လာပြီပဲ ကျေးဇူးပြုပြီး အထဲကို ဝင်ပါ"
လူစု၏ ခေါင်းဆောင်က သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်ပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုလူကြီး၏ နောက်တွင်တော့ ငယ်ရွယ်သော လူငယ် တပည့်လေးများက တည်ငြိမ်စွာဖြင့် လိုက်ပါလာကြသည်။
ကျိုးထျန်ဟောက်က ထိုလူစုအား ချန်းဖန်နှင့် မိတ်ဆက်ပေးသည်။
"အကိုချန်း ဒါက ကျွန်တော် ခုနပြောနေတဲ့ သူလေ ဆရာကောဝေ့တဲ့ 'ဝေ့ရှန်း' သိုင်းသင်တန်း ကျောင်းကပေါ့"
ကောဝေ့က ချန်းဖန်အား အေးစက်စက် တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ကလေး တစ်ယောက်လား မင်းက သူ့ကို ချီးယားလီဒါ ကခိုင်းမလို့တော့ မဟုတ်ပါဘူးနော်"
ကောဝေ့၏ စကားအဆုံး အခန်းတစ်ခုလုံး ကို့ရို့ကားယား အနေအထားနှင့် တိတ်ဆိတ်သွားသည်။ ကျိုးထျန်ဟောက်က အထစ်ထစ် အငေါ့ငေါ့နှင့် ဝင်ရှင်းပြလာသည်။
"မဟုတ်.. မဟုတ်ပါဘူး ဒါက အကိုချန်းပါ သူ့ရဲ့ ငယ်ရွယ်မှုကြောင့် အထင်မသေးပါနဲ့ သူက ဖိုက်တာ တစ်ယောက်ပါ အားပျောင်ကို မေးကြည့်ရင် သိပါလိမ့်မယ်"
"ကြည့်ရတာ မင်းက ကိုယ်ရင်ဆိုင်နေရတဲ့သူက ဘယ်လိုလူမှန်း မသိသေးပုံပဲ"
ဆရာကောက ခေါင်းယမ်းလိုက်ပြီး စိတ်ပျက်စွာ ပြောသည်။
"မင်းရဲ့ သက်တော်စောင့်အားပျောင်က မင်းရန်သူနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး အားပျောင်ကို ယှဉ်နိုင်တာနဲ့ မင်းရန်သူကိုလည်း ယှဉ်နိုင်လိမ့်မယ်လို့ မဆိုလိုဘူး"
"ဒါဆို ကျွန်တော့်ရန်သူရဲ့ အဆင့်က.."
ကျိုးထျန်ဟောက်က အမှန်တကယ်တွင်လည်း သူ့ပြိုင်ဘက်၏ တကယ့် ခွန်အား အစစ်အမှန်အား မခန့်မှန်းနိုင်ပေ။
ချန်းဖန်ကတော့ ဘာစကား တစ်ခွန်းမှ ဝင်မပြောဘဲ ဆရာကော ဆိုသူ၏ ဟိတ်ကြီးဟန်ကြီး သရုပ်ပြနေမှုအား အေးအေးဆေးဆေး ထိုင်ကြည့်နေသည်။
အဘိုးဝေ့က ဝေ့ရှန်း သင်တန်းကျောင်း အကြောင်းလည်း ပြောပြခဲ့သည်။ ကောဝေ့ အကြောင်းလည်း အပါအဝင် ပင်။ ကောဝေ့၏ အစွမ်းက ချန်းဖန်အတွက်တော့ အထင်ကြီးစရာ မရှိရာ အဘိုးဝေ့ကပင် ကောဝေ့အား အရေးတယူ မရှိသည်မှာ မထူးဆန်းတော့ပေ။
ဆရာကောက ချန်းဖန်အား အထင်သေးသော အကြည့်တစ်ချက် ပေးလိုက်ပြီး ကျိုးထျန်ဟောက်အား မေးလိုက်သည်။
"သူဌေးကျိုး အတွင်းအားလို့ ခေါ်တဲ့အရာကို ခင်များ ကြားဖူးလား"
"အတွင်းအား "
ကျိုးထျန်ဟောက်က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
"ရင်းရင်းနှီးနှီး ကြားဖူးနေသလိုပဲ"
ကျိုးထျန်ဟောက် နောက်တွင် ရပ်နေသော အားပျောင်ကမူ ထိတ်လန့်မှုကြောင့် တုန်ယင်သွားသည်။ အားပျောင်က မဝံ့မရဲ မေးလိုက်သည်။
"ဆရာကော ပြောချင်တာက အဲ့ဒီ့လူက အတွင်းအား စွမ်းအင်ကို သုံးနိုင်တယ် လို့လား"
ကောဝေ့က ခေါင်းညိတ်သည်။
"အမှန်ပဲ တကယ်လို့ သူသာ အတွင်းအား စွမ်းအင်ကို မသုံးနိုင်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး မင်းရဲ့ လက်မောင်းကို လက်သီးတစ်ချက်ထဲနဲ့ ချိုးပစ်နိုင်မှာလဲ အတွင်းအား စွမ်းအင် ဆိုတာက လူ့ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်ထက်ကို ကျော်လွန်နေတာလေ"
"အားပျောင် အတွင်းအား စွမ်းအင် အကြောင်း မင်းတစ်ခုခု သိထားတာလား"
ကျိုးထျန်ဟောက်က မေးလိုက်သည်။
အားပျောင်က ခေါင်းညိတ်သည်။
"ကျွန်တော့် ဆရာ ပြောဖူးတာက သိုင်းပညာရှင် တစ်ယောက်က လုံလောက်တဲ့ အတိုင်းအတာတစ်ခုထိ သန်မာလာတဲ့ အခါ ကိုယ်တွင်း စွမ်းအင်တွေကို ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ထိ ထုတ်လွှင့်နိုင်ကြတယ်တဲ့ အဲ့ဒီ့ ထုတ်လွှတ်လိုက်တဲ့ စွမ်းအင်ကို အတွင်းအား စွမ်းအင်လို့ ခေါ်တယ် အဲ့လို လုပ်နိုင်တဲ့သူတွေက အရမ်းရှားတယ်တဲ့ ကျွန်တော့် ဆရာတောင်မှ သူ့ဘဝမှာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူးတဲ့"
"မင်းဆရာပြောတာ မှန်တယ် ဒီနေ့ခေတ်ကြီးမှာ အတွင်းအား စွမ်းအင်ကို သုံးနိုင်တဲ့ သူဆိုတာ လက်တဆုပ်စာ လောက်ပဲ ရှိတော့တာ ရှိတဲ့သူတွေကလည်း ခေတ်ပေါ် လက်နက်တွေ ဖြစ်တဲ့ သေနတ်တွေကတောင် အန္တရာယ် မပေးနိုင်လောက်အောင် သန်မာကြတယ်လေ "
ကောဝေ့က ပြောသည်။
"အတွင်းအား စွမ်းအင် အဆင့်ကို ရောက်နေတဲ့ လူတစ်ယောက်က အဲ့နေရာမှာပဲ ရပ်တန့်နေမှာတော့ မဟုတ်ဘူး သူ့အထက်မှာ အထွတ်အထိပ် ပညာရှင်အဆင့်ဆိုတာ ရှိသေးတယ် အထွတ်အထိပ် ပညာရှင် အဆင့်တွေကတော့ နတ်ဘုရား တစ်ပိုင်းတွေ လို့တောင် ပြောလို့ရနေပါပြီ"
ကျိုးထျန်ဟောက်၏ မျက်လုံးတို့က မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။
"ဒါ အမှန်ပဲလား ကျွန်တော် ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ"
"ဟား.. ဟား.. "
တော်ဝေ့က ရယ်လိုက်ပြီး သူ့လက်အား အရှေ့ရှိ စားပွဲပေါ်သို့ ဖြည်းညင်းစွာ တင်လိုက်သည်။ ထိုနောက် သူ၏ လက်အား ပြန်ရုတ်လိုက်သောအခါ တစ်ခန်းလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားသည်။
အနည်းငယ် တိမ်သော်လည်း သိသာ ထင်ရှားသော လက်ဝါးရာတစ်ခုက စားပွဲပေါ်တွင် ကျန်ရစ်ခဲ့လေသည်။
"ဒါ.. ဒါက အတွင်းအား စွမ်းအင် ဆိုတာလား"
ကျိုးထျန်ဟောက်၏ မျက်လုံးများက ထွက်ကျတော့ မတတ် ပြူးကျယ်နေသည်။
အားပျောင်၏ နဖူးမှ ချွေးစေးများက စီးကျလာသည်။ အကယ်၍ ထိုလက်ဖဝါးက စားပွဲပေါ်သို့ မဟုတ်ဘဲ သူ့ခန္ဓာကိုယ် ပေါ်သို့သာ ကျရောက်လာပါက မည်သို့ ဖြစ်မည်ကို သူက တွေးကြည့်နေမိသည်။
ချန်းဖန်က ဖြစ်စဉ် အစအဆုံးအား ခြေချိတ် ထိုင်လျက်သာ ကြည့်နေပြီး ခေါင်းယမ်းနေမိသည်။
ကောဝေ့ လုပ်ပြသော အရာက ချန်းဖန် အဘိုးဝေ့အား လုပ်ပြခဲ့သော အရာနှင့် မယှဉ်နိုင်ပေ။ အကယ်၍ စားပွဲခုံက ပလပ်စတစ်ဖြင့် လုပ်ထားခြင်းသာ မဟုတ်ပါက ကောဝေ့က လက်ဝါးရာ ထင်အောင် ဘယ်တော့မှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ကျိုးထျန်ဟောက်ကတော့ ကောဝေ့၏ သရုပ်ပြမှုအား အလွန်အမင်း အထင်ကြီး လေးစားသွားသည်။
"ဆရာကောကလည်း အတွင်းအား စွမ်းအင်ကို သုံးနိုင်တာလား ကျွန်တော် စိတ်ချသွားပါပြီ နောက်ဆုံးတော့ ကျွန်တော့် ပြိုင်ဘက်ကို အလဲ ထိုးနိုင်တော့မယ်"
စစ်ကူ အသစ်ကြောင့် ယုံကြည်မှုများ တိုးလာဟန်ရှိသော ကျိုးထျန်ဟောက်က သူ့ရန်သူအကြောင်း အသေးစိတ် ပြောပြလာသည်။
"သူ့နာမည်က လင်းပေါင်တဲ့ သူနဲ့ ကျွန်တော်က စီးပွားရေး စလုပ်ပါပြီ ဆိုကတည်းက ရန်သူတွေ ဖြစ်ခဲ့ကြတာ နောက်ပိုင်း ကျွန်တော်ရယ် တခြားသူ့ရဲ့ ပြိုင်ဘက်တွေရယ် ပေါင်းပြီး သူ့ကုမ္ပဏီကို အလဲ ထိုးခဲ့ကြတယ် သူလည်း နိုင်ငံခြားကို ထွက်ပြေးသွားခဲ့တယ် နှစ်တွေ ဒီလောက်ကြာမှ သိုင်းပညာရှင် တစ်ယောက်အဖြစ် ပြန်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ဆရာကောကို အခုတည်းက ကြိုပြီး ကျေးဇူး တင်ထားပါရစေဗျာ ဒီပြဿနာကြောင့် ကျွန်တော် အိပ်မရ ဖြစ်နေခဲ့တာ ရက်ပေါင်း မနည်းတော့ဘူး"
ထို့နောက် ကျိုးထျန်ဟောက်က လက်ဆွဲအိတ်တစ်အိတ်အား ကောဝေ့ထံသို့ ရိုရိုသေသေ ပေးလိုက်ရင်း ပြောသည်။
"ဆရာကော ဒါက ကျွန်တော် ပြောထားတဲ့ ပမာဏရဲ့ တစ်ဝက် ငါးသန်းပါ ကိစ္စကို အပြီးသတ် ပြီးတဲ့အခါ ကျန်တဲ့တစ်ဝက်ကို ဘဏ်အကောင့်ထဲ ထည့်ပေးပါ့မယ် ပြီးတော့ ကျွန်တော့်သူဌေး ဝေ့ဆန်းယဲ့နဲ့လည်း မိတ်ဆက်ပေးပါ့မယ် သူဌေးဝေ့က ဆရာကောရဲ့ အစွမ်းအစကို သဘောကျမှာ အသေအချာပါပဲ"
ကျိုးထျန်ဟောက်၏ စကားကြောင့် ကောဝေ့က ကျေနပ်သွားပြီး ပြုံးလိုက်သည်။ ကောဝေ့က ကျိုးထျန်ဟောက်အား ကူညီရခြင်းမှာ ပိုက်ဆံကြောင့်သာ မဟုတ်ဘဲ ဝေ့ဆန်းယဲ့နှင့် ရင်းနှီးလိုခြင်းက အဓိကဖြစ်သည်။
ချန်းဖန်ကတော့ ပွဲကြည့် ပရိတ်သတ်သာ လုပ်နေပြီး တစ်ခွန်းမှ ဝင်မပြောပေ။ ကျိုးထျန်ဟောက်နှင့် ကောဝေ့ နှစ်ယောက်လုံးက အဘိုးဝေ့သည်လည်း သိုင်းပညာရှင် တစ်ယောက် ဖြစ်ကြောင်း မသိသည်မှာ ထင်ရှားသည်။ ချန်းဖန် အမြင်တွင်တော့ ဝေ့ကျီချင်းကမှ ကောဝေ့ထက် ပို၍ အစွမ်းထက်ပေသည်။
ကောဝေ့က အလျင်အမြန်ပဲ ညစားစားပွဲ၏ ဗဟိုဖြစ်လာပြီး လူတိုင်းက မြှောက်ပင့်ဖားယား နေကြသည်။ သူတို့က ကောဝေ့၏ အတွင်းအား စွမ်းအင်ကြောင့် သိုင်းပညာနှင့် ပတ်သက်ပြီး ပိုမို အမြင်ကျယ်သွားရသည်ဟု တွေးထင်နေကြသည်။
ချန်းဖန်က စားပွဲမှထကာ အမရင်းနှင့် အတန်းပိုင် ဆရာမထံ ဖုန်းဆက်လိုက်ပြီး မနက်ဖြန် တစ်ရက် အတွက် ခွင့်တိုင်လိုက်သည်။
စားသောက်ခြင်းအမှု ပြီးစီးပြီးနောက် ကောဝေ့က သူနှင့်အတူ ကျွန်းပေါ်သို့ လိုက်ခဲ့ရန် လူရွေးသည်။ ကျိုးထျန်ဟောက်၊ အားပျောင်၊ သေနတ်သမား နှစ်ယောက်၊ ဝေ့ရှန်းသင်တန်းကျောင်းမှ အတွင်းအား လေ့ကျင့်သော လက်ရွေးစင်တစ်ယောက် တို့ကို သူက ရွေးလိုက်သည်။ စာရင်း၌ ချန်းဖန် မပါသည်ကို သိရတော့ ကျိုးထျန်ဟောက်က ဝင်ပြောလာသည်။
"ဆရာကော ကျွန်တော်က အကိုချန်းကို ဖိတ်ထားတာပါ သူ့ကို ဘာလို့ မခေါ်တာလဲမသိဘူး"
"ဘာကြောင့်လဲ ဆိုတာ ငါမင်းကို ပြောပြီးပြီပဲ ဒါက လူတိုင်း ဝင်ပါနိုင်တဲ့ တိုက်ပွဲမျိုး မဟုတ်ဘူး လင်းပေါင်ရဲ့ လက်သီးတစ်ချက် ကိုတောင် သူ ခံနိုင်မှာ မဟုတ်ဘူး"
ကျိုးထျန်ဟောက်မှာ ကောဝေ့နှင့် ချန်းဖန်အား တစ်လှည့်စီ ကြည့်ရင်း ဘာလုပ်ရမှန်း မသိစွာ မျက်နှာကြီးက ရှုံ့မဲ့လာသည်။
ချန်းဖန်က ကျိုးထျန်ဟောက်ကို ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားက ကျွန်တော့်ကို ဖိတ်ထားပြီးမှတော့ ကျွန်တော်က ခင်ဗျားကို ကျိန်းသေ ကာကွယ်ပေးရမှာပေါ့ ပြီးတော့လည်း အတွင်းအား စွမ်းအင်တို့ နတ်ဘုရား စွမ်းအင်တို့ ဘယ်တစ်ခုကိုမှ ကျွန်တော်က အယုံအကြည် မရှိဘူး"
"မင်းက ဒါတွေကို နားလည်နိုင်ဖို့ ငယ်လွန်းသေးတယ်"
ကောဝေ့က လှောင်ပြောင်သံ စွက်လျက် ပြောလိုက်သည်။
အနည်းငယ် တုံ့ဆိုင်း နေမိသော်လည်း နောက်ဆုံးတွင်တော့ ကျိုးထျန်ဟောက်က ချန်းဖန်ကိုပါ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ.. ချန်းဖန်ကား အဘိုးဝေ့၏ မိတ်ဆွေဖြစ်သည်။
ကောဝေ့က မတတ်သာ၍ ခွင့်ပြုပေး လိုက်ရသော်လည်း မကျေနပ်ပေ။
***