← Chapters

အစွမ်းထက်သော လင်းပေါင်

Vol. 1 Ch. 21

အစွမ်းထက်သော လင်းပေါင်

Vol. 1 Ch. 21

နေဝင်ရီတရော အချိန်လောက် ရောက်တော့ လူခုနစ်ယောက် ပါသော အုပ်စုသည် စပိဘုတ် တစ်စီးနှင့် ရန်ကွေ့ ရေကန် အလယ်ရှိ ကျွန်းဆီသို့ ထွက်ခွာလာကြသည်။

ကျွန်းက အရမ်းကြီး မကျယ်သော်လည်း ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ပြည့်နှက်နေသည်။ ချူကျိုးမြို့တွင် ပိုက်ဆံဖြုန်းရန် အကောင်းဆုံး နေရာများထဲမှ တစ်ခုလည်းဖြစ်သည်။

"လင်းပေါင်က သူ့အတွက် လွတ်လမ်း လွယ်မဲ့ နေရာကို သေချာ ရွေးထားတာပဲ"

ကောဝေ့က ကျွန်းပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ပြီးနောက် ပြောလိုက်သည်။

"ကျွန်တော်တို့ ဘက်မှာ ဆရာကော တစ်ယောက်လုံး ရှိနေမှတော့ ဒီကောင် လွတ်နိုင်မှာ မဟုတ်ပါဘူး ဟား .. ဟား "

ကျိုးထျန်ဟောက်က ရယ်လိုက်သည်။

"ဒါပေမဲ့လည်း ကြို ပြင်ဆင်ထားတာက ကောင်းပါတယ်"

ကောဝေ့က တည်ငြိမ်ဟန်ဖြင့် ခေါင်းညိတ်ကာ ပြောသော်လည်း သူ့မျက်နှာပေါ်ရှိ ကိုယ့်ကိုကိုယ် အထင်ကြီးနေသော အပြုံးကြီးက သိသာနေသည်။ ဆယ်နှစ်လောက် ဘာအခက်အခဲမှ မရှိဘဲ သင်တန်းကျောင်း တစ်ခုကို ဦးစီးနိုင်ခဲ့သဖြင့် အောင်မြင်မှုဟူသော အရာက အလွန် လွယ်ကူသည်ဟု အထင်ရောက်နေဟန် ရှိသည်။  လင်းပေါင်က အတွင်းအား ပညာရှင် တစ်ယောက် ဟုတ်၊ မဟုတ်ကလည်း မသေချာသေးရာ ကောဝေ့က လုံးဝ စိတ်မပူပေ။

လင်းပေါင် နှင့် တွေ့ရန် ချိန်းထားသော အဆောက်အဦး တစ်ခုလုံးအား ကျိုးထျန်ဟောက်က ကြိုတင် ငှားထားပြီး သက်တော်စောင့်များ ကိုလည်း အသင့် ချုံခို တိုက်ခိုက်နိုင်အောင် ပြင်ဆင်ထားသည်။

ကျိုးထျန်ဟောက်လို လိမ္မာပါးနပ်သူ တစ်ယောက်ကာ သူပိုင်ဆိုင်သော ဥအားလုံးအား ခြင်းတောင်း တစ်ခုတည်း အတွင်း၌ ထည့်ထားမည် မဟုတ်ပေ။ [တရုတ်စကားပုံ/ ဝှက်ဖဲများ အားလုံးကို တစ်နေရာထဲမှာ ချပြမထားဘူးဟု ဆိုလိုသည်။]

သူတို့လူစု အဆောက်အဦး၏ တတိယထပ်သို့ ရောက်လာကြသည်။ ကောဝေ့က ဆိုဖာ တစ်ခုပေါ်တွင် ထိုင်လိုက်ပြီး စားပွဲထိုး မလေးက လက်ဖက်ရည်ဗန်းအား လာချပေးသည်။ စားပွဲထိုးမလေးက လက်ဖက်ရည် ငှဲ့ပေးနေသော်လည်း ကြောက်ရွံ့မှုကြောင့် လက်က တုန်ယင်နေကာ လက်ဖက်ရည်များက လျှံကျသွားသည်။ အဆောက်အဦး အတွင်းဘက်၌ အပြင်ဘက်ရှိ ဆူဆူညံညံ အသံများနှင့် ဆန့်ကျင်စွာပဲ ကြောက်စရာ ကောင်းလှအောင် တိတ်ဆိတ်နေသည်။

ချန်းဖန်က လက်ဖက်ရည်ကို အရသာခံကာ သောက်နေရင်း လက်ဖက်ရည်ဆိုင်၏ ရှေးဟောင်း အပြင်အဆင်များကို လေ့လာနေသည်။ သူက တာဝန်တစ်ခုနှင့် ရောက်လာခြင်းသာ မဟုတ်ပါက လသာဆောင်သို့ ထွက်ပြီး လက်ဖက်ရည်လေး တစ်ခွက်နှင့် ရေကန်ရှုခင်းကို အပေါ်စီးကနေ အေးအေးဆေးဆေး ကြည့်မိမည်မှာ အမှန်ပင်။

ချန်းဖန်တို့ လူစုက ညလယ်လောက်ထိ စောင့်နေကြသည်။ လူစုထဲရှိ တချို့မှာ စိတ်မရှည်ချင်ကြတော့ပေ။ ထိုစဉ်မှာပဲ ကောဝေ့က လေးနက်သော အသံနှင့် ပြောလိုက်သည်။

"တစ်ယောက်ယောက် လာနေတယ်"

ကောဝေ့၏အသံ မဆုံးခင်မှာပဲ အောက်ထပ်မှ ရုတ်ရုတ်သဲသဲ အသံတစ်ခုအား ကြားလိုက်ရသည်။ နာကျင်စွာ အော်လိုက်သံများ၊ ပြိုလဲ ပျက်စီးသံများကိုပါ တစ်ဆက်တည်း ကြားလိုက်ရပြီး စက္ကန့်ပိုင်းအကြာ၌ ဆူညံသံများ အားလုံးက တိတ်ဆိတ်သွားသည်။ ရန်သူ လာနေပြီမှန်း သိလိုက်တာကြောင့် တတိယထပ်မှ လူများ အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။

တစ်စုံတစ်ယောက် လှေကား တစ်လျှောက် တက်လာသော ခြေသံကို လူအားလုံး ကြားနေရသည်။ ထိုလူ၏ ခြေသံတို့က ညင်သာသော်လည်း တည်ငြိမ်သည်။

ကျိုးထျန်ဟောက်က ခက်ခက်ခဲခဲ တံတွေး မြိုချလိုက်မိသည်။ သူက အောက်ထပ်၌ သက်တော်စောင့် ဒါဇင်ကျော် နေရာချထားခဲ့သော်လည်း ဒီလောက်မြန်မြန် ရှင်းပစ်လိုက်နိုင်တယ် တဲ့လား။

သူက လင်းပေါင်၏ ခွန်အားကို အနည်းငယ် သဘောပေါက်လာသလို ခံစားရသည်။

စက္ကန့်ပိုင်း အတွင်းမှာပဲ ခြေသံက တတိယထပ် လှေကားထိပ်သို့ ရောက်ရှိလာသည်။ ချန်းဖန်က ဝင်ပေါက်သို့ လှမ်းကြည့်လိုက်သည်တွင် အနက်ရောင် ဝတ်စုံ၊ အနက်ရောင် ကွန်ဖူးဖိနပ် တစ်စုံနှင့် လူတစ်ယောက်အား မြင်လိုက်ရသည်။ ထိုလူ၏ မျက်နှာပေါ်တွင် ကန့်လန့်ဖြတ် အနာရွတ် တစ်ခု ရှိပြီး မျက်နှာကို ပိုမို ကြောက်မက်ဖွယ် ကောင်းသွားစေသည်။

"ဘယ်လိုလဲ သူဌေးကျိုးရဲ့ ဘာလို့ မျက်နှာကြီးက ရှုံ့မဲ့နေတာလဲ  သူငယ်ချင်းဟောင်းကို ပြန်တွေ့ရတာ မပျော်တဲ့ပုံပဲ"

လင်းပေါင်က ကျိုးထျန်ဟောက် အနီးသို့ လျှောက်လာပြီး ကျိုးထျန်ဟောက်၏ မျက်စောင်းထိုးရှိ ဆိုဖာခုံတွင် ဝင်ထိုင်လိုက်သည်။ သူ့မျက်လုံးများထဲရှိ လှောင်ပြောင်လိုဟန်များကို လုံးဝ ဖုံးကွယ်မထားပေ။

ကျိုးထျန်ဟောက်က မနည်း စိတ်ကိုအားတင်းလိုက်ရင်း..။

"လင်းပေါင် မင်းက ပြန်လာရဲသေးတယ်ပေါ့ အရင်တစ်ခေါက်က သင်ခန်းစာကို မမှတ်သေးဘူးလား"

"ဒါပေါ့ ငါမှတ်မိတာပေါ့ ဒီမှာ ငါ့မျက်နှာပေါ်က အနာရွတ်ကိုကြည့် ဒီအနာရွတ်က တံဆိပ် တစ်ခုလိုပဲ ငါနဲ့ အတူ အမြဲရှိနေခဲ့တာ ဒီနိုင်ငံကနေ ထွက်သွားပြီး ကွန်ဖူးကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းကလည်း ဒါ့ကြောင့်ပဲ"

လင်းပေါင်က သူ့မျက်နှာပေါ်ရှိ အနာရွတ်အား လူတိုင်း မမြင်မှာစိုးသည့် အလား လက်ညှိုးထိုး၍ ပြလာသည်။

"ငါတို့ အေးအေးဆေးဆေး ထိုင်ပြီး ပြောလို့မရဘူးလား"

ကျိုးထျန်‌ဟောက်က ပြေရာ ပြေ‌ကြောင်း ပြောလိုက်သည်။

"ဒါပေါ့ ပြောလို့ရပါတယ် ဒါပေမဲ့ မင်းရဲ့ ကုမ္ပဏီကတော့ အရင်ဆုံး ဒေဝါလီ ခံရမယ်"

လင်းပေါင်က လှောင်ပြောင်လိုက်သည်။

"ဒီအပြင် တခြား နည်းလမ်း မရှိတော့ဘူးလား"

ကျိုးထျန်ဟောက်က အသက်ပြင်းပြင်းရှူရင်း ပြောလိုက်သည်။

"မင်းက အတွင်းအားစွမ်းအင်ကို သုံးနိုင်တယ် ဆိုရင်တောင် တိုက်ပွဲတိုင်းမှာ နိုင်လိမ့်မယ်လို့တော့ မဆိုလိုဘူး"

"အိုး မင်းလည်း အတွင်းအား စွမ်းအင် အကြောင်း သိတယ်လား "

လင်းပေါင်က အံ့ဩသလို ပြောလိုက်သည်။ ထို့နောက်မှ နှာခေါင်းရှုံ့ရင်း ဆက်ပြောလာသည်။

"အတွင်းအားစွမ်းအင်အကြောင်း သိတယ်ဆိုမှတော့ မင်းရဲ့ ‌နောက်လိုက်ခွေးတွေကို လက်နက်ချ အညံ့ခံဖို့ ဘာလို့ မပြောသေးတာလဲ"

"လင်းပေါင် မင်းက တစ်လောကလုံးမှာ မင်းတစ်ယောက်ပဲ အတွင်းအား စွမ်းအင်ကို သုံးနိုင်တယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်"

ကျိုးထျန်ဟောက်က ရယ်လိုက်ရင်း စားပွဲခုံကို ရိုက်ကာ ပြောလိုက်သည်။

"ဆရာကော အားလုံးက ခင်ဗျားအပေါ် မူတည်သွားပြီ"

ကောဝေ့ ခေါင်းညိတ်လိုက်ပြီး သူ့နောက်တွင် ရပ်နေသော လူငယ်လေးကို အမိန့်ပေးလိုက်သည်။

"တုန်းရှန် သူ့ကို အဆုံးသတ်လိုက်"

ထိုလူငယ်လေးက ခေါင်းညိတ်လိုက်ကာ ရှေ့သို့ထွက်လိုက်ပြီး မတိုက်ခိုက်ခင် နှုတ်ဆက်သည့်သဘောဖြင့် လက်နှစ်ဖက်ဆုပ်ကာ လင်းပေါင်အား အရိုအသေ ပေးလိုက်သည်။

"တုန်းရှန်က ငါ့ရဲ့ တပည့်ကြီးပဲ ငါ့နောက်ကိုလိုက်ပြီး လေ့ကျင့်လာတာ ဆယ်စုနှစ်တစ်ခုလောက် ရှိပြီ လင်းပေါင်လောက်ကတော့ တုန်ရှန်းရဲ့ အစွမ်းအစက လိုတာထက်တောင် ပိုနေပါသေးတယ်"

ကောဝေ့က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

"ဟား.. ဟား.. ဒီတော့ ဒီကောင်လေးက အစမ်းသပ်ခံ မြေဇာပင်လေးပေါ့"

လင်းပေါင်က တုန်းရှန်အား အထက်အောက် စုန်ချည်ဆန်ချည် အကဲခတ်ပြီးနောက် ပြောလိုက်သည်။

"ငါ့ရှေ့က ထွက်သွားစမ်း ကောင်လေး မင်းက အခုမှ အတွင်းအားစွမ်းအင် စဦးအဆင့်မှာပဲ ရှိသေးတယ် ငါမင်းကို မသတ်ချင်ဘူး"

"သေခါနီး အပိုတွေ ပြောမနေနဲ့"

တုန်းရှန်ကား စိတ်ဆတ်ကာ သွေးဆူလွယ်သော လူငယ်လေး ဖြစ်ရာ ပြိုင်ဘက်၏ စကားကြောင့် ဒေါသထွက်သွားပြီး စတင်တိုက်ခိုက်တော့သည်။

အဖြစ်အပျက်က မြန်ဆန်လွန်းပြီး ကျိုးထျန်ဟောက်မှာ လူရိပ်နှစ်ခု လုံးထွေး သတ်ပုတ်နေကြသည်ကိုသာ မြင်လိုက်ရသည်။ မကြာခင်မှာပဲ လူရိပ်နှစ်ခုထဲမှ တစ်ခုမှာ အကန်ခံလိုက်ရကာ နံရံဆီသို့ လွင့်ထွက်သွားလေသည်။ ပြင်းလှသော အရှိန်ကြောင့် တရုတ်ရိုးရာ ဒီဇိုင်း ပြင်ဆင်‌ထားသော လက်ဖက်ရည်ဆိုင်လေးပင် လှုပ်ယမ်း သွားရသည်။

"တုန်းရှန်"

ကောဝေ့က အော်လိုက်သည်။ လူနှစ်ယောက်၏ တိုက်ပွဲကို မြင်ပြီးသည့်နောက် ကောဝေ့၏ မျက်နှာမှာ ဖြူဖျော့နေပြီ ဖြစ်သည်။

ခုနစ်ယောက် အုပ်စုထဲရှိ အများစုမှာ လွင့်ထွက်သွားသူက တုန်းရှန်ဖြစ်ကြောင်း တော်တော်နှင့် နားမလည်နိုင်ကြသေးပေ။ တုန်းရှန်၏ ရင်ဘတ်ပေါ်တွင် လက်သီးရာတစ်ခု တွေ့လိုက်တော့မှ အားလုံး ကြက်သေ သေသွားကြသည်။

"မင်းရဲ့ တပည့်ကတော့ သွားပြီ ခုတော့ မင်းအလှည့်ပဲ"

လင်းပေါင်က ပြုံးလိုက်ရင်း ပြောသည်။ နက်မှောင်သော အရောင်တစ်ချက်က သူ၏ မျက်လုံးများထဲ လက်သွားပြီး မြင်မြင်သမျှ လူတို့အား အညှာအတာမဲ့ သတ်ပစ်တော့မည့် ဟန် ရှိသည်။

ကောဝေ့၏ နှလုံးက ပြင်းထန်စွာ ခုန်နေပြီး အဖြစ်အပျက်ကို သူက လက်မခံနိုင်သေးပေ။ တုန်းရှန်က သူ့တပည့်များထဲတွင် အသန်မာဆုံးဖြစ်သော်လည်း တစ်ဖက်လူ၏ လက်သီးတချက်ကိုပင် မခုခံနိုင်။ တဖက်လူ၏ ခွန်အားက တုန်းရှန်ထက် အဆပေါင်းများစွာ သာသည်မှာ သေချာလှသည်။

ကိစ္စတွေက ဒီထိ ဖြစ်လာမှတော့ ပြောင်းလဲ၍ မရနိုင်တော့ပြီ။ ကောဝေ့က ကိုယ့်အား ကိုယ်ကိုး ရတော့မည် ဖြစ်သည်။

ကောဝေ့က ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး မျှော်လင့်တကြီး ကြည့်နေသော မျက်လုံးပေါင်းများစွာ၏ အောက်တွင် လင်းပေါင်ကို မျက်နှာချင်းဆိုင်ရင်း ပြောလိုက်သည်။

"ငါက ဝေ့ရှန်းသိုင်း သင်တန်းကျောင်းက ဆရာပဲ ရှင်းရီလက်သီးသိုင်းကို အဓိက လေ့ကျင့်တယ် လူတွေက ငါ့ကို 'ရှင်းရီဆရာ ‌ကောဝေ့' လို့ ခေါ်ကြတယ် ကျေးဇူးပြုပြီး မင်းရဲ့ဆရာက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား"

"အချိန်ဖြုန်းမနေနဲ့ ငါ့ဆရာက ဒီတိုင်းပြည်မှာ မရှိဘူး ဒီမှာ ဘာပဲဖြစ်နေ ဖြစ်နေ သူက စိတ်လည်း မဝင်စားဘူး တိုက်စရာရှိတာ မြန်မြန်တိုက်ပြီး ဒီပြဿနာကို အဆုံးသတ် လိုက်ရအောင်"

လင်းပေါင်က အေးစက်စွာပြောသည်။

"ဘယ်လောက်တောင် ကြီးကျယ်လိုက်လဲလို့"

ကောဝေ့က သူ့တစ်ကိုယ်လုံးရှိ အတွင်းအား စွမ်းအင်များကို စုစည်းလိုက်သည်။ လင်းပေါင်က စွမ်းအင်အရာတွင် သူ့ထက်သာသည်ကို သိသော်လည်း လင်းပေါင်၏ မောက်မာသော စကားများက သူ့အား ဒေါသထွက်စေသည်။

လူနှစ်ယောက် စတင် တိုက်ခိုက်သည်နှင့် ကျန်လူများမှာ လုံးထွေးနေသော အနက်ရောင် အရိပ် နှစ်ရိပ်ကိုသာ ရိုးတိုးရိပ်တိပ် မြင်ကြရသည်။ လက်သီးထိုးချက်များ၊ ခြေကန်ချက်များက လေထုကိုပင် ကွဲအက်စေပြီး ဤ ပရမ်းပတာ အခြေအနေအလယ်မှ စွမ်းအင်လှိုင်းများက ဘေးဘီသို့ တခါတရံ ချော်ထွက် လာတတ်သည်။ မျက်တောင်တခတ် အတွင်းမှာပဲ ပန်းအိုးများ၊ စားပွဲများ၊ ကုလားထိုင်များနှင့် ဆိုဖာများပင် မကျန် အပျက်အစီးပုံ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

"ဒါက အတွင်းအား စွမ်းအင် ဆိုတာလား ကြောက်ဖို့ကောင်းလွန်းတယ်"

ကျိုးထျန်ဟောက်၏ အသံက တုန်ယင်နေပြီး ကျောပြင်မှ ချွေးစေးများက စီးကျလာကြသည်။ မတိုင်ခင်က သူဘယ်လောက်ထိ အတွေ့အကြုံနည်းခဲ့မှန်း သဘောပေါက်လာသည်။ ချူကျိုးမြို့တွင် သူ့ခြေသူ့လက် ဖြစ်နေခဲ့သော ကာလများအတွင်း ဘယ်သူကမှ သူ့ကို ထိခိုက်အောင် မလုပ်ဝံ့ဟူ၍ အထင်ရောက်ခဲ့ဖူးသည်။ တဖက်တွင်တော့ အမှန်တကယ် ခွန်အားကြီးသူများက အရာအားလုံးကို လက်သီးတချက်နှင့် ဖြေရှင်းနိုင်စွမ်း ရှိနေခဲ့သည်။

"ဒီကိစ္စတွေ ပြီးသွားရင် အတွင်းအား စွမ်းအင်ကို သုံးနိုင်တဲ့ သက်တော်စောင့် တစ်ယောက်တော့ ရှာဖို့ လိုနေပြီ မဟုတ်ရင် ညဘက်တွေ အိပ်ပျော်နိုင်တော့မယ် မထင်ဘူး"

ကျိုးထျန်ဟောက်က ရေရွတ်လိုက်မိသည်။ တစ်ချိန်တည်းမှာပဲ ယခုတိုက်ပွဲ၌ ဆရာကော နိုင်ဖို့သာ မျှော်လင့်ရပေမည်။ မဟုတ်ပါက သူအနေနှင့် မနက်ဖြန် ဆိုတာ ဘာမှန်းမသိလိုက်ရဘဲ သေဆုံးသွားရပေမည်။

ထိုစဉ်မှာပဲ ကျယ်လောင်လှသော အသံတစ်ခုက ကျိုးထျန်ဟောက်အား အတွေးထဲမှ လှုပ်နှိုးလိုက်သည်။ တိုက်ခိုက်နေသူ နှစ်ယောက်ကား လူချင်း ကွဲသွားကြပြီး တစ်ယောက်က မတ်မတ်ရပ်နေ‌နိုင်သေးချိန်တွင် နောက်တစ်ယောက်ကတော့ ဒဏ်ရာ ရသွားပုံပေါ်ပြီး အနိုင်နိုင် ကြိုးစား၍ မတ်တတ်ရပ်နေရလေသည်။

လူတိုင်း အံ့ဩသွားရသည်မှာ ဖြူဖျော့စွာ ကြိုးစား မတ်တတ်ရပ်နေရသူက ဆရာကော ဖြစ်နေခြင်းပင်။

ဆရာကောက မထိန်းချုပ်နိုင်စွာ တုန်ယင်နေပြီး သွေးစတချို့က သူ့ပါးစပ်နားတွင် ရှိနေသည်။ သို့သော် သူက သုတ်မပစ်ပေ။ ဆရာကောက လင်းပေါင်အား အရုပ်ဆိုးစွာ စိုက်ကြည့်လိုက်ပြီး ..။

"ငါမင်းရဲ့ ခွန်အားကို လျော့တွက်မိသွားတာပဲ မင်းက အတွင်းအားစွမ်းအင်ရဲ့ ထူးကဲသော အောင်မြင်မှု အဆင့်ကိုတောင် ရောက်နေပြီ ဂုဏ်ပြုပါတယ်"

ပြင်းထန်သော တိုက်ပွဲပြီးသည့် နောက် လင်းပေါင်က အနည်းငယ် ပင်ပန်းသွားရုံက လွဲပြီး ဒဏ်ရာ မရပေ။ သူက မောက်မာစွာ ရပ်နေပြီး ပြောလိုက်သည်။

"လူတစ်ယောက်က ပြင်းထန်တဲ့ ဖိအားတွေ မရှိရင် လျင်လျင်မြန်မြန် မတိုးတက်နိုင်ဘူး ငါက တိုင်းတပါးမှာ သိုင်းပညာလမ်းစဉ်ရဲ့ ဆရာတစ်ဆူနဲ့ ကံကောင်းထောက်မပြီး တွေ့ခဲ့ရတယ် သူ့လက်အောက်မှာပဲ ဆယ်စုနှစ် တစ်ခုလောက် ကြာအောင် နေ့မအား ညမအား လေ့ကျင့်ခဲ့တယ် ဆရာ့ရဲ့ လမ်းညွှန်မှုအောက်မှာ ထူးကဲသော အောင်မြင်မှု အဆင့်ကို ရောက်ရှိနိုင်ခဲ့တယ် မြို့တော်ထဲမှာပဲ နေနေတာက မင်းကို ပျော့ညံ့ပြီးရင်း ပျော့ညံ့လာစေတယ် နှစ်တွေအများကြီး လေ့ကျင့်လာတာတောင် မင်းက အခြေခံ အောင်မြင်မှုအဆင့်ကိုပဲ ရောက်တယ် တကယ်လို့ မင်းက ငါနဲ့ အဆင့်တူမှာ ဆိုရင်တောင် ငါက မင်းကို အနိုင်ရဦးမှာပဲ"

"သိုင်းပညာလမ်းစဉ်ရဲ့ ဆရာတစ်ဆူ လက်အောက်မှာ လေ့ကျင့်ခဲ့တာလား အံ့ဩစရာ မရှိတော့ပါဘူး"

ကောဝေ့၏ မျက်နှာက ပို၍ ဖြူဖျော့သွားသည်။ သူက ဖြစ်နိုင်လျှင် ဤပြဿနာကြီးထဲမှ နှတ်ထွက်ချင်နေပြီ ဖြစ်သည်။

အဖြစ်အပျက်၏ အပြောင်းအလဲများကို ကြည့်နေရင်း ကျိုးထျန်ဟောက်က ဘာလုပ်ရမှန်း မသိတော့ပေ။ လင်းပေါင်က သူ့ဘက်သို့ လှည့်လာသည်ကို မြင်လိုက်ရသောအခါ သူက အော်လိုက်သည်။

"အခုလုပ်တော့"

ကျိုးထျန်ဟောက် အနောက်တွင် ရပ်နေသော သက်တော်စောင့် နှစ်ယောက်မှာ ဈေးကြီးပေး ငှားထားရခြင်း ဖြစ်ပြီး သက်တော်စောင့် လောကတွင် အလွန် ကျော်ကြားသူများလည်း ဖြစ်သည်။ ထိုသူများက ကျိုးထျန်ဟောက်၏ နောက်ဆုံး ဝှက်ဖဲဆိုလည်း မမှားပေ။

သက်တော်စောင့် နှစ်ယောက်က သေနတ်များဆီသို့ လက်လှမ်းလိုက်ကြသည်။ သို့သော်လည်း သူတို့ထက်မြန်သော လင်းပေါင်က ကြမ်းပြင်ပေါ်ရှိ တူတစုံကို ကောက်ယူလိုက်ကာ သက်တော်စောင့် နှစ်ယောက်ထံသို့ လျင်မြန်စွာ ပစ်လိုက်ရာ သေနတ်ကိုင် လက်များသို့ တိကျစွာ ထိမှန်လေသည်။

"အား"

သက်တော်စောင့် နှစ်ယောက်က နာကျင်စွာ အော်လိုက်ကြပြီး သေနတ်များက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ တူတစုံကတော့ သက်တော်စောင့် နှစ်ယောက်၏ လက်တစ်ဖက်စီအား တုတ်ချင်းပေါက်လျက်ရှိသည်။

လင်းပေါင် တတိယထပ်သို့ ရောက်ရှိလာသည်မှာ ဆယ်မိနစ်ခန့်သာ ရှိသေးသော်လည်း ကျိုးထျန်ဟောက်နှင့် ပါလာသော လူအားလုံး နီးပါးကတော့ ကြမ်းပြင်ပေါ် လှဲနေကြရပြီ ဖြစ်သည်။ အခုထက်ထိ ဒဏ်ရာ မရသေးသူဆိုလို့ အားပျောင်နှင့် ဈေးကြီးသော လက်ဖက်ရည်ကို အေးအေးဆေးဆေး အရသာခံ‌ သောက်နေသော ချန်းဖန် နှစ်ယောက်သာ ရှိတော့သည်။

လင်းပေါင်က ထိုနှစ်ယောက်အား တစ်ချက်ပင် လှည့်မကြည့်ဘဲ ကျိုးထျန်ဟောက် ဆီသို့သာ တန်းတန်းမတ်မတ် လျှောက်လာလေသည်။

လင်းပေါင်က သူနှင့် နီးလာလေလေ ကျိုးထျန်ဟောက်၏ မျက်နှာက ပိုမို သွေးဆုတ်လာလေလေ ဖြစ်သည်။ ကျိုးထျန်‌ဟောက်က ခြေထောက်များပင် မခိုင်တော့သော်လည်း စကားနှင့် သိမ်းသွင်းဖို့တော့ မမေ့ပေ။

"အကိုလင်း အတိတ်ကို အတိတ်မှာပဲ ထားခဲ့ကြရအောင် အခု ကျွန်တော်တို့ အလုပ်အကြောင်းပဲ ပြောကြရအောင်လား အကိုလင်းက သိုင်းပညာရှင် တစ်ယောက် ဖြစ်နေပြီ ဆိုမှတော့ ကျွန်တော်နဲ့ မပူးပေါင်းချင်ဘူးလား ကျွန်တော် ပိုင်ဆိုင်သမျှရဲ့ တစ်ဝက်တိတိကို အကိုလင်းကို ခွဲပေးပါ့မယ် အကိုလင်း ဘာထပ် လိုချင်သေးလဲ"

"အဟက်.. မင်းရဲ့ ပိုက်ဆံတွေကို ငါက စိတ်ဝင်စားမယ်များ ထင်နေလား"

လင်းပေါင်က သူ့ခြေလှမ်းများကို ရပ်တန့်မည့်ဟန် မရှိပေ။

အားပျောင်က သူဌေးဖြစ်သူကို ကာကွယ်ရန် ရှေ့တက်လာသော်လည်း လင်းပေါင်က ပျင်းရိပျင်းတွဲ လက်တချက် ဝှေ့ယမ်း လိုက်သည်တွင် လွင့်ထွက်သွားသည်။

"ငါ နိုင်ငံခြားမှာ နေခဲ့တဲ့ နှစ်တွေအတွင်း မင်းထက်မများရင်တောင် မနည်းတဲ့ ပိုက်ဆံတွေ ရှာနိုင်ခဲ့တယ် ကျိုးထျန်ဟောက် မင်းအတွက် လွတ်လမ်း မရှိတော့ဘူး"

လင်းပေါင်က ကျိုးထျန်ဟောက်၏ မျက်နှာအား လက်ပြန်ရိုက်ချလိုက်သည်။

"အကိုလင်း အကိုလင်း ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်တကယ်ကို တောင်းပန်ပါတယ်"

ကျိုးထျန်ဟောက်က ဒူးထောက်ချလိုက်သည်။

"ကျွန်တော်က အခု ဝေ့မိသားစုအတွက် အလုပ်လုပ်ပေးနေတာ သိတယ်မလား ကျွန်တော့်သူဌေးက ဝေ့ဆန်းယဲ့ တကယ်လို့ ကျွန်တော်သာ သေသွားရင် သူဌေးက ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး"

"ဝေ့မိသားစု အိုး ငါအရမ်း ကြောက်တာပဲကွာ"

လင်းပေါင်က ဂရုမစိုက်စွာ ပြောသည်။

"ငါမင်းကို အခု တစ်ခုခု လုပ်ပြီး နောက်လေယာဉ်နဲ့ နိုင်ငံခြားကို ပြန်မယ် ဒီလိုဆို ဝေ့မိသားစုက ဘာများ လုပ်နိုင်ဦးမလဲ သိချင်မိသား"

"အကိုလင်း ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ ကျွန်တော်မှားမှန်း သိပါပြီ ကျေးဇူးပြုပြီး"

ကျိုးထျန်ဟောက်မှာ ‌ကြောက်ရွံ့မှုကြောင့် အသိစိတ် လွတ်ထွက်မတတ် ဖြစ်နေပြီး လင်းပေါင်အား ရှိခိုး ဦးချမတတ် တောင်းပန်နေသည်။

ကျိုးထျန်ဟောက်က ရက်စက်တတ်ပြီး ဉာဏ်များသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်သော်လည်း သေမှာကိုတော့ အရာအားလုံး ထက် ပိုကြောက်ပေသည်။ အမြဲတမ်း အမြင့်တနေရာမှာ နေခဲ့သူက အကျနာမှာကို ကြောက်သလိုမျိုးပင်။

"ဟား.. ဟား.. ဟား"

လင်း‌ပေါင်က အားပါးတရ ရယ်လိုက်သည်။ တချိန်က သူ့ဘဝကို နင်းချေ ဖျက်ဆီးခဲ့သော သူ့ပြိုင်ဘက်က သူ့ရှေ့တွင် ဒူးထောက်လျက် ခွေးတစ်ကောင်လို တောင်းပန်နေသည်။

ကောဝေ့က သူ့ရင်ဘတ်သူ ဖိလျက် ကျိုးထျန်ဟောက်အား ကယ်တင်ရန် ကြိုးစားလိုသော်လည်း သူက မတ်တတ်ရပ်ဖို့ပင် အနိုင်နိုင် ကြိုးစားနေရသည်။ ကောဝေ့ တီးတိုး ရေရွတ်လိုက်မိသည်။

"အားလုံးက ငါ့အပြစ်တွေပါ ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်မကြီးခဲ့သင့်ဘူး"

အားပျောင်က ကျိုးထျန်ဟောက် ဒူးထောက် နေသည်ကို မြင်ရသောအခါ ကိုယ့်သူဌေးကို မကာကွယ်နိုင်မှုကြောင့် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ သူက အတွင်းအား စွမ်းအင်ကို အစောကြီး ကတည်းက လေ့ကျင့်ထားနိုင်ခဲ့လျှင် သူ့သူဌေးက ဒီနေ့လို အခြေအနေမျိုး ဖြစ်လာရမည် မဟုတ်ပေ။

ရုတ်တရက် ကျိုးထျန်ဟောက်၏ အနောက်မှ တက်ကြွနေသော အသံတစ်သံကို လူအားလုံး ကြားလိုက်ရလေသည်။

"ဒီလို လုပ်ရအောင် သူဌေးကျိုး ခင်ဗျား ကျွန်တော့်ကို ယွမ်ဆယ်သန်း ပေးမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ကယ်ပေးမယ်လေ ဘယ်လိုလဲ"

***

All Chapters