← Chapters

သေစေနိုင်သောလက်နက် (သို့မဟုတ်) 'လေ'

Vol. 1 Ch. 22

သေစေနိုင်သောလက်နက် (သို့မဟုတ်) 'လေ'

Vol. 1 Ch. 22

"ဘယ်သူလဲ"

လင်းပေါင်က ရယ်နေတာကိုရပ်ပြီး အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။ သူက ပြတင်းပေါက်ဘေးတွင် ရပ်နေသော ငယ်ရွယ်သော ကောင်‌လေးတစ်ယောက်၏ ကျောပြင်ကိုသာ မြင်ရသည်။ ထိုလူငယ်က ပတ်ဝန်းကျင်ရှိ အသက်လု တိုက်ပွဲများအား အနည်းငယ်မျှ စိတ်မဝင်စားသည့်အလား ရေကန် ရှုခင်းများကိုသာ ပြတင်းတံခါးမှ တစ်ဆင့် ငေးကြည့်နေသည်။

"မင်းက ဘယ်သူလဲ"

‌လင်းပေါင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ သူက တတိယထပ်သို့ စရောက်လာစဉ်ကတည်းက ထိုကောင်လေးအား မြင်သည်။ သို့သော် ကောဝေ့၊ ကျိုးထျန်ဟောက်နှင့် သေနတ်သမား နှစ်ယောက်အား အာရုံစိုက်နေရသဖြင့် ထိုကောင်လေးအား သတိမထားဖြစ်ခဲ့။

သူ၏ ခွန်အား အစစ်အမှန်ကို မြင်ပြီးတာတောင် အခုလို ဝင်ပြောရဲပုံ ထောက်လျှင် ထိုကောင်‌လေး၌ ဝှက်ဖဲ တစ်ခုခုတော့ ရှိရပေမည်။

လင်းပေါင်ကား နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်ခဲ့ခြင်းမှာ သိုင်းပညာ စွမ်းရည်ကြောင့်သာ မဟုတ်ဘဲ အမြင်စူးရှပြီး သတိကြီးခြင်းကြောင့်လည်း ဖြစ်သည်။ သူ့ရှေ့မှ လူငယ်လေးက သာမန်ဟုသာ ထင်ရသော်လည်း သူက သတိကြီးကြီး ထားသည်။

"ဘယ်လိုလဲ သူဌေးကျိုး ခင်ဗျားသာ သဘောတူရင် ကျွန်တော်က ဒီအနာရွတ်နဲ့ လူကို အခုပဲ အဆုံးသတ်ပေးမယ်"

ချန်းဖန်က ထပ်ပြောလိုက်သည်။

ကျိုးထျန်‌ဟောက်က ချန်းဖန်၏ ရုတ်တရက် ကမ်းလှမ်းမှုကြောင့် ရှောခ့်ရနေ‌သည်။ သူ့ခြေထောက်များက ကြမ်းပြင်တွင် ကော်ကဲ့သို့ ကပ်နေပြီး သဘောတူရနိုးနိုး၊ မတူရနိုးနိုး ဝေခွဲမရ ဖြစ်နေသည်။

ကျိုးထျန်ဟောက်၏ အသိစိတ်က ကောဝေ့နှင့် သေနတ်သမား နှစ်ယောက်ပင် မယှဉ်နိုင်သူကို ချန်းဖန်လည်း ယှဉ်နိုင်မှာ မဟုတ်ဟု တွေးမိသည်။ သို့သော် သူ၏ မသိစိတ်ထဲတွင်တော့ ချန်းဖန်က သူ့ကို ကယ်တင်နိုင်ရန် မျှော်လင့်နေမိသည်။ မည်သို့ပင်ဆိုစေ သူကား ရေနစ်နေသူ ဖြစ်ပြီး ချန်းဖန်က ကော်ရိုးတစ်မျှင်ပင် ဖြစ်လင့်ကစား နောက်ဆုံး မျှော်လင့်ချက်လေးကို သူက လက်မလွှတ်လိုပေ။

"ဘယ်လို မင်းပြောတာက ငါ့ကို အဆုံးသတ်မယ်တဲ့လား"

လင်းပေါင်လို သတိကြီးသောသူပင် ချန်းဖန်၏ မောက်မာလွန်းသော စကားများကြောင့် ဒေါသထွက်ရ၏။ ဒေါသကြောင့် မူလကပင် အနာရွတ်ကြောင့် အရုပ်ဆိုးနေသော မျက်နှာမှာ ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။

ချန်းဖန်က လင်းပေါင်ကို ခပ်ချေချေ အကြည့်တစ်ချက် ပေးလိုက်သည်။

"ကောင်းပြီ မင်းက အခု ဘယ်အဆင့်မှာလဲ ထူးကဲသော အောင်မြင်မှုအဆင့် ဟာသပဲ မင်းဆရာကိုယ်တိုင် ဒီကို ရောက်လာရင်တောင် ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး မင်းဆိုရင်တော့.."

"မင်း ပြောရဲတယ်"

လင်းပေါင်၏ မျက်နှာကြီးက ပို၍ ခက်ထန်လာသည်။ သတ်ဖြတ်လိုသော အရိပ်အငွေ့များက သူ့မျက်ဝန်းများထဲ တောက်လောင်လာ၏။

လင်းပေါင်အတွက် သူ့ဆရာက နတ်ဘုရားလို တည်ရှိမှုမျိုး ဖြစ်သည်။ သူ့ ဆရာကား အယောက်တစ်ရာနှင့် တစ်ယောက် ယှဉ်တိုက်လျှင်ပင် အရှုံးမရှိသောသူ ဖြစ်သည်။ ဘယ်လို အခြေအနေမျိုးတွင် ရှိနေပါစေ သူ့ဆရာ ထိခိုက် ဒဏ်ရာရတာမျိုးကို သူတခါမှ မမြင်ဖူးခဲ့။ တရုတ်ပြည်ပြင်ပတွင်ပင် သူ့ဆရာက လူတိုင်း၏ လေးစားခြင်းကို ခံရသူဖြစ်ရာ ချန်းဖန်၏စကားများက သူ့အား အလွန်အမင်း ဒေါသထွက်စေသည်။

"ဒီနေ့ မင်းကိုငါ အပိုင်းပိုင်း ဆုတ်ဖြဲပြီး ရေကန်ထဲက ငါးတွေကို ကျွေးပစ်မယ်"

လင်းပေါင်၏ မျက်နှာကြီးကပင် ကြောက်မက်ဖွယ် ကောင်းလှရာ သွားကြားထဲကထွက်သော လေသံနှင့် ခြိမ်းခြောက်စကားများကို ထပ်ပေါင်း ထည့်လိုက်သော် ကြားရသူအပေါင်းကို ခေါင်းမွှေးများ‌ထောင်သွားစေသည်။

အခုလေးတွင် မတ်တတ်ရပ်နိုင်တော့မည် ဆရာကောမှာ ချန်းဖန်၏ မထီမဲ့မြင် ရန်စမှုများကြောင့် သွေးတစ်ပွက် အန်လိုက်ရပြီး မျက်နှာကြီး ရှုံ့မဲ့သွားသည်။

"ဒီသောက်ကလေးက ဘာလုပ်နေတာတုံးဟ လင်းပေါင် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ မမြင်ရအောင် ကန်းနေလို့လား"

အားပျောင်မှာလည်း ချန်းဖန်၏ ဆောင့်ကြွားကြွား နိုင်လှသော အမူအယာနှင့် စကားများကြောင့် မူးမေ့လဲတော့ မတတ် ဖြစ်သွားရသည်။ ချန်းဖန်က အကြောက်အရွံ့ကင်းသော ဆယ်ကျော်သက်လေး ဖြစ်မှန်း သိသော်လည်း ကိုယ့်သေတွင်းကိုယ် တူးရလောက်အောင် တုံးအလိမ့်မည် လို့တော့ မထင်မိခဲ့ပေ။

ချန်းဖန်ကတော့ ဂရုမထားဟန်ဖြင့် မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလိုက်သည်။

"တကယ်ကြီးလား"

တစ်ဆက်တည်းမှာပဲ ချန်းဖန်က ပြတင်း‌ပေါက် အပြင်သို့ လက်လှမ်းလိုက်ပြီး တစ်စုံတစ်ရာကို ဆတ်ခနဲ ဆွဲယူလိုက်သည်။ ထိုအရာအား ဘယ်သူမှ မမြင်ရသေးခင်မှာပဲ ချန်းဖန်က လက်ချောင်းများ ကြားတွင် ညှပ်လိုက်ပြီး သူ့လက်ထဲတွင် ဓားတချောင်းရှိနေသည့်အလား ရင်ဘတ်နား တစ်ဝိုက်၌ လက်သ‌င်္ကေတ တချို့အား ကျင်လည်စွာ ပြုလုပ်လိုက်သည်။ ထို့နောက်သူက လက်မောင်းကို တစ်ချက်လှုပ်လိုက်ပြီး လက်ချောင်းများအား လင်းပေါင်ဆီသို့ ညွှန်ပြလိုက်လေသည်။

ချန်းဖန်၏ လက်ချောင်းများမှ ထွက်သွားသော အဖြူရောင် အလင်းတန်း တစ်ခုက လင်းပေါင်ထံသို့ ဦးတည် ပျံသန်းသွားသည်။ ထိုအရာက လေထုထဲမှ ဖြတ်သန်းသွားသော်လည်း ပြင်းထန်သော အရှိန်ကြောင့် ကြမ်းပြင်တွင်ပင် စွတ်ကြောင်းရာ တစ်ခုက အလင်းတန်းသွားရာ လမ်းတစ်လျှောက် ဖြစ်ပေါ်လာသည်။

လင်းပေါင်နှင့် ချန်းဖန်ကြားတွင် ရှိသော စားပွဲမှာ ထက်ခြမ်းခွဲ ခံလိုက်ရပြီး ကြမ်းပြင်ပေါ်ရှိ ဈေးကြီးသော ကောဇောက အလယ်တည့်တည့်မှ နေ၍ နှစ်ခြမ်း ကွဲထွက်သွားသည်။ အားကောင်းသော ထိုအလင်းတန်းက ကော်‌ဇောအား ဆက်တိုက် ဆက်ခွဲသွားပြီး လင်းပေါင်၏ ခြေထောက်နှင့် ထိလုထိခင်တွင် တန့်ခနဲ ရပ်တန့်သွားသည်။ ကော်ဇော၏ အကွဲရာမှာ ညီညာနေပြီး မသိရင် တစ်စုံတစ်ယောက်က ဓားနှင့် ‌အသေအချာ ခွဲထားသကဲ့သို့ပင်။

လင်းပေါင် အပါအဝင် လူအားလုံး အဖြစ်အပျက်ကြောင့် ရှောခ့်ရသွားပြီး အခန်းတလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားသည်။

"ဒီ .. ဒီကောင်လေးက.. လူ.. လူမှဟုတ်ရဲ့လား"

ကောဝေ့နှင့် လင်းပေါင်က ဘယ်လောက်ပဲ အစွမ်းထက်သည် ဆိုဦးတော့။ သူတို့နှစ်ယောက်၏ ခွန်အားက လူသားတစ်ယောက် တတ်နိုင်သည့် အကန့်အသတ် အတွင်း၌သာ ရှိသေးသည်။ သို့သော် ချန်းဖန်ကတော့ မတူပေ။ နှစ်လက်မခန့်ထူသော သစ်သားစားပွဲနှင့် အကောင်းစား ကော်ဇော်ထူထူကြီးကို တစ်ချက်တည်းနှင့် ခွဲပစ်ရလောက်အောင် ကြီးမားသော ခွန်အားကို ဘယ်လူတစ်ယောက်ကမှ လက်တစ်ချက်ဝှေ့ယမ်းရုံနှင့် ဖော်ထုတ်နိုင်မည် မဟုတ်ပေ။

"ဒါက မှော်ပညာမဟုတ်ဘူး ဒါ.. ဒါက အတွင်းအားစွမ်းအင်ပဲ"

ကောဝေ့က ပျက်စီးနေသော ကောဇောနှင့် ကြမ်းပြင်အား ကြည့်ရင်း အလေးအနက် ရေရွတ်လိုက်သည်။

"ငါကြားဖူးခဲ့တာ သိုင်းပညာလမ်းစဉ်ရဲ့ တကယ့် ဆရာသခင်တစ်ယောက်က သူ့ရန်သူကို ဆယ်ပေ အကွာကနေတောင် တိုက်ခိုက်နိုင်တယ်တဲ့ အရင်ကတော့ ဒါတွေက ဒဏ္ဍာရီသက်သက်ပဲလို့ ထင်ခဲ့တာ အခုတော့ ငါ့မျက်စိနဲ့ တပ်အပ် မြင်နိုင်ခဲ့ပြီ"

လင်းပေါင်က ‌ထိတ်လန့်စွာနှင့် နောက်သို့ ခြေတလှမ်း ဆုတ်လိုက်မိပြီး ထွက်ပေါက်သို့ တန်းနေအောင် ပြေးတော့သည်။ ချန်းဖန်က သာမန်လေထုကိုပင် ချွန်ထက်သော ဓားတစ်လက်အသွင်သို့ ပြောင်းနိုင်သည်ကို မြင်ပြီးကတည်းက သူ ထွက်ပြေးရတော့မည်မှန်း လင်းပေါင်သိလိုက်သည်။

သူက တရုတ်ပြည်သို့ လက်စားချေရန် ပြန်လာခဲ့သည်။ သို့သော် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် တွေ့လိမ့်မည်ဟု ဘယ်သူက ထင်ပါမည်နည်း။

လင်းပေါင်၏ ဆရာကလည်း ဆရာတဆူဖြစ်ရာ သူက အထွတ်အထိပ်အဆင့် ပညာရှင်များ၏ မမှန်းဆနိုင်သော စွမ်းအင်များစွာ အကြောင်း ကြားဖူးခဲ့သည်။ ထိုအဆင့်သို့ ရောက်နေသူများက သာမန်လေထုကိုပင် ချွန်ထက်၍ သေစေနိုင်သော လက်နက်များအသွင်သို့ ပြောင်းလဲနိုင်ကြပြီး ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ကြသည်။ အကယ်၍ ဒီနေရာတွင် ထူးကဲသော အောင်မြင်မှုအဆင့်ရှိ လူဆယ်ယောက် ရှိနေလျှင်ပင် အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်၏ ပြိုင်ဖက် မဟုတ်သေးပေ။

"ကြောက်စရာ ကောင်းလွန်းတယ် အသက်လေးက ငယ်ငယ်လေးနဲ့ ဒီအဆင့်တောင် ရောက်နေပြီ ငါ့ဆရာလို ပါရမီရှင်မျိုးတောင် အဲ့အဆင့်ကို ရောက်ဖို့ နှစ်ငါးဆယ်လောက် ကျင့်ကြံခဲ့ရတယ် မဖြစ်ဘူး ဒီကောင်လေး အကြောင်း ငါ့ဆရာကို အသိ‌ပေးမှ ဖြစ်မယ် "

အတွေးနှင့်အတူ လင်းပေါင်က အရှိန်မြင့်၍ ပြေးလိုက်သည်။ သို့သော်လည်း ချန်းဖန်၏ အေးစက်စက် အသံက ထွက်ပေါ်လာသည်။

"ထွက်ပြေးဖို့က နောက်ကျလွန်းနေပြီလို့ မထင်ဘူးလား"

ချန်းဖန်က သူ့ရင်ဘတ်တစ်ခုလုံး ဖောင်းလာသည်အထိ လေများကို ရှုသွင်းလိုက်သည်။ ထို့နောက် အဆုတ်တစ်ခုလုံး အတွင်း၌ သိုလှောင်ထားသော လေများအား တစ်ချက်တည်းနှင့် ပြန်လည် မှုတ်ထုတ်လိုက်သည်။

အဖြူရောင် အလင်းတန်းတစ်ခုက လေထုထဲတွင် ဖြစ်ပေါ်လာပြီး ကျည်ဆန် တစ်ခုကဲ့သို့ လင်းပေါင်ထံ ပြေးဝင်သွားသည်။ အလင်းတန်းက မမှန်းဆနိုင်လောက်အောင် မြန်သော အရှိန်နှင့် လေထုကို ဖြတ်သန်းသွားပြီး လင်းပေါင်၏ ကျောပြင်သို့ တိကျစွာ ထိမှန်လေသည်။

လင်းပေါင်က ကြီးမားသော တူကြီးတစ်ခုက သူ့ကျောပြင်သို့ လာရောက် ထိမှန်သည့်ပမာ ခံစားလိုက်ရပြီး ဟန်ချက် ပျက်သွားကာ အရှိန် မထိန်းနိုင်တော့ပေ။ အရှေ့တွင် ရှိနေသော နံရံအား အရှိန်နှင့် ဝင်ဆောင့်မိပြီး ကြမ်းပြင်ပေါ် လဲကျသွားလေ၏။

"သူက လေကို ရှုသွင်း လိုက်ရုံလေးနဲ့ ဒီလောက် အင်အားကြီးတဲ့ အတွင်းအား စွမ်းအင်ကို ထုတ်ဖော်နိုင်တယ်လား"

ကောဝေ့၏ အသံက တုန်ယင်လို့နေသည်။ သူက ထိုလူငယ်လေး၏ ခွန်အားကို သံသဃ မဖြစ်ရဲတော့ပေ။

လူငယ်လေးက သာမန်အထက်တန်းကျောင်းသားလေး ဟုသာ ထင်ရသော်လည်း သိုင်းပညာလမ်းစဉ်၏ နက်နဲလှသော အထွတ်အထိပ် ပညာရှင် အဆင့်သို့ ရောက်ရှိနေလေပြီ။

သူ ကိုယ်တိုင် မြင်ရခြင်းသာ မဟုတ်လျှင် အထက်တန်းကျောင်းသား တစ်ယောက်က အထွတ်အထိပ် ပညာရှင်အဆင့်သို့ ရောက်ရှိနေခြင်းအား လုံးဝ ယုံကြည်နိုင်မည် မဟုတ်ပေ။ အသက် သုံးဆယ်အရွယ် အထွတ်အထိပ် ပညာရှင်အဆင့် တစ်ယောက်ကပင် နှစ်တစ်ရာတွင် တစ်ယောက် ပေါ်ထွန်းသော ပါရမီရှင်ဖြစ်ရာ ဆယ်ကျော်သက်အရွယ် ဆိုသည်ကား .. ။

အဖြစ်အပျက်ကြောင့် ကြက်သေသေနေသော ကျိုးထျန်ဟောက်က သတိပြန်ဝင်လာပြီး ကြိုးစား မတ်တတ် ရပ်လိုက်ကာ မေ့မြောနေဆဲ ဖြစ်သော လင်းပေါင်ထံသို့ အပြေးသွားလိုက်သည်။ သူက လင်းပေါင်အား အညှာအတာမဲ့စွာ ကန်လိုက်ပြီး ..။

"ခွေးကောင် လွန်ခဲ့တဲ့ နှစ်တွေက မင်းကိုငါက ဖျက်ဆီးနိုင်မှတော့ အခုလဲ လုပ်နိုင်တယ်ကွ ဟား..ဟား.. ဟား.. ငါမင်းကို သတ်ပစ်မယ်"

ထိုစဉ်မှာပဲ စိတ်မပါ လက်မပါ အသံတစ်သံက ထွက်ပေါ်လာသည်။

"လင်းပေါင်က မသေသေးဘူး မေ့နေရုံပဲ သူ့ကို သွားမနှိုးနဲ့"

ကျိုးထျန်ဟောက်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး သူ့မျက်နှာပေါ်က အပြုံးကလည်း တစ်ဝက်တစ်ပျက်နှင့် အေးခဲသွားသည်။ သူက နောက်သို့လှည့်ပြီး ပြောလိုက်သည်။

"အကိုချန်း မဟုတ်ဘူး မဟုတ်ဘူး ဆရာချန်း .. သူ့ကိုဘာလို့ တစ်ခါတည်း မသတ်လိုက်တာလဲ"

ချန်းဖန်က မျက်ခုံးပင့်လိုက်သည်။

"သူ့ခွန်အားကို မင်းလည်း မြင်တာပဲ ငါက သူ့ကို တစ်ချက်တည်းနဲ့ ဘယ်လို သတ်နိုင်မှာလဲ"

ချန်းဖန်က လင်းပေါင်ဆီသို့ လျှောက်သွားလိုက်ပြီး လင်းပေါင်၏ ခန္ဓာကိုယ်ရှိ နေရာတချို့အား လက်နှစ်ချောင်းကို အသုံးပြု၍  ထိုးစိုက်လိုက်သည်။ ထို့နောက် သူက ပြောသည်။

"သူ့ရဲ့ ချီပင်လယ်ကို ပိတ်ဆို့လိုက်ပြီ ခဏတဖြုတ်တော့ အတွင်းအား စွမ်းအင်ကို သုံးနိုင်မှာ မဟုတ်ဘူး အခုသူ့ကို မင်းဆီ လွှဲလိုက်ပြီ"

" ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ဆရာချန်း ကျွန်တော် ဆရာ့ကို အကျွေးတင်သွားပြ‌ီ"

ကျိုးထျန်ဟောက်က ချန်းဖန်အား ကပ်ဖားရပ်ဖား ပြုံး၍ ပြောလိုက်သည်။ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဆယ်ကျော်သက်လေး တစ်ယောက်အား ဖားယားနေခြင်းမှာ ဘေးမှ ကြည့်နေသူများအား ထူးထူးဆန်းဆန်းကြီး ခံစားရစေသည်။

ကျိုးထျန်ဟောက် အကြောင်း သိသော လူနည်းစုကမူ ကြမ်းတမ်းလှသော စီးပွားရေး လောကအတွင်း ကျိုးထျန်‌ဟောက် တစ်ယောက် အောင်အောင်မြင်မြင် ရပ်တည်နိုင်ခြင်းမှာ သူ၏ အတုမရှိသော ဖားယားခြင်း‌ စကေးကြောင့် ဖြစ်ကြောင်း သိကြသည်။

ကျိုးထျန်ဟောက်က ချန်းဖန်အား သူ့လက်အောက်သို့ သိမ်းသွင်းရန် ကြိုးပမ်းနေခြင်းပင်။ ထိုသို့ဆိုပါက သိုင်းပညာရှင်များ၊ သူ့အား လက်စားချေလိုသော ရန်သူများ၏ ရန်အား တွေးပူနေစရာ မလိုတော့ပေ။ သူ့အသက်အား ရန်ရှာလိုပါက ချန်းဖန်အား အရင် ကျော်ဖြတ်နိုင်မှ ရပေမည်။ ဒါက ကျိုးထျန်ဟောက်၏ အတွေးဖြစ်သည်။

"ဆရာချန်း လင်းပေါင်ရဲ့ ချီပင်လယ်ကို ပိတ်ဆို့ထားတာက သူ အတွင်းအား စွမ်းအင်ကို ထုတ် မသုံးနိုင်တော့အောင် တကယ်ပဲ တားဆီးနိုင်တာလား"

ကောဝေ့က သိလိုစွာမေးလိုက်သည်။

လက်တွေ့ဘဝက အတွင်းအားစွမ်းအင် ဆိုသည်မှာ ဝူရှဝတ္ထုများထဲကလို မရိုးရှင်းပေ။ နာမည်ကြီး သိုင်းဇာတ်လမ်းတွဲများ ထဲကလို အတွင်းအားစွမ်းအင်က ဒန်တျန်ထဲမှာပဲ တစုတစည်းတည်း ရှိနေခြင်းမျိုး မဟုတ်ပေ။ ထို့ကြောင့် သီအိုရီအရဆိုလျှင် တစုံတစ်ယောက်၏ ချီပင်လယ်ကို ပိတ်ဆို့လိုက်ရုံနှင့် အတွင်းအား သုံးလို့မရတော့အောင် တား၍ ရ၊ မရဆိုတာက ပြောရခက်ပေသည်။

"အင်း ကျွန်တော်က သူ့ရဲ့ အဓိက ချီဆုံမှတ် တချို့ကို ပိတ်ဆို့ထားတယ် ဒီတော့ အချိန်တစ်ခုအတွင်း အတွင်းအားစွမ်းအင်ကို သူလုံးဝ သုံးနိုင်မှာ မဟုတ်ဘူး"

ချန်းဖန်က ရှင်းပြလိုက်သည်။ ကောဝေ့ကတော့ ရှင်းပြကာမှ ပို၍ ရှုပ်ထွေးသွားသည်။ အဓိက ချီဆုံမှတ် ဆိုတာကြီးကို သူက ကြားပင်မကြားဖူးရာ သိလည်းမသိပေ။ သို့သော် သူက နားမလည်လေလေ ထိုကောင်လေးအား ပို၍ လေးစားလာလေလေ ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ အပေးအယူအရ ကျွန်တော့်တာဝန် ပြီးပြီ အခု ခင်ဗျား အလှည့်ပဲ"

ချန်းဖန်က ပြုံး၍ ပြောလိုက်သည်။

"အပေးအယူ"

ကျိုးထျန်ဟောက် ရုတ်တရက် တွေဝေသွားသော်လည်း ခဏအကြာ သူက တစုံတစ်ခုကို အမှတ်ရသွားပြီး သူ့ခေါင်းသူ ပြန်ရိုက်လိုက်သည်။

"ဟုတ်သားပဲ  ကျွန်တော်တို့ရဲ့ အပေးအယူ"

"စိတ်‌ချပါ ဆရာချန်း ကျွန်တော်က ဒီငွေ ဆယ်သန်းလောက်ကို မတွန့်တိုပါဘူး အခြေအနေအရ ကျွန်တော်က နှစ်ဆတောင် ပေးဦးမှာပါ နောက်ရက်ကျရင် ပိုက်ဆံကို ကျွန်တော်ကိုယ်တုင် ဆရာချန်းဆီ လာပို့ပေးပါ့မယ်"

ကျိုးထျန်ဟောက်က သူ့ရင်ဘတ်သူ ပုတ်လျက် အာမခံလိုက်သည်။ ငွေဆယ်သန်းက မနည်းလှသော်လည်း ချန်းဖန်လို လူတစ်ယောက်နှင့် မိတ်ဖွဲ့ရခြင်းက ငွေဆယ်သန်းမက တန်ပေသည်။

အားပျောင်လို သက်တော်စောင့်ကိုပင် ဈေးကြီးပေး၍ ငှားထားရခြင်း ဖြစ်ရာ ချန်းဖန်အတွက် ပိုက်ဆံတချို့ ရင်းနှီးရခြင်းက ပြဿနာမဟုတ်ပေ။

ထိုစဉ်မှာပဲ သတိလစ် မေ့မျောနေသော လင်းပေါင် တစ်ယောက် သတိပြန်လည်လာသည်။ သူက ချန်းဖန်အား ကြည့်ကာ အရုပ်ဆိုးစွာ ပြုံးလိုက်ပြီး.. ။

"ငါဒီနေ့ ရှုံးနိမ့်ခဲ့ရတယ် ဒါပေမဲ့ သတိတော့ ပေးခဲ့မယ် မင်းတို့ ငါ့ကို မသတ်ခင် ငါ့ဆရာရဲ့ ဒေါသကို ခံနိုင်ရည် ရှိမရှိ အရင်ဆုံး စဉ်းစားကြပေါ့"

ချန်းဖန်က သိလိုစွာ မေးလိုက်သည်။

"မင်းဆရာက အထွတ်အထိပ် အဆင့် ပညာရှင်တစ်ယောက်လား"

လင်းပေါင်က ခေါင်းညိတ်လိုက်သည်။ ချန်းဖန်ကတော့ ခြိမ်းခြောက်မှုအား စိုးစဉ်းမျှ ကြောက်ရွံ့ပုံမပေါ်ဘဲ ပြုံးကာ ပြောသည်။

"ကောင်းသားပဲ ဒီမတိုင်ခင်က အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်ကို တွေ့ခွင့် မကြုံခဲ့ဘူး မင်းဆရာက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်"

ထို့နောက် ချန်းဖန်က ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘဲ ပန်းခြံထဲသို့ လမ်းလျှောက်ထွက်သည့်အလား အေးအေးဆေးဆေးပင် တတိယထပ်မှ ထွက်ခွာသွားလေသည်။

"ဒါကမှ စစ်မှန်တဲ့ ဆရာတဆူပဲ"

အားပျောင်က လက်သီးတင်းတင်း ဆုပ်မိသည်။ တနေ့နေ့မှာတော့ သူသည်လည်း ချန်းဖန်ကဲ့သို့ လူတစ်ယောက် ဖြစ်လာနိုင်ရန် ဆန္ဒပြုမိ၏။

***

All Chapters