← Chapters

အားကစားခန်းမထဲက ရုတ်ရုတ်သဲသဲဖြစ်ရပ်

Vol. 1 Ch. 23

အားကစားခန်းမထဲက ရုတ်ရုတ်သဲသဲဖြစ်ရပ်

Vol. 1 Ch. 23

ကျွန်းပေါ်မှ ကမ်းစပ်သို့ ပြန်လာသော သ‌င်္ဘောပေါ်တွင် ထိုင်ရင်း ချန်းဖန် သက်ပြင်း ချလိုက်မိသည်။

"နောက်ဆိုရင် အရမ်းအားသုံးရတဲ့ တိုက်ခိုက်မှုတွေ သိပ်မလုပ်မှပဲ အခုတောင် ငါ့ရဲ့ ချီစွမ်းအင်တွေ သုံးပုံတစ်ပုံလောက် လျော့သွားတယ်"

မျက်စိတစ်မှိတ်စာ အတောအတွင်း သာမန်လေထုကို ဓားတစ်ချောင်းအသွင် ပြောင်းလဲ တိုက်ခိုက်ခြင်းမှာ မြန်ဆန် ထိရောက်သည့်အပြင် လူအထင်ကြီးစရာ ကောင်းလှသည်။ သို့သော်လည်း သုံးရသည့် စွမ်းအင်က မနည်းလှပေ။ ထိုတိုက်ကွက်အား ချီသန့်စင်မှု အခြေခံအဆင့်၏ အလယ်ဆင့်သို့ ရောက်ရှိနေသူများသာ အသုံးပြုနိုင်ပြီး ချန်းဖန်ပင် အများဆုံး နှစ်ကြိမ်သာ ဖော်ထုတ်နိုင်တာ ဖြစ်သည်။

"ကျိုးထျန်ဟောက် အထင်ကြီးသွားအောင် လုပ်ဖို့သာ မဟုတ်ရင် ဒီလို တိုက်ကွက်မျိုးသုံးပြီး ချီစွမ်းအင်ကို ဖြုန်းတီးမှာ မဟုတ်ဘူး သာမန် မှော်တိုက်ကွက်တစ်ခုကတင် လင်းပေါင်ကို အနိုင်ယူဖို့ လုံလောက်နေပြီ "

ချန်းဖန်က နှမြောတသစွာ ရေရွတ်လိုက်မိသည်။

"အရင်တုန်းက ငါ ချီသန့်စင်မှု အလယ်အလတ်အဆင့်( ဉာဏ်အလင်း စုဆောင်းခြင်းအဆင့်) မှာတုန်းက ဓားဉာဏ်အလင်းကို ရခဲ့ပြီး ပြင်းထန်တဲ့ ဓားအော်ရာ ဆယ်ခုကို တစ်ချက်တွေးလိုက်ရုံနဲ့ ထုတ်လွှင့်နိုင်ခဲ့တယ် ဓားအော်ရာတစ်ခုရဲ့ အရှိန်အဝါကတောင် လောလောဆယ်မှာ ငါထုတ်လွှင့်နိုင်တဲ့ ချီစွမ်းအင် အရှိန်အဝါထက် သာတယ်"

ထိုစဉ်မှာပဲ သင်္ဘောက ကမ်းသို့ ဆိုက်ကပ်သွားသည်။

နောက်တစ်နေ့မနက်တွင် ကျိုးထျန်ဟောက် ကိုယ်တိုင် ချန်းဖန်၏ အိမ်တံခါးဝသို့ ရောက်လာပြီး ယွမ်သန်းနှစ်ဆယ် ပါသော ဘဏ်ကဒ်အား ပေးလာသည်။ မနေ့ညက ချန်းဖန်၏ အကူအညီအတွက် အဖိုးအခ ဖြစ်သည်။

ချန်းဖန်က ထိုမျှလောက်သော ငွေပမာဏအတွက် စိတ်ထဲတွင် ဘယ်လိုမှ မခံစားရပေ။ ကျင့်ကြံသူ တစ်ယောက်အတွက် ငွေဆိုသည်က ကိန်းဂဏန်း အရေအတွက် တစ်ခုမျှသာ ဖြစ်သည်။

နေ့လည်ဘက် ချန်းဖန်ကျောင်းကိုရောက်တော့ ချန်ဝမ် ရောက်လာပြီး ဘတ်စ်ကတ်ဘော အသင်းအတွက် ကူညီပေးရန် ပြောလာပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ ချန်းဖန်က ငြင်းလိုက်သည်။

"လုပ်မပေးနိုင်ဘူး ဟာသပဲ ငါက နင့်ကို လုပ်မလား မလုပ်ဘူးလား မေးတာမဟုတ်ဘူး အမိန့်ပေးနေတာ"

ချန်ဝမ်က ရိုင်းပျစွာ ပြောလာသည်။

"ငါလည်း မလုပ်ပေးနိုင်ဘူး လို့ ပြောပြီးပြီလေ ဘတ်စ်ကတ်ဘော အသင်းကလူတွေ သူတို့ ဝေယျာဝစ္စကို သူတို့ ကိုယ်တိုင် လုပ်ပါစေ"

ချန်းဖန်က ပြန်ပြောလိုက်သည်။ ပထမတစ်ခေါက်က မကောင်းတတ်၍ ကူညီပေးခဲ့သော်လည်း ချန်ဝမ်၏ စိတ်နေ စိတ်ထားကို သိရှိပြီးနောက် ချန်းဖန်က သူမအား နောက်တစ်ကြိမ် မကူညီတော့ရန် ဆုံးဖြတ်ပြီးဖြစ်သည်။

"နင် တကယ် မလုပ်‌ပေးဘူးပေါ့"

ချန်ဝမ်၏ လေသံက အေးသထက် အေးစက်လာသည်။ သူမ ဒေါသထွက်သွားသည်မှာ ထင်ရှားသည်။

"မလုပ်ပေးဘူးဆို မလုပ်ပေးဘူးပဲ"

ချန်းဖန်ကလည်း ပြတ်သားစွာ ပြောလိုက်သည်။

"နင်က ကျောင်းရဲ့ အားကစား ဌာနကို လုံးဝ ဂရုမစိုက်တဲ့ သဘောလား"

ချန်ဝမ်က နောက်ဆုံးအနေနှင့် မေးလိုက်သည်။ သူမက ချမ်းသာသော မိသားစုက မမလေး တစ်ယောက် ဖြစ်သည့်အပြင် မျက်နှာလေးလှပြီး ဉာဏ်လည်း ကောင်းသောကြောင့် ဘယ်နေရာ သွားသွား လူတိုင်း၏ ဦးစားပေးမှုကို ခံရသည်။ ယောက်ျားလေး များစွာ၏ စိတ်ဝင်စားမှုကို ခံရသော်လည်း စီယင်းရှာလို အဖက်ဖက်က ပြည့်စုံသော မင်းသားလေးကိုသာ သူမနှလုံးသားအား ပုံအပ်ခဲ့သည်။ ချန်းဖန်ကဲ့သို့ တောမှ တက်လာသော ကျောင်းသားသစ်က သူမအား အာခံဝံ့လိမ့်မည်ဟု မထင်ခဲ့ပေ။

ချန်းဖန်က ထိုမိန်းကလေးနှင့် အချိန် ထပ်မဖြုန်းလိုတော့၍ ပြဌာန်းစာအုပ် တစ်အုပ်ကိုသာ ကောက်ဖတ်နေလိုက်သည်။

"ဟေး အရှုံးသမား အတန်းခေါင်းဆောင် မင်းကို ပြောနေတယ်လေ"

အရှေ့တန်းမှ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်က ချန်းဖန်ဆီသို့ ဒေါသတကြီး လျှောက်လာပြီး ပြောသည်။

ထိုကောင်လေး၏ အမည်မှာ ကျိရှင်းယွိ ဖြစ်ပြီး ကျောင်းအားကစား ကော်မတီ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အပြင် ဘတ်စ်ကတ်ဘော အသင်း၏ အစားထိုး ကစားသမားတစ်ဦးလည်း ဖြစ်သည်။ ကျိရှင်းယွိက အားကစားဌာနနှင့် ပတ်သက်လျှင် ဆတ်ဆတ်ထိ မခံတတ်သူလည်း ဖြစ်လေသည်။

ဆူဆူညံညံအသံများကြောင့် စီယင်းရှာက ချန်းဖန်တို့ဘက်သို့ မျက်မှောင်ကြုတ်လျက် လှည့်ကြည့်လာသည်။

"အဲ့ဒီ့တော့"

ချန်းဖန်က နားလည်ရခက်သော အပြုံးတစ်ခုနှင့် ပြန်မေးလိုက်သည်။

"မင်း.."

ကျိရှင်းယွိ၏ မျက်နှာက ဒေါသကြောင့် နီရဲသွားပြီး ချန်းဖန်ကို ထိုးရန် ရှေ့သို့ ပြေးလာလေသည်။ ကျန်းထန်ချိုးက အလန့်တကြားနှင့် နောက်မှ လှမ်းဆွဲထားလိုက်ရသည်။

"အကိုယွိ အကိုယွိ ကျွန်တော့် မျက်နှာကို ထောက်ပြီး သူ့ကို မထိုးပါနဲ့ သူက နယ်က ပြောင်းလာတဲ့ ကျောင်းသားသစ်လေး တစ်ယောက်ပါပဲ သူ့ကြောင့်နဲ့ ဘာလို့ အချိန်ဖြုန်းနေမှာလဲ"

ကျိရှင်းယွိအား ဖျောင်းဖျပြီးနောက် ကျန်းထန်ချိုးက ချန်းဖန်ကို လှည့်အော်လိုက်သည်။

"ဟေ့ကောင် ဘာလုပ်နေတာလဲ ထတော့ ငါနဲ့အတူ အအေးတွေ သွားဝေပေးရမယ် လာစမ်းပါ"

"ငါသွားမှာ မဟုတ်ဘူး မင်းအရမ်း စိတ်အား ထက်သန်နေရင် ကိုယ့်ဘာသာပဲ သွားကူညီလိုက်"

ချန်းဖန်က တည်ငြိမ်စွာပဲ ပြောလိုက်ပြီး ထိုင်ခုံ နောက်မှီကို မှီကာ အေးအေးဆေးဆေး ဆက်ထိုင်နေလေ၏။

"မင်းက မင်းကိုယ်မင်း ဘာကောင်ကြီးလို့ ထင်နေတာလဲ အသစ်ကောင်"

ကျိရှင်းယွိက ချန်းဖန်၏ ခေါင်းမာမှု‌ကို လှောင်ရယ်လိုက်သည်။

"ကျောင်းရဲ့ အားကစားဌာနကို ဆန့်ကျင်ခဲ့တဲ့ နောက်ဆုံး ကျောင်းသား ဘယ်လို အဆုံးသတ်သွားရလဲဆိုတာ မင်းသိပြီးလောက်မှာပါ မင်းလည်း သူ့လမ်းအတိုင်း မလိုက်မိဖို့ မျှော်လင့်ပါတယ်"

"ကြိုးစားကြည့်လေ"

ချန်းဖန်၏ အသံ‌က အလွန်အမင်း ပျင်းရိနေဟန်ပင် ရသည်။

အတန်းထဲရှိ လူအားလုံးက ကျောင်းသားသစ်၏ တည်ငြိမ်သော တုံ့ပြန်ပုံကြောင့် ဆွံ့အသွားကြရသည်။

ကျောင်းသားတိုင်း နားလည်ထားကြသည်က ကျောင်း၏ ဘတ်စ်ကတ်ဘော အသင်းမှာ သွားရှုပ်၍ ရသော အသင်းတစ်ခုမဟုတ် ဆိုတာပင်။ အသင်းဝင်များက လူကောင်ကြီးပြီး အရပ် ရှည်ကြသည်သာမက လုပ်နိုင်စွမ်းလည်း ရှိကြသည်။ စိတ်မှန်သော ဘယ်ကျောင်းသားမဆို ဘတ်စ်ကတ်ဘော အသင်းအား ဆန့်ကျင်ဖို့ တွေးကြလိမ့်မည် မဟုတ်ပေ။

"အသစ်လေးက အရမ်း ဘဝင်မြင့်လွန်းနေသလိုပဲ"

"ကျောင်းသားသစ်က ဆောင့်ကြွားကြွား နိုင်လိုက်တာ အဲ့တော့လည်း ဘာဖြစ်လဲ အဆုံးသတ်မှာတော့ သူက အာဏာမရှိတဲ့ တောသား တစ်ယောက်ပဲကို"

"အဲ့ကောင်က ခေါင်းထိထားတာလား ကျိရှင်းယွိနဲ့ ချန်ဝမ်ကိုတောင် ဂရုမစိုက်ဘဲ နေရ‌ဲတယ်"

ကျောင်းသား အများစုက ချန်းဖန်ထံသို့ ရောက်လာတော့မည့် ကံဆိုးမှုများအတွက် ကျိတ်၍ ဝမ်းသာနေကြသည်။

ကျောင်းစဖွင့်သည် နေ့ကတည်းက ချန်းဖန်က စကားပြောခဲပြီး ထိုနှုတ်နည်းမှုကပင် သူ့အား တသီးတခြား ဖြစ်နေစေခဲ့သည်။ ချန်းဖန်တွင် ကျန်းထန်ချိုးက လွဲပြီး တခြားသူငယ်ချင်း မရှိပေ။ ကျိရှင်းယွိနှင့် ချန်းဖန်တို့ ကတောက်ကဆ ဖြစ်လာသည့်အခါ ဘယ်သူကမှ ချန်းဖန်ဘက်မှ မရပ်တည်လိုကြပေ။ ကျန်းထန်ချိုးက ချန်းဖန်အား ဤပြဿနာထဲမှ ကယ်တင်လိုသော်လည်း ချန်းဖန်က လက်မခံခဲ့ရာ အခြေအနေက ပိုဆိုးသွားခဲ့သည်။

ဖြစ်ချင်တော့ ယနေ့ အတန်းချိန်များထဲမှ နောက်ဆုံးချိန်မှာ တိုက်ကွမ်ဒိုချိန် ဖြစ်သည်။ တိုက်ကွမ်ဒိုက စိတ်ကြိုက် ဘာသာရပ်များထဲမှ တစ်ခုဖြစ်ပြီး တက်ရောက်လိုသူများက နည်းပြကြေးနှင့် ယူနီဖောင်းဖိုး ပေးရန်လိုသည်။

အိုင်ဗွီ အထက်တန်းကျောင်း၏ ကျောင်းအုပ်က ကျောင်းသားများအား နိုင်ငံတကာ အဆင့်မီ သင်ကြားပေးလိုသောကြောင့် အားကစားချိန်များကို စိတ်ကြိုက် ဘာသာရပ်များနှင့် အမျိုးအစားများ ခွဲထားသည်။ ရေကူး၊ မာရသွန်၊ တိုက်ကွမ်ဒို စသည်ဖြင့် ကျောင်းသားများ အလိုရှိရာကို ရွေးချယ် တက်ရောက်နိုင်သည်။ ချန်းဖန်က ထိုအရာများအား တစ်ခုမှ စိတ်မဝင်စားသောကြောင့် စာအုပ်များ သိမ်းပြီး အလုပ်သို့သွားရန် ဆုံးဖြတ်လိုက်သည်။

ချန်းဖန်က သူဌေးယန်အား မနှစ်သက်သော်လည်း တခြားသော အလုပ်သမားများနှင့် အလုပ်အတူတူ လုပ်ရသည်ကိုတော့ နှစ်သက်ပေသည်။

"ဟေး  ဘယ်သွားမလို့လဲ တိုက်ကွမ်ဒိုအတန်း မတက်တော့ဘူးလား"

ကျိရှင်းယွိက ရန်စလိုသည့် အပြုံးတုတစ်ခုနှင့် လှမ်းမေးလာသည်။

"မင်းအလုပ် မဟုတ်ပါဘူး"

ချန်းဖန်က မျက်ခုံးပင့်ရင်း ပြန်ဖြေလိုက်သည်။

"အာ.. ဟုတ်သားပဲ မင်းက နည်းပြကြေးနဲ့ ယူနီဖောင်းဖိုး မပေးနိုင်ဘူး ထင်ပါတယ် စိတ်မပူပါနဲ့ မင်းအတွက် ငါပေးပေးပါ့မယ်"

ချန်းဖန်၏ မျက်လုံးများက အေးစက်စွာ ကျဉ်းမြောင်းသွားစဉ်မှာပဲ တစ်စုံတစ်ယောက်က စကားဖြတ်ပြောလိုက်သည်။ ချန်ဝမ်ပင်။

သူမက ချန်းဖန်အား အေးစက်စက် အကြည့်တစ်ချက်ပေးလိုက်ရင်း ပြောသည်။

"ငါမှတ်မိသလောက်ဆို မနက်က နင် နောက်ကျမှ အတန်းလာတက်တယ် အခုလည်း ဘယ်သူမှ မပြန်ရသေးခင် အစောကြီး ပြန်ဖို့လုပ်နေတယ် နင် တိုက်ကွမ်ဒိုအတန်းကို မတက်ဘဲ ‌ပြန်သွားရဲရင် ငါက ဆရာမရွှယ်ကို နင့်အကြောင်း တိုင်မယ်"

ချန်းဖန်က သူ့အား ဖိအားပေးနေသော အတန်းဖော် နှစ်ယောက်ကို နားလည်ရခက်သော အကြည့်တစ်ခုနှင့် ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးသည်။

"ကောင်းပြီလေ တိုက်ကွမ်ဒိုအတန်းကို ငါတက်ပါ့မယ်"

အိုင်ဗွီ အထက်တန်းကျောင်း၏ အားကစားခန်းမကား အလွန်ကျယ်ဝန်းပြီး သူဌေးကျောင်း ပီသစွာ ပစ္စည်းကောင်းများနှင့် တန်ဆာဆင်ထားသည်။ အားကစားခန်းမအား ကျောင်းရှိ အတန်းတိုင်း၊ အခန်းတိုင်းမှ ကျောင်းသားတိုင်း အသုံးပြုနိုင်ရန် ပြင်ဆင်ပေးထားသည်။

ကျန်းထန်ချိုးက အားကစားခန်းမနှင့် ပတ်သက်သည်များကို ချန်းဖန်အား ရှင်းပြသည်။

"ငါတို့ ကျောင်းမှာ တိုက်ကွမ်ဒိုအသင်းက နာမည်ကြီးတွေထဲက တစ်ခုပဲ အသင်းရဲ့ တည်ထောင်သူက နိုင်ငံတော်အဆင့် ပြိုင်ပွဲမှာ ဒုတိယဆု ရဖူးတယ် သူက ခါးပတ်နက် အဆင့်ငါး‌လေ သူတိုက်ကွမ်ဒို ကစားပြတာကို မင်းမြင်ရင် အရမ်းသဘောကျမှာ သူက အရမ်းမိုက်တာကွ"

ထို့နောက် ကျန်းထန်ချိုးက တစ်ခုခုကို တွေးမိသွားဟန်နှင့် သက်ပြင်းချသည်။

"ကျိရှင်းယွိက အကြောင်းမရှိဘဲနဲ့တော့ ပိုက်ဆံကုန်ခံပြီး မင်းကို တိုက်ကွမ်ဒို အတန်းတက်ဖို့ ခေါ်မှာမဟုတ်ဘူး သူက ခါးပတ်ပြာ ဆိုတော့ မင်းကို ရိုက်နိုင်ဖို့ အခွင့်အရေး ရှာနေတာ ဖြစ်ရမယ် ဘာပဲဖြစ်ဖြစ်ကွာ အဲ့အရူးကောင်ကို လွှတ်ထားလိုက် မင်းဘာမှ မတုံ့ပြန်နဲ့နော် ဟုတ်ပြီလား"

ချန်းဖန်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

မကြာခင်တွင် နည်းပြရောက်လာသည်။ နည်းပြက ခါးပတ်နက် အဆင့်နှစ် ဖြစ်သည်။ နည်းပြက သွေးပူ လေ့ကျင့်ခန်း တချို့ လုပ်ခိုင်းပြီးနောက် ကျောင်းသား အချင်းချင်း လေ့ကျင့်ရန် အချိန်‌ ဖြစ်ကြောင်း ကြေငြာသည်။

"စီယင်းရှာ အခြေခံ အကွက်တွေကို တခြားသူတွေမြင်အောင် ရှေ့ထွက်ပြီး သရုပ်ပြပေးပါ"

နည်းပြက အမိန့်ပေးလိုက်သည်။

စီယင်းရှာက သူ့မူပိုင် မျက်နှာသေနှင့် ခေါင်းညိတ်ပြီး သရုပ်ပြသည်။

ချန်းဖန်က စီယင်းရှာကို ကြည့်လိုက်တော့ သူ့အဆင့်က အနီရောင် ဖြစ်ကြောင်း သိလိုက်သည်။ တိုက်ကွမ်ဒို၏ အဆင့်စီပုံတွင် ခါးပတ်နီက ခါးပတ်နက်ပြီးလျှင် အမြင့်ဆုံး အဆင့် ဖြစ်သည်။ အနီရောင်၏ အဓိပ္ပါယ်က အန္တရာယ်နှင့် တိုက်ခိုက်ခြင်း ဟူ၍ ဖြစ်ပြီး လေ့ကျင့်သူတစ်ယောက်၏ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့မှုကို အသိအမှတ်ပြုသည်။

ထို့နောက် နည်းပြက စီယင်းရှာအား ခါးပတ်ပြာ တစ်ယောက်နှင့် တိုက်ခိုက်စေသည်။ နှစ်ယောက်သား တိုက်ခိုက်ကြရင်း စီယင်းရှာက လှုပ်ရှားမှုပုံစံ အသစ်များကို သရုပ်ပြပေးသွားသည်။

ခါးပတ်နီနှင့် ခါးပတ်ပြာက တဆင့်သာကွာပြီး ခါးပတ်ပြာ တစ်ယောက်က တစ်နှစ်လောက် ပြင်းပြင်းထန်ထန် ကြိုးစားလိုက်လျှင် ခါးပတ်နီ အဆင့်သို့ ရောက်ရှိနိုင်သည်။ သို့သော်လည်း စီယင်းရှာက တစ်ပတ်လှည့် ခြေကန်ချက် တစ်ခုနှင့် ပွဲသိမ်းလိုက်ပြီး တိုက်ကွက် ဆယ်ကွက်အတွင်း ပြိုင်ဘက်အား အနိုင်ယူလိုက်သည်။

"ငါရှုံးပြီ"

ခါးပတ်ပြာက ပြောသည်။ သူက စီယင်းရှာ၏ ခြေကန်ချက်ကြောင့် လွင့်ထွက်သွားပြီး မတ်တတ် ရပ်နိုင်ရန် အနိုင်နိုင် ကြိုးစားနေရသည်။

"သံသဃဖြစ်စရာ မရှိဘူး ယင်းရှာက အတော်ဆုံးပဲ"

မိန်းကလေး တစ်ယောက်က ဘာမပြော၊ ညာမပြောနှင့် ထအော်လိုက်သည်။ အားကစားခန်းမ တစ်ခုလုံး မိန်းကလေးများ၏ အော်သံများနှင့် ပြည့်နှက်သွားသည်။

စီယင်းရှာကတော့ မျက်မှောင်ကြုတ်ထားလျက် ခါးပတ်ပြာအား ပြောလိုက်သည်။

"မင်း ငါ့ကို အရှုံးပေးလိုက်တာ၊ မဟုတ်ရင် ဒီလောက်မြန်မြန်နဲ့ အဆုံးမသတ်ဘူး"

ကျိရှင်းယွိက ဝင်နောက်လိုက်သည်။

"ငါသာဆို မင်းလောက်တောင် ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး"

"စီယင်းရှာက ခါးပတ်နက် တစ်ယောက်ကို စိန်ခေါ်သင့်တယ် ဒါမှ ငါတို့လည်း သူ့နေရာကိုရနိုင်မှာ.."

တခြား ကျောင်းသားများကလည်း ဝင်၍ မြှောက်ပင့် ပြောဆိုကြသည်။

"စီယင်းရှာနဲ့ ဘယ်သူ လေ့ကျင့်ချင်သေးလဲ"

နည်းပြက အပြုံးတစ်ခုနှင့် မေးလိုက်သည်။ သူက စီယင်းရှာ၏ တိုးတက်မှုအား အလွန်‌ သဘောကျနေသည်မှာ သိသာလှသည်။ ဘယ်သူမှ ဘာမှ မပြောကြတော့ နည်းပြကပဲ ကြေငြာလိုက်သည်။

"ကောင်းပြီ ကိုယ့်တွဲဖက်ကို ကိုယ်ရွေးပြီး စလေ့ကျင့်ကြတော့"

"ချီး"

စီယင်းရှာ၏ တွဲဖက်အဖြစ် ရွေးချယ်ခံလိုက်ရသော ခါးပတ်ပြာ ကောင်လေးက ဆိုးရွားလှသော မိမိကံအား ကျိန်ဆဲနေမိသည်။

စီယင်း ရှာပြီးလျှင် ခါးပတ်ပြာများထဲ၌ ကျိရှင်းယွိမှာ အသန်မာဆုံး ဖြစ်သည်ဟု ဆိုနိုင်သည်။ ကျိရှင်းယွိက ရုတ်တရက် လက်မြှောက်လိုက်ပြီး နည်းပြအား မေးလိုက်သည်။

"နည်းပြ မလေ့ကျင့်ခင်မှာ ကျွန်တော် တစ်ယောက်ယောက်ကို စိန်ခေါ်လို့ ရမလား"

ထို့နောက် သူက ထောင့်တနေရာတွင် ထိုင်နေသော ချန်းဖန်အား ကြည့်ကာ ပြောလိုက်သည်။

"ချန်းဖန် ငါ့ရ‌ဲ့စိန်ခေါ်မှုကို လက်ခံမယ်မလား ငါတို့ အဆင့်တွေကို နည်းလမ်းဟောင်းအတိုင်း တိုက်ခိုက်ပြီး သတ်မှတ်ကြတာပေါ့"

လူတိုင်း ကျိရှင်းယွိ၏ အကြည့်နောက်သို့ လိုက်ရင်း ထောင့်တစ်နေရာတွင် ထိုင်နေသော ဆယ်ကျော်သက်လေး တစ်ယောက်အား မြင်လိုက်ကြရသည်။

***

All Chapters