ကျိရှင်းယွိအား အနိုင်ယူခြင်း
Vol. 1 Ch. 24
တိုက်ကွမ်ဒိုတွင် ကစားသမားတစ်ဦး၏ အဆင့်များကို ခါးပတ်အရောင်ဖြင့် သတ်မှတ်သည်။ ခါးပတ် အရောင်များတွင် အဖြူ၊ အဝါ၊ အစိမ်း၊ အပြာ၊ အနီနှင့် အနက်ဟူ၍ ရှိပြီး အနက်က အမြင့်ဆုံး အဆင့် ဖြစ်ကာ အဖြူက အနိမ့်ဆုံး အဆင့် ဖြစ်သည်။ အနက်ရောင်တွင်မှ အဆင့်ခုနစ်ဆင့် ထပ်မံခွဲခြားထားပြီး ခါးပတ်နက် အဆင့်နှစ်သို့ ရောက်ရှိသွားသူ တစ်ဦးက ကိုယ်ပိုင် သင်တန်းကျောင်း ဖွင့်ခွင့်ရှိသည်။
ချန်းဖန်၏ ခါးပတ်က အဖြူရောင် ဖြစ်သည်။ ဆိုလိုသည်က ချန်းဖန်သည် တိုက်ကွမ်ဒိုအား ယခုမှ စတင်လေ့လာခြင်း ဖြစ်သည် ဟူ၍။
"ကျိရှင်းယွိက ခါးပတ်ဖြူ တစ်ယောက်ကို စိန်ခေါ်ပြီး ဘာလုပ်ဖို့လဲ"
"သောက်ကျိုးနည်း ခါးပတ်ဖြူနဲ့ ခါးပတ်ပြာ ချကြမှတော့ ဘယ်လိုလုပ် မျှတတော့မှာလဲဟ"
"အဲ့တစ်ယောက်က မနက်တုန်းက ကျိရှင်းယွိနဲ့ စကားများတဲ့ ကျောင်းသားသစ်လေးမလား"
လူတိုင်းက ကျိရှင်းယွိ၏ အဓိပ္ပါယ်မဲ့ စိန်ခေါ်မှုအကြောင်း ဆွေးနွေးနေကြသည်။ အိုင်ဗွီ အထက်တန်းကျောင်းရှိ သူဌေးသား၊သမီးများမှာ အလယ်တန်း နွေရာသီ ကျောင်းပိတ်ရက်များတွင် တိုက်ကွမ်ဒို သင်တန်းများ တက်လေ့တက်ထ ရှိကြပြီး ချန်းဖန်ကဲ့သို့ ခါးပတ်ဖြူအဆင့် တစ်ယောက်ကား အိုင်ဗွီ၌ မရှိသလောက် ရှားပါးလှသည်။
ချန်းဖန်တို့က ဂရိတ် 12 ကျောင်းသားများ ဖြစ်ကြသော်လည်း ဂရိတ် 10 နှင့် 11မှ ကျောင်းသားများကပင် အဖြစ်အပျက်အား စိတ်ဝင်တစား ကြည့်နေကြသည်။
ကျိရှင်းယွိနှင့် ချန်းဖန်ကြားက ကတောက်ကဆ ဖြစ်ရပ်ကို မြင်လိုက်သူများကသာ ကျိရှင်းယွိ၏ ရည်ရွယ်ချက်ကို နားလည်ကြသည်။ သို့သော်လည်း လူအများစုကတော့ ကျိရှင်းယွိဘက်မှ ဖြစ်သည်။
နည်းပြက မျက်မှောင်ကျုံ့ပြီး ကျိရှင်းယွိအား မေးလိုက်သည်။
"မင်းက ကျောင်းသားသစ်ကို စိန်ခေါ်ချင်တာ သေချာလား"
ထို့နောက် နည်းပြက ချန်းဖန်အားလည်း မေးသည်။
"မင်းရဲ့ အဆင့်က သူ့ထက်နိမ့်တော့ မင်းမှာ ငြင်းပိုင်ခွင့်ရှိတယ်"
ကျိရှင်းယွိက ချန်းဖန်အား ရန်စလိုက်သည်။
"ဟေး ကောင်လေး ဘာလို့ မြန်မြန် လက်မခံသေးတာလဲ ကြောက်နေပြီလား"
စီယင်းရှာက မျက်မှောင်ကျုံ့သွားပြီး ထင်ရာစိုင်းနေသော ကျိရှင်းယွိကို တားရန် ပြင်လိုက်သည်။ သို့သော် ချန်ဝမ်က အတင်းတားထားသည်။
"တိုက်ကွမ်ဒိုကို ငါမလေ့ကျင့်ဖူးဘူး"
ချန်းဖန်က ခေါင်းယမ်းရင်း ပြောသည်။
"ဒါက အဆင်ပြေတယ် မင်းကြိုက်တဲ့ သိုင်းပညာကို သုံးလို့ရတယ်"
ကျိရှင်းယွိက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
"ကောင်းပြီလေ မင်း စိတ်မပြောင်းတာ သေချာပြီလား"
ချန်းဖန်က ပြုံးလိုက်ရင်း မေးသည်။
"မပြောင်းဘူး ဘာလဲ မင်း ကြောက်နေပြီလား ကြောက်ရကောင်းမှန်း သိရင် နောက်ဆို ပါးစပ်ပိတ်ပြီးနေ ဒါက အိုင်ဗွီ အထက်တန်းကျောင်း၊ မင်းလာခဲ့တဲ့ တောကြိုအုံကြား မဟုတ်ဘူး"
ကျိရှင်းယွိက မောက်မာစွာ ပြောသည်။
ချန်းဖန်က နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်သည်။
"ငါကြောက်တာက မင်းကို အများကြီး ထိခိုက်အောင် လုပ်မိသွားမှာကိုပဲ"
"ငါ့ကို ထိခိုက်အောင်လုပ်မယ်"
ကျိရှင်းယွိက နားကြား မှားသွားသည့်နှယ် ချန်းဖန်အား ပြန်မေးလိုက်ပြီး ဘေးပတ်လည်ရှိ လူများအား အော်ပြောလိုက်သည်။
"ဒီကောင်လေးက ငါ့ကို ထိခိုက်အောင် လုပ်မယ်တဲ့ မရယ်ရဘူးလား"
လူတိုင်းကလည်း ကျိရှင်းယွိနှင့်အတူ လိုက်ရယ်လိုက်ကြသည်။
"ဒီကောင်က တကယ်ကြီး ခေါင်းထိထားတာပဲ ကြည့်ရတာ ကျိရှင်းယွိက ဘယ်လို ပြိုင်ဘက်မျိုးလဲဆိုတာ မသိပုံပဲ"
"ကျိရှင်းယွိက ငါတို့အတန်းရဲ့ ဒုတိယအတော်ဆုံး ဖိုက်တာပဲ စီယင်းရှာကလွဲပြီး သူ့ကို ဘယ်သူမှ မနိုင်,နိုင်ဘူး"
"ပြောလို့မရဘူး အဲ့တောသားက ပုန်းကွယ်နေတဲ့ သိုင်းပညာရှင်တွေဘာတွေ ဖြစ်ချင်ဖြစ်နေမှာ ဟား.. ဟား.. "
အားကစား ခန်းမအတွင်း လေ့ကျင့်နေကြသော တခြား ကျောင်းသားများကပါ ရပ်တန့်လိုက်ကြပြီး ချန်းဖန်တို့ တိုက်ပွဲအား စိတ်ဝင်တစား ကြည့်လာသည်။
ကျောင်းသားသစ်လေးမှာ ကျိရှင်းယွိထက် အရပ်ပိုပုပြီး လူကောင်လည်း ပိုသေးသောကြောင့် ကြည့်ရှုနေသူများထဲမှ တချို့က ချန်းဖန်အား သနားမိကြသည်။
တိုက်ကွမ်ဒို လေ့ကျင့်သူတိုင်းက ခါးပတ်အရောင်များကြားမှ ကွဲပြားချက်များအား ရှင်းရှင်းလင်းလင်း သိကြသည်။ အပြာရောင်နှင့် အဖြူရောင်ကြားက အကွာအဝေးကား တိုင်း၍မရအောင်ပင်။ အကယ်၍ ချန်းဖန်က တခြားသော သိုင်းပညာတစ်ခုခုအား လေ့ကျင့်မထားပါက တိုက်ပွဲရလဒ်မှာ ချန်းဖန်အတွက် အခြေအနေ ကောင်းမည် မဟုတ်ဟု အားလုံးက ယူဆကြသည်။
"လာလေ"
ကျိရှင်းယွိက လက်ညှိုး တစ်ချောင်းအား ကွေး၍ ချန်းဖန်အား ခေါ်လိုက်သည်။ သူက တိုက်ကွမ်ဒို ခြေကွက်များအတိုင်း စံပုံစံ ရပ်လိုက်ပြီး လေထဲသို့ ခြေကန်ချက်နှစ်ချက် ကန်ကာ ဟန်ရေးပြလိုက်သည်။ ကျိရှင်းယွင်၏ ပြင်းထန်ပြီး လျင်မြန်သော ခြေကန်ချက်များကြောင့် မိန်းကလေးအများစုမှာ ထိတ်လန့်သွားကြသည်။ ထို့နောက် ကျိရှင်းယွိက ချန်းဖန်းအား ကြည့်သည်။ ထိုအကြည့်ကို အဓိပ္ပာယ်ဖော်ရလျှင် 'မင်းတော့ သေပြီ' ဟူ၍။
ကျိရှင်းယွိကို အံ့ဩသွားစေတာက ချန်းဖန်၏ မတုန်မလှုပ် ပြုံးနေဆဲဖြစ်သော မျက်နှာပင်။
ချန်းဖန်က ပြုံးကာ ပြောလိုက်သည်။
"ဟန်ရေးပြတာတော့ လှသားပဲ"
ချန်းဖန်က ဆက်မပြောသော်လည်း လူတိုင်းက ထိုစကား၏ အနက်ကို နားလည်ကြသည် 'ဟန်ရေးပြတာတော့ လှသည် လက်တွေ့တွင်တော့ အသုံးမကျ'။ ချန်းဖန်၏ စကားများက ကျိရှင်းယွိကိုသာမက နည်းပြဝူနှင့် စီယင်းရှာအပြင် တိုက်ကွမ်ဒို အဖွဲ့အစည်း တစ်ခုလုံးအား လှောင်ပြောင်လိုက်သကဲ့သို့ ရှိသည်။
အစပိုင်းက ချန်းဖန်အား သနားနေသူများပင် ဆွံ့အသွားသည်။ မောက်မာလှသော ဤအကောင်ကား သနားမှုနှင့် မထိုက်တန်ပေ။
"အဲ့တောသားကို သင်ခန်းစာ ပေးလိုက်စမ်းပါ"
တစ်ယောက်က အော်လိုက်သည်။
"ကောင်လေး မင်းက သေချင်နေတာပဲ"
ဒေါသကို မထိန်းချုပ်နိုင်တော့သော ကျိရှင်းယွိက ချန်းဖန်အား ပြင်းထန်သော ခြေကန်ချက်များနှင့် စတင်တိုက်ခိုက်တော့သည်။
ကျိရှင်းယွိ၏ တိုက်ခိုက်မှုများမှာ သာမန်လူ တစ်ယောက်ထက်တော့ အစွမ်းထက်သော်လည်း ချန်းဖန်အမြင်တွင်တော့ အားပျောင်နှင့် ဝေ့ကျီချင်းတို့ကမှ ကျိရှင်းယွိထက် အပုံကြီး သာပေသည်။
ချန်းဖန်က လက်နှစ်ဖက်ကို နောကပစ်လိုက်ပြီး ကျိရှင်းယွိ၏ ခြေကန်ချက်များ၊ ဒူးတိုက်ချက်များကို အသာအယာ ရှောင်တိမ်းလိုက်သည်။
ကျိရှင်းယွိ၏ အလွန်အမင်း ရန်လိုနေမှုကြောင့် ချန်းဖန်လည်း မာန်တချက် သွင်းလိုက်ရင်း ခြေတစ်ဖက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး ရိုးရှင်း၍ အားမာန်ပြင်းသော ကန်ချက်တစ်ခု အဖြစ်သို့ ရန်လိုနေသော ကျိရှင်းယွိထံ ကန်ထုတ်လိုက်သည်။
ပြိုင်ဘက်၏ လျင်မြန်သော အနီးကပ် တိုက်ခိုက်မှုကို မျှော်လင့်မထားသဖြင့် ကျိရှင်းယွိက လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ချန်းဖန်၏ ခြေထောက်အား ဖမ်းရန်ပြင်လိုက်သော်လည်း ခြေကန်ချက်က လက်နှစ်ဖက်ကို ဖြတ်ကျော်လာပြီး သူ့ခန္ဓကိုယ်ကို ထိမှန်ကာ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားစေသည်။
အားကစားခန်းမ၏ ကြမ်းပြင်မှာ ကူရှင်ထူထူ ခင်းထား၍သာ မဟုတ်လျှင် ကျိရှင်းယွိမှာ အနည်းဆုံး ခြောက်လခန့် အိပ်ရာထဲ လဲသွားမှာ ဖြစ်သည်။
"ဘာ"
စိတ်ဝင်တစား စောင့်ကြည့်နေကြသော လူအုပ်ကြီးမှာ ဖြစ်ရပ်ကြောင့် ဆူညံ ပွက်လောရိုက်သွားသည်။
ကျန်းထန်ချိုး၏ မျက်လုံးများမှာလည်း မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားကာ အပြင်သို့ ထွက်ကျတော့မတတ် ဖြစ်နေသည်။ သူက ချန်းဖန်အား ဘာမှ မသိသည့် လူသစ်လေးဟု ထင်နေခဲ့သော်လည်း ချန်းဖန်က ကျိရှင်းယွိအား ခြေကန်ချက် တစ်ချက်တည်းနှင့် အနိုင်ယူခဲ့တယ် တဲ့လား။
"ကျိရှင်းယွိက အသုံးမကျချက် အသစ်လေးကိုတောင် မနိုင်ဘူး"
"အသစ်လေးက တစ်ခုခုပဲ"
လူအုပ်ကြီးက စိတ်လှုပ်ရှား၊ အံ့ဩမှုများနှင့် ပြည့်နှက်နေကြပြီး ချန်းဖန်အားလည်း မတူညီသော အမြင်တမျိုးနှင့် ကြည့်လာကြပြီ ဖြစ်သည်။ အနည်းဆုံးတော့ ချန်းဖန်က အသုံးမကျသော ငကြွားတစ်ယောက် မဟုတ်ပေ။ သူက ကျိရှင်းယွိကိုပင် တစ်ချက်တည်းနှင့် အနိုင်ယူနိုင်သည်။
ချန်ဝမ်၏ မျက်နှာက အံ့ဩမှုနှင့် မရေမရာဖြစ်မှုတို့ ရောယှက်နေသည်။ သူမ၏ အရူးနှမ်းဆုံး အိမ်မက်ထဲတွင်ပင် ချန်းဖန်က ဒီလောက်လွယ်လွယ်နှင့် နိုင်သွားလိမ့်မည်ဟု မထင်ခဲ့မိပေ။
"ကျိရှင်းယွိက ငါ့ရှေ့မှာ သူဘယ်လောက်စွမ်းကြောင်း အမြဲကြွားဝါနေခဲ့တာ အခုတော့ လူသစ် တစ်ယောက်ကိုတောင် မနိုင်ဘူး သူ့ကိုယ်သူများ အတန်းရဲ့ ဒုတိယအတော်ဆုံး ဖိုက်တာလို့များ ဘယ်လို ပြောရဲရတာလဲ"
ချန်ဝမ်က မကျေမနပ် ရေရွတ်လိုက်သည်။
တစ်ဖက်တွင်တော့ စီယင်းရှာက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ရာကို အလေးအနက် စဉ်းစားနေသည်။
ထို့နောက် စီယင်းရှာက ကျိရှင်းယွိထံ လျှောက်သွားလိုက်ပြီး စစ်ဆေးလိုက်သည်။ မေ့မျောသွားရုံ ဖြစ်ပြီး အများကြီး ထိခိုက်မသွားတာ သေချာတော့မှ သူက ချန်းဖန်အား အပြစ်တင်လိုက်သည်။
"ငါတို့က စာသင်ခန်း တစ်ခန်းထဲကို အတူတူ သုံးနေကြတဲ့ အတန်းဖော်တွေ ဒီလောက်ထိ ပြင်းပြင်းထန်ထန် မလုပ်သင့်ဘူး"
"သူ အရင် စတာလေ ပြီးတော့ ဒါက ခြေကန်ချက်လေး တစ်ခုပါပဲ"
ချန်းဖန်က အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်သည်။
စီယင်းရှာက တိုက်ပွဲအတွင်း ချန်းဖန်၏ ခြေကန်ချက်မှာ ကျိရှင်းယွိ၏ ခေါင်းဆီသို့ ပထမဆုံး ဦးတည်ခဲ့သည်ကို မြင်ခဲ့သည်။ သို့သော် ချန်းဖန်က အမှန်တကယ် မကန်ခဲ့ဘဲ ရင်ဘတ်ကို ပြောင်းကန်ခဲ့တာ ဖြစ်သည်။ ချန်းဖန်က ကျိရှင်းယွိကို ညှာပေးခဲ့သည်မှာ သိသာသောကြောင့် စီယင်းရှာက ဘာမှ ထပ်မပြောတော့ပေ။
သို့သော် ကျိရှင်းယွိက သူ့အခင်ဆုံး သူငယ်ချင်း ဖြစ်သည့်အပြင် ချန်ဝမ်က ကျိရှင်းယွိနှင့် တွဲနေသူ ဖြစ်သည်။ ကျိရှင်းယွိက ချန်ဝမ်အတွက် ချန်းဖန်နှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရာ သူငယ်ချင်းတစ်ယောက် အနေနှင့် စီယင်းရှာက လက်ပိုက်တော့ ကြည့်မနေနိုင်ပေ။
သူက ပြောလိုက်သည်။
"မင်းရဲ့ လက်ရည်တူတဲ့ တစ်ယောက်ယောက်နဲ့ မတိုက်ချင်ဘူးလား"
ချန်ဝမ်၏ မျက်နှာက ဖြူဖျော့သွားပြီ ရှေ့သို့ အတင်းထွက်လာကာ စီယင်းရှာအား တားသည်။ စီယင်းရှာက လက်ပြကာ ချန်ဝမ်အား ဝင်မပါရန် ဟန့်လိုက်သည်။
စီယင်းရှာက ချန်းဖန်၏ လှုပ်ရှားပုံများအား အထင်တော့ ကြီးမိသည်။ ကန်ချက်တစ်ခုတည်းသာ ဖြစ်သော်လည်း လျင်မြန် တိကျပြီး အားပါသည်။ နှစ်ပေါင်းများစွာ မလေ့ကျင့်ထားဘဲ ထိုသို့ မလုပ်နိုင်ပေ။
သို့သော် စီယင်းရှာက ချန်းဖန်အား အနိုင်ရ ရန်တော့ ယုံကြည်မှု ရှိပေသည်။
စီယင်းရှာက ငယ်စဉ်ကတည်းကပင် တိုက်ကွမ်ဒိုကို စိတ်ဝင်စားကာ လေ့ကျင့်ခဲ့ပြီ ဆယ်စုနှစ် တစ်ခုမက ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ခါးပတ်နက် စစ်ဆေးမှုအတွက် ဖြေဆိုရန် ပျင်းရိနေတာကြောင့်သာ မဟုတ်လျှင် သူ့အဆင့်က ခါးပတ်နက် ဖြစ်သည်။ တိုက်ကွမ်ဒို ဌာန တစ်ခုလုံးတွင် တည်ထောင်သူမှလွဲ၍ နည်းပြဝူပင် သူ့ကို မယှဉ်နိုင်ပေ။
"ဒါပေါ့ ဘာလို့ မတိုက်ချင်ရမှာလဲ"
ချန်းဖန်က ပြောလိုက်သည်။
"ဒါပေမဲ့ တစ်ခုတော့ ကြိုသတိပေးချင်တယ် ငါမင်းကို ညှာမှာ မဟုတ်ဘူး"
"မကောင်းတဲ့ အကောင် သူ့ကိုယ်သူ ဘာကောင်မှတ်နေလဲ ငါတို့ယင်းရှာကိုများ ညှာမှာ မဟုတ်ဘူးတဲ့"
ချန်းဖန်၏ စကားများက အားကစားခန်းမအတွင်းရှိ မိန်းကလေးများအား ဒေါသဖြင့် ဆွေ့ဆွေ့ခုန် သွားစေသည်။
"ကျိရှင်းယွိကို နိုင်ရုံနဲ့ ကိုကိုယင်းရှာကို နိုင်လိမ့်မယ်လို့ ထင်မနေနဲ့ ငါတို့ကိုကိုက ဘက်စုံတော်ရုံတင် မဟုတ်ဘူး ရုပ်လည်း ချောတယ်ဟဲ့"
မိန်းကလေးတစ်ယောက်က အော်လိုက်ပြန်သည်။
အိုင်ဗွီအထက်တန်းကျောင်းရှိ မိန်းကလေးများကို ဆယ်ပုံပုံလိုက်လျှင် ကိုးပုံမှာ 'စီယင်းရှာအား စွဲလမ်းရူးသွပ်ခြင်း' ရောဂါသည်များ ဖြစ်ကြရာ ချန်းဖန်လည်း ပခုံးသာ တွန့်မိသည်။
ထိုမိန်းကလေးများ၏ ရယ်စရာကောင်းသော အော်သံများကို နားထောင်ကြည့်လျှင် ၎င်းတို့မှာ တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး ဘာတစ်လုံးမှ မသိသည်မှာ ထင်ရှားလှသည်။ တိုက်ပွဲတစ်ပွဲတွင် ကျွမ်းကျင်မှုနှင့် နည်းစနစ်များမှာ အရေးပါသော်လည်း တခါတရံတွင် အနိုင်အရှုံးနှင့် တိုက်ရိုက် အချိုးမကျပေ။ ခွန်အားနှင့် အမြန်နှုန်းကသာ တိုက်ပွဲတစ်ပွဲ၏ အခြေခံအကျဆုံး နှင့် အရေးအကြီးဆုံး သော့ချက်များ ဖြစ်သည်။
***
သူကား ချန်းဖန်ပင်..။
လူတိုင်းက ချန်းဖန်၏ ခါးပတ်အား ကြည့်လိုက်မိကြသည်တွင် ပြောစရာ စကားမဲ့ကာ ဆွံ့အ သွားကြရသည်။ သူ့ခါးပတ်ကား အဖြူရောင် ဖြစ်သည်။
***