← Chapters

လက်သီးတစ်ချက်ပဲ လိုတယ်

Vol. 1 Ch. 25

လက်သီးတစ်ချက်ပဲ လိုတယ်

Vol. 1 Ch. 25

ချန်းဖန်က ကျိရှင်းယွိအား ကန်ချက်တချက်နှင့် အနိုင်ယူခဲ့သော်လည်း ကျောင်းသားများက စီယင်းရှာ နိုင်မည်ဟုသာ ယုံကြည်ကြသည်။ စီယင်းရှာက ကျောင်းသူများအတွက် သာမက ကျောင်းသားများ အတွက်ပါ စံပြတစ်ယောက်အဖြစ် အလွန် လွှမ်းမိုးနိုင်စွမ်း ရှိသည်။

ချန်ဝမ်ပင် အများကြီး စိတ်မပူတော့ပေ။

"ငါ့အနေနဲ့ ယင်းရှာကို ယုံကြည်သင့်တယ် လွန်ခဲ့တဲ့နှစ်တွေက နိုင်ငံတော်အဆင့် ရွှေတံဆိပ်ဆုရှင် ကိုတောင် သူနိုင်ခဲ့သေးတာပဲ ချန်းဖန်ကိုလည်း မနိုင်စရာအကြောင်း မရှိပါဘူး ကျိရှင်းယွိကို နိုင်တာက ဘာမှ မဟုတ်ဘူး ယင်းရှာက ကျိရှင်းယွိထက် အများကြီး သာတယ်"

အားကစားခန်းမ အတွင်းရှိ လူအားလုံးတွင် နည်းပြဝူနှင့် စီယင်းရှာ နှစ်ယောက်ကသာ ချန်းဖန်၏ တကယ့် ခွန်အားကို အရိပ်အမြွက် နားလည်ကြသည်။ ကျန်လူများက ချန်းဖန် ကံကောင်း ထောက်မပြီး ကျိရှင်းယွိအား နိုင်သွားသည် ဟုသာ ထင်နေကြသည်။

နည်းပြဝူက စီယင်းရှာအား အလေးအနက် ကြည့်လိုက်သော်လည်း စီယင်းရှာ၏ စိတ်အားထက်သန် နေမှုကြောင့် သက်ပြင်းသာ ချမိပြီး ကြေငြာလိုက်သည်။

"ကောင်းပြီ ကျောင်းသား အချင်းချင်း စိန်ခေါ်တဲ့ ပွဲတွေအတွက် စည်းမျဉ်းက အများကြီး မရှိဘူး တစ်ယောက်နဲ့တစ်ယောက် အလွန်အကျွံ မထိခိုက်အောင်သာ ဂရုစိုက်ကြ"

ထို့နောက် သူက ချန်းဖန်အား အေးစက်စက်တစ်ချက် ကြည့်လိုက်သည်။ အစောပိုင်းက ချန်းဖန်၏ တိုက်ကွမ်ဒိုအပေါ် မှတ်ချက်က မရည်ရွယ်ပါဘဲ နည်းပြဝူကိုပါ ပုတ်ခတ်သလို ဖြစ်သွားခဲ့သည်။

ထို့ကြောင့် နည်းပြဝူက တိုက်ပွဲကို မတားရုံ သာမက စီယင်းရှာ နိုင်သွားရန်ပင် မျှော်လင့်နေခဲ့သည်။

"လာပါ"

စီယင်းရှာက ပြောလိုက်ပြီး စင်အလယ်တွင် ရပ်လိုက်သည်။ ထုံးတမ်းအရ သူက ချန်းဖန်အား လက်နှစ်ဖက်ဆုပ်၍ အရင်ဆုံး နှုတ်ဆက်သည်။ အစွန်းအထင်း မရှိသော တိုက်ကွမ်ဒို ဝတ်စုံအဖြူနှင့် ချောမောသော လူငယ်လေး စီယင်းရှာကား "Young and Restless" ဇာတ်ကားထဲမှ ဇာတ်ဆောင် မင်းသားနှင့်ပင် တူနေသေးသည်။

"စတော့"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ကျောကို ဖြောင့်နေအောင် ရပ်ထားပုံမှာ ဝူရှရုပ်ရှင် များထဲမှ မာန်တက်နေသော သိုင်းဆရာ တစ်ယောက်နှင့် အလွန် တူနေသည်။

စီယင်းရှာက ဒေါသ ထွက်ခဲသော်လည်း ချန်းဖန်၏ မခံချိမခံသာ ဖြစ်အောင် ဆွပေးနေသော ကိုယ်ဟန် အနေအထားကြောင့် ဒေါသ ထွက်လာရသည်။

စီယင်းရှာသည် ကျိရှင်းယွိကဲ့သို့ အပြောကြီးသောသူ မဟုတ်သော်လည်း ကျောင်း၏ နာမည်ကျော် တစ်ယောက် အနေနှင့် ရှိသင့် ရှိထိုက်သော မာနတော့ ရှိ၏။ ပုံမှန်အားဖြင့် စီယင်းရှာက တိတ်တိတ်ဆိတ်ဆိတ်သာ နေလေ့ရှိသော်လည်း သူ၏ ထူးချွန်မှုများ အပေါ် အတ္တ အနည်းငယ်တော့ ရှိပေသည်။

စီယင်းရှာက မာန်သွင်းလိုက်ပြီး ချန်းဖန်ဆီသို့ ပြေးလာကာ တပတ်လည် ကန်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ၏ ညာခြေက လေထဲတွင် 270° စက်ဝိုင်းပြတ်သဏ္ဍာန် လည်သွားပြီး နဂါးအမြီး ရိုက်ချက်ကဲ့သို့ အားမာန် ပြည့်ဝလှသည်။ ကန်ချက်၏ ပြင်းအားကြောင့် လေထုက လှုပ်ရှားသွားပြီး ချန်းဖန်၏ ပါးပြင်က စပ်ဖျင်းဖျင်း ခံစားလိုက်ရသည်။

"စိတ်ဝင်စားစရာပဲ စီယင်းရှာရဲ့ ခွန်အားက ငါထင်ထားတာထက် ပိုတယ်"

ချန်းဖန်က အနည်းငယ် အံ့အားသင့်သွားသော်လည်း ပြိုင်ဘက်၏ ခွန်အားက မနိမ့်ကျသဖြင့် ကျေနပ်သွားသည်။

စီယင်းရှာက မဆိုးလှသော ဖိုက်တာတစ်ယောက် ဖြစ်ရုံသာမက ဘတ်စ်ကတ်ဘောအသင်းတွင်လည်း အလွန်ထူးချွန်သည်။ ရုပ်ရည်ကလည်း ပြောစရာမရှိရာ မိန်းကလေးများ သည်းသည်းလှုပ်ကြသည်မှာ အံ့ဩစရာတော့ မရှိပါချေ။

မိန်းကလေးများက စီယင်းရှာ၏ သေသပ်လှပသော လှုပ်ရှားမှု‌ကြောင့် စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ စတင် အော်ဟစ်ကြတော့သည်။

နည်းပြဝူ ပင်လျှင် စီယင်းရှာ၏ အဆင့်မြင့်လှသော ကစားဟန်ကြောင့် မှင်တက်သွားသည်။ သူထင်တာ မမှားလျှင် စီယင်းရှာက အဆင့်လေး ခါးပတ်နက် တစ်ဦးနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။

ချူကျိုးမြို့တွင်ပင် အဆင့်လေး ခါးပတ်နက် အဆင့်ရှိသူက ငါးယောက်ထက် မပိုပါချေ။ စီယင်းရှာ၏ လက်ရှိ ခွန်အားအရ သူက နိုင်ငံတော် အဆင့် ပြိုင်ပွဲပင် ဝင်နိုင်နေပြီ ဖြစ်သည်။

"ငါဆိုရင်ရော ဒီတိုက်ကွက်ကို ဘယ်လိုရင်ဆိုင်မလဲ"

နည်းပြဝူက သူ့ဘာသာ တွက်ချက်ကြည့်မိသည်။ ချန်းဖန်နေရာတွင် သူဆိုလျှင်ပင် ထိုကန်ချက်အား ထိပ်တိုက် ရင်ဆိုင်ဖို့ မဖြစ်နိုင်ပါ။ အရင်ဆုံး ရှောင်ပြီးမှ အခွင့်အရေးသာရင် ပြန်တိုက်ခိုက်ရမှာ ဖြစ်သည်။

သို့သော် နည်းပြဝူကို အံ့ဩသွားစေတာက ချန်းဖန်က မရှောင်သည့်အပြင် လက်နောက်ပစ်ထားသည်ကိုပင် မဖျက်ဘဲ လက်မောင်း တစ်ဖက်နှင့် စီယင်းရှာ၏ ကန်ချက်ကို အသာအယာ ခံယူလိုက်သည်။ ချန်းဖန်၏ နှုတ်ခမ်းပါးတို့က သက်တောင့်သက်သာ ရှိလှသည့် အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။ စီယင်းရှာ၏ ကန်ချက်က သူ့အား အပြုံးပင် မပျက်စေပါ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

စီယင်းရှာ၏ မျက်ခုံးများက ထိစပ်လုမတတ် ကြုတ်သွားပြီး ဖြစ်ပျက်သွားသည်ကို မယုံကြည်နိုင်သေးပေ။

"နောက်တခေါက်"

စီယင်းရှာက အသက်ပြင်းပြင်း ရှူလိုက်ပြီး နောက်ခြေထောက် တစ်ဖက်နှင့် တပတ်လည် ကန်ချက်တစ်ခုဖြင့် ထပ်မံတိုက်ခိုက်လိုက်သည်။ ပထမကန်ချက်နှင့် တူညီစွာပဲ ချန်းဖန်က လက်မောင်းတစ်ဖက်ကိုသာ အသုံးပြုပြီး ချေဖျက်သွားသည်။ စီယင်းရှာက လက်မလျော့ပေ။ ခြောက်ဆင့် ကန်ချက်တစ်ခုအား မရပ်မနား ကန်လိုက်ပြီး အားကုန်သုံးလိုက်သည်။

ထို့သို့သော ဆက်တိုက် ကန်ချက်မျိုးအား သာမန် ခါးပတ်နက်များပင် မထုတ်ဖော်နိုင်ပါ။

"ဘန်း ဘန်း ဘန်း"

ခြောက်ချက် ဆင့်ကန်ပြီးနောက် စီယင်းရှာက မောပန်းသွားပြီး အသက်ကို လုရှုနေရချိန်တွင် ချန်းဖန်ကတော့ အင်္ကျီပုံပင် မပျက်ပေ။

နည်းပြဝူ၏ ရင်ဘတ်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူက ချန်းဖန်အား လျော့တွက်ခဲ့မိသည်။

စီယင်းရှာကို အားပေးနေသူများ၏ အသံများမှာလည်း တဖြည်းဖြည်း တိုးညင်းသွားကြသည်။ အပေါ်ယံလျှပ် ကြည့်သူပင်လျှင် ဘယ်သူက အသာစီးရနေမှန်း အတပ်ပြောနိုင်သည်။

"စီယင်းရှာက ရှုံးတော့မှာလား"

ဘယ်သူပြောလိုက်မှန်း မသိသော အသံတသံက လေထုထဲ၌ ပျံ့လွင့်လာသည်။

"မင်းက အချက်ပေါင်းများစွာ ကန်ပြီးပြီ ဆိုတော့ အခု ငါ့အလှည့်"

ချန်းဖန်က နောက်ပစ်ထားသော လက်နှစ်ဖက်ထဲမှ ဘယ်ဘက်လက်ကို ရှေ့ထုတ်လိုက်ပြီး လက်သီးဆုပ်တစ်ခု အသွင် စုစည်းလိုက်သည်။ ချန်းဖန်၏ ခန္ဓာကိုယ်က နောက်သို့ အနည်းငယ် ကွေးသွားပြီး အရှိန်ပြင်းသော မြှားတ‌စ်ချောင်းကို ပစ်လွှတ်တော့မည် လေးတစင်း၏ အသွင်ရှိသည်။

"သတိထား"

နည်းပြဝူ၏ မျက်နှာက ဖြူဖျော့သွားသည်။ ချန်းဖန်၏ ကိုယ်နေကိုယ်ဟန်မှ ခြိမ်းခြောက်နိုင်စွမ်းအား ခံစားမိသောကြောင့် သူက စီယင်းရှာအတွက် စိုးရိမ်သွားသည်။

စီယင်းရှာက နည်းပြဝူ၏ စကားအား မတုံ့ပြန်နိုင်ခင်မှာပဲ ချန်းဖန်၏ လက်သီးက အလင်း ကဲ့သို့သော အလျင်နှင့် သူ့ထံသို့ ရောက်ရှိလာသည်။

လက်သီး၏ ပြင်းအားကြောင့် ပါးလွှာသော လေထုကပင် ကွဲအက်သွားဟန်ရပြီး လက်သီးက သူ့လမ်းကြောင်းတွင် ပိတ်ဆို့လာသမျှ အရာအားလုံးအား ခြွင်းချက်မရှိ ဖျက်စီးပစ်တော့မည်ဟန် ရှိသည်။ အားကစားခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားသည်။

စီယင်းရှာက လက်နှစ်ဖက်ဖြင့် ကာကွယ်ရန် အသင့် အနေအထားနှင့် သတိကြီးစွာ စောင့်နေသော်လည်း ချန်းဖန်၏ လက်သီးက လျင်မြန်လွန်းလှပြီး တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သူ့ရင်ဘတ်ဆီသို့ ရောက်ရှိသွားသည်။

ချန်းဖန်က စီယင်းရှာကို အများကြီး ထိခိုက်စေဖို့ မရည်‌ရွယ်ပေ။ ထို့ကြောင့် အစစ်အမှန် ခွန်အား၏ တစ်ရာခိုင်နှုန်းမျှသာ သုံးခဲ့သော်လည်း ထို တစ်ရာခိုင်နှုန်းလေးကပင် စီယင်းရှာလို သာမန်လူတစ်ယောက်အတွက် များလွန်းနေခဲ့သည်။

စီယင်းရှာ၏ ခန္ဓာကိုယ်က အနောက်ဘက် မီတာဒါဇင်ပေါင်း များစွာအထိ လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။

"အာ့"

စီယင်းရှာက သူ့တစ်ကိုယ်လုံးရှိ နံရိုးများ ကျိုးသွားသလိုပင် ခံစားလိုက်ရသည်။ ချောင်းက အပြင်းအထန် ဆိုးလာပြီး အသက်ရှူဖို့ပင် ခဲယဉ်းလာသည်။ အထိုးခံလိုက်ရသော ရင်ဘတ်တနေရာက နာကျင်လွန်း၍ ထုံသွားကာ ဘာအထိအတွေ့ကိုမှ မခံစားနိုင်တော့ သလိုပင်။

ရုတ်တရက် အားကစားခန်းမ တစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားသည်။

လူတိုင်းက ဆွံ့အနေကြပြီး ဘာဆက်ဖြစ်မည်ကို စောင့်ကြည့်နေရန်သာ တတ်နိုင်တော့သည်။

ချန်းဖန်က စီယင်းရှာအား လက်သီးတစ်ချက်ထဲနှင့် အနိုင်ယူနိုင်လိမ့်မည် ဟု ဘယ်သူကမှ မတွေးခဲ့မိကြပေ။ သူ၏ လက်သီးချက်က ရိုးရှင်းလွန်းလှသော်လည်း စီယင်းရှာကိုပင် လွင့်ထွက်သွားစေ၏။

'သူက စီယင်းရှာကိုတောင် နိုင်သွားတယ်ဆိုတော့ တစ်ကျောင်းလုံးရဲ့ အတော်ဆုံး ဖိုက်တာ ဖြစ်သွားပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား'

လူတိုင်း၏ အတွေးထဲတွင် တူညီသော မေးခွန်းတစ်ခုက ထွက်ပေါ်လာသည်။

ထိုအချိန်တွင် တချို့သော မိန်းကလေးများက ချန်းဖန်အား အရင်ကနှင့် ကွဲပြားသော အမြင်တစ်မျိုးနှင့် ကြည့်လာကြပြီ ဖြစ်သည်။

ချန်းဖန်က စီယင်းရှာလို အဘက်ဘက်က ပြည့်စုံခြင်း မဟုတ်သော်လည်း နယ်ပယ်တစ်ခုတွင် ခြွင်းချက်မရှိ ထူးချွန်ခြင်းက တချို့သော မိန်းကလေးများအတွက် စိတ်ကူးယဉ်စရာ မင်းသားလေး တစ်ယောက် တိုးလာစေသည်။

ချန်ဝမ်၏ မျက်နှာက ခက်ထန်လို့နေသည်။ သူမက စီယင်းရှာဆီသို့ ပြေးသွားပြီး ထနိုင်ရန် ကူပေးလိုက်သည်။ စီယင်းရှာ ခံစားနေရသည်ကို မြင်တော့ နာကျင်နေသော အရိပ်အယောင်တစ်ခုက သူမ မျက်နှာပေါ် ဖြတ်ပြေးသွားသည်။

"မစိုးရိမ်ပါနဲ့ ခဏတဖြုတ် အသက်ရှူကျပ်သွားတာ ဘာမှမဖြစ်ဘူး"

ချန်းဖန်၏ အသံက သူမနားထဲ ကိုးလို့ကန့်လန့် ဖြတ်ဝင်လာသည်။ သူမက ချန်းဖန်အား မုန်းတီးစွာ လှမ်းကြည့်လိုက်သည်။

ချန်းဖန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် မေးသည်။

"ဘယ်သူ စိန်ခေါ်ချင်သေးလဲ"

ဘယ်သူကမှ စကားတခွန်း မဟကြပေ။

ဂရိတ် 12မှ ကျောင်းသားများတင်မကဘဲ အငယ်တန်းမှ ဂျူနီယာကျောင်းသားများကပါ ချန်းဖန်၏ အရည်အချင်းအား လေးစားသွားကြသည်။ ချန်းဖန်ကြောင့် သူတို့အားလုံး သင်ခန်းစာတစ်ခု ရသွားခဲ့ရသည်။

'မင်းက ဘယ်လောက်‌ပဲတော်တော် မင်းထက်သာတဲ့ တစုံတစ်ယောက်ကတော့ လောကကြီးရဲ့ တနေရာရာမှာ ရှိနေစမြဲပဲ'..ဟူ၍။

"ကောင်းပြီလေ"

ဘယ်သူမှ စိန်မခေါ်တော့တာ သေချာတော့မှ ချန်းဖန်က စီယင်းရှာကို ကြည့်ကာ ပြောလိုက်သည်။

"ငါ ကျိရှင်းယွိကို ပြောခဲ့သလိုပဲ တိုက်ကွမ်ဒို ကစားကွက်တွေက ကြည့်လို့လှပေမဲ့ တကယ်တမ်းမှာ အသုံးမဝင်ဘူး တကယ်လို့ မင်းက စစ်မှန်တဲ့ သိုင်းပညာရှင်တစ်ယောက်နဲ့ တွေ့ပြီး သင်ယူနိုင်လောက်အောင် ကံမကောင်းခဲ့ရင် မင်းဘာသာမင်း တိုက်ကွမ်ဒိုကို ဘယ်နနှစ်ပဲ လေ့ကျင့်ခဲ့ပါစေ ငါ့ရဲ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"

စီယင်းရှာက ဘာမှ ပြန်မ‌ပြောသော်လည်း ချန်းဖန်၏ စကားကို သူက အလေးအနက် တွေးနေမိသည်။ ကိုယ့်ကိုကိုယ် အထင်ကြီးခဲ့ပြီး ချန်းဖန်အား လျော့တွက်မိခဲ့ခြင်း အပေါ် သူက နောင်တရမိသည်။

"ကောင်လေး ငါတို့ တိုက်ကွမ်ဒို ဌာနရဲ့ တည်ထောင်သူ ပြန်ရောက်လာတဲ့ အခါကျရင် မင်း အခုလို ပြောနိုင်ဦးမလား ငါကြည့်နေမယ်"

နည်းပြဝူက ချန်းဖန်အား ဒေါသတကြီး ပြောလိုက်သည်။

"တည်ထောင်သူက အခု နိုင်ငံတော်အဆင့် ပြိုင်ပွဲကို ရောက်နေတယ် သူပြန်လာရင် မင်းကို သင်ခန်းစာ ကောင်းကောင်း ပေးမှာ သေချာတယ်"

"အာ.. ဟုတ်သားပဲ ငါတို့ဌာနရဲ့ တည်ထောင်သူ ရှိသေးတာပဲ"

တိုက်ကွမ်ဒိုဌာနမှ ကျောင်းသားများ၏ မျက်နှာက မျှော်လင့်ချက်တို့ဖြင့် ပြန်လည်တောက်ပလာသည်။

"ကောင်းပြီလေ"

ချန်းဖန်က အလေးမထားသည့်ဟန်ဖြင့် ပြောလိုက်သည်။

"သူပြန်လာတဲ့အခါကျ ကျွန်တော် သူ့ကို စောင့်နေတယ်လို့ ပြောပေးပါ"

ထို့နောက်တွင် ချန်းဖန်က အေးဆေးသက်သာစွာပင် လက်နှစ်ဖက်ကို နောက်ပစ်၍ စင်ပေါ်မှ ပြန်ဆင်းလာပြီး ကျန်းထန်ချိုးအား မေးလိုက်သည်။

"တစ်ခုခု သွားမစားချင်ဘူးလား"

"သွား.. သွားမယ်လေ"

ကျန်းထန်ချိုးက လွန်ခဲ့သည့် တစ်လလောက်က စတင်ရင်းနှီးခဲ့သော ကျောင်းသားသစ်လေးကို ကြည့်၍ အတွေးများက ယောက်ယက်ခတ်နေသည်။ ထူးဆန်း၍ မာနကြီးသော ဤကျောင်းသားသစ်လေးက အလွန့်အလွန် ကြမ်းသည့် ဖိုက်တာ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပါချေ။

"သူက စီယင်းရှာကို ဂရုမစိုက်တာ အံ့ဩစရာ မဟုတ်တော့ဘူး သူ့အနေနဲ့ ကျောင်းစာမှာ မထူးချွန်ရင်တောင် ဒီ ရူးလောက်စရာ အရည်အချင်းကြီးနဲ့ ပိုက်ဆံရှာလို့ ရနေမှတော့"

ကျန်းထန်ချိုးက ချန်းဖန်နှင့် ပတ်သက်၍ ခံစားချက်များ ပိုမို ကောင်းမွန်လာခဲ့သည်။ နောင်တွင် ချန်းဖန်နှင့် အခင်ဆုံး သူငယ်ချင်းများ ဖြစ်လာရန် ကြိုးစားမည်ဟု ဆုံးဖြတ်ချက် ချလိုက်မိသည်။

နှစ်ယောက်သားက စောင့်ကြည့်နေသော မျက်လုံးပေါင်းများစွာ အောက်တွင်ပဲ အားကစားခန်းမထဲမှ တရွေ့ရွေ့ ထွက်ခွာသွားကြသည်။ အားလုံးက ကျောင်းသားသစ်လေးသည် နှုတ်နည်းပြီး ရှက်ရွံ့တတ်သော ကောင်ငယ်လေးသာ ဖြစ်သည်ဟု ထင်ထားချိန်တွင် ထိုရှက်တတ်သော ကျောင်းသားသစ်လေးက တကျောင်းလုံး၏ အကျော်ကြားဆုံး ကျောင်းသားအား အားလုံးရှေ့တွင်ပင် အနိုင်ယူပြခဲ့သည်။

သေချာတာ တစ်ခုကတော့ ချန်းဖန်သည် ထိုနေ့မှစ၍ အိုင်ဗွီအထက်တန်းကျောင်းရှိ ကျော်ကြားသော ကျောင်းသားများ စာရင်းတွင် တစ်ယောက်အပါအဝင် ဖြစ်သွားခဲ့သည် ဆိုတာပင်။

(ဒီအပိုင်းမှာ ရှုပ်သွားမှာစိုးလို့ နည်းနည်းရှင်းပြချင်ပါတယ်။ စီယင်းရှာနဲ့ ကျိရှင်းယွိက အချစ်ဆုံး သူငယ်ချင်းတွေပါ။ ချန်ဝမ်က စီယင်းရှာနဲ့ နီးစပ်ချင်လို့ စီယင်းရှာရဲ့ အချစ်ဆုံး သူငယ်ချင်း ကျိရှင်းယွိနဲ့ တွဲနေတာပါ။ အချုပ်ပြောရရင် ချန်ဝမ် တကယ်ကြိုက်တဲ့သူက စီယင်းရှာပေမဲ့ ချန်ဝမ်ရဲ့ လက်ရှိကောင်လေးက ကျိရှင်းယွိပါ။ စီယင်းရှာကတော့ ရှုယုံဖေးကိုပဲ ကြိုက်တာပါ။)

***

All Chapters