ကျောင်းပွဲတော်
Vol. 1 Ch. 26
ချန်းဖန်နှင့် စီယင်းရှာတို့ တိုက်ပွဲပြီးနောက် လူတိုင်း၏ ချန်းဖန်အပေါ် သဘောထားကလည်း အနည်းနဲ့ အများ ပြောင်းလဲလာခဲ့သည်။
အရင်တည်းက စီယင်းရှာအပေါ် မကျေနပ်နေသူ တချို့က ချန်းဖန်အား သိသိသာသာ ချည်းကပ် လာကြသည်။ သို့နှင့် ကျောင်းသားထုကြီး ကြားထဲတွင် စီယင်းရှာအား ထောက်ခံသူနှင့် ချန်းဖန်အား ထောက်ခံသူဟူ၍ နှစ်ခြမ်းကွဲသွားသည်။
သို့သော် ချန်းဖန်က အားကစားခန်းမထဲမှ အဖြစ်အပျက်များ ဖြစ်ပြီးနောက် အရင်ကထက် ပိုမို စကား နည်းသွားပြီး ကျန်းထန်ချိုး တစ်ဦးတည်းနှင့်သာ အဆက်အဆံ လုပ်တော့သည်။
စီယင်းရှာ ဘက်တွင်လည်း ထောက်ခံသူ အများအပြား ရှိနေသေးသည်။ ထိုသူတို့က စီယင်းရှာမှာ တိုက်ခိုက်ခြင်းက လွဲ၍ မည်သည့် နေရာတွင်မဆို ချန်းဖန်ထက် သာသည်ဟု ယုံကြည်ကြသည်။ ဘတ်စ်ကတ်ဘော၊ ကျောင်းစာ၊ စန္ဒရား စသဖြင့် စီယင်းရှာ မထူးချွန်သော နယ်ပယ်ကား ရှားပါးလှသည်။
တနေ့.. ဘတ်စ်ကတ်ဘော ထရိန်နင် ပြီးသွားချိန်၌ ယန်ချောင်က စီယင်းရှာ၏ ပခုံးကို ဖက်ရင်း မေးလိုက်သည်။
"မင်း ဘာဖြစ်နေတာလဲ စိတ်တွေလွင့်နေသလိုပဲ"
စီယင်းရှာက ပြန်မဖြေဘဲ မပီမပြင်သာ ပြုံးလိုက်နိုင်သည်။ ဒီရက်တွေအတွင်း သူက ချန်းဖန်အား အနိုင်ယူရန် နည်းလမ်းများကိုသာ တစ်ချိန်လုံး စဉ်းစားနေမိသည်။
ကျိရှင်းယွိက စိတ်ဆိုးမာန်ဆိုးနှင့် ဝင်ပြောလာသည်။
"ဘာဖြစ်ရမှာလဲ အားလုံးက ဟို သောက်ကျောင်းသားသစ်ကြောင့်ပေါ့ အဲ့ဒီ့နေ့က အားကစားခန်းမမှာ ငါ့ကို အနိုင်ယူရုံတင် မကဘူး ယင်းရှာကိုပါ အနိုင်ရသွားတော့ သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေပုံပဲ"
ကျိရှင်းယွိ၏ အသံကြောင့် တခြားသော ကစားသမားများကလည်း စိတ်ဝင်တစား လှည့်ကြည့်လာကြသည်။ တစ်ယောက်က မေးလိုက်သည်။
"ဒါဆို ကောလဟာလတွေက အမှန်ပဲပေါ့ ကျောင်းသားသစ်လေးက စီယင်းရှာကို အနိုင်ယူလိုက်တယ် ဆိုတာလေ"
နောက်တစ်ယောက်က ဝင်ပြောလိုက်ပြန်သည်။
"ကျိရှင်းယွိ ငါကြားတာတော့ မင်းအကန်ခံလိုက်ရပြီး မေ့လဲသွားတယ်ဆို"
"ထွက်သွားစမ်းကွာ"
ကျိရှင်းယွိက အော်လိုက်သည်။
"ယင်းရှာနဲ့ငါက ခြေချော်လက်ချော် ဖြစ်သွားလို့သာပေါ့ နောက်တခေါက်သာ ထပ်ပြိုင်ရရင် အဲ့ကောင် ဖင်ကို ငါဆောင့်ကန်ပြမယ် မင်းတို့ စောင့်ကြည့်နေ"
ကျိရှင်းယွိက ချန်းဖန်ကြောင့် မေ့လဲသွားပြီးနောက် စီယင်းရှာနှင့် တိုက်ပွဲအား မမြင်လိုက်ရပေ။ ထို့ကြောင့် ချန်းဖန် အနိုင်ရရှိခဲ့ခြင်း အပေါ် အထင်မကြီးဘဲ ကြက်ကန်း ဆန်အိုး တိုးသွားသည်ဟုသာ ယူဆနေခဲ့တာ ဖြစ်သည်။
ချန်ဝမ်ကလည်း အေးစက်စွာ ဝင်ပြောလိုက်သည်။
"ကျိရှင်းယွိ ပြောတာ မှန်တယ် နောက်တစ်ခေါက် ထပ်ပြိုင်ရင် ဘယ်သူနိုင်မယ်ဆိုတာ မသိနိုင်ဘူး ပြောရရင် ချန်းဖန်က အရိုင်းအစိုင်း တောသား တစ်ယောက်ပါပဲ ကျောင်းစာ၊ မိသားစုနောက်ခံ ဘယ်နေရာမှာများ သူက ငါတို့ကို ယှဉ်နိုင်လို့လဲ"
နောက်ပိုင်းတွင် ချီးယားလီဒါ မိန်းကလေးများကပါ စကားဝိုင်းထဲ ရောက်ရှိလာပြီး ချန်ဝမ်၏ အဆိုကို ထောက်ခံကြသည်။
ခဏကြာပြီးနောက် စီယင်းရှာက စကားပြောလာသည်။
"ချန်းဖန်က တိုက်ခိုက်ရေးပိုင်းမှာ ငါ့ထက် သာတာတော့ အမှန်ပဲ ဒါပေမဲ့ တခြား နယ်ပယ်တွေမှာတော့ ငါက သာမယ်လို့ ယုံကြည်တယ်"
စီယင်းရှာ စကားပြောလာတာကို တွေ့ရတော့ ချန်ဝမ်က အားပါးတရ ပြုံးကာ သူ့အနားသို့ တိုးသွားပြီး အားပေးလိုက်သည်။
"ဒါပေါ့ နင်က အတော်ဆုံးပဲ နင့်အရည်အချင်းတွေကို ဘယ်တော့မှ သံသဃ မဝင်ပါနဲ့နော် မနက်ဖြန်က ကျောင်းပွဲတော်နေ့ပဲ နင့်အတွက် ဒုတိယ အခွင့်အရေး ရှိပါသေးတယ် နင့်ရဲ့ ကျွမ်းကျင်မှုတွေက ဒီလောက်များတာ ချန်းဖန်က ဘယ်နည်းနဲ့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး"
ကျောင်းပွဲတော်အကြောင်း တွေးလိုက်တော့မှ စီယင်းရှာ၏ မျက်နှာက ယုံကြည်မှုတို့နှင့် ပြန်လည် အရောင်တောက်လာသည်။
ယန်ချောင်က သူ့သူငယ်ချင်းများအား တစ်ခုခု ပြောလိုက်ချင်သော်လည်း နောက်ဆုံးတွင်တော့ သက်ပြင်းသာ ချလိုက်မိသည်။
အမှန်တရားက စီယင်းရှာ၏ ပြန်လည် တည်ဆောက်ပြီးကာစ စိတ်အခြေအနေအား ပိုဆိုးသွားစေမည်ကို ယန်ချောင်က မဖြစ်လိုပေ။
နောက်တနေ့ ချန်းဖန် ကျောင်းသို့ရောက်တော့ ကျန်းထန်ချိုးက စိတ်လှုပ်ရှားစွာ ပြောလာသည်။
"ဒီနေ့ညမှာ ကျောင်းပွဲတော် ရှိတယ်ကွ ငါ့ရဲ့ နတ်ဘုရားမလေး ရှုယုံဖေးက ဖျော်ဖြေမှာ"
"ကျောင်းပွဲတော်"
ချန်းဖန်က အံ့ဩသွားသည်။
အတိတ်ဘဝက ချန်းဖန် ထိုပွဲသို့ တက်ရောက်ခဲ့သည်။ ပွဲတော်ည၏ နောက်ဆုံးပိတ်ပွဲတွင် ရှုယုံဖေးက တဦးတည်း ကပြ ဖျော်ဖြေခဲ့ပြီး စီယင်းရှာက သူမအတွက် စန္ဒရား တီးခတ်ပေးခဲ့သည်။ ပွဲတော်ညမှ အစပြု၍ ထိုနှစ်ယောက်မှာ အိုင်ဗွီ အထက်တန်းကျောင်း၏ ရိုမီယိုနှင့် ဂျူးလိယက်စ် အဖြစ် လူသိများလာခဲ့သည်။ စိတ်မကောင်းစရာက သူတို့ နှစ်ယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ သက်ဆုံးတိုင် နေမသွားခဲ့ရရှာပေ။
စိတ်မကောင်းစရာ ကိစ္စများကြောင့် ချန်းဖန်က စီယင်းရှာနှင့် ရှုယုံဖေးကို တွဲ၍ မတွေ့ချင်ပေ။
"ဟုတ်တယ် ကျောင်းပွဲတော်လေ စာသင်နှစ်တစ်ခုရဲ့ အစတိုင်းမှာ လုပ်တယ် အမှန်တော့ ပွဲတော်က လွန်ခဲ့တဲ့ တစ်လထဲက လုပ်ဖို့ပဲ အကြောင်းကြောင်းကြောင့် တစ်လနောက်ဆုတ်သွားတာ"
ကျန်းထန်ချိုးက ပြောလိုက်သည်။
ထိုအချိန်မှာပဲ ကျိရှင်းယွိက ချန်းဖန်တို့ နှစ်ယောက်ထံ လျှောက်လာပြီး ပြောသည်။
"မင်းတို့ကိုယ် မင်းတို့ မမလေးရှုအကြောင်း ပြောဖို့ တန်တယ်များ ထင်နေလား သူမက ငါတို့ မှန်းနိုင်တဲ့လူ မဟုတ်ဘူး သူမက ယင်းရှာတစ်ယောက်တည်း အတွက်ပဲ"
ကျန်းထန်ချိုးက ကျိရှင်းယွိ၏ တရားလွန် မောက်မာလှသော စကားများကြောင့် အလွန် စိတ်အနှောင့်အယှက် ဖြစ်ရသည်။
ချန်းဖန်ကမူ ပြုံး၍ ပြန်မေးလိုက်သည်။
"သေချာလို့လား ငါကြားတာတော့ ရှုယုံဖေးက စီယင်းရှာကို သူငယ်ချင်းလိုပဲ သဘောထားတယ် ဆိုပဲ"
ကျိရှင်းယွိက နှာခေါင်းရှုံ့ရင်း ပြောသည်။
"မမလေးရှုက ယင်းရှာကို မကြိုက်ရင်တောင် မင်းလို တောသားမျိုးကိုလည်း ဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူး"
ချန်းဖန်က အတည်ပေါက်နှင့် မေးလိုက်ပြန်သည်။
"မင်းဘယ်လိုသိလဲ"
"အေးလေ ရှုယုံဖေးက အကိုဖန်ကို လုံးဝ ကြိုက်မှာ မဟုတ်ပါဘူးလို့ မင်းဘယ်လိုသိလဲ"
ကျန်းထန်ချိုးကပါ မတ်တပ်ရပ်ပြီး ဝင်ပြောလိုက်သည်။
"အကိုဖန်က မင်းကို တခါ ကန်ပြီးတာတောင် မင်းက မမှတ်သေးဘူးလား ဒါမှမဟုတ် ထပ် အကန်ခံချင်လို့လား"
ကြောက်ရွံ့မှုက ကျိရှင်းယွိ၏ မျက်နှာပေါ် ဖြတ်ပြေးသွားပြီး ဒေါသတကြီးနှင့် လှည့်ထွက်သွားတော့သည်။
ကျန်းထန်ချိုးလည်း ကျေနပ်သွားပြီး ပြန်ထိုင်လိုက်သည်။
ချန်းဖန်က ကျန်းထန်ချိုး၏ သူ့အား အကိုဖန်ဟု တလေးတစား ခေါ်လိုက်သံကြောင့် ရယ်ချင်နေတာ ဖြစ်သည်။ သူ၏ အတိတ်ဘဝက အချစ်ဆုံး သူငယ်ချင်းကြီးက တစ်စုံတစ်ယောက်အား မည်သို့ မည်ပုံ ဖားရမည်ကို သင်ယူတတ်မြောက်ပြီးပုံ ရသည်။
ချန်းဖန်က ကျောင်းပွဲတော် အကြောင်း တွေးလိုက်ပြီး အမရင်ကို ဖုန်းဆက်ကာ ယနေ့ညအတွက် ခွင့်တိုင်လိုက်သည်။ အမရင်က ထုံးစံအတိုင်း ခွင့်ပြုပေးသည်။
"ကြည့် ကြည့် ကြည့် ငါ့ရဲ့ နတ်ဘုရားမလေး လာတော့မယ်"
စတိတ်စင်က မီးရောင်စုံတို့ဖြင့် တောက်ပလျက်ရှိပြီး ခေတ်တခေတ်ရဲ့ နှာဘူးထိပ်ခေါင်ကြီး ကျန်းထန်ချိုးကတော့ ဘလင်း ဘလင်း တောက်နေသော မျက်လုံးတို့နှင့် မျှော်လင့်တကြီး စောင့်စားနေသည်။
ကျောင်းပွဲတော်၏ အစီအစဉ် တင်ဆက်သူ နှစ်ယောက်မှာ ချန်ဝမ်နှင့် ဂရိတ် 9 မှ ကောင်လေး တစ်ယောက် ဖြစ်သည်။ လှပသော ကောင်မလေးနှင့် ခန့်ညားသော ကောင်လေးအတွဲက ပရိတ်သတ်များ၏ အာရုံကို ဆွဲဆောင်နေသည်။
ချန်ဝမ်က ကြေငြာလိုက်သည်။
"အခုတစ်ခေါက်မှာတော့ ဂရိတ် 12 တန်းခွဲ 2 က ရှုယုံဖေးရဲ့ တစ်ကိုယ်တော် ကပြဖျော်ဖြေမှု ဖြစ်ပါတယ် အကရဲ့ နာမည်ကတော့ 'ငန်းမင်းသမီးလေး'လို့ အမည်ရပါတယ် အချိန်မဆွဲတော့ဘဲ အခုပဲ ကျွန်မတို့ ငန်းမင်းသမီးလေးကို ကြိုဆိုလိုက်ရအောင်ပါ"
ချန်ဝမ်၏ စကားအဆုံး ပရိတ်သတ်ထံမှ ကျယ်လောက်လှသော အားပေးသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ရှုယုံဖေး၏ ဖျော်ဖြေမှုက ပရိတ်သတ် အားလုံးလိုလို စောင့်မျှော်နေသော တင်ဆက်မှု ဖြစ်သည်။
အလင်းရောင် မှိန်မှိန်လေးက ခမ်းနားလှသော အဖြူရောင် စန္ဒရားကြီးအား မီးမောင်းထိုးပြထားပြီး စန္ဒရားရှေ့ရှိ ထိုင်ခုံတွင်တော့ ငယ်ရွယ် ချောမောလှသော ကောင်လေး တစ်ယောက်ကို တွေ့ရမည် ဖြစ်သည်။
ချန်ဝမ်က ထပ်မံ ကြေငြာလိုက်သည်။ ဒီတခါတွင်တော့ သူမအသံက အနည်းငယ် တိုးလျသွားပြီး ဝမ်းနည်းမှု တစ်စုံတစ်ရာကို ကွယ်ဝှက်ထားဟန်ရသည်။
"ရှုယုံဖေးရဲ့ ဖျော်ဖြေမှုအတွက် စန္ဒရား တီးခတ်ပေးမဲ့ သူကိုတော့ အထွေအထူး မိတ်ဆက်ပေးစရာ လိုမယ် မထင်ပါဘူးရှင့် သူကတော့ ကျွန်မတို့ ကျောင်းရဲ့ မင်းသားလေး စီယင်းရှာပဲ ဖြစ်ပါတယ် စီယင်းရှာနဲ့ ရှုယုံဖေးတို့ရဲ့ လိုက်ဖက်လှတဲ့ စုံတွဲ ဖျော်ဖြေမှုလေးကို ဆက်လက် အားပေးကြပါစို့လားရှင်"
ချန်းဖန်က စီယင်းရှာအား စိတ်မဝင်စားပေ။ နောက်ထပ် မီးမောင်းထိုးပြထားသော အလင်းရောင် မှိန်မှိန်လေးကြားက ဘဲလေးဝတ်စုံနှင့် မိန်းကလေးကိုသာ အာရုံရောက်နေသည်။
သူမကား ချန်းဖန်နှင့် မတွေ့ဖြစ်တာ ရက်အတော်ကြာပြီဖြစ်သော ရှုယုံဖေးပါပင်။
စန္ဒရားသံ စတင်သည်နှင့် ရှုယုံဖေး၏ သွယ်လျလှသော ခန္ဓာကိုယ်လေးက အရိုးမရှိသည့်နှယ် ကွေးညွှတ်သွားပြီး တကယ့် ငန်းမလေးအသွင် လှပစွာ ကပြတော့၏။ ပရိတ်သတ်အားလုံးက ရှုယုံဖေး၏ ဆွဲဆောင်မှု ရှိလှသော ဖျော်ဖြေမှုတွင် ဈာန်ဝင်နေကြပြီး စန္ဒရားသံမှလွဲ၍ ဘာသံမှ မကြားရလောက်အောင် တိတ်ဆိတ်စွာ နစ်မျောနေကြသည်။
ရှုယုံဖေးက ပရော်ဖက်ရှင်နယ် အကသမားတစ်ယောက် မဟုတ်သော်လည်း သူမကဲ့သို့ အထက်တန်း ကျောင်းသူလေးက ဤမျှ လှပသေသပ်သော ဂန္နဝင်အကအား ကပြနိုင်ခြင်းအပေါ် အားလုံးက လေးစား ချီးကျူးမိကြသည်။
စန္ဒရားသံက အမြင့်သံတစ်ခုနှင့် အတူ အဆုံးသတ်သွားပြီး စင်အောက်ရှိ ပရိတ်သတ်များထံမှ လက်ခုပ်သံများက သောင်းသောင်းဖျဖျ ထွက်ပေါ်လာသည်။
စီယင်းရှာက ထိုင်ခုံမှထကာ ရှုယုံဖေးထံသို့ လျှောက်သွားလိုက်ပြီး သူမ၏ လက်လေးတစ်ဖက်ကို အသာအယာ ကိုင်ကာ ပရိတ်သတ်အား နှစ်ယောက်အတူ ဦးညွတ်လိုက်သည်။
ရှုယုံဖေးက ပြုံးနေဆဲ ဖြစ်သော်လည်း စီယင်းရှာ ကိုင်ထားသော သူမလက်အား ပြန်ဆွဲယူလိုက်သည်။ စီယင်းရှာ၏ မျက်ဝန်းများထဲမှ ပျော်ရွှင်မှု အရိပ်အယောင်လေးမှာလည်း ပျောက်ကွယ်သွားရသည်။
နှစ်ယောက်သား စတိတ်စင် နောက်ဘက်ရှိ အခန်းထဲသို့ ပြန်ဆင်းလာကြသည်။ ရှိုးပွဲကလည်း အဆုံးသတ်တော့မည် ဖြစ်သည်။
ကျန်းထန်ချိုးက ပြောလိုက်သည်။
"ငါ့ရဲ့ နတ်ဘုရားမလေးက အတော်ဆုံးပဲ ခါးသိမ်သိမ်လေး၊ သွယ်လျနေတဲ့ ခန္ဓာကိုယ်လေးနဲ့ ကျက်သရေရှိပြီး အရမ်းလှတဲ့ မျက်နှာလေး ကသွားတာလေးကလည်း ရုရှားက အတော်ဆုံး ဘဲလေး အကမယ်တောင် အရှုံးပေးရလောက်တယ်"
ထို့နောက် ကျန်းထန်ချိုးက တစ်ခုခုကို တွေးမိသွားကာ မျက်နှာကြီးရှုံ့မဲ့သွားသည်။
"အဲ့ဒီ့ကောင် စီယင်းရှာ နတ်ဘုရားမလေးရဲ့ လက်ကိုများ ဘယ်လိုတောင် ကိုင်ရဲရတာလဲ"
"တော်ပြီ တော်ပြီ ပြန်ရအောင်"
ချန်းဖန်က ဖြတ်ပြောလိုက်သည်။ သူက ရှုယုံဖေး၏ ကပြဖျော်ဖြေမှုအား နောက်တစ်ကြိမ် မြင်တွေ့လို၍သာ လာခဲ့ခြင်းဖြစ်သည်။ ကြည့်ပြီးပြီဆိုမှတော့ ပြန်ရမည့် အချိန်ဖြစ်သည်။
ထိုစဉ်မှာပဲ လူတချို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် ကျန်းထန်ချိုးက လှည့်ကြည့်လိုက်သည်။
"အာ.. ချန်ဝမ်နဲ့ ငါ့ရဲ့ နတ်ဘုရားမလေးက ဒီဘက်ကို လာနေတယ် "
ချန်းဖန်လည်း လှည့်ကြည့်လိုက်တော့ ချန်ဝမ်နှင့်အတူ တခြားနှစ်ယောက်ပါ သူတို့ဘက်သို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။
ချောမောလှသော အမျိုးသားလေးက အနောက်တိုင်း ဝတ်စုံနှင့် ခန့်ညားနေပြီး အပြစ်ဆိုဖွယ် မရှိအောင် လှပသော အမျိုးသမီးလေးက အဖြူရောင် ဘဲလေး ဝတ်စုံလေးနှင့် စကား တပြောပြော လမ်းလျှောက်လာကြသည်။
ထိုနှစ်ယောက်ကား စီယင်းရှာနှင့် ရှုယုံဖေးပါပင်။
စီယင်းရှာက ရှုယုံဖေး၏ နားနားသို့ တစုံတစ်ခု ကပ်ပြောလိုက်သည်တွင် ရှုယုံဖေးက ရယ်စရာတစ်ခုခု ကြားလိုက်ရဟန် ရှိပြီး ပြုံးလိုက်သည်။ သူမ၏ အပြုံးက နွေဦးတွင် ပထမဆုံးဖူးပွင့်လာသော ပန်းပွင့်လေးများကဲ့သို့ နွေးထွေးလှပြီး မြင်ရသူတိုင်းအား ယစ်မူးစေသည်။
"ဒီကောင် စီယင်းရှာ ငါ့နတ်ဘုရားမလေးကို ခိုးသွားတယ်"
ကျန်းထန်ချိုးက ရန်လိုစွာနှင့် ထအော်လိုက်သည်။
"လာပါကွာ ပြန်ရအောင်"
ချန်းဖန်က ရှုယုံဖေးနှင့် စကားမပြောလိုသေးပေ။ သူက ကျန်းထန်ချိုးအား အတင်းဆွဲခေါ်လိုက်ပြီး ပွဲတော် ဧရိယာ အတွင်းမှ ထွက်သွားရန် ပြင်လိုက်သည်။
"အိုး ဒါက ငါတို့ရဲ့ ကျောင်းသားသစ်ကြီး ချန်းဖန်မဟုတ်လား အစောကြီး ပြန်တော့မလို့လား ငါတို့ ကျောင်းရဲ့ ကြယ်ပွင့်နှစ်ယောက်ကို မနှုတ်ဆက်တော့ဘူးလား"
ချန်းဖန် လှည့်ကြည့်လိုက်တော့ ချန်ဝမ်၏ လှောင်ပြောင်လိုဟန် အေးစက်စက် အကြည့်များနှင့် ဆုံသည်။
စီယင်းရှာကလည်း ချန်းဖန်အား သတိထားမိသွားပြီး အထင်သေးစွာ ကြည့်လိုက်သည်။ ဘေးပတ်ဝန်းကျင်ရှိ သူ့အား ဝိုင်းဝန်း ချီးကျူး၊ ဂုဏ်ပြုနေသံများက စီယင်းရှာ၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုအား ပိုမို မြင့်တက်စေသည်။
ထိုစဉ်မှာပဲ ဂီတသံကဲ့သို့ နူးညံ့ ချိုမြိန်လှသော အသံလေး တစ်သံက အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။
"ချန်းဖန်"
လူတိုင်း၏ ရှေ့တွင်ပဲ နူးညံ့လှသော ပုံရိပ်လေးတစ်ခုက ချန်းဖန်အား ပြေးဖက်လိုက်သည်ကို အံ့အားသင့်ဖွယ် တွေ့မြင်လိုက်ရသည်။ ချန်းဖန်လည်း မရည်ရွယ်ပါဘဲ လက်မောင်းနှစ်ဖက်ကို မြှောက်လိုက်မိချိန်တွင် ဖယောင်းကဲ့သို့ နူးညံ့လှသော လက်လေးနှစ်ဖက်က သူ့ခါးတဝိုက်အား ဖက်တွယ်လိုက်လေ၏။ သင်းပျံ့သော ရနံ့လေးတစ်ခုက သူ့နှာခေါင်းဝသို့ ကျီစယ်လာချိန်တွင်မှ ချန်းဖန်လည်း သတိပြန်ဝင်လာတော့သည်။
လူတိုင်းက အဖြစ်အပျက်ကြောင့် ဆွံ့အသွားကြပြီး ပွဲတော် ဧရိယာတစ်ခုလုံး တိတ်ကျသွားသည်။
ချန်းဖန်က သူ့ပတ်ဝန်းကျင်ရှိ လူများ၏ အံ့ဩလွန်း၍ ကျောက်ရုပ်သဖွယ် ဖြစ်နေသော မျက်နှာများကို မြင်လိုက်ရသည်။ ကျန်းထန်ချိုး၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး၊ စီယင်းရှာ၏ မျက်နှာပေါ်ရှိ ယုံကြည်မှုတို့မှာလည်း အငွေ့ပျံသွားပြီ ဖြစ်သည်။
ချန်းဖန်လည်း မတတ်နိုင်တော့ဘဲ မပီမပြင်သာ ပြုံးလိုက်မိတော့သည်။
'ဒီအခြေအနေကြီးက.. ငါလည်း ဘာမှ မလုပ်တတ်တော့ဘူး'
***