← Chapters

ရှေးဟောင်းပစ္စည်း လေလံပွဲ

Vol. 1 Ch. 28

ရှေးဟောင်းပစ္စည်း လေလံပွဲ

Vol. 1 Ch. 28

ရက်အနည်းငယ် ကြာပြီးနောက် လူအများစုက ကျောင်းပွဲတော်ညတွင် ဖြစ်ပျက်ခဲ့သည်များကို မေ့လျော့သွားကြသည်။ ချန်းဖန်အား လှောင်ပြောင်ရန် တသီးတသန့် စောင့်နေသူများကတော့ ချူမင်ဟွေ့ကို မျှော်နေကြသည်။

ပွဲတော်ညက ဖြစ်ရပ်ကြောင့် စီယင်းရှာမှာ ပိုမို ဖိအားများသွားဟန် ရပြီး ကျောင်းစာ၊ ဘတ်စ်‌ကတ်ဘော၊ တိုက်ကွမ်ဒို အဘက်ဘက်တွင် အရင်ကထက် ပိုကြိုးစားလာပြီး ချန်းဖန်ထက် သူက ပိုသင့်တော်သူဖြစ်ကြောင်း ရှုယုံဖေးအား သက်သေပြန်ရန် ကြိုးစားလျက်ရှိသည်။

တစ်ခုသော သောကြာနေ့တွင်တော့ ချန်းဖန်တစ်ယောက် ဟိုဟိုသည်သည် လျှောက်တွေးနေရင်း စီကျွေးနယ်ရှိ သူ့အိမ်အား သတိရသွားသည်။ အိမ်ကထွက်လာပြီး ချုကျိုးမြို့၌ ကျောင်းလာတက်နေသည်မှ တလခွဲခန့် ရှိပြီဖြစ်ပြီး အတိတ်ဘဝကိုပါ ထည့်တွက်ရင် အိမ်နှင့် ကင်းကွာနေသည်မှာ နှစ်ငါးရာ ကျော်ပြီ ဖြစ်သည်။

ထိုစဉ်မှာပဲ ဖုန်းက မြည်လာခဲ့သည်။ ခေါ်ဆိုသူက ဝေ့ကျီချင်းဖြစ်သည်။

"ဟယ်လို ဆရာချန်း အခုညနေမှာ ရှေးဟောင်းပစ္စည်း လေလံပွဲတစ်ခု သွားဖို့ရှိလို့ အဲ့ဒါ ဆရာချန်းများ ကျွန်မနဲ့အတူ လိုက်ဖို့ ဆန္ဒရှိမလားလို့ပါ"

မထင်မှတ်ထားသော ဖိတ်ခေါ်မှုကြောင့် ချန်းဖန်က နည်းနည်းတော့ အံအားသင့်သွားသည်။

"တကယ်တော့ လေလံပွဲက ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတဲ့ ဝါသနာတူတွေကို စုစည်းပေးတဲ့ပွဲဆိုလည်း မမှားဘူး လေလံပွဲမှာ ပါမဲ့ ပစ္စည်းတွေကလည်း စိတ်ဝင်စားဖို့ ကောင်းတယ် ကျွန်မကြားတာတော့ ကျိန်စာသင့်စိန်တောင် လေလံပွဲမှာ ပါတယ်တဲ့"

ကျိန်စာသင့်စိန်အား တနည်းအားဖြင့် အပြာရောင်စိန် ဟုလည်း ခေါ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ပြင်သစ်နိုင်ငံရှိ 'ဟုပ်မိသားစု'က ပိုင်ဆိုင်ခဲ့သည်။ ထိုစိန်၏ ထူးခြားချက်မှာ စိန်အား ခိုးယူရန် ကြိုးစားသူများသည် ကျိန်စာသင့်ကာ သေဆုံးတတ်သည် ဟူသော ကောလဟာလ ဖြစ်သည်။ ထိုကောလဟာလမှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျိန်စာသင့်စိန်၏ တန်ဖိုးမှာတော့ အမေရိကန်ဒေါ်လာ သန်း၂၀၀နှင့် ၃၅၀ကြားတွင် ရှိ၏။

"ပြီးတော့ လေလံတင်မဲ့ ပစ္စည်းစာရင်းမှာ ရှေးဟောင်း ဓမ္မပစ္စည်း အကြွင်းအကျန် တချို့လည်း ပါနေတာ တွေ့လိုက်တယ် ဆရာချန်းက တာအိုလမ်းစဉ်ကို လိုက်စားတဲ့ ဘုန်းကြီးတစ်ပါးဆိုတော့ စိတ်ဝင်စားမလားလို့ပါ"

အဘိုးဝေ့က အထွတ်အထိပ်အဆင့် ပညာရှင်များအကြောင်း သေချာရှင်းပြပြီးကတည်းက ဝေ့ကျီချင်း၏ ချန်းဖန်အပေါ် အမြင်များလည်း သိသိသာသာ ပြောင်းလဲသွားသည်။

"ရှေးဟောင်း ဓမ္မပစ္စည်း အကြွင်းအကျန်"

ချန်းဖန် မျက်ခုံးပင့်မိသွားသည်။ မဟုတ်မှလွဲရော ကျင့်ကြံခြင်း ‌လောကမှာတုန်းကလို ဓားပျံ အပိုင်းအစတွေ ဘာတွေများ ဖြစ်နေမလားပဲ။

"ဟုတ်သားပဲ ပြောကြတာတော့ အဲ့ဒီ့ အကြွင်းအကျန် ပစ္စည်းတွေက အိမ်ရဲ့ ဖုန်းရွှေ အခြေအနေကို တည်ငြိမ်အောင် လုပ်တဲ့နေရာရယ်၊ မကောင်းဆိုးဝါး နှင်တဲ့နေရာမှာရယ် သုံးလို့ ရတယ်တဲ့ မှန်၊ မမှန်တော့ ကျွန်မလည်း မသိဘူး"

ဝေ့ကျီချင်းက စိတ်ရှည်လက်ရှည် ရှင်းပြပေးသည်။

[ဖုန်းရွှေ / တရုတ် ရှေးဟောင်းပညာ။ "လေနှင့်ရေ"ဟု အဓိပ္ပါယ်ရပြီး မြေ၊အိမ်၊လူ စသည်တို့ကို ပတ်ဝန်းကျင်နှင့် အသားကျအောင် လုပ်ပေးနိုင်သည့် ပညာဖြစ်သည်။]

"‌စိတ်ဝင်စားစရာပဲ ပြောပြပေးတာ ကျေးဇူးပါ ကျွန်တော် လေလံပွဲကို သွားမယ်"

"ကောင်းပြီလေ ကျွန်မ ရှင့်ကို လာခေါ်မယ်"

ဝေ့ကျီချင်းက ဂရုတစိုက်နှင့် ပြောလာသည်။

"ရပါတယ် ကျွန်တော့်ဘာသာပဲ သွားလိုက်ပါ့မယ်"

ချန်းဖန် အလျင်အမြန် တားလိုက်ရသည်။ သူ့ခမျာ အခုတည်းကပင် ပေါက်ကရ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းထဲ၌ ကြားညပ်နေတာ ဖြစ်သည်။ အကယ်၍ မိန်းမလှလေး တစ်ယောက်ကသာ ဇိမ်ခံကားကြီးနှင့် သူ့အား လာခေါ်သွားပါက 'ရှုယုံဖေးအား သစ္စာဖောက်သွားသော ချန်းဖန်' ဟူသော ခေါင်းစဉ်သစ်တစ်ခုနှင့် စိတ်ကူးယဉ် ဇာတ်လမ်းသစ်တစ်ခုက ကျောင်းသားများကြားတွင် ပြောလို့ဆုံးမည် မဟုတ်တော့ပေ။

ကျောင်းပွဲတော် ညက ဖြစ်ရပ်ကြောင့် သူက လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရရာ နောက်ထပ် စိတ်ရှုပ်စရာ ကိစ္စများ မဖန်တီး‌လိုပေ။

"ကျွန်တော့်ကို လိပ်စာသာ ပြောပြပါ တက္ကစီနဲ့ပဲ လာခဲ့မယ်"

"အဲ့ဒါဆိုလည်း ဝင်ပေါက် ရောက်ရင် ကျွန်မနာမည်သာ ပြောလိုက်ပါ သူတို့ ဝင်ခွင့်ပေးလိမ့်မယ်"

ဝေ့ကျီချင်းက ပြောသည်။

ချန်းဖန် ဖုန်းချလိုက်တဲ့ အချိန်မှာပဲ ကျန်းထန်ချိုး၏ စူးစမ်းသလို စိုက်ကြည့်နေသော အကြည့်ကြီးကြောင့် လန့်ပင်သွားရသည်။

"ဘယ်သူလဲ"

ကျန်းထန်ချိုးက မေးသည်။

"အာ .. သူငယ်ချင်း တစ်ယောက်ပါ အခုညနေ တွေ့ကြဖို့ ချိန်းတာ"

ထို့နောက် ချန်းဖန်လည်း အမရင်ထံ ဖုန်းဆက်ပြီး ခွင့်တိုင်ရပြန်သည်။

နောက်ဆုံးအတန်း ပြီးသွားသည်နှင့် ချန်းဖန်တစ်ယောက် စာအုပ်များသိမ်းကာ အတန်းထဲမှ ထွက်သွားတော့သည်။

ချန်းဖန် ထွက်သွားသည်ကို မြင်တော့ ချန်ဝမ်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"ယင်းရှာ ဘာလို့ ဟိုမိန်းမအတွက်ကြောင့်နဲ့ အခုထိ ပူဆွေးနေသေးတာလဲ ဟိုကဖြင့် နင့်ကို ရွေးမဲ့အစား ဘာမှ သုံးစားမရတဲ့ ကောင်ကို ရွေးသွားတာကို၊ နင့်ခံစားချက်တွေကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ နင်မသိသေးဘူးလား ထားပါတော့ ငါ ရှေးဟောင်းပစ္စည်း လေလံပွဲတစ်ခုရဲ့ လက်မှတ်သုံးစောင် ရထားတယ် အခုညနေ နင်နဲ့ရှင်းယွိ ငါနဲ့အတူ လိုက်ခဲ့ကြပါလား နင်တကယ်ကို အပန်းဖြေဖို့ လိုနေပြီ ကောင်လေးရဲ့"

ချန်ဝမ်က ကရုဏာဒေါသောနှင့် ပြောသည်။ စီယင်းရှာအား ကြည့်နေသော သူမ၏ မျက်ဝန်းများထဲတွင်တော့ ချစ်မြတ်နိုးမှုအပြည့်နှင့် ဖြစ်သည်။

ကျိရှင်းယွိကလည်း အားတက်သရော ဝင်ပြောလာသည်။

"ယင်းရှာ အဲ့လေလံပွဲ အကြောင်း ငါကြားဖူးတယ် 'ဖန့်ရှင်းလုပ်ငန်းစု'က ဦးစီးတာတဲ့လေ အနည်းဆုံး ယွမ်သန်းငါးဆယ် ပိုင်ဆိုင်မှု ရှိတဲ့သူတွေကိုပဲ ဖိတ်တာဆိုပဲ လေလံတင်မဲ့ ပစ္စည်းတွေကလည်း အမိုက်စားတွေ ဖြစ်မှာ သေချာတယ် ပျော်စရာ ကောင်းမဲ့ပုံပဲ သွားရအောင်ကွာ"

"အမှန်ပဲ ငါ‌တောင် ငါ့ဦးလေးကို အပူကပ်ထားလို့ လက်မှတ်သုံးစောင် ရတာ ချန်းဖန်လို ကောင်မျိုးကတော့ သေလောက်အောင် သွားချင်ရင်တောင်.. သွားနိုင်မှာ မဟုတ်ဘူး"

ချန်ဝမ်က အထင်သေးစွာ ပြုံးရင်း ပြောလိုက်သည်။

စီယင်းရှာလည်း သွားရန် သဘောတူလိုက်သည်။ ရက်ပေါင်း များစွာ မရပ်မနား ကြိုးစားပြီးနောက် သူက ပျောက်ဆုံးသွားသော ယုံကြည်မှု အနည်းငယ်အား  ပြန်လည်ရရှိခဲ့သည်။ တစ်ညတလေ အနားယူခြင်းက ဖြစ်သင့်ပါသည်ဟု သူက တွေးလိုက်သည်။

လေလံပွဲက ယွင်ဝူတောင်ခြေရှိ အပန်းဖြေအိမ်တစ်ခုတွင် ကျင်းပခြင်းဖြစ်ပြီး အပန်းဖြေအိမ်၏ အမည်က 'ပုန်းကွယ်နေသောနဂါး စံအိမ်'ဟူ၍ ဖြစ်သည်။ စံအိမ်က တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် တသီးတခြား ခမ်းနားစွာ ဆောက်လုပ်ထားသည်။

ချန်းဖန်က တိုက်ခန်းသို့ အရင်ပြန်၊ အဝတ်လဲပြီးမှ ‌တက္ကစီငှားကာ ထွက်လာခဲ့သည်။ လေလံပွဲ ကျင်းပရာသို့ ရောက်တော့ အပန်းဖြေအိမ်၏ ကားပါကင်၌ တန်ဖိုးကြီးကားများနှင့် ပြည့်နှက်နေပြီး BMW, Audi စသည့် တံဆိပ်များက ဟင်းရွက်ကန်စွန်းလိုပင် ပေါသောနေသည်။

Lamborghinis, Porches, Rolls-Royce Phantom VII စသည့် တွေ့ရခဲသော ကားများကိုပင် အများအပြား မြင်ရသည်။ ၂၀၀၇ခုနစ်၏ အနေအထားအရ Rolls-Royce တစီး၏ တန်ဖိုးမှာ အနည်းဆုံး 6သန်းကျော်‌ပေသည်။

"ချူကျိုးမြို့မှာ သူဌေးတွေ တော်တော်များတာပဲ"

ချန်းဖန် ရေရွတ်လိုက်မိသည်။

ရီဆက်ရှင်တွင် ချန်းဖန်က ဝေ့ကျီချင်း၏ အမည်ကို ပြောလိုက်တော့ လေလံပွဲ ကျင်းပရာ ဧည့်ခန်းဆီသို့ လိုက်ပို့ပေးကြသည်။

အပန်းဖြေအိမ်၏ အတွင်းဘက်၌ အသေးစိတ်အစ ဂရုတစိုက် ပြင်ဆင်ထားပြီး အပြင်ပိုင်းထက် များစွာ ပို၍ ခမ်းနာသည်။ တောက်ပသော မီးရောင်အောက်၌ ခန်းမအတွင်း ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော လူများနှင့် ပြည့်နှက်နေသည်။

ချန်းဖန်နှင့် ရွယ်တူ လူငယ်များကိုလည်း အများအပြား တွေ့ရသည်။ ချမ်းသာသော သူဌေးသား၊ သမီးများ ဖြစ်သည့်အလျောက် မိဘများက အတွေ့အကြုံရစေရန် ခေါ်လာကြခြင်း ဖြစ်ပုံရသည်။ လူငယ်များက ဝိုင်ခွက်ကိုယ်စီနှင့် အချင်းချင်း စကားစမြည် ပြောနေကြသည်။

ချန်းဖန်က သာမန် ရုံးတက်ဝတ်စုံနှင့် ဆင်သော အဖြူရောင်ရှပ်နှင့် ဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ထားရာ အားလုံးထဲတွင် ထူးခြားနေသည်။

ခန်းမအတွင်း၌ ဘူဖေးစားပွဲတစ်ခုနှင့် ဘားအသေးလေးတစ်ခု ပြင်ဆင်ပေးထားပြီး လေလံပွဲမစခင် ဧည့်သည်များကို ဧည့်ခံပေးနေသည်။ ဝေ့ကျီချင်း မရောက်သေးသဖြင့် ချန်းဖန်က ဘူဖေးစားပွဲတွင် ခဏထိုင်နေရန် ဆုံးဖြတ်လိုက်သည်။

ဘူးဖေးစားပွဲ‌တွင် ခင်းကျင်းထားသော စားစရာ များထဲမှ ဩစတေးလျစတိုင် ပြင်ဆင်ထားသော ကျောက်ပုစွန်သုပ်တပွဲကို ယူလိုက်ပြီး အေးအေးဆေးဆေး ထိုင်စားနေလိုက်သည်။

ရုတ်တရက် အသံတသံကို ကြားလိုက်ရသည်။

"ချန်းဖန် ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ"

ဂီတသံလေးကဲ့သို့ ချိုမြိန်လှသော ထိုအသံကား မှားနိုင်စရာမရှိသဖြင့် လှည့်မကြည့်လျှင်ပင် ဘယ်သူမှန်း သိနိုင်ပါ၏။

ချန်းဖန် လှည့်ကြည့်လိုက်တော့ အံ့ဩနေဟန်ရသော ရှုယုံဖေးကို တွေ့လိုက်ရသည်။ ချန်းဖန်လည်း ပြုံးလိုက်ပြီး..။

"ဒီနေရာကို ငါလာလို့ မရလို့လား"

ရှုယုံဖေးက ချန်းဖန်အား ကြည့်နေရင်း ကျောင်းပွဲတော်ညက အဖြစ်အပျက်ကို အမှတ်ရသွားကာ မျက်နှာ နီရဲသွားသည်။ ထို့နောက် သူမ စကားလမ်းကြောင်း လွှဲလိုက်သည်။

"ငါက မုန့်မုန့်နဲ့ အတူတူ လာခဲ့တာ၊ သူ့မှာ လက်မှတ်တစောင် ပိုနေလို့လေ၊ လေလံတင်မဲ့ ပစ္စည်းတွေကလည်း စိတ်ဝင်စားစရာ ကောင်းတယ် ဆိုတာနဲ့.."

ရှုယုံဖေးက ချန်းဖန်အား မျက်တောင်တချက်မခတ်ဘဲ စိုက်ကြည့်နေရင်း မေးလာသည်။

"နင်ရော တစ်ယောက်တည်း လာတာလား တစ်ခုခု ဝယ်မလို့လား"

"သူက ကျောက်ပုစွန်သုပ် တစ်ပွဲကိုတောင် အလကားရလို့ စားနေရတာ၊ ဘာပစ္စည်းကို ဝယ်နိုင်မှာတဲ့လဲ"

ကျန်းချူယန် ရောက်လာပြီး ပြောလိုက်တာ ဖြစ်သည်။ သူမက ရှုယုံဖေး၏ နောက်တွင် ရပ်လိုက်ပြီး ချန်းဖန်အား သတိနှင့် စောင့်ကြည့်နေသည်။

ချန်းဖန်၏ မျက်နှာပေါ်ရှိ အပြုံးက ‌ပျောက်ကွယ်သွားသည်။ သူက အရေးမစိုက်ဟန်ဖြင့် ရှုယုံဖေးအား မေးလိုက်သည်။

"ယန်ယန်ပြောတာ အမှန်ပဲ ငါက လေလံပွဲက ပစ္စည်းတွေကို ဝယ်နိုင်လောက်အောင် မချမ်းသာဘူး အလကားကျွေးတဲ့ စားစရာတွေကို စားဖို့သက်သက် လာခဲ့တာလေ ကံကောင်းသွားတာက ဒီက စားစရာတွေက အရမ်းကောင်းနေတာပ‌ဲ ငါနဲ့အတူ အဖော်ပြုပြီး စားပေးနိုင်မလား"

"သေချာတာပေါ့"

ရှုယုံဖေးက ချစ်စဖွယ် ရယ်ရင်း ပြောသည်။

ချန်းဖန်က သူမအား ရွဲ့နေသည်ကို မြင်ရတော့ ကျန်းချူယန် ‌အံကြိတ်လိုက်မိပြီး ထိုနှစ်ယောက်အား အလွတ်မပေးဘဲ သေချာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သိပ်မဝေးသော တစ်နေရာရှိ မိန်းကလေး တစ်စုက ချန်းဖန်နှင့် ရှုယုံဖေးတို့အား အကဲခတ်နေကြသည်။

"အဲ  ဒါ ဖေးဖေးရဲ့ ကောင်လေးလား ငါတို့နဲ့ ဘာလို့ မိတ်ဆက်မပေးတာလဲ"

အုပ်စုထဲရှိ အသက်အကြီးဆုံး မိန်းကလေးက ပြောလိုက်တာဖြစ်ပြီး သူမက ပွဲတက် ဂါဝန်တိုနှင့် ဆံပင်ကို အနောက်တိုင်းဆန်ဆန် ခပ်မြင့်မြင့် ထုံးထားသည်။

"ကောင်လေးကို အရင်က မမြင်ဖူးပါဘူး ဖေးဖေးကြည့်ရတာ ပြုံးရွှင်နေတာပဲ တကယ်ကြီး သူ့ကောင်လေး ဖြစ်နေမလား မသိဘူး"

"ကောင်လေးက အရမ်း ချမ်းသာလို့များလား"

ရှုယုံဖေးက သူတို့အား ခဏ တဖြုတ်သာ နှုတ်ဆက်ပြီး သာမန်ဆန်သော အဝတ်အစားနှင့် ကောင်လေး တစ်ယောက်အား အရေးတယူ လုပ်နေသဖြင့် အားလုံးက ထင်ရာမြင်ရာများကို ခန့်မှန်းနေကြသည်။

ကျန့်ယွီမုန့်က မနေနိုင်တော့ဘဲ နှာခေါင်း ရှုံ့၍ ဝင်ပြောလိုက်သည်။

"သူက ဖေးဖေးရဲ့ ကောင်လေး မဟုတ်ဘူး တောက တက်လာပြီး ဘားမှာ အလုပ်လုပ်နေတဲ့ သာမန် ကျောင်းသား တစ်ယောက်ပါ"

ထို့နောက် သူမက ခါးသီးနေဟန်နှင့် ဆက်ပြောလိုက်သည်။

"ဖေးဖေးက အဲ့ကောင်ကို ဘယ်လိုဖြစ်ပြီး စွဲလမ်းနေမှန်းကို မသိဘူး"

"ဘုရားရေ အဲ့တာဆို ဖေးဖေးက တကယ်ကြီး အဲ့ကောင်လေးကို ကြိုက်နေတာပေါ့"

အားလုံးက အဖြစ်မှန်ကြောင့် ရှောခ့်ရသွားသည်။

ရှုယုံဖေးက တော်တန်ရုံ ယောက်ျားများအား လှည့်ပင်မကြည့်တတ်ကြောင်း သူမ၏ သူငယ်ချင်းအားလုံး သိကြသည်။ သို့သော် ရှုယုံဖေး၏ နောက်ဆုံးရွေးချယ်မှုက တောကတက်လာသော သာမန်ကောင်လေးတစ်ယောက် ဖြစ်နေခြင်းက သူမတို့အား မေးရိုး ပြုတ်ကျမတတ် အံ့ဩစေသည်။

မိန်းကလေး အများစုကတော့ ရှုယုံဖေးအား သနားသွားကြပြီး သက်ပြင်းချမိကြသည်။

"ဖေးဖေးက အတွေ့အကြုံ နည်းလွန်းတယ် ဒီဇာတ်လမ်းက အဆုံးသတ် လှမှာ မဟုတ်ဘူး"

အုပ်စုထဲရှိ မိန်းကလေး အများစုက သူဌေးသမီး မမလေးများ ဖြစ်ကြပြီး ငယ်စဉ်ကတည်းက အနောက်နိုင်ငံများသို့ ချောင်းပေါက်မတတ် ရောက်ဖူးကြသည်။ သူမတို့အတွက် တောသားတစ်ယောက်က ဘယ်တုန်းကမှ အထင်ကြီးစရာ မဟုတ်ခဲ့ပေ။

ပထမဆုံး စကားစခဲ့သော ဂါဝန်တိုနှင့် မိန်းကလေးက ပြောလိုက်သည်။

"အဖွဲ့ထဲမှာ အကြီးဆုံးအမကြီး အနေနဲ့ ဖေးဖေးကို နည်းနည်းပါးပါး စကားပြောကြည့်ဦးမှပါ ဖေးဖေးက အဲ့ဒီ့ကောင်လေးကို ခဏတာ သဘောကျတာ ဆိုရင်တော့ ပြဿနာ မရှိဘူး ဒါပေမဲ့ တကယ် ချစ်မိသွားတာ ဆိုရင်တော့ မီးနဲ့ကစားနေတာ ဖြစ်သွားပြီ အဲ့ကောင်လေးက ဖေးဖေးနဲ့ လုံးဝမလိုက်ဖက်ဘူး သူတို့ကံတရားက အစတည်းက သတ်မှတ်ထားပြီးသား"

ထို့နောက် သူမ၏ မျက်လုံးများက အမျိုးအမည်‌မသိသော နာကျင်မှုများနှင့် ဖုံးလွှမ်းသွားသည်။ သူမ အမည်က ဟန်ယွင်ဖြစ်ပြီး အုပ်စုထဲတွင် အသက်အကြီးဆုံး ဖြစ်ကာ တက္ကသိုလ်မှ ဘွဲ့ရထားတာ မကြာသေးပေ။ သူမ အထက်တန်းကျောင်းသူ ဘဝတုန်းက ဆင်းရဲသော မိသားစုမှ ကောင်လေးတစ်ယောက်နှင့် မေတ္တာမျှခဲ့ဖူးသည်။ မိသားစုက ကန့်ကွယ်သည့်ကြားမှ အခက်အခဲ မျိုးစုံကို အတူတူ ကျော်ဖြတ်ခဲ့ကြသော်လည်း နှစ်ယောက်သား တက္ကသိုလ် ရောက်သည့်အချိန်တွင်တော့ ကိစ္စတွေက မတူညီတော့။ သူမတို့နှစ်ယောက် နေ့တိုင်းလိုလို သဘောထားကွဲလွဲမှုများနှင့် စကားများကြသည်။ အချစ်ဆိုသည့်အရာအား ထိုအချိန်တွင် သူမတကယ်ကို နားမလည်နိုင်ခဲ့။ နောက်ဆုံးတော့ ထိုကောင်လေးက သူမအား ထားသွားပြီး သာမန်မိသားစုမှ မိန်းကလေး တစ်ယောက်နှင့် လက်ထပ်သွားခဲ့သည်။

... ... ...

ထိုအချိန်မှာပဲ 'ပုန်းကွယ်နေသောနဂါး စံအိမ်'၏ အပြင်ဘက်တွင် ဇိမ်ခံကားတစီး ဆိုက်လာပြီး တောင့်တောင့်ဖြောင့်ဖြောင့် လူငယ်တစ်ယောက် ကားပေါ်မှ ဆင်းလာသည်။

"ဒီည လေလံပွဲကို ရှုယုံဖေး လာမယ်ဆိုတာ သေချာလား"

ထိုလူငယ်က သူ၏ နောက်လိုက် နောက်ပါများထဲမှ တစ်ယောက်အား မေးလိုက်သည်။

"ဟုတ်ကဲ့ သေချာပါတယ် လုံရှောင်ရှောင်ကိုယ်တိုင် ပြောတာပါ"

သန့်သန့်ပြန့်ပြန့် ကောင်လေးတစ်ယောက်က ပြန်ဖြေလိုက်သည်။

လူငယ်က ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။

"အရမ်းကောင်းတယ် အထဲဝင်ရအောင်"

***

All Chapters