အခန်း (၁၀၀)
Vol. 8 Ch. 100
နွေဦးနတ်ဘုရားမ ဘုရားကျောင်းသည် ဟတ်လန်းမြို့၏ အခြေခံအုတ်မြစ်တွင် ခိုင်မြဲစွာ တည်ရှိနေသည်။ ဂိုဏ်းချုပ်ကြီး လူများကို လွှတ်ပေးပြီး မကြာမီပင် အပြင်ကမ္ဘာမှ သတင်းများ စတင်ဝင်ရောက်လာသည်။
"သူတို့ လူနာတွေကို ခေါ်သွားနေကြပြီ မြို့တော်စောင့်တပ်ဖွဲ့က လုပ်နေတာ"
"မြို့တော်စောင့်တပ်ဖွဲ့က လမ်းတွေပေါ်မှာ လှည့်ကင်းတွေ ချထားပြီး တစ်အိမ်တက်ဆင်း လိုက်နေကြပြီ။ တစ်ယောက်ယောက် ဖျားနေရင် သဘာဝဘုရားကျောင်းကို ခေါ်သွားကြတယ်"
"သဘာဝဘုရားဝတ်ပြုသူတွေနဲ့ စစ်ဘုရားကျောင်းက ဘုန်းတော်ကြီးတွေ အားလုံး သဘာဝဘုရားကျောင်းမှာ စုဝေးနေကြပြီ"
"သဘာဝဘုရားဝတ်ပြုသူတွေ၊ စစ်ဘုရားကျောင်းနဲ့ မြို့တော်စောင့်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဆုံးဖြတ်ခဲ့ကြတာလို့ ပြောတယ်..."
"ဘာရွန်ဘောင်းရဲ့ အစေခံတွေကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်..."
ဂိုဏ်းချုပ်ကြီး နားထောင်လေလေ သူ့မျက်မှောင်များ ပို၍ ကြုတ်လေလေ ဖြစ်သည်။
သဘာဝဘုရားဝတ်ပြုသူတွေ၊ စစ်ဘုရားကျောင်းနဲ့ မြို့တော်စောင့်တပ်ဖွဲ့၊ ဒီသုံးခု ပူးပေါင်းလာတာဟာ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ နာမည်တစ်ခုကို အမြဲတစေ သတိရစေတယ်။
ဒါပေမဲ့ ဒါတွေအားလုံးက မသက်ဆိုင်ပါဘူး။ အရေးအကြီးဆုံးကတော့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဖြန့်နေတဲ့သူက ဘယ်သူလဲ။
"ဂိုဏ်းချုပ်ကြီး ကျွန်တော်တို့ သိခဲ့ရပါပြီ"
နောက်ထပ် အစေခံတစ်ဦးက မောပန်းစွာ ပြေးဝင်လာသည်။
"ဒီအကြံအစည်တွေ အားလုံးက ဂါးရက်ဆိုတဲ့ တစ်ယောက်ဆီက လာတာ... ဂါးရက်လေ နောက်ဆုံးတစ်ခေါက် ဘုရားကျောင်းကို လာလည်ခဲ့တဲ့သူလေ..."
"ဂါးရက် နော့ဒ်မတ်"
ဂိုဏ်းချုပ်ကြီး မျက်ခုံးပင့်လိုက်သည်။
ဒီကလေးလေး နောက်တစ်ခါ ထပ်လုပ်ပြန်ပြီ။
သူကပဲ သူတို့ကို အရင်လာရင်ဆိုင်ခဲ့တာ။
နွေရာသီပွဲတော်မှာ သူက မြို့ရဲ့ ရေအရင်းအမြစ်ကို သန့်ရှင်းဖို့ လိုတယ်လို့ ကြေညာခဲ့တယ်။
ဆရာလောရင့်ရဲ့ မြေးကို ကုသတဲ့အခါမှာလည်း သူက အကြီးတန်းဘုန်းတော်ကြီးနှစ်ပါးကို သူ့ကျောင်းသားတွေလိုမျိုး မောက်မာစွာ သင်ပေးခဲ့သေးတယ်။
အယ်လ်ဝင်းဆိုတဲ့ အဲဒီအဘိုးကြီးက သူ့ကျောင်းသားတွေကို အရမ်းချစ်တာ။ အဲ့ဒီထိပ်ပြောင်ဘုန်းတော်ကြီးကလည်း နေ့တိုင်း သူ့နောက် လိုက်ရူးနေတယ်၊ အဲဒီကလေးကို အရမ်းချစ်လွန်းလို့ နွေဦးနတ်ဘုရားမရဲ့ ကောင်းချီးမင်္ဂလာကိုတောင် သူက မေးခွန်းထုတ်နေပြီပေါ့။
သူ ဒေါသတကြီး စားပွဲကို ရိုက်လိုက်ပြီး "လူတွေအာလုံး ချီတက်ဖို့ ပြင်ဆင်ကြ။ ငါတို့ သူတို့ကို သွားတွေ့မယ်"
အကြံဉာဏ်က အဲဒီကလေးလေးဆီက လာတာဖြစ်ပေမဲ့ အဲဒီကောက်ကျစ်တဲ့ အဘိုးကြီးနှစ်ယောက်ကတော့ သူ့နောက်ကွယ်ကနေ ခေါင်းညိတ်သဘောတူခဲ့ကြမှာပဲ။
ပြဿနာရှာတဲ့ လူအုပ်စုပဲ။ နွေဦးနတ်ဘုရားမအပေါ် ယုံကြည်ခြင်းကို လှုပ်ခါနေကြတာ။ သူတို့ရဲ့ သြဇာအာဏာကို ချဲ့ထွင်ဖို့ ကြိုးစားနေကြတာလား။
ဟွန်း…
ငါ့ကို ဒီလိုလုပ်လို့ရမယ်ထင်နေတာလား။
ဂိုဏ်းချုပ်ကြီးသည် ဒေါသအပြည့်ဖြင့် လူအုပ်စုကို သဘာဝဘုရားကျောင်းသို့ ဦးဆောင်သွားခဲ့သည်။ အကြီးအကဲ အယ်လ်ဝင်းနှင့် ထိပ်ပြောင်ဘုန်းတော်ကြီးတို့သည် သဘာဝအတိုင်း ထွက်၍ နှုတ်ဆက်ကြသည်။ တွေ့ဆုံသောအခါ ဂိုဏ်းချုပ်ကြီးသည် သူ၏မျက်နှာပေါ်ရှိ ဒေါသကို ထိန်းချုပ်ပြီး သူတို့နှင့် ပေါ့ပေါ့ပါးပါး စကားပြောရင်း အတူတကွ ဝင်ရောက်သွားကြသည်။ အတွင်းခန်းတွင် ထိုင်ပြီးမှ သူသည် ဘာသာရေးခေါင်းဆောင်နှစ်ဦးကို လက်ညှိုးထိုးပြပြီး အော်ဟစ်လိုက်သည်။
"ဟေ့ မင်းတို့နှစ်ယောက် မင်းတို့လုပ်ခဲ့တာ မဟုတ်ဘူးနော်။ ရောဂါကုသတာက တစ်ပိုင်းလေ ဒါပေမဲ့ လူတွေကို စမ်းရေတွင်းက ရေမသောက်ဖို့ ဘာလို့ တားမြစ်ရတာလဲ"
ဂါးရက် ဤအမိန့်ကို ထုတ်ပြန်စဉ်က "မြို့အနှံ့ မီးဖိုတွေဆောက်၊ ရေကျိုပြီး ရေနွေးပေးဝေ" ဟူသည့် ညွှန်ကြားချက်နှင့် “ဘယ်သူမှ ရေစိမ်း မသောက်ရဘူး” ဟူသည်တို့ ပူးတွဲပါလာခဲ့သည်။
ထိုစဉ်ကမူ ကိစ္စမရှိဟု ထင်ရသော်လည်း ယခုမူ ဂိုဏ်းချုပ်ကြီးက လာရောက်မေးမြန်းသောအခါ
“မင်းတို့က မြစ်ရေကညစ်ပတ်တယ်။ မြောင်းရေကညစ်ပတ်တယ်လို့ ပြောပြီး ဘုရားကျောင်းက နွေဦးနတ်ဘုရားမ ကောင်းချီးပေးထားတဲ့ စမ်းရေတွင်းရေကရော ညစ်ပတ်တယ်လို့ဆိုလိုတာလား။ သောက်ရင် ပြဿနာဖြစ်နိုင်မှာလား”
ထိပ်ပြောင်ဘုန်းတော်ကြီးသည် သူ၏နေရာမှ လှုပ်ရှားကာ စကားပြောရန် ပြင်ဆင်နေစဉ်။ သို့သော်လည်း အကြီးအကဲ အယ်လ်ဝင်းသည် သူ့ကို တားဆီးရန် လက်ဆန့်တန်းလိုက်ပြီး ဂိုဏ်းချုပ်ကြီး၏ မျက်လုံးများကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောကြားခဲ့သည်။
"ရေစိမ်းက ရောဂါတွေကို လွယ်လွယ်ကူကူ ကူးစက်စေတယ်။ အရှင်ဟောနာ ကျွန်တော်တို့က အရှင့်ကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး။ မြို့တစ်မြို့လုံးက လူတွေရဲ့ အသက်ကိုပဲ တွေးနေတာပါ"
“ဒါပေမဲ့ ဒါက နတ်ဘုရားမရဲ့ မြင့်မြတ်တဲ့စမ်းရေတွင်းလေ”
ဂိုဏ်းချုပ်ကြီး မျက်မှောင်ကြုတ်လိုက်သည်။ အကြီးအကဲ အယ်လ်ဝင်းသည် နောက်မဆုတ်ခဲ့ပေ။
"မြင့်မြတ်တဲ့စမ်းရေက တကယ်ကို မြင့်မြတ်ပါတယ်။ ဒါပေမဲ့ လူအများအပြား ရေခပ်တာရယ်၊ သုံးတဲ့ပစ္စည်းတွေက သန့်ရှင်းတယ်လို့ အာမခံလို့မရတာရယ်ကြောင့် ကပ်ရောဂါဖြစ်နေချိန်မှာ ရေကို ယာယီမယူတာက ပိုကောင်းပါတယ်"
"နတ်ဘုရားမရဲ့ မြင့်မြတ်တဲ့စမ်းရေဟာ ရေအရင်းအမြစ်ကို သန့်စင်နိုင်တဲ့ စွမ်းအားရှိပြီးသားပဲ။ အယ်လ်ဝင်း မင်း အဲ့ဒီကလေးကို အရမ်းချစ်လွန်းနေပြီ။ သူပြောသမျှ အကုန်မျက်စိမှိတ်ပြီး လိုက်လုပ်နေတာလား။ ရေစိမ်းသောက်တာက ကပ်ရောဂါဖြစ်လာမလား ဘယ်သူသိမလဲ"
ဂါးရက်သည် သူ့ဆရာဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတို့ဖြင့် စောင့်ကြည့်လေ့လာရင်း နောက်လာမည့် စမ်းသပ်မှုအစီအစဉ်ကို စေ့စေ့စပ်စပ် စဉ်းစားနေသည်။ ဂိုဏ်းချုပ်ကြီး ထိုသို့ပြောသည်ကို ကြားသောအခါ ရုတ်တရက် သူ့ခေါင်းကိုမော့ကာ သူ့ကို တည့်တည့်ကြည့်လိုက်သည်။ အကြီးအကဲ အယ်လ်ဝင်းသည် သူ့ကို ဘေးတစောင်းကြည့်နေပြီး စကားပြောချင်နေသည်ကို မြင်သောအခါ သူြလက်ကိုမြှောက်ကာ ရှေ့သို့အားပါးတရ ဝှေ့ယမ်းလိုက်သည်။
"ရေစိမ်းက မွေးရာပါ ကပ်ရောဂါပြန့်ပွားလွယ်တယ်။ ဂါးရက် မင်းပြောကြည့်"
"ဂိုဏ်းချုပ်ကြီး၊ ဘုန်းတော်ကြီး၊ ဆရာ"
ဂါးရက်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး ဘာသာရေးခေါင်းဆောင် သုံးဦးကို ဦးစွာခေါင်းငုံ့အရိုအသေပြုလိုက်သည်။ သူ့ခေါင်းပြန်မော့လိုက်သောအခါ နှိမ့်ချနူးညံ့သော အမူအရာမှ ချက်ချင်းပင် ခိုင်မာပြတ်သားသော အမူအရာသို့ ပြောင်းလဲသွားသည်။
"ရေစိမ်းသောက်တာက ကပ်ရောဂါပြန့်ပွားနိုင်မလား။ စမ်းရေတွင်းရေသောက်တာက ကပ်ရောဂါပြန့်ပွားနိုင်မလားဆိုတာ ကျွန်တော့်စကားနဲ့ မဆိုင်ပါဘူး။ အရှင်တို့သုံးပါး ရှိနေတာနဲ့ ကျွန်တော်တို့ စမ်းသပ်မှုတစ်ခု လုပ်လို့ရပါတယ်"
"ကျန်းမာတဲ့ ယုန်အချို့ကို ရှာပြီး မြစ်ရေ၊ မြောင်းရေ၊ စမ်းရေတွင်းရေ၊ ကျိုပြီးအအေးခံထားတဲ့ ရေတို့နဲ့ သီးခြားစီ တိုက်ကျွေးပါ။ တိုက်ကျွေးပြီးတဲ့နောက် ဘယ်ယုန်က ဝမ်းလျှောပြီး ဘယ်ယုန်က မဝမ်းလျှောလဲဆိုတာ စောင့်ကြည့်လေ့လာကြရအောင်"
ဂါးရက်နော့ဒ်မတ်က ယုံကြည်မှုအပြည့်ရှိနေသည်။ သူ၏လာမည့် စမ်းသပ်မှုများအတွက် စမ်းသပ်သတ္တဝါများ လိုအပ်သောကြောင့် ဂိုဏ်းချုပ်ကြီး၏ လာရောက်လည်ပတ်မှုကို အခွင့်ကောင်းယူကာ သူ့ကို ဒေါသထွက်စေပြီး ငွေကြေးထောက်ပံ့ခွင့် ရရှိခဲ့သည်။ ဂိုဏ်းချုပ်ကြီးကို ငြိမ်သက်စေရန် သူက စမ်းသပ်မှုဒီဇိုင်းကို အသေးစိတ်ရှင်းပြလိုက်သည်။
"စမ်းသပ်မှု တိကျမှန်ကန်မှုအတွက် ဂိုဏ်းချုပ်ကြီးက လူတစ်ဦးကို ယုန်ဝယ်ခိုင်းဖို့ အကြံပြုလိုပါတယ်။ ဝယ်ပြီးတာနဲ့ နတ်ဘုရားဆီက မှော်ပညာနဲ့ အရင်ကုသပေးပြီးမှ ကျပန်းရွေးချယ်နိုင်ပါတယ်။ ရေစုဆောင်းတဲ့အခါမှာလည်း ရေနမူနာလဲလှယ်တာမျိုး မဖြစ်ရအောင် အချင်းချင်းကြီးကြပ်ဖို့ တခြားသူအများအပြားနဲ့ အတူတူ လုပ်လို့ရပါတယ်"
ပြောသာ ပြောရတာ ယုန်တွေလည်း ဝမ်းကိုက်ရောဂါ ဖြစ်နိုင်တယ်လေ။
ဟွန်း…
"တော်ပြီ"
ဂိုဏ်းချုပ်ကြီး ဟော်နာသည် ဒေါသတကြီးဖြင့် သူ့လက်စွပ်များကို ပုတ်ထုတ်လိုက်သည်။ တစ်ဖက်လူက အသေးစိတ်အချက်အလက်အားလုံးကို ချပြထားပြီဖြစ်သည်။
အခုထွက်သွားရင် အပြစ်ရှိသလို ဖြစ်နေမှာ။ ဒီမှာနေပြီး တစ်စုံတစ်ယောက် ယုန်တွေကို အစာကျွေးတာကို ကြည့်နေရင်လည်း မိုက်မဲရာကျနေမှာပဲ။
ဂါးရက်သည် လေးစားစွာ ခေါင်းညိတ်ကာ ခေါင်းငုံ့ပြီး ညင်သာစွာ ပြောလိုက်သည်။
"ဟုတ်ပါတယ် ရန်ပုံငွေ မလုံလောက်ဘူးဆိုရင် ကျွန်တော်တို့ကလည်း အရှင်တို့အတွက် ယုန်တွေ ဝယ်ပေးလို့ရပါတယ်"
ထိုသို့ပြောလိုက်သောအခါ အကြွေစေ့အိတ်တစ်လုံးကို သူ့ထံ ပစ်ပေါက်လိုက်သည်။
ယုန်များကို အလျင်အမြန် ဝယ်ယူခဲ့သည်။ ဂါးရက်သည် ရေနမူနာများကို အေးဆေးတည်ငြိမ်စွာ မှတ်သားထားပြီး၊ ယုန်လှောင်အိမ်များကို နမူနာများအတိုင်း အညွှန်းတပ်ကာ သီးခြားစီ အစာကျွေးသည်။ သူသည် အသေးအဖွဲကအစ သေချာဂရုစိုက်သည်။ အစာကျွေးရန်အတွက် အသုံးပြုသော ရေခွက်များကို ရေနွေးငွေ့ခံထားသော ပန်းကန်များမှ တိုက်ရိုက်ယူပြီး ယုန်တစ်ကောင်စီအတွက် သီးခြားခွက်ကို ရောနှောခြင်းမရှိဘဲ အသုံးပြုစေသည်။
ထို့နောက်တွင်တော့ အချိန်အတော်ကြာ စောင့်ဆိုင်းရခြင်းသာ ကျန်တော့သည်။
ယုန်များကို အစာကျွေးပြီးနောက် ဂါးရက် တိတ်တဆိတ် ထွက်ခွါသွားတော့သည်။ အကြီးအကဲ အယ်လ်ဝင်းနှင့် ထိပ်ပြောင်ဘုန်းတော်ကြီးတို့သည် ထိုနေ့အတွက် သူတို့၏ ကုသရေးဂါထာများကို အကုန်အစွမ်းကုန် သုံးစွဲခဲ့ကြပြီး ဖြစ်သည်။ နှစ်ဦးစလုံး ယုန်များ၏ ဘယ်ညာတွင် ပုံမှန်အတိုင်း ထိုင်လျက် တစ်ဦးချင်းစီ ဆုတောင်းနေကြသည်။ ဂိုဏ်းချုပ်ကြီး ဟော်နာသည် အလယ်တွင် ထိုင်လျက် ငြီးငွေ့စွာဖြင့် နေမဝင်မချင်း၊ ညရောက်သည်အထိ စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက်...
ယုန်များ ဝမ်းလျှောတော့သည်။
ရေနွေးအေး သောက်သော ယုန်အနည်းငယ်မှလွဲ၍ ကျန်ယုန်များအားလုံး၊ စမ်းရေတွင်းရေ သောက်သော ယုန်များပင်လျှင် တစ်ကောင်ပြီးတစ်ကောင် ဝမ်းလျှောစ ပြုလာကြသည်။
ထိပ်ပြောင်ဘုန်းတော်ကြီး: "..."
အကြီးအကဲ အယ်လ်ဝင်း: "..."
ရန်ဖြစ်ခြင်းမရှိ၊ အချင်းချင်း အပြစ်တင်ခြင်းမရှိ၊ ယုန်အနည်းငယ်ကို ထုတ်ပြခြင်းဖြင့်ပင် အားလုံးပြည့်စုံသွားခဲ့သည်။
ဂိုဏ်းချုပ်ကြီး ဟော်နာ: "..."
လူအများရှေ့တွင် သူ့မျက်နှာအိုကြီးမှာ ယုန်ချေးများ လူးထားသကဲ့သို့ပင်။
နောက်ဆုံးတွင် သူသည် သူ၏ဝတ်ရုံများကို ဝှေ့ယမ်းကာ
"သန့်ရှင်းတဲ့ စမ်းရေတွင်းက ညစ်ညမ်းနေတာ သေချာပါတယ်။ ကျွန်တော် ဆုတောင်းပွဲတွေ စီစဉ်ပြီး ရေအရင်းအမြစ်ကို သန့်စင်ပါ့မယ်။ ဒါပေမဲ့ ပြည်သူတွေ စမ်းရေတွင်းက ရေယူတာကို တားမြစ်လို့ကတော့ လုံးဝမဖြစ်နိုင်ပါဘူး"
"တကယ်ကို တားမြစ်ဖို့ လိုအပ်မယ်ထင်ပါတယ်"
ဂါးရက်သည် ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာကာ သူ့မျက်နှာတွင် လေးနက်သော အမူအရာရှိနေသည်။ သူသည် အကြီးအကဲ အယ်လ်ဝင်းအား အနည်းငယ် ဦးညွှတ်လိုက်ပြီး
"ဆရာ အစောပိုင်း လူနာများစွာဟာ ဘုရားကျောင်းရဲ့ စမ်းရေတွင်းက ရေကို ယူသုံးခဲ့ကြပါတယ်"
"မင်း"
ဂိုဏ်းချုပ်ကြီး ဟော်နာမှာ တုန်လှုပ်ကာ ဒေါသထွက်သွားသည်။ ဂါးရက်က သူ့ကို လေးနက်စွာ ကြည့်နေပြီး နောက်မဆုတ်ခဲ့ပေ။
"ကျွန်တော့်မှာ သက်သေရှိတယ်"