အခန်း (၁၀၁)
Vol. 8 Ch. 101
"မင်းမှာ သက်သေရှိတာလား။ ဟွန်း မင်းမှာ ဘာသက်သေရှိမှာလဲ"
ဂိုဏ်းချုပ်ကြီး ဟော်နာသည် ဒေါသထွက်ကာ အဆို့ရှင်ချို့ယွင်းနေသော ဖိအားပေးအိုးဖြင့် ရေကို အသည်းအသန်ဆူအောင် ကြိုးစားနေသကဲ့သို့ တဟူးဟူးမြည်နေသည်။ ဂါးရက်သည် အဖျားခတ်ခြင်းမရှိဘဲ အပြင်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ကြွပါ"
သက်သေလား။
ဂါးရက်က ဦးဆောင်သွားပြီး လူအုပ်စုတစ်စုက သူ့နောက်သို့ ဆူညံစွာ လိုက်ပါကာ နောက်ခန်းမသို့ ရောက်လာကြသည်။
သူက ကြိုတင်ပြင်ဆင်ထားပြီးသားပဲ။
ဂိုဏ်းချုပ်ကြီး ဟော်နာသည် ဂါးရက်ကို ချက်ချင်းဖမ်းပြီး ဖယ်ရှားပစ်ချင်ပုံရကာ ခြေလှမ်းများ အလောတကြီး လှမ်းနေသည်။ အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်သည် တည်ငြိမ်သောအမူအရာဖြင့် ပေါ့ပေါ့ပါးပါး နောက်ကလိုက်ပါလာသည်။
ထိပ်ပြောင်ဘုန်းတော်ကြီးသည် ရှေ့သို့တစ်ချက်ကြည့်ပြီးနောက် အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်အား တစ်ချက်ကြည့်လိုက်ရာ သူ့မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ရှိနေပြီး ခေါင်းကုတ်ချင်နေပုံရသည်။
"ဟေ့ မင်းရဲ့ တပည့်က ဘာတွေ ထပ်ပြီး ရောထွေးလိုက်ပြန်ပြီလဲ။ သူ ခုနကပဲ ယုန်တွေနဲ့ ဆော့ကစားတာ ပြီးသွားတာ မဟုတ်လား"
အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က သူ့ကို နက်နဲသော အပြုံးတစ်ပွင့် ပြုံးပြလိုက်သည်။
သဘာဝဘုရားကျောင်း၏ နောက်ခန်းမသည် ဘုရားကျောင်း၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသည်။ ယဇ်ပလ္လင်နှင့် သဘာဝနတ်ဘုရားရုပ်တုကို ဖြတ်ကျော်ပြီးနောက်တွင် တစ်ဝက်ဝိုင်းခန်းမတစ်ခု ရှိသည်။ သုံးနှစ်အကြာတွင် ဤနေရာသည် ဘုရားကျောင်း၏ ဂိုဏ်းချုပ်ကြီးမှ ကျင်းပသည့် ခမ်းနားသော အခမ်းအနားမတိုင်မီ အနားယူရာနေရာဖြစ်ပြီး အဆင့်မြင့်ဘုန်းတော်ကြီးများ စုဝေးရာနေရာလည်း ဖြစ်သည်။ နံရံများကို ခမ်းနားစွာ အလှဆင်ထားပြီး ထူထဲနူးညံ့သော ကော်ဇောများ၏ မြေပြင်ကို နင်းလိုက်သောအခါ တွင်းနက်ကြီးကဲ့သို့ ဖုံးအုပ်ထားသည်။
ယခုအခန်းသည် ဖိုင်တွဲများဖြင့် ပြည့်နှက်နေပြီး အနည်းဆုံး ရာပေါင်းများစွာရှိသည်။ ဗဟိုစားပွဲရှည်ကြီးပေါ်တွင် မြေပုံကြီးတစ်ချပ် ချထားပြီး ထိုမြေပုံပေါ်တွင် သေးငယ်သော အလံအမျိုးမျိုးဖြင့် အလှဆင်ထားသည်။ ဂါးရက်နှင့် အခြားသူများ ဝင်ရောက်လာသောအခါ ဘုန်းတော်ကြီးအချို့က ဖိုင်တွဲများကို ကိုင်ဆောင်ထားကြပြီး အလုပ်များနေကြသည်။
"လူနာမှတ်တမ်း အိပ်ရာ ၃၁၈ အတွက် လက်ခံရရှိပါပြီ။ နှစ်ရက်အကြာက ဖျားခဲ့တယ်။ တောင်ဘက်လမ်းငယ်မှာ နေတယ်။ အရှေ့ဘက်လမ်းက ဦးလေးဂျော်ဂျီကိတ်မုန့်ဆိုင်နားမှာ"
"လူနာမှတ်တမ်း အိပ်ရာ ၃၁၉ အတွက် လက်ခံရရှိပါပြီ။ မနေ့က ဖျားခဲ့တာဖြစ်ပြီး သူ့ခင်ပွန်းက ၃ ရက်အကြာက ဝမ်းလျှောခဲ့တာ။ နောက်တစ်နေ့မှာ ပြန်ကောင်းသွားပြီ။ ကယ်လ်ဗင်လမ်းမှာ နေတယ်။ ဖရီယာအပ်ချုပ်ဆိုင်နားမှာ"
မျက်နှာများ ဖြူဖျော့လျက် ခြေထောက်များ တုန်ယင်နေသော ဘုန်းတော်ကြီးများက ထိုနေ့အတွက် သူတို့၏ ကုသရေးဂါထာများကို အသုံးပြုပြီးကာစ ဖြစ်၍ နားနိုင်ပြီဟု တွေးထားခဲ့ကြသည်။ သို့သော် ဂါးရက်က သူတို့ကို လူနာများ၏ ရောဂါရာဇဝင်များကို မေးမြန်းခြင်း၊ လူနာမှတ်တမ်းများ ရေးသားခြင်း၊ လူနာမိသားစုများ၏ ပြောပြချက်များနှင့် နှိုင်းယှဉ်ခြင်း၊ ရောဂါဖြစ်ပွားမှုအခြေအနေများကို စနစ်တကျ ပြန်လည်စုစည်းခြင်း စသည့် အလုပ်အသစ်များထဲသို့ ပစ်ထည့်လိုက်သည်။
ထို့နောက် လူနာမှတ်တမ်းရေးသားသည့် ပုံစံကို ဂါးရက်က သူတို့အား နောက်ခန်းမဝင်ပေါက်တွင် တစ်ခု၊ ပြင်းထန်လူနာများအတွက် တစ်ခု၊ အပျော့စားလူနာများအတွက် တစ်ခု အလျင်အမြန် ပေးခဲ့သည်။ ကြီးမားသည့် သစ်သားစင်ပေါ်တွင် ကပ်ထားပြီး ကိုယ့်ဘာသာ ကူးယူကြရသည်။
တစ်ခုခု လိုအပ်ပါက ပြန်သွားပြီး ပြန်လည်ရေးသားရသည်။
ဂါးရက်က သူတို့၏ ဖရိုဖရဲပုံစံကို နှာခေါင်းရှုံ့ကြည့်လိုက်သည်။
ရောဂါရာဇဝင်မေးတာ၊ လူနာမှတ်တမ်းရေးတာ... ဘယ်ဆေးကျောင်းသားက ဒါကို မဖြတ်သန်းဖူးတာ ရှိလို့လဲ။
သူတို့က ငါ့နောက်ကိုလိုက်ပြီး ခန္ဓာဗေဒ လေ့လာပြီး ငါ့နည်းလမ်းတွေနဲ့ ကုသရေးဂါထာတွေရဲ့ ထိရောက်မှုကို မြှင့်တင်ခဲ့ကြပြီဆိုတော့ သူတို့ကို ငါ့အတွက် J
ဂျုနီယာဆရာဝန်လေးတွေ ဖြစ်စေရမယ်။
ဟီးဟီးဟီး...
နေလို့ကောင်းလိုက်တာ။
ဘုန်းတော်ကြီးများသည် လျင်မြန်စွာ ရွေ့လျားရင်း တစ်ဦးပြီးတစ်ဦး နံပါတ်များ ပြောနေကြပြီး မြေပုံပေါ်တွင်လည်း အလံများ တစ်ခုပြီးတစ်ခု စိုက်ထူနေကြသည်။ ထိပ်ပြောင်ဘုန်းတော်ကြီးက ငုံ့ကြည့်လိုက်ရာ ဂါးရက်က ချက်ချင်းလိုက်၍ ဘေးဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"အနီရောင်က ဒီနေ့ ဖျားနာသူတွေ... အဝါရောင်က မနေ့က၊ အပြာရောင်က မနေ့က မတိုင်ခင်တစ်ရက်... အနက်ရောင်။ အနက်ရောင်က ၇ ရက်အကြာကတည်းက၊ အစောဆုံးတွေ့ရှိရတဲ့ ကိစ္စပဲ..."
သိသာထင်ရှားသည်မှာ မြေပုံပေါ်ရှိ အနက်ရောင်အလံများက အရေအတွက်အားဖြင့် အနည်းဆုံးပင်။ သို့သော်လည်း မြေပုံဘေးတွင် ရပ်နေသည့် ဂိုဏ်းချုပ်ကြီး ဟော်နာသည် ဤအနက်ရောင်အလံများကို မျက်နှာမဲကြီးဖြင့် ကြည့်ရင်း ကျိန်ဆဲလိုစိတ်များ ပေါ်ပေါက်နေခဲ့သည်။
အလံတစ်ခု သို့မဟုတ် နှစ်ခုဆိုလျှင် မထင်ရှားသော်လည်း ရာပေါင်းများစွာသော အလံများ အတူတကွ ရှိနေသောအခါ ဟာ့တ်လန်းမြို့နှင့် ရင်းနှီးသူ မည်သူမဆို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်တွေ့နိုင်သည်။ အနက်ရောင်အလံများသည် နွေဦးနတ်ဘုရားမ ဘုရားကျောင်းကို ဗဟိုပြုလျက် မြို့တစ်မြို့လုံးအတွက် သန့်ရှင်းသည့် ရေအရင်းအမြစ်ကို ပံ့ပိုးပေးထားသည့် ပုံစံမျိုးဖြင့် တစ်ဝက်ဝိုင်းပုံစံ ဖြစ်နေခဲ့သည်။ ထို့ပြင် ခြောက်ရက်မြောက်နေ့၊ ငါးရက်မြောက်နေ့၊ လေးရက်မြောက်နေ့... များတွင် အဝိုင်းလိုက် ပြန့်နှံ့သွားခဲ့သည်။
ပိုဆိုးသည်မှာ ဘုရားကျောင်းမှ ပထမဆုံး အစေခံသည် ရှစ်ရက်အကြာကတည်းက ဖျားနာခဲ့ခြင်းပင်။
ဘာသာရေးဂိုဏ်းနှစ်ခု၏ ခေါင်းဆောင်နှစ်ဦးရှေ့တွင် ဤအနက်ရောင်အလံများက တစ်ခုပြီးတစ်ခုဖြင့် ဟော်နာ၏ မျက်နှာကို ရိုက်လိုက်သကဲ့သို့ ခံစားရစေခဲ့သည်။
ဒီကလေးလေးက မုန်းစရာကောင်းလိုက်တာ။
သူဘယ်လိုလုပ် ဒီနည်းလမ်းကို ရခဲ့တာလဲ။ အလံတွေ မစိုက်ဘဲ မှတ်တမ်းတွေကို စာမျက်နှာလိုက် လှန်ကြည့်နေမယ်ဆိုရင်၊ လူနာတွေကိုတောင် မေးမြန်းစရာမလိုဘဲ ပထမဆုံးလူနာက ဘယ်သူလဲဆိုတာ ဘယ်သူသိမှာလဲ။
ဂါးရက်သည် ဂိုဏ်းချုပ်ကြီး၏ မျက်နှာအမူအရာကို ကြည့်ရင်း ခေါင်းငုံ့ကာ တိတ်တဆိတ် မျက်လုံးလှန်လိုက်သည်။
ကပ်ရောဂါကို စုံစမ်းဖို့ ငါ့အတွက် မလွယ်ဘူး။ ရောဂါကူးစက်တဲ့ ရင်းမြစ်ကို ရှာဖွေဖို့နဲ့ စစဖြစ်တဲ့လူနာကို ရှာဖွေဖို့ ငါ့အတွက် မလွယ်ဘူး။
ဝူးဝူးဝူး….
ငါ့ရဲ့အရင်ဘဝတုန်းက ရောဂါတစ်မှု ပေါ်လာရင် CDC တစ်ခုလုံးရှိတယ်။ လူ ဒါဇင်နဲ့ချီ ဝိုင်းရံပြီး ၂၄ နာရီအတွင်း လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ကြေညာတယ်။ အခုတော့ လူသုံးရာကျော်ကို တစ်ယောက်တည်း စုံစမ်းရတာလေ။
(T/L CDC ဆိုတာက Centers for Disease Control and Prevention ရဲ့ အတိုကောက်ဖြစ်ပြီး ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနပါ)
ငါက ဆေးခန်းဆရာဝန်ပဲလေ။
ငါက CDC မှ မဟုတ်တာ။
ငါက ကျန်းမာရေးကော်မရှင်က လူတစ်ယောက် မဟုတ်ဘူး။
ကျန်းမာရေးစီမံခန့်ခွဲမှုကို လေ့လာတာ၊ ကျန်းမာရေးကော်မရှင်က လူတွေနဲ့ ပူးပေါင်းတာလုပ်ဖို့က ဆရာဝန်တွေတောင် အရည်အချင်းမပြည့်မီဘူး။
ဂိုဏ်းချုပ်ကြီး ဟော်နာသာ ဂါးရက်၏ အတွင်းစိတ်ကို ကြားရလျှင် သူ့ကို ချက်ချင်း သတ်ပစ်ချင်မည်မှာ သေချာသည်။ ကံမကောင်းစွာဖြင့် သူသည် ဘုန်းတော်ကြီးတစ်ပါးသာဖြစ်ပြီး မှော်ဆရာမဟုတ်ပေ။
အတွေးဖတ်ခြင်း မှော်ပညာကို သင်ယူခဲ့ခြင်းမရှိပေ။ ထို့ကြောင့် သူ စဉ်းစားနေသည်မှာ လက်ရှိအကျပ်အတည်းသာ ဖြစ်သည်။
ကပ်ရောဂါက စမ်းရေတွင်းမှ စတင်ခဲ့ခြင်းပင်။
လူအများက မြို့တစ်ခုလုံးကို သန့်ရှင်းသောရေဖြင့် ပြုစုပျိုးထောင်ပေးသော နွေဦးနတ်ဘုရားမ ဘုရားကျောင်းသည် ဤကပ်ရောဂါ၏ ရင်းမြစ်ဖြစ်သည်ကို သိရှိပါက နတ်ဘုရားမအပေါ် ယုံကြည်ခြင်းက ကြီးမားသော ထိခိုက်မှုခံစားရမည်ပင်။
ဂိုဏ်းချုပ်ကြီး ဟော်နာ စဉ်းစားရင်း သူ့မျက်နှာ မည်းမှောင်လာတော့သည်။
"အဓိပ္ပာယ်မရှိတာ။ ဒီစကားတွေက လူနာတွေကိုယ်တိုင် ပြောတာ။ ဘယ်လိုလုပ် သက်သေအဖြစ် ယူလို့ရမလဲ။ ဒီရှုပ်ထွေးနေတဲ့ လူနာတွေရဲ့ စကားတွေကို ဘုရားကျောင်းကို စွပ်စွဲဖို့ သုံးနိုင်လား။ မင်းက ငါတို့ကို အကြိမ်ကြိမ်စွပ်စွဲပြီး နတ်ဘုရားမကို စော်ကားဖို့ ကြိုးစားနေတာလား"
"ဟော်နာ"
အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က ရှေ့သို့တိုးလာပြီး သူ၏တပည့်ကို သူ့နောက်သို့ ဆွဲခေါ်လိုက်သည်။ သို့သော် ကျေးဇူးမသိတတ်သော ဂါးရက်က တစ်လှမ်းရှေ့တိုးကာ အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်၏ နောက်ကွယ်မှ သူ့ခန္တာကိုယ်တစ်ဝက်ကို ဖော်ထုတ်လိုက်သည်။
"ဂိုဏ်းချုပ်ကြီး ကျွန်တော် ဘုရားကျောင်းကို မေးခွန်းထုတ်ဖို့ ရည်ရွယ်ချက်မရှိသလို၊ နတ်ဘုရားမကို စော်ကားဖို့လည်း လုံးဝမရှိပါဘူး။ ကျွန်တော် လုပ်ခဲ့သမျှက ကပ်ရောဂါရဲ့ ရင်းမြစ်ကို ရှာပြီး ဒီဘေးအန္တရာယ်ကို တတ်နိုင်သမျှ အမြန်ဆုံး ရပ်တန့်ဖို့ပဲ ကြိုးစားခဲ့တာပါ။ နတ်ဘုရားမရဲ့ ကရုဏာကို ယုံကြည်ပြီး သူမရဲ့ လူမျိုးတွေ ရောဂါကြောင့် အနှောင့်အယှက်မဖြစ်စေဖို့လည်း မျှော်လင့်ပါတယ်"
"စကားပြောအရမ်းကောင်းတယ်"
ဂိုဏ်းချုပ်ကြီးက အေးစက်စက် လှောင်ပြောင်လိုက်သည်။ ဂါးရက်က နောက်လှည့်ပြီး မြေပုံကို ညွှန်ပြလိုက်သည်။
"လူနာရဲ့ ထွက်ဆိုချက်က အမှန်စင်စစ် ကနဦးကိုးကားစရာအဖြစ်ပဲ သုံးနိုင်ပြီး ဘုရားကျောင်းကို စွပ်စွဲဖို့အတွက်တော့ အသုံးမပြုနိုင်ပါဘူး။
ဒါပေမဲ့ ယုန်စမ်းသပ်မှုရဲ့ ရလဒ်တွေကိုလည်း အရှင်မြင်ပြီးပြီ။ လူနာတွေ ကူးစက်ပြန့်ပွားပုံကိုလည်း အရှင်မြင်ပြီးပြီ။
ဘုရားကျောင်းဝင်ပေါက်က စမ်းရေတွင်းကနေ လူတွေ ရေယူတာကို ယာယီတားမြစ်သင့်သလား၊ အရှင် ဘယ်လိုထင်ပါသလဲ"
ဂိုဏ်းချုပ်ကြီး ဟော်နာ၏ အကြည့်က လေးနက်နေသည်။ ကျိုးကြောင်းဆီလျော်အောင် ပြောရလျှင် သက်သေအထောက်အထားနှစ်ခုစလုံးက သူ၏ရှေ့တွင် ရှိနေခြင်းပင်။
ကျိုးကြောင်းဆီလျော်မှုမရှိဟု ပြောရလျှင် သဘာဝနတ်ဘုရားကျောင်းနှင့် စစ်နတ်ဘုရားကျောင်းတော်နှစ်ခုစလုံးသည် ဤကောင်လေး၏ နောက်ခံလူများပင်။ သူသည် အသက်ပြင်းပြင်းရှူပြီး သူ၏လက်စွပ်ကို ပုတ်ထုတ်လိုက်သည်။
"အရင်က မင်း ဘုရားကျောင်းကို မေးခွန်းထုတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောခဲ့တယ် မဟုတ်လား"
"ဟုတ်ပါတယ်"
"ကောင်းပြီ ဒါဆို ဒီကပ်ရောဂါဟာ ဘုရားကျောင်းနဲ့ ဘာမှမဆိုင်ဘူးဆိုတာ ငါ့ကို သက်သေပြစမ်း"
ဘာကြီး။
ဘုရားကျောင်းနဲ့…
အခုတော့ နွေဦးနတ်ဘုရားမရဲ့ ဘုရားကျောင်းကို ညွှန်ပြနေတဲ့ သက်သေအထောက်အထား အများအပြားရှိနေချိန်မှာ မင်းက ငါ့ကို သက်သေဖျောက်ခိုင်းနေတယ်။ ငါ့အတွက် ခက်ခဲအောင် တမင်တကာ လုပ်နေတာလား။
စိတ်ချပါ။ ဒီကပ်ရောဂါက ဘုရားကျောင်းကနေ စတင်ခဲ့တယ်ဆိုတာ သက်သေပြနိုင်ရင်…
ငြင်းလို့မရတဲ့ သက်သေအထောက်အထားတွေကို ကျွန်တော် သေချာပေါက် တင်ပြပါ့မယ်။
ဂါးရက်၏ မျက်နှာက ရုတ်တရက် လေးနက်လာသည်။ သူသည် ညင်သာစွာ ဦးညွှတ်လိုက်ော်လည်း သူ့လေသံကတော့ ခိုင်မာပြတ်သားနေ၏။
"ကျွန်တော် အမှန်တရားကိုသာ ရှာဖွေပါတယ်... အမြဲတမ်း အမှန်တရားကိုပါ။ ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်ဆိုတော့ စိတ်ချပါ။ ကျွန်တော် ငြင်းလို့မရတဲ့ သက်သေအထောက်အထားတွေကို တင်ပြပါ့မယ်"