အခန်း (၁၀၃)
Vol. 8 Ch. 103
ဪ…ဒီလောက်ကြီးတဲ့ တုံ့ပြန်မှုလား။
ဂါးရက်နော့ဒ်မတ်သည် လက်ပိုက်လျက် မှော်ဆရာ အယ်လယော့တ်အား ဘေးတစောင်း ကြည့်လိုက်သည်။ မင်း အဆင့်တက်တော့မယ်ဆိုတာ သိပေမဲ့ ဒီလောက်ကြီးကျယ်ခမ်းနားစွာ အောင်မြင်မှုရတာက မှန်ဘီလူးရဲ့ ကြော်ငြာအကျိုးသက်ရောက်မှု မလုံလောက်ဘူးလို့များ ထင်နေတာလား။
ဒါနဲ့... ဒီမှန်ဘီလူးကို မှော်ကောင်စီကို ဓာတုဗေဒပစ္စည်းအနေနဲ့ တင်ပြရင် ဘယ်လောက် ဆုကြေးရမလဲ မသိဘူး...
"ဂါးရက်လေး မင်း ဘာတွေ ထပ်ပြီး လုပ်လာပြန်ပြီလဲ"
အပြင်ဘက်မှ အော်သံက ဂါးရက်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။ ထိပ်ပြောင်ဘုန်းတော်ကြီး အော်ပြောလိုက်ရာ ဂါးရက်က လသာဆောင်သို့ အလျင်အမြန်ပြေးသွားပြီး ပြန်အော်လိုက်သည်။
"ဘုန်းတော်ကြီးနဲ့ ဆရာ ကျွန်တော် တွေ့ပြီ။ ဒီကပ်ရောဂါရဲ့ တရားခံကို ကျွန်တော် တွေ့ပြီ။ လာကြည့်ကြပါ။ မြန်မြန်"
"ငါလာပြီ"
ထိပ်ပြောင်ဘုန်းတော်ကြီးက ခြေလှမ်းအနည်းငယ် လှမ်းပြီး မြင့်မားစွာ ခုန်လိုက်သည်။ သူ လက်လှမ်းလိုက်ရာ နံရံပေါ်ရှိ ပန်းပုကို ဆွဲကိုင်မိပြီး သူ့ကိုယ်သူ အပေါ်သို့ ပစ်တင်လိုက်သည်။ သူ့ကို ဤသို့မြင်သောအခါ အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က ခါးသက်စွာ ပြုံးလိုက်ပြီး လူတိုင်းကို လှေကားမှ တက်ရန် အချက်ပြလိုက်သည်။
သူတို့သည် စနစ်တကျ လှည့်ပတ်သွားလာပြီး အခန်းထဲသို့ မဝင်ရောက်သေးမီကပင် ဝေးရာမှ ထိပ်ပြောင်ဘုန်းတော်ကြီး၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံကို ကြားနေရသည်။
"ဝါး တကယ်ကို ကြည်လင်နေတာပဲ။ ဒါလည်း ရတာကိုး ...ဒါလည်း ရတယ်။ ဒါပေမဲ့ ဂါးရက်လေး ဒီအရာလေးတွေက ဒီကပ်ရောဂါရဲ့ အကြောင်းရင်းလို့ ဘာလို့ ပြောတာလဲ"
"ကျွန်တော် ဒီအရာတွေကို လူနာတွေရဲ့ မစင်တွေမှာ တွေ့ခဲ့တာပါ"
ဂါးရက်၏ အသံက တည်ငြိမ်နေသညါ။
"ညစ်ညမ်းနေတဲ့ စမ်းရေတွင်းမှာရော လူနာတွေရဲ့ မစင်တွေနဲ့ ဖျားနေတဲ့ ယုန်တွေရဲ့ မစင်တွေမှာပါ တွေ့ရတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကျန်းမာတဲ့ ယုန်တွေမှာတော့ မရှိပါဘူး"
"တကယ်လား"
"အဲဒါ အမှန်လား"
ဘုန်းတော်ကြီး ဒါဇင်နှင့်ချီသည့် လူများ အခန်းထဲတွင် ပြည့်နေ၏။ ဂါးရက်က ဘေးဖယ်ပေးပြီး မှန်ဘီလူးအတွက် နေရာပေးလိုက်သည်။
"မင်းတို့ ကိုယ်တိုင် ကြည့်လို့ရတယ်။ မင်းတို့ မြင်ပြီးရင် လူတိုင်းမြင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ငါ သင်ပေးမယ်။ တန်းစီကြပါ။ မတွန်းကြနဲ့။ တစ်ယောက်ချင်းစီ လာ"
ထိပ်ပြောင်ဘုန်းတော်ကြီးက မကျေမနပ် ဘေးဖယ်ပေးလိုက်သည်။ အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က သူ့မျက်နှာအမူအရာကို ပြင်ဆင်ပြီး မှန်ဘီလူးဆီ ချဉ်းကပ်သွားသည်။
သူက လေးနက်စွာ တွေးလိုက်သည်။
ဟိုကောင်လိုမျိုး ငါမလန့်သွားစေရဘူး...
"အား…."
သူသည် အသံအနည်းငယ် နှိမ့်ချလိုက်သော်လည်း ပြင်းအားမလျော့သည့် အာမေဍိတ်သံကို ထုတ်လွှင့်လိုက်သည်။ မှန်ဘီလူးတွင် စွဲကပ်နေပြီး လုံးဝ မရွေ့နိုင်တော့ပေ။
"အဟမ်း..အဟမ်း…."
ဘေးနားမှ ထိပ်ပြောင်ဘုန်းတော်ကြီးက အသံကျယ်ကျယ်ဖြင့် ချောင်းဟန့်ဟန်ဆောင်လိုက်သည်။ အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်သည် တစ်မိနစ်ခန့် စိတ်လိုလက်ရ ကြည့်ရှုနေပြီးမှ မကျေမနပ်ဖြင့် မျက်လုံးလွှဲလိုက်သည်။ ဂါးရက်သည် ဘေးတွင် စောင့်ဆိုင်းနေခဲ့ပြီး သူ လှုပ်ရှားသွားသည်ကို မြင်သောအခါ ချက်ချင်း ချဉ်းကပ်သွားသည်။
"ဆရာ လူတိုင်း ဒီအရာတွေကို မြင်နိုင်အောင် ဘယ်လိုလုက်ရမလဲဆိုတာကို ကျွန်တော် သင်ပေးပါရစေ..."
"အချိန်က နည်းနေပြီ"
အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က ပြတ်သားစွာ လက်ဝှေ့ယမ်းပြီး သူ့ကို ဖြတ်ပြောလိုက်သည်။
"မင်းဘာသာ လုပ်။ ဒီအရာလေးတွေက ဒီကပ်ရောဂါကို ဖြစ်စေတယ်ဆိုတဲ့ သက်သေကို ငါ့ကို ပြ"
ဒါ...
ငါ ခုနက ဘာပြောလိုက်တာလဲ။
ငါ့သက်သေက မှားယွင်းနေရင် ဒါမှမဟုတ် ငါ့လုပ်ထုံးလုပ်နည်းက မှားနေရင် ဘယ်လိုလုပ်မလဲ။
ဂါးရက် တိတ်တဆိတ် ချွေးသုတ်လိုက်သည်။ သို့သော် အကြီးအကဲ၏ ပြင်းထန်သော အကြည့်အောက်တွင် သူသည် ခေါင်းမော့ ရပ်တည်ပြီး ကျယ်လောင်စွာ ပြန်ဖြေရုံသာ တတ်နိုင်တော့သည်။
"ဟုတ်ကဲ့ ဆရာ"
အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်၏ အမိန့်အရ သဘာဝနတ်ဘုရားဝတ်ပြုသူ ဘုန်းတော်ကြီးများသည် စုပေါင်း၍ နောက်သို့ ဆုတ်ကာ ဂါးရက်၏ မျက်နှာချင်းဆိုင်တွင် တန်းစီရပ်လိုက်ကြသည်။ တစ်ဦးစီတိုင်းတွင် သူတို့ရှေ့တွင် ပစ္စည်းကိရိယာ အစုံအလင်ရှိသည်။ ဂါးရက်၏ ညွှန်ကြားချက်များအတိုင်း သူတို့သည် မှော်မန္တန်နှင့်အတူ လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ကြသည်။
"လက်ဆေးကြ"
အချို့က ရေရှာရန်သွားကြသည်၊ အချို့က ရေဆေးကြောသည့် မှော်မန္တန်များ ရွတ်ဆိုကြသည်၊ အခြားသူများက သန့်ရှင်းရေး မှော်မန္တန်များ ရွတ်ဆိုကြသည်...
မှော်ဆရာ အယ်လယော့တ်သည် ငြီးငွေ့စွာဖြင့် မှော်ဆရာ၏ လှည့်ကွက်အချို့ကို လုပ်ဆောင်ပြီး သူ့အနီးဆုံး ဘုန်းတော်ကြီးနှစ်ပါး၏ လက်များကို ဆေးကြောပေးရာ ဂါးရက်ထံမှ ပြင်းထန်သော စူးစူးဝါးဝါး အကြည့်ကို ရရှိခဲ့သည်။
"ခဲနေတဲ့ အသားတစ်ဖဲ့ကို လှီးပြီး ပန်းကန်ပေါ်တင်ပါ။ လေဓားကိုမသုံးရဘူး။ လေထဲမှာလည်း ဖုန်တွေ ရှိနေလိမ့်မယ်"
ဖျတ်..ဖျတ်..ဖျတ်..ဖျတ်…
သန့်စင်ခြင်း မှော်မန္တန်တစ်ပုဒ်ကို ပန်းကန်ပေါ်ရှိ ခဲနေသော အသားပေါ်သို့ ပစ်တင်လိုက်သည်။
ဂါးရက်: "..."
"သုတေသနပရောဂျက်တစ်ခု စတင်ဖို့ မမေ့ပါနဲ့။ သန့်စင်ခြင်းနဲ့ ကုသထားတဲ့ သောက်ရေရယ်၊ မကုသရသေးတဲ့ ရေရယ်ကို အသုံးပြုပြီး ဘက်တီးရီးယားယဉ်ကျေးမှုနှိုင်းယှဉ်မှု စမ်းသပ်မှုတစ်ခု လုပ်ဆောင်ပါ"
သူသည် သူ့ကိုယ်သူ တိတ်တဆိတ် အလုပ်တစ်ခု ထပ်ထည့်လိုက်ပြီး အမိန့်များ ဆက်ပေးသည်။
"လက်ထဲက သံကြိုးကို ယူကြ..."
Inoculation loop အကြောင်းတော့ မေ့လိုက်ပါ။ ရိုးရိုးလေးပဲ လုပ်ကြမယ်။ ကံကောင်းတာက ကျွန်တော် အစုံအလင် ပြင်ဆင်ထားတယ်။
(T/L inoculation loop ဆိုတာက ပိုးမွှားတွေကို သယ်ယူကူးပြောင်းရာမှာ အသုံးပြုတဲ့ ဓာတ်ခွဲခန်းသုံးကိရိယာတစ်ခုပါ)
"ကွင်းပါတဲ့အစွန်းကို မီးနဲ့ သန့်ရှင်းအောင် မီးရှို့ပါ..."
ဘယ်သူမှ အရက်မီးခွက် မရှာသလို ဘယ်သူမှ ဖယောင်းတိုင် မရှာကြပေ။ ဘုန်းတော်ကြီးအုပ်စုတစ်စုက တစ်ပြိုင်နက်တည်း လက်ဆန့်ထုတ်လိုက်ကြရာ လက်ဖဝါးထဲတွင် မီးတောက်များ ပေါ်လာသည်။
ဂါးရက် လုံးဝ အထင်ကြီးသွားတော့သည်။
မှော်ပညာရှင်များ စမ်းသပ်မှုများ ပြုလုပ်ရာတွင် အရာရာကို မှော်ပညာဖြင့် လုပ်ဆောင်နိုင်သောကြောင့် အမှန်တကယ်ပင် ပိုမိုလွယ်ကူစေသည်။
"ဒါပေမဲ့ ဒီလိုဆိုရင်လည်း ဒီနေ့ ကုသရေးအတွက် ဖိအားတွေ မရှိကြဘူးလား။ သူတို့မှာ ဂါထာတွေ ဘယ်လောက်များများ ကျန်သေးတာလဲ"
"နမူနာနည်းနည်း ယူပါ..."
ဂါးရက်က သက်ပြင်းချလိုက်သည်။
"ကွင်းပါတဲ့ ဝါယာကြိုးနဲ့ အေးခဲထားတဲ့ အသားပေါ်မှာ မျဉ်းဆွဲပါ။ ကျွန်တော် လုပ်ပြတာကို ကြည့်ပါ..."
A, B, C, D ဟူသော နေရာလေးခုကို ခွဲခြားကာ streaking method ကို သရုပ်ပြလိုက်သည်။
(T/L Streaking method ဆိုတာက အဏုဇီဝဗေဒဓာတ်ခွဲခန်းတွေမှာ ဘက်တီးရီးယား ဒါမှမဟုတ် အခြား အဏုဇီဝပိုးမွှားတွေကို သီးသန့်ခွဲထုတ်ဖို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုပါ။ ဒီနည်းလမ်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရောနှောနေတဲ့ ပိုးမွှားနမူနာတစ်ခုထဲကနေ သန့်စင်တဲ့ ပိုးမျိုးစိတ် တစ်ခုကို ရရှိဖို့ပါ။
Streaking method ရဲ့ အခြေခံမူကတော့ Dilution လို့ခေါ်တဲ့ အပျော်ချခြင်းပါပဲ။ ပိုးမွှားပါတဲ့ နမူနာကို ပက်ထရီပန်းကန်ထဲက အာဂါလို့ ခေါ်တဲ့ အစိုင်အခဲ မီဒီယာမျက်နှာပြင်ပေါ်မှာ "inoculating loop" လို့ခေါ်တဲ့ ကိရိယာလေးနဲ့ ပုံစံမျိုးစုံ (ဥပမာ- T-streak, Quadrant streak) ပြုလုပ်ပြီး ပွတ်ဆွဲပေးတာပါ)
ဂါးရက်သည် သူ၏ အရင်ဘဝက ဖတ်ခဲ့ဖူးသော စာအုပ်တိုင်း၊ ပြုလုပ်ခဲ့ဖူးသော စမ်းသပ်မှုတိုင်းကို မှတ်မိစေသည့် သူ၏ ဘဝပြောင်းခြင်း အားသာချက်ကို တိတ်တဆိတ် ကျေးဇူးတင်လိုက်သည်။ သူ့ဘက်တီးရီးယား ယဉ်ကျေးမှု စမ်းသပ်မှုသည် လွန်ခဲ့သော နှစ် ၂၀ ခန့်က တတိယနှစ် ကျောင်းသားဘဝတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မူ သူသည် ဆေးခန်းဆရာဝန် ဖြစ်လာခဲ့ကာ ဓာတ်ခွဲခန်း လုပ်ငန်းများက သူ၏ တာဝန်အောက်တွင် မရှိတော့ပေ။
"Streaking လုပ်တာ ပြီးပြီလား။ ကောင်းပြီ အဖုံးအုပ်လိုက်ပါ။ မနက်ဖြန် ဒီအချိန် ပြန်လာပြီး စစ်ဆေးပါ"
"မနက်ဖြန်"
အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန် ရုတ်တရက် ဝင်ပြောလိုက်သည်။ ဂါးရက်က လှည့်ကာ တမင်တကာ ပြင်းထန်သော မျက်နှာထားဖြင့်
"ဆရာ ဘက်တီးရီးယားကလေ…ဒီအရာလေးတွေက လူတိုင်း မြင်နိုင်လောက်အောင် ကြီးထွားဖို့ အချိန်လိုပါတယ်။ အချိန်ပေးရပါတယ်"
အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က ခေါင်းညိတ်လိုက်သည်။ ဂါးရက်က ပြီးဆုံးပြီဟု ထင်ကာ အနီးရှိ မှန်ဘီလူးသို့ သွားရန် ပြင်ဆင်လိုက်သော်လည်း အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က ခေါင်းငုံ့ကာ ခဏမျှ ဆုတောင်းပြီးနောက် ရုတ်တရက် လက်ကို မြှောက်ကာ စားပွဲပေါ် ဖိလိုက်သည်။ အစိမ်းရောင် အလင်းတန်း တစ်ခု လင်းလက်သွားသည်။
"ကောင်းပြီ။ ဒီလို လုပ်ရင် အဆင်ပြေမလား ကြည့်လိုက်ပါဦး"
ဂါးရက် အံ့အားသင့်သွားသည်။
ဆရာက သေးငယ်တဲ့ ဇီဝသက်ရှိတွေကိုတောင် ဖြစ်ပေါ်လာစေနိုင်တာကိုး….
သူသည် အဖုံးကို ဖွင့်လိုက်ရာ အေးခဲထားသော အသားပေါ်တွင် ပွင့်လင်းမြင်သာသော ဘက်တီးရီးယားတစ်ခုကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။ ဂါးရက် ပါးစပ်အဟောင်းသားဖြစ်ကာ ရပ်နေမိပြီး သူ၏စိတ်ထဲတွင် စကားလုံးတစ်လုံးသာ ပဲ့တင်ထပ်နေသည်။
ပန်နီဆီလင်…
ပန်နီဆီလင်….
ဂါးရက် သတိပြန်ဝင်လာပြီး လူတိုင်းကို မှန်ပြားများ ပြုလုပ်ခြင်း၊ အခြောက်ခံခြင်းနှင့် ဆေးဆိုးခြင်းများတွင် ဆက်လက် လမ်းညွှန်ပေးခဲ့သည်။ ပြီးစီးသောအခါ သူတို့သည် မှန်ဘီလူးရှေ့တွင် တစ်ဦးချင်းစီ တန်းစီကာ စစ်ဆေးကြည့်ကြသည်။ ရင်းနှီးပြီးသား ဝက်သစ်ချသား လှံတံဖြင့် ဖန်ပြားကို ကိုင်ထားစဉ် သူတို့၏ လက်များ တုန်ယင်နေကြသည်။
ကွဲသွားမည်ကို ကြောက်ရွံ့နေကြပြီး သူတို့လက်ဖဝါးထဲတွင် ကိုင်ထားစဉ် လွင့်သွားမည်ကို ကြောက်ရွံ့ကြသည်။
မကြာမီပင် အံ့အားသင့်ဖွယ် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"ဝါး အပြာရောင် တုတ်ချောင်းလေးတွေ။ ဒီမှာ မြင်နေရပြီ"
"ဒီမှာလည်း မြင်ရတယ!"
"ကျွန်တော်ရောပဲဗျ အများကြီးပဲ"
"ကျွန်တော့်ဆီမှာတော့ အများကြီးမရှိဘူး။ ဒါပေမဲ့ နည်းနည်းတော့ရှိတယ်..."
"ကျွန်တော့်ဆီမှာတော့ တစ်ခုမှ မရှိဘူး... တကယ်ကို မရှိဘူး"
လူတစ်ယောက်က အော်လိုက်သည်။ သူ့ဘေးနားကလူက လာကြည့်ပြီး ရယ်မောကာ ဆူပူလိုက်သည်။
"မင်းဆီမှာ ဘာလို့ ရှိရမှာလဲ။ မင်းက ယုန်သွေးကို ကြည့်နေတာပဲ။ ရှိနေရင် ထူးဆန်းတာပေါ့"
အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်သည် ဘေးတွင် ရပ်လျက် တစ်ခုပြီးတစ်ခု ကြည့်နေသည်။
သွေး၊ မစင်၊ ရေအရင်းအမြစ်။ သွေး၊ ကျန်းမာသော ယုန်များ၏ မစင်နှင့် ရေနွေးမှလွဲ၍ ကျန်အရာအားလုံးတွင် အပြာရောင် တုတ်ချောင်းလေးများ ကို မြင်တွေ့နိုင်သည်။ နောက်ဆုံးတွင် သူ သက်ပြင်းချရင်း
"ဒါဆို ဒီအရာလေးတွေက တကယ်ပဲ ဒီကပ်ရောဂါကို ဖြစ်စေတာလား"
ဂါးရက်က ခေါင်းကို ခိုင်မာစွာ ညိတ်ဟန်ဆောင်လိုက်သည်။ တကယ်တော့ အတည်မပြုနိုင်သေးပေ။ သူသည် ဒုတိယအကြိမ် ကူးစက်မှု စမ်းသပ်မှုကို မလုပ်ရသေးသော်လည်း Shigella ဘက်တီးရီးယား ၏ ပုံပန်းသဏ္ဍာန်ကို သူ ရင်းနှီးပြီးသားဖြစ်သည်။
(T/L Shigella ဘက်တီးရီးယားက တို့မြန်မာအခေါ်အဝေါနဲ့ဆို ဝမ်းကိုက်ရောဂါပေါ့)
အကြီးအကဲသည် ခေါင်းငုံ့ကာ စဉ်းစားလိုက်သည်။ ရုတ်တရက် သူ့မျက်လုံးကို လှန်ကာ ဂါးရက်ကို စိုက်ကြည့်လိုက်သည်။
"ဒါဆို ဒီအရာလေးတွေကို သတ်နိုင်ရင် ရောဂါ ပျောက်ကင်းနိုင်ပြီလား"
"ဟုတ်ပါတယ်"
ပဋိဇီဝဆေးများသည် ရောဂါလက္ခဏာများကို ကုသရာတွင် အယုံကြည်ရဆုံးပင်။
ထို့ပြင် ဤကမ္ဘာရှိ ဘက်တီးရီးယားများတွင် ပဋိဇီဝဆေး ခံနိုင်ရည်မရှိသေးပေ...
"ကောင်းပြီ ကျွန်တော် စမ်းကြည့်မယ်"
အကြီးအကဲသည် ရုတ်တရက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။ ဂါးရက်က မျက်တောင်ခတ်ရင်း လိုက်ဖမ်းရန် ပြေးလိုက်သည်။ ကံမကောင်းစွာဖြင့် အကြီးအကဲ၏ ဝတ်ရုံ တဖျပ်ဖျပ်လွင့်နေပြီး သူ လျှောက်လေလေ ပို၍ မြန်လေလေဖြစ်ကာ ဂါးရက်မှာ နောက်ကျန်ခဲ့သည်။ နောက်ဆုံးတွင် သူ ခန်းမထဲသို့ အလျင်အမြန် ပြေးဝင်သွားသောအခါ ရှေ့တွင် အလင်းရောင်များ စွန်းထင်းကျနေသည်ကို တွေ့လိုက်ရသည်...
"ကောင်းသွားပြီ ကျွန်တော် ကျန်းမာသွားပြီ"
"သဘာဝဘုရားသခင်ကို ကျေးဇူးတင်ပါတယ်"
လူနာများ၏ အံ့အားသင့်ဖွယ် အော်ဟစ်အားပေးသံများကြားတွင် အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က သူ၏ ဝက်သစ်ချသား လှံတံကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူ၏လက်မောင်းပေါ်ရှိ သွေးကြောများ ဖောင်းကြွနေသည်။
"ကုသရေးဂါထာတွေရဲ့ သုံးစွဲမှု ၇၀ ရာခိုင်နှုန်း လျော့ကျသွားပြီ။ ဂါးရက်လေး မင်းရဲ့နည်းလမ်းက တကယ်ကို အလုပ်ဖြစ်တယ်"
ဂါးရက်သည် ငြိမ်သက်စွာ ရပ်နေပြီး သူ့ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ကာ ဘာပြောရမှန်း မသိတော့ပေ။
ဆရာ ဇီဝသက်ရှိသေးသေးလေးတွေ ဖြစ်ပေါ်လာစေဖို့ ရွေးချယ်နိုင်တဲ့အပြင် ဆရာက သက်ရှိပဋိဇီဝဆေးတစ်မျိုးလိုလည်း အလုပ်လုပ်နိုင်တာလား။