← Chapters

ရင့်သီးသော ရှန်ကလန်

Vol. 017 Ch. 1696

ရင့်သီးသော ရှန်ကလန်

Vol. 017 Ch. 1696

ရှောင်မုယွီက ပြောသည် “ကောင်းကင်အာဏာစက်ကျောင်းတော်တည်ထောင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်မက ရှောင်ကလန်ကို ကိုယ်စားပြုပြီးတော့ ရှေးဟောင်းကျမ်းစာအုပ် ၃၀၀၀၊ ရန်ဟောင်အဆင့်ဝိညာဉ်လက်နက် ၁၀၀၊ ရှန့်ထိုအဆင့်လက်နက် ၁၀၀၀ နဲ့ ရှေးဟောင်းရတနာငါးခုတို့ပေးအပ်မယ့်အပြင် ကျွန်မတို့ကလန်က ဧည့်အကြီးအကဲ၊ အကြီးအကဲနဲ့ တပည့်တွေဟာလည်း ကျောင်းတော်ကို ဝင်ရောက်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ နောက်မှ ဆွေးနွေးပါ့မယ်”

“ရှောင်ကလန်ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ မုယွီ... မင်း ပင်ပန်းသွားရပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။

“စီဝေ့ဘုံရဲ့ဝရိန်ခုနစ်ပါးကလည်း လာရောက်ဂုဏ်ပြုပါတယ်” နောက်ထပ်အသံတစ်သံကို ကြားကြရသည်။ ဝရိန်ခုနစ်ပါးကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်များ ကောင်းကင်မှ ဆင်းသက်လာကြ၏။

“ဗဟိုအင်ပါယာဘုံက ယောင်ယွဲ့ကလန်ကလည်း လာရောက်ဂုဏ်ပြုပါတယ်” ယောင်ယွဲ့ကလန်လည်း ရောက်လာ၏။ ယွမ်ဟောင်သည် သူ၏လူများကို ကိုယ်တိုင် ခေါင်းဆောင်လာခဲ့သည်။ ရီဖူရှင်းက ရှောင်ကလန်၏နတ်သမီးဘွဲ့အပ်နှင်းခြင်းအခန်းအနားတွင် သူ့ကို အရိပ်အမွှတ်ပြောခဲ့သည်။ ယခု ကျောင်းတော်တည်ထောင်ခြင်းတွင် သူတို့သည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်မည်ဖြစ်သည်။

“အထက်ကောင်းကင်ဘုံက ရှန့်ရှောင်းနတ်နန်းတော်ကလည်း လာရောက်ဂုဏ်ပြုပါတယ်” နောက်ထပ်စွမ်းအားမြင့်တန်ခိုးရှင်တစ်စု ရောက်လာ၏။

“အရိပ်ဘုံက ယောင်းယွီနတ်နန်းတော်ဟာလည်း လာရောက်ဂုဏ်ပြုပါတယ်” အက်ရှရှအသံတစ်သံကို ကြားရ၏။ လူတစ်စု လေထဲတွင်ပေါ်လာသည်။ သူတို့၏အုပ်စုမှာ အရေအတွက်နည်းပြီး တခြားအုပ်စုများထက် အင်အားနည်းဟန်ရသည်။ သို့သော်လည်း ခေါင်းဆောင်လာသူမှာ မယုံနိုင်ဖွယ် ဆွဲဆောင်အားကောင်းသူဖြစ်နေသည်။ သူမ၏ကိုယ်ရောင်ကိုယ်ဝါမှာ ရှောင်ကလန်မှ ရှောင်မုယွီထက် အနည်းငယ်မျှပင် အားနည်းခြင်းမရှိသလို ရုပ်ရည်ပိုင်းဆိုင်ရာတွင်လည်း ပြိုင်စံရှားအောင်လှပချောမောသူဟု ပြောနိုင်ပေသည်။ သူမသည် ယောင်းယွီနတ်နန်းတော်မှ နတ်မိမယ်ဖြစ်ရပေမည်။

ယောင်းယွီနတ်နန်းတော်မှ နတ်မိမယ်ရှန်းချီသည်လည်း ဖွင့်ပွဲကို တက်ရောက်လာ၏။

“ကျေးဇူးတင်ပါတယ် နတ်မိမယ်ရှန်းချီ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ ထိုအခိုက်တွင် များစွာသော စွမ်းအားမြင့်တန်ခိုးရှင်ျားသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏အရှေ့တွင် ရပ်နေကြ၏။ ထိုမြင်ကွင်းကား အံ့အားသင့်ဖွယ်ကောင်းပေသည်။

သူတို့၏အောက်တွင် ကောင်းကင်အာဏာစက်မြို့သည် ထိုစွမ်းအားမြင့်တန်ခိုးရှင်များကိုကြည့်ကာ ဆူညံပွက်လောရိုက်နေကြ၏။

ကောင်းကင်အာဏာစက်ကျောင်းတော်ကို ယနေ့ တည်ထောင်ခဲ့သည်။ ဤကား အလွန်ကြီးမားသော အခိုက်အတန့်ဖြစ်၏။ ဘုံကိုးခုမှ အင်အားကြီးအဖွဲ့အစည်းများသည် ရီဖူရှင်းကို လာရောက်ဂုဏ်ပြုကြ၏။ ဤက မည်မျှ ဂုဏ်ယူစရာ အခိုက်အတန့်ဖြစ်သနည်း။

၄◌င်းက ဆံပင်ဖြူလူငယ်၏လွှမ်းမိုးမှုကြောင့်ပေလော...။

အမှန်တကယ်အားဖြင့် ရီဖူရှင်းက စွမ်းအားမြင့်တန်ခိုးရှင်များကို ခေါ်ဆောင်ကာ ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်တို့ကို ဖျက်ဆီးလိုက်သောအခါ ထိုထိပ်သီးတန်ခိုးရှင်များ အဘယ်ကြောင့် ရီဖူရှင်းကို ကူညီကြသည်ကို သူတို့ နားမလည်ကြပေ။ သို့သော်လည်း ရီဖူရှင်းသည် ဘုံကိုးခု၌ ကြီးမားစွာ လွှမ်းမိုးမှုရှိနေပြီးဖြစ်သည်ကို သူတို့ ယခုမှ နားလည်ကြ၏။

ပြီးခဲ့သည့်နှစ်က နတ်ဘုရားအကြွင်းအကျန်နယ်မြေသို့ သွားစဉ်က ရီဖူရှင်း မည်သည့်အရာများကို လုပ်ဆောင်ခဲ့သနည်း။

“ကျောင်းတော်ထဲကို ဝင်ရအောင်” ရီဖူရှင်းက ပြောသည်။ လူတိုင်းက ခေါင်းညိတ်ကာရှေ့ကို တက်သွားကြသည်။ သူတို့အားလုံး ကျောင်းတော်ထဲကို ဝင်ကြ၏။

ရီဖူရှင်းက လူအုပ်ကြီးကို ကြည့်လိုက်၏။ သူက တစ်စုံတစ်ခုပြောရန်ဟန်ပြင်သည်။ ထိုစဉ်မှာပင် အဝေးကောင်းကင်မှ ရွှေရောင်အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။ အလင်းတန်းသည် ကြီးမားသော စွမ်းအားကို သယ်ဆောင်လာ၏။

အရှင်ထိုက်ရွှမ်က မျက်မှောင်ကြုံ့လိုက်ကာ အလင်းတန်းထံသို့ လက်ဆန့်တန်းလိုက်သည်။ ထိုအခိုက်တွင် လေထဲ၌ ဧရာမလက်ဝါးပုံရိပ်တစ်ခုပေါ်လာကာ အလင်းတန်းကို တွန်းထုတ်လိုက်၏။

ဘုန်း...

ကျယ်လောင်သောအသံတစ်ချက်ကို ကြားလိုက်ရသည်။ ရွှေရောင်အလင်းတန်းများ ပျံ့ကျဲသွား၏။ သို့တိုင်အောင် ရွှေရောင်အလင်းတန်းသည် လေထုကိုခွင်းကာ ကောင်းကင်အာဏာစက်ကျောင်းတော်၏မြေပြင်ကို ကျဆင်း၏။ မြေပြင်တွင် အပေါက်ကြီးတစ်ပေါက် ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့သည်။

“ဘယ်သူလဲ...” လူအများအပြားက အံ့အားသင့်စွာ လှမ်းကြည့်ကြသည်။ ဤသို့သော အချိန်အခါတွင် မည်သူက ပြဿနာရှာရဲသနည်း။

ဘုန်း...

ရွှေရောင်အလင်းတန်းများ ကောင်းကင်ကို ဖုံးအုပ်သွားသည်။ မရေမတွက်နိုင်သောလူများ ကောင်းကင်ကိုလှမ်းကြည့်ကာ တုန်လှုပ်သွားကြ၏။ သူတို့က ကောင်းကင်တွင် ရွှေရောင်ပလ္လင်ကြီးတစ်ခုပေါ်လာသည်ကို မြင်ကြသည်။ လူတစ်ယောက်ကား ပလ္လင်ပေါ်တွင် ထိုင်ကာ အားလုံးကို ငုံ့ကြည့်နေသည်။ ထိုသူကား ကြီးမြတ်သော နတ်ဘုရားတစ်ပါးနှင့် တူလှသည်။

များစွာသော တန်ခိုးရှင်များ သူ၏နောက်တွင်ပေါ်လာသည်။ သူတို့အားလုံးသည် ရွှေရောင်ချပ်ဝတ်များ ဝတ်ဆင်ထားကာ စစ်နတ်ဘုရားများနှင့် ဆင်တူသည်။

“အထက်ကောင်းကင်ဘုံက ရွှေရောင်နတ်ပြည်ထောင်...” လူအများအပြားက ရေရွက်လိုက်ကြသည်။ ရီဖူရှင်းနှင့် ရွှေရောင်နတ်ပြည်ထောင်တို့အကြား ရန်ငြိုးမှာ လျှို့ဝှက်ချက်မဟုတ်ပေ။ ရီဖူရှင်းတို့က ကောင်းကင်အာဏာစက်ပြည်ထောင်ကို တိုက်ခိုက်သောအခါ ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များလည်း ရောက်လာခဲ့သေး၏။ သူတို့က ရီဖူရှင်းကို သတ်ဖြတ်လိုခဲ့ကြသည်။ သို့သော်လည်း သူတို့သည် မအောင်မြင်ဘဲ ထွက်ပြေးခဲ့ရ၏။ ရီဖူရှင်းကို ကာကွယ်နေသောသူများမှာ အလွန်သန်မာလှသည်။

ယခု ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်ခြင်းအတွက် ရွှေရောင်နတ်ပြည်ထောင်၏အရှင်သခင်ကိုယ်တိုင် ရောက်လာခဲ့၏။ သူကား အမြင့်ဆုံးသော အဆင့်အတန်းတွင်ရှိသော စစ်မှန်သော ပုဂ္ဂိုလ်ဖြစ်သည်။

များစွာသော အင်အားစုများ ရီဖူရှင်းကို လာရောက်ဂုဏ်ပြုသော်လည်း သူသည် မောက်မာသော ဟန်ပင်အမူအရာဖြင့် ရောက်လာဆဲဖြစ်သည်။ သူသည် ကောင်းကင်ထက်တွင် ပလ္လင်ဖြင့် ထိုင်နေ၏။ အရှင်ထိုက်ရွှမ်မှလွဲ၍ သည်နေရာတွင် မည်သူမှ သူ့ကို မယှဉ်နိုင်ပေ။

ရွှေရောင်နတ်ပြည်ထောင်မှ ဘုရင်သည် ပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေ၏။ သူ၏စူးရှသော အကြည့်သည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူအုပ်ထံသို့ ကျဆင်းနေသည်။ သူက မည်သည့်စကားမှ မဆိုသော်လည်း ထိုနေရာတွင်ထိုင်နေရုံမျှဖြင့် ကြီးမားသော ဖိအားကို ဖြစ်စေသည်။

လက်ရှိတွင် လူတိုင်းက ရီဖူရှင်းနှင့် ရွှေရောင်နတ်ပြည်ထောင်တို့အကြား ရန်ငြိုးကို သိကြ၏။ ဘုရင်၏သားတော်နှစ်ပါးသည် ရီဖူရှင်း၏လက်ထဲတွင် သေဆုံးခဲ့သည်။ ယခု ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ဘုံ၌ အင်အားစုတစ်ခုကို တည်ထောင်ရန်ကြိုးစားနေရာ ရွှေရောင်နတ်ပြည်ထောင် ရောက်လာခဲ့သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ရောက်မည့်အင်အားစုများသည်ကား ရွှေရောင်နတ်ပြည်ထောင်ကို ကြောက်ရွံ့ဟန်မရှိပေ။

ယနေ့ ဘုရင်သည် ထိုနေရာတွင် ထိုင်ကာ သူ၏သဘောထားကို ပြသနေ၏။

အကယ်၍ သူသည်သာ နတ္တိအင်ပါယာနန်းတော်ကို မကြောက်လန့်ပါက ရီဖူရှင်းကို တိုက်ရိုက်တိုက်ခိုက်မည်ဖြစ်သည်။

ရီဖူရှင်း၏အကြည့်က ကောင်းကင်ထက်ကို ရောက်သွားသည်။ သူ၏မျက်လုံးများက အေးစက်နေ၏။ ရွှေရောင်နတ်ပြည်ထောင်အရှင်ကား ထိုနေရာတွင် ထိုင်ကာ ခြိမ်းခြောက်နေ၏။ ရီဖူရှင်းက သူ့အား တန်ပြန်တုန့်ပြန်မည့်နည်းလမ်းမရှိပေ။

အရှင်ထိုက်ရွှမ်က တစ်ဘက်လူအား ကြည့်လိုက်သည်။ သို့သော်လည်း တစ်ဘက်လူကား တိုက်ရိုက် ပြဿနာရှာခြင်းမဟုတ်ပေ။ သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ကောင်းကင်ထက်၌ ထိုင်နေခြင်းသာဖြစ်သည်။

“အဖိုးကြီး... ခင်ဗျား ကောင်းကင်မြစ်ရေပြင်ဘုရားကျောင်းကနေ ထွက်ခွာလာခဲ့ပြီ။ အခု ခင်ဗျား ကိုယ်ပိုင်အင်အားစုတစ်ခု တည်ဆောက်ဖို့ ကြံနေတာလား” နောက်ထပ်အသံတစ်သံကို ကြားကြရ၏။ စွမ်းအားမြင့်တန်ခိုးရှင်တစ်စု ထပ်ရောက်လာသည်။ သူတို့ထံမှ ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်နေ၏။

သူတို့က ဘယ်သူတွေလဲ။ များစွာသော လူတို့က အချင်ချင်း တီးတိုးမေးကြ၏။

“ဗဟိုအင်ပါယာဘုံ၊ ရှန်ကလန်က လူတွေ...” တစ်ယောက်က ပြောသည်။ ထိုအဖြစ်က များစွာသော လူတို့အား တုန်လှုပ်စေ၏။

သူတို့အားလုံး ရှန်ကလန်ကို ကြားဖူးကြပေသည်။ သူတို့ကား အလွန်အင်အားကြီး၏။ သူတို့သည် ဘုံကိုးခုတွင် အမြင့်ဆုံးသောနေရာ၌ ရှိသော အင်အားစုတစ်ခုဖြစ်သည်။

ကြည့်ရသည်မှာ ရီဖူရှင်းသည် မိတ်ဆွေများသည်သာ ရှိသည်မဟုတ်၊ အလွန်များပြားသော ရန်သူများလည်း ရှိနေသည်။ ရွှေရောင်နတ်ပြည်ထောင်နှင့် ရှန်ကလန်တို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်တည်ထောင်မည်ကို မလိုလားပေ။

တစ်ဘက်တွင် မလိုလားခြင်းသည် အကြောက်တရားကို အခြေခံ၏။

အတိတ်တွင် ရီဖူရှင်းက ထျန်ရှင်းကျောင်းတော်၌ လေ့ကျင့်ခြင်းကို မည်သူမှ သိပ်အလေးမထားခဲ့ကြ။ သို့သော်လည်း သူက ထျန်ရှင်းကျောင်းတော်မှ ထွက်သွားပြီးတွင် ရုတ်တရက် ကောင်းကင်အာဏာစက်ဘုံ၏အင်အားစုများကို ချုပ်ကိုင်နိုင်သူဖြစ်လာခဲ့သည်။

ကောင်းကင်အာဏာစက်ဘုံ၏ထိပ်သီးအင်အားစုသုံးခုသည် ရီဖူရှင်း၏လက်ထဲတွင် ပျောက်ကွယ်သွားရ၏။ ရွှေရောင်နတ်ပြည်ထောင်နှင့် ရှန်ကလန်ကဲ့သို့သော အင်အားစုများသည် ထိုကိစ္စကို သိပ်ဂရုမစိုက်သော်လည်း သူတို့အတွက် မကောင်းသော နိမိတ်များ ဖြစ်ပေါ်လာသည်ကတော့ အမှန်ပင်။ ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို အခြေပြု၍ မဟာမိတ်တစ်ခု ဖွဲ့ထားဟန်ရသည်။ ထိုကိစ္စက သေချာပေါက် မကောင်းသောကိစ္စဖြစ်၏။

အထူးသဖြင့် ထျန်းဟယ်အကြီးအကဲသည် ကျောင်းတော်၏ကျောင်းအုပ်ဖြစ်လာခြင်းကို ရှန်ကလန်က မည်သို့ လက်ခံရမည်နည်း။

ကောင်းကင်အာဏာစက်ကျောင်းတော်သည်သာ လုံလောက်စွာ အင်အားကြီးလာပါက အနာဂတ်တွင် ရှန်ကလန်ကို မတိုက်ခိုက်ဟု မည်သို့ ပြောနိုင်မည်နည်း။

ထိုကိစ္စက ရှန်ကလန်ကို အန္တရာယ်၏အငွေ့အသက်များကို ခံစားရစေသည်။

ရီဖူရှင်းသည်လည်း လျစ်လျူရှုမရသော အန္တရာယ်တစ်ခုဖြစ်သည်။

“အရင်က ဖြစ်ခဲ့တာတွေ ပြီးခဲ့ပြီ။ ကျုပ်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာတာ မျိုးဆက်သစ်တွေကို သင်ကြားပေးဖို့ပဲ” ထျန်းဟယ်အကြီးအကဲက ပြောသည်။ ရှန်ကလန်ကား သူထင်ထားသည့်အတိုင်း ရောက်လာခဲ့၏။

“အကြီးအကဲ... ခင်ဗျား ထျန်းဟယ်ဘုံကို ပြန်သင့်တယ်။ ဒီနေရာက ခင်ဗျားနဲ့ မသင့်တော်ဘူး” ရှန်ကလန်စွမ်းအားကြီးတန်ခိုးရှင်က ပြောသည်။ သူ၏လေသံသည် တည်ငြိမ်ကာ ရင့်သီး၏။ သူက ထျန်းဟယ်အကြီးအကဲအား ထွက်သွားစေလိုသည်။ သူ့အား ကောင်းကင်အာဏာစက်ကျောင်းတော်၏ကျောင်းအုပ်ဖြစ်ရန် ခွင့်မပြုပေ။

ထျန်းဟယ်အကြီးအကဲအား ထျန်းဟယ်ဘုံတွင် တိတ်ဆိတ်ငြိမ်သက်စွာ သူတို့က ရှိနေခွင့်ပေးသော်လည်း သူ့အား တခြားသော အင်အားစုတစ်ခု တည်ထောင်ခွင့်မပြုနိုင်ပေ။

ထို့အပြင် ယနေ့ ကောင်းကင်အာဏာစက်ကျောင်းတော်သည် ရှန်ကလန်အား တိုက်ရိုက်အားဖြင့် အန္တရာယ်ရှိသော တည်ရှိမှုဖြစ်နေ၏။

ရီဖူရှင်းသည် ရင်ဆိုင်ရခက်ခဲသူဖြစ်၏။ သို့သော်လည်း သူတို့က ထျန်းဟယ်အကြီးအကဲကို သည်နေရာ၌ ရှိနေခွင့်မပြုနိုင်ပေ။

“ရှန်ကလန်က သူ့လွှတ်လပ်မှုကို ထိန်းချုပ်ချင်နေတာလား” အရှင်ထိုက်ရွှမ်က အေးစက်စွာ ပြောသည်။ ယခင် ပဋိပက္ခ၌ သူသည် ဝင်ရောက်ကူညီခြင်းမရှိသလို ပါဝင်ခြင်းလည်း မရှိခဲ့ပေ။ သို့သော်လည်း ယနေ့တွင် ရှန်ကလန်သည် အလွန်ရင့်သီးလွန်းနေ၏။

“ဟုတ်တယ်...” ရှန်ကလန်လူစု၏ရှေ့မှ ရပ်နေသောလူက ပြန်ပြောသည် “အရှင်... ဒီကိစ္စဟာ ရှန်ကလန်နဲ့ ထျန်းဟယ်အကြီးအကဲတို့ရဲ့ကိစ္စပဲ။ ခင်ဗျားက သူ့ရဲ့မိတ်ဆွေဟောင်းဆိုတာသိပြီးတော့ ကျုပ်တို့က ခင်ဗျားကို လေးစားတယ်။ ဒါပေမဲ့ ခင်ဗျား ဒီကိစ္စမှာ ပါဝင်ပတ်သက်လို့မရဘူး”

အရှင်ထိုက်ရွှမ်က မျက်မှောင်ကြုံ့လိုက်၏။ ရှန်ကလန်ကား ယခင်အတိုင်း ရင့်သီးနေဆဲပင်။ သို့သော်လည်း ရှန်ကလန်၏အင်အားသည် အစစ်အမှန်ဖြစ်၏။ သူကိုယ်တိုင်သည်ပင် ရှန်ကလန်ကို တိုက်ရိုက်ရင်ဆိုင်နိုင်စွမ်းမရှိပေ။ ထို့အပြင် သူ့အနေဖြင့် ရှန်ကလန်ကို လျစ်လျူရှုနိုင်လျှင်ပင် ရွှေရောင်နတ်ပြည်ထောင်အရှင်သည် အနီးတွင် တိုက်ပွဲဝင်ရန် အသင့်ရှိနေ၏။

အကယ်၍ သူတို့သာ ရှန်ကလန်နှင့် တိုက်ပွဲဖြစ်ပါက ရွှေရောင်နတ်ပြည်ထောင်သည် သေချာပေါက် အကြောင်းပြချက်ရှာကာ ပါဝင်တိုက်ခိုက်မည်ဖြစ်သည်။

ရွှေရောင်နတ်ပြည်ထောင်အရှင်သည် စူးရှစွာ ကြည့်နေသည်။ ရှန်ကလန်ရောက်လာမည်ကို သူသိသည်။ ထို့ကြောင့် သူကိုယ်တိုင် ရောက်လာခြင်းဖြစ်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော် မဟာမိတ်အဖွဲ့မည်မျှ အားကောင်းသည်ကို သူသိလို၏။

များစွာသော ထိပ်သီးအင်အားစုများသည် ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဂုဏ်ပြုကာ သူတို့၏တပည့်များကို လေ့ကျင့်ရန် စေလွှတ်ကြ၏။ သူတို့က မဟာမိတ်တစ်ခုဖွဲ့တော့မည့်ဟန်ရှိသည်။ သို့သော်လည်း ပြည်ထောင်အရှင်က ထိုမဟာမိတ် မည်မျှ ခိုင်မာသည်ကို သိလို၏။

သူတို့က ရှန်ကလန်၏ဖိအားကို တောင့်ခံနိုင်မည်လား။

အမှန်တကယ်အားဖြင့် လူအုပ်ထဲတွင်လည်း ရီဖူရှင်းနှင့် ရန်ငြိုးရှိသော အင်အားစုများ အများအပြားရှိပေသည်။ ဥပမာ ဗဟိုအင်ပါယာဘုံမှ သိုင်းနတ်ဘုရားကလန်၊ နတ်ဘုရားမာန်ဟုန်ဘုရားကျောင်းနှင့် ကောင်းကင်မျှော်စင်ကျောင်းတော်တို့ဖြစ်ကြသည်။ သို့သော်လည်း ရန်ငြိုးမှာ သိပ်ကြီးမားခြင်းမရှိရာ ရှေ့ထွက်လာခြင်းမရှိကြပေ။ ရှန်ကလန်ရောက်လာမှတော့ သူတို့က ပွဲကြည့်ပရိတ်သတ်အဖြစ်သာ ရှိနေကြ၏။

အခြေအနေသည် ချက်ချင်း လေးလံထိုင်းမှိုင်းသွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်သွားဟန်ရှိ၏။ သို့သော်လည်း လူအတော်များများက အခြေအနေကို တိုးတိတ်စွာ မေးမြန်းနေကြဆဲပင်။ သူတို့က ထိုအင်အားစုများအကြား ရန်ငြိုးကို ကောင်းကောင်းနားမလည်ကြပေ။

ရှောင်ကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်သည် ရှေ့ကို တက်လာ၏။ သူက မည်သည့်စကားမှ မပြောရသေးခင်တွင်ပင် ရှန်ကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်က ပြောသည် “ကျုပ် နောက်တစ်ခါ ထပ်ပြောမယ်၊ ဒါက ရှန်ကလန်နဲ့ ထျန်းဟယ်အကြီအးကဲကြားက ကိစ္စပဲ။ တခြားအင်အားစုတွေနဲ့ မသက်ဆိုင်ဘူး။ တခြားလူတွေက ဝင်မပါတာ အကောင်းဆုံးပဲ”

သူတို့က ထျန်းဟယ်အကြီးအကဲကိုသာ ပစ်မှတ်ထားဟန်ရသည်။ အမှန်တကယ်အားဖြင့် သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း၌ အကြောက်တရားကို ရိုက်သွင်းနေခြင်းဖြစ်၏။

***

All Chapters