ချူမင်ဟွေ့
Vol. 1 Ch. 29
ခန်းမအတွင်းရှိ လူများအား နှစ်စု ခွဲလိုက်လျှင် အလယ်ဗဟို၌ နိုင်ငံရေး နယ်ပယ်မှ အရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များက ဆိုင်ရာ၊ ဆိုင်ရာ အကြောင်းကိစ္စများကို ပြောဆို ဆွေးနွေးနေကြသည်။ ထိုသူများမှာ ချူကျိုးမြို့၏ အာဏာ အရှိဆုံးနှင့် အချမ်းသာဆုံးသော လူများဆိုလျှင်လည်း မမှားပေ။
ခန်းမ၏ ဘေးပတ်လည်တွင်တော့ မိဘများနှင့် အတူ လိုက်ပါလာကြသော ဆယ်ကျော်သက်များက အချင်းချင်း စုဖွဲ့၍ ရောက်တတ်ရာရာများ ပြောဆိုနေကြသည်။
ခန်းမ အတွင်းရှိ ဆယ်ကျော်သက် မိန်းကလေးများအနက် အလှဆုံး နှစ်ယောက်မှာ သံသယ ဖြစ်စရာ မလိုအောင်ပင် ရှုယုံဖေးနှင့် ကျန်းချူယန် ဖြစ်သည်။ လူတိုင်းက သူမတို့ နှစ်ယောက်အား အာရုံစိုက်မိကြပြီး ရှုယုံဖေးက ချန်းဖန်နှင့် ရယ်ရယ်မောမော ထိုင်စကား ပြောနေသောအခါ အလျင်အမြန်ပဲ ချန်းဖန်ကပါ အာရုံစိုက်စရာ တစ်ခု ဖြစ်လာခဲ့သည်။
"အဲဒီ ကောင်လေးက ဘယ်သူတုံဟ"
"သူ့ကို ဘယ်သူကမှ သိကြပုံမပေါ်ဘူး"
"ဒါပေမဲ့ ရှုယုံဖေးနဲ့တော့ အရမ်း ရင်းနှီးပုံပဲ မဟုတ်မှလွဲရော ရှုယုံဖေးရဲ့ ကောင်လေးများလား"
လူတိုင်း၏ မျက်နှာ အမူအယာများက ထူးဆန်းသွားကြသည်။
တစ်စုံတစ်ယောက်က ချန်းဖန်အား အမှတ်ရသွားပုံ ပေါ်သည်။
"မှတ်မိပြီ သူက အိုင်ဗွီအထက်တန်းကျောင်းက ကျောင်းသား တစ်ယောက်ပဲ စီကျွေးနယ်က ပြောင်းလာတာ၊ တိုက်ခိုက်ရေးပိုင်းမှာ နည်းနည်း ထူးချွန်တယ်ဆိုပဲ၊ ဟိုတလောက ကျောင်းပွဲတော် ညမှာ ရှုယုံဖေး ကိုယ်တိုင် အဲ့ကောင်ကို ပြေးဖက်တာ လူ တော်တော်များများ မြင်လိုက်ရတယ်"
"ရှုယုံဖေးက ဘယ်လိုဖြစ်ပြီး ဒီလို ကောင်မျိုးကို ကြိုက်ရတာလဲကွာ"
"အဲ့ကောင် ဝတ်ထားတဲ့ အဝတ်အစားကိုလည်း ကြည့်ဦး ငါ့အိမ်က အလုပ်သမား ဝတ်တဲ့ဟာတောင် အဲ့ထက် ပိုဈေးကြီးတယ်"
"မဟုတ်သေးပါဘူး ဒီလိုကောင်မျိုးက ဘယ်လိုလုပ်ပြီး လေလံပွဲထဲကို ဝင်ခွင့်ရပြီး ငါတို့ နတ်ဘုရားမလေးနဲ့ စကား ထိုင်ပြောနေနိုင်တာလဲ"
'ရှုယုံဖေးရဲ့ ကောင်လေး' ဟူသော အသံကြောင့် ယောက်ျားလေး အများစု၏ မျက်လုံးများမှာ ချန်းဖန်ဆီသို့ ရောက်ရှိလာတော့သည်။
ရှုယုံဖေးနှင့် ကျန်းချူယန်သည် အထက်တန်းလွှာရှိ ကောင်လေးများ ကြားထဲတွင်ပင် အတော်လေး နာမည်ကြီးသော မိန်းကလေးများ ဖြစ်သည်။ မရေမတွက်နိုင်သော သူဌေးသားလေးများက သူမတို့၏ ကောင်လေး ဖြစ်လာနိုင်ရန် အိပ်မက် မက်နေကြချိန်တွင် ချန်းဖန်၏ အပြုအမူက အားလုံးအား ဒေါသထွက်စေသည်။
"ချူမင်ဟွေ့သာ ဒီမှာရှိနေရင် အဲ့ကောင် သေတာကြာပြီ"
တစ်ယောက်က မခံမရပ်နိုင် ဖြစ်နေဟန်ဖြင့် ပြောလာသည်။
ချူမင်ဟွေ့က ရှုယုံဖေးအား မည်မျှ အသည်းအသန် လိုက်နေကြောင်း လူတိုင်းသိကြသည်။ လွန်ခဲ့သောနှစ်ကပင် ရှုယုံဖေးအား လိုက်နေသော သာမန်မိသားစုမှ ကောင်လေးတစ်ယောက်အား သုံးလခန့် အိပ်ရာထဲ လဲသွားအောင် ထိုးကြိတ်ခဲ့ဖူးသည်။
ခန်းမအတွင်းရှိ ဆယ်ကျော်သက်များ အကြား ပွဲဆူနေချိန်၌ သူတို့၏ မိဘများကတော့ စီးပွားရေး အကြောင်း ဆွေးနွေးလို့ ကောင်းဆဲ ရှိကြသည်။
ခန်းမ၏ အလယ် ဗဟိုတွင်တော့ လီရီချန်းက သူ့ဖခင်နှင့် အတူ အရေးပါ အရာရောက်သော လူကြီး လူကောင်းများအား လိုက်လံ နှုတ်ဆက်နေသည်။
ထိုစဉ်မှာပဲ မလှမ်းမကမ်းမှ မော့ဟယ်က သူ့အား မျက်ရိပ်ပြလျက် လှမ်းခေါ်နေသည်ကို မြင်လိုက်ရသည်။ လီရီချန်းလည်း သူ့ဖခင်အား ခွင့်တောင်းလိုက်ပြီး မော့ဟယ်ထံ လျှောက်လာလိုက်သည်။
"ဘာပြောမလို့လဲ ငါ့အဖေက ဝန်ကြီးချုပ်နဲ့ မိတ်ဆက်ပေးနေတာ မမြင်ဘူးလားကွာ"
လီရီချန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ငါ ဘူဖေး စားပွဲမှာ ဘားက ကောင်ကို တွေ့လိုက်တယ်"
မော့ဟယ်က အလျင်စလို ပြောလာသည်။
"ချန်းဖန်"
လီရီချန်း၏ မျက်လုံးများထဲ အရောင် တစ်ချက် လက်သွားပြီး သူက သိလိုစွာ ဆက်မေးလိုက်သည်။
"သူက ဘယ်လိုလုပ်ပြီး ဒီကို လာလို့ရတာလဲ ဖိတ်စာက ယွမ်သန်းနဲ့ ချီပြီး ချမ်းသာတဲ့ လူတွေကိုပဲ ပေးတာပါ"
"ငါလည်း အဲ့ဒါကိုပဲ တွေးနေတာ"
မော့ဟယ်က ပြောသည်။
"ဒါပေမဲ့ သူက တိုက်ခိုက်ရေးပိုင်းမှာ ထူးချွန်တယ်လို့ ကြားတယ် ဒီထဲကို ခိုးဝင်ဖို့က သူ့အတွက် သိပ်မခက်လောက်ဘူး"
"မဖြစ်နိုင်တာတော့လည်း မဟုတ်ပါဘူး"
လီရီချန်းက ခေါင်းညိတ်သည်။
"ဒါနဲ့ သူရောက်နေတော့ရော ငါနဲ့ ဘာဆိုင်လို့လဲ"
လီရီချန်းက ချန်းဖန်အား အနည်းငယ် သတိထားမိရုံသာ ဖြစ်ပြီး ထိုကောင်လေးက သူ့အား ခြိမ်းခြောက်နိုင်စွမ်း ရှိမည်လို့တော့ မထင်ပေ။
လီရီချန်းတို့ နှစ်ယောက်နှင့် မလှမ်းမကမ်းတွင် လုံရှောင်ရှောင်ကလည်း မတ်တပ်ရပ်နေသည်။ သူမက လီရီချန်းစကားကို ကြားတော့ ပြုံးလိုက်ရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။
"ရှုယုံဖေး ဒီည လေလံပွဲကို လာမယ်ဆိုတာ ချူမင်ဟွေ့ကို ငါအကြောင်းကြားထားတယ် အဲ့ဒီ့ ကိုယ့်ဒုက္ခ ကိုယ်ရှာချင်နေတဲ့ ချန်းဖန်က ဒီကို ရောက်နေမယ်လို့ ဘယ်ထင်မိပါ့မလဲ ချူမင်ဟွေ့သာ ရှုယုံဖေးနဲ့ ချန်းဖန်ကို တွဲမြင်လိုက်လို့ကတော့.. "
လီရီချန်းကလည်း ချူမင်ဟွေ့ အကြောင်းကို သိသည်။ ချူမင်ဟွေ့၏ စိတ်တိုတတ်ပုံနှင့် ဆိုလျှင် ယနေ့ည လေလံပွဲ၌ ရန်ပွဲတစ်ခု ဖြစ်ဖို့က သေချာသလောက်ပင်။
ထိုစဉ်မှာပဲ မော့ဟယ်က ပင့်သက်ရှိုက်ကာ ပြောလာသည်။
"စကားပြောတာရပ်ပြီး ဝင်ပေါက်ကို ကြည့်ကြည့်စမ်းပါ အဲ့ဒါ ချူမင်ဟွေ့မလား"
ကျန် နှစ်ယောက်ကလည်း ဝင်ပေါက်သို့ လှမ်းကြည့်လိုက်မိချိန်တွင် သန်သန်မာမာ လူငယ် တစ်ယောက်က ဝတ်စုံပြည့်နှင့် ခန်းမအတွင်း ဝင်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်က လမ်းတလျှောက်တွင် တွေ့သမျှ လူတိုင်းအား ဂရုမစိုက်ဟန်ဖြင့် တိုက်ချလျက် ဆက်လျှောက်လာသည်။
"ကြည့်ရတာ ပွဲကြီး ပွဲကောင်းကတော့ စပြီ တစ်ယောက်ယောက်များ ပေါက်ပေါက်ဆုပ်တွေ ဘာတွေ စားချင်ကြသေးလား"
လီရီချန်း၏ အသံက ရယ်မြူးရိပ် အနည်းငယ် စွက်လို့နေသည်။
ချန်းဖန်နှင့် ရှုယုံဖေးတို့က ပတ်ဝန်းကျင်ကို ဂရု မပြုမိသည့်အလား စကားပြောနေကြဆဲ ဖြစ်သည်။ သန်သန်မာမာနှင့် လူငယ်တစ်ယောက်က ချန်းဖန်တို့ထံ ခြေလှမ်း ကျဲကြီးများဖြင့် လျှောက်လာပြီး ပြောလိုက်သည်။
"ဖေးဖေး ခဏလောက် ကိုယ်နဲ့လိုက်ခဲ့ ကိုယ်တို့ စကားပြောဖို့ လိုနေပြီ"
ချူမင်ဟွေ့က ရှုယုံဖေးကိုသာ စွဲစွဲမြဲမြဲ ကြည့်နေပြီး ချန်းဖန်က ဘယ်တုန်းကမှ ရှိမနေခဲ့သည့်အလား မျက်လုံးပင် စွေမကြည့်ပေ။
"ဘာဖြစ်လို့လဲ ဒီမှာပဲ ပြောလို့မရဘူးလား"
ရှုယုံဖေးက စိတ်မရှည်ဟန်နှင့် ပြောလိုက်သည်။
ချူမင်ဟွေ့က အနီးတွင် ရှိနေသော ကျန်းချူယန်နှင့် ချန်းဖန်တို့အား တစ်ချက် ဝေ့ကြည့်လိုက်ပြီး အမိန့်သံနှင့် ပြောလိုက်သည်။
"ထွက်သွား ငါတို့နှစ်ယောက် ကိုယ်ရေးကိုယ်တာ ပြောစရာရှိတယ်"
ကျန်းချူယန်ပင် ဘာမှ မပြောရသေးခင်မှာပဲ ချန်းဖန်က မျက်မှောင်ကြုတ်လျက် ဝင်ပြောလိုက်သည်။
"ငါတို့က ဘာလို့ ထွက်သွားပေးရမှာလဲ"
"မင်းက ဘယ်သူလဲ"
ချူမင်ဟွေ့က သူ့အမိန့်အား လွန်ဆန်ရဲသူကို အများကြီး မတွေ့ဖူးပေ။ သူက အနည်းငယ် အံ့အားသင့်သွားပြီး ချန်းဖန်အား အကဲခတ်လိုက်သည်။ ခဏနေတော့ သူက တစ်ခုခုကို အမှတ်ရသွားပုံ ပေါ်သည်။
"မင်းက ချန်းဖန်လား"
"အမှန်ပဲ"
ချန်းဖန်က အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်သည်။
"ငါ မင်းအကြောင်း ကြားဖူးတယ်"
ချူမင်ဟွေ့က အထင်သေးစွာ ပြောသည်။
"မင်းက တိုက်ခိုက်ရေးသမား တစ်ယောက်ဆိုပဲ စီယင်းရှာကိုတောင် အနိုင် တိုက်နိုင်တယ်လို့ ကြားတယ် ဒါပေမဲ့ စီယင်းရှာက အပျော်တမ်း တိုက်ကွမ်ဒို ကစားသမားတစ်ယောက် သာသာပဲဆိုတာ မင်းသိမယ်လို့ မျှော်လင့်ပါတယ် သူ့ရဲ့ကစားကွက်တွေက ကြည့်ရတာတော့ လှရင် လှလိမ့်မယ် တကယ့်တိုက်ပွဲ တစ်ခုမှာတော့ ဘာမှ အသုံးမဝင်ဘူး"
"ဪ အဲ့လိုလား"
ချန်းဖန်က စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်သည်။
ချူမင်ဟွေ့က ချန်းဖန်အား ပြိုင်ဘက် တစ်ယောက် ဟူ၍ပင် စိတ်ထဲမထားပေ။ သူက ရှုယုံဖေးကိုသာ နူးညံ့စွာ ကြည့်လိုက်ပြီး … ။
"ဖေးဖေး ကိုယ်တို့ တခြား တစ်နေရာမှာ စကား သွားပြောရအောင်လား ကိုယ်တကယ် ပြောစရာ တစ်ခု ရှိလို့ပါ"
ချူမင်ဟွေ့က ရှုယုံဖေး၏ လက်မောင်းတဖက်အား ပိုင်စိုးပိုင်နင်းနှင့် ဆွဲလိုက်သည်။
ရှုယုံဖေးက ချူမင်ဟွေ့၏ ရုတ်တရက် အပြုအမူကြောင့် ထိတ်လန့်သွားပြီး ချန်းဖန်အနောက်တွင် ပုန်းလိုက်ကာ တုန်တုန်ယင်ယင်နှင့် မေးလေသည်။
"ချူမင်ဟွေ့ နင်ဘာလုပ်ချင်နေတာလဲ"
ချူမင်ဟွေ့က ချန်းဖန်အနောက်ရှိ ရှုယုံဖေးအား ဆွဲခေါ်ရန် ပြင်လိုက်သော်လည်း ချန်းဖန်၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။ ချန်းဖန်၏ မျက်နှာက ရုတ်ချည်း အေးစက်သွားသည်။
"သူမနဲ့ ဝေးဝေးနေ"
"ထွက်သွားစမ်း"
ချူမင်ဟွေ့က သူ့အရှေ့မှ လူငယ်လေးအား အားနှင့် တွန်းလိုက်သော်လည်း အံ့ဩစရာ ကောင်းစွာပင် ထိုလူငယ်လေးက တစ်လက်မမှ ရွေ့မသွားခဲ့ပေ။
ချူမင်ဟွေ့က ချန်းဖန်အား တစ်ချက် စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကောင်လေး မင်းက ငါနဲ့ ရင်ဆိုင်ချင်တာ သေချာပြီလား"
"မင်းရော ငါနဲ့ ရင်ဆိုင်ချင်တာ သေချာပြီလား"
ချန်းဖန်က တူညီသော မေးခွန်းဖြင့် တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်လိုက်သည်။
"မင်း .. ငါဘယ်သူလဲ ဆိုတာရော သိရဲ့လား"
ချူမင်ဟွေ့က ချန်းဖန်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် ရယ်ချင်သွားရသည်။
"ငါ့အသက် ဆယ့်နှစ်နှစ်မှာပဲ ဆရာ တစ်ယောက်ချင်းစီကို အိမ်ခေါ်ပြီး ဘာသာရပ်ပေါင်းစုံကို လေ့ကျင့်ခဲ့တယ် အသက် ဆယ့်ငါးနှစ်မှာ အထက်တန်းကျောင်း အသင်းအဖွဲ့ မှန်သမျှရဲ့ ခေါင်းဆောင် ဖြစ်နေပြီ ဆယ့်ခြောက်နှစ်မှာတော့ ဝင်ခွင့်တောင် ဖြေစရာမလိုဘဲ ပထမတန်းစား တက္ကသိုလ် တစ်ခုကို ဝင်ခွင့်ရခဲ့တယ်"
ချူမင်ဟွေ့က ချန်းဖန်အား စိုက်ကြည့်လိုက်ပြီး အလေးအနက် မေးလိုက်သည်။
"နောက်တစ်ခေါက် ထပ်မေးမယ် မင်း ငါနဲ့ ရင်ဆိုင်ချင်တာ သေချာပြီလား"
"အသေအချာပဲ"
ချန်းဖန်က အခိုင်အမာ ပြန်ပြောသည်။
ချန်းဖန်တို့ စားပွဲက ချူမင်ဟွေ့ ရောက်မလာခင်ကပင် လူအများ၏ စိတ်ဝင်စားခြင်းကို ခံနေရပြီး ချူမင်ဟွေ့ ရောက်လာပြီးနောက် ပိုဆိုးသွားသည်။
"အဲ့ဒါ ချူမင်ဟွေ့မလား သူက ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
"ကြည့်ရတာ ကျောင်းသားသစ်နဲ့ ချူမင်ဟွေ့တို့ ထချကြတော့မဲ့ ပုံပဲ"
"အသစ်လေးတော့ လွယ်မှာမဟုတ်ဘူး"
လူတိုင်းက တီးတိုးတီးတိုး ပြောဆိုနေကြပြီး ဘာ ဆက်ဖြစ်လာမည်ကို စိတ်ဝင်စားနေကြသည်။
"ချူမင်ဟွေ့ဆိုတာ ဘယ်သူလဲ"
တခြားမြို့မှ လေလံပွဲသို့ ခဏလာသော သူဌေးသား တစ်ယောက်က မေးလိုက်သည်။
"သူက ငါတို့ကျောင်းက နာမည်ကြီး စီနီယာအစ်ကိုပဲ ရှုယုံဖေးကို လိုက်နေတဲ့ သူတွေထဲမှာ ထိပ်ဆုံးက တစ်ယောက်ပေါ့"
မေးလိုက်သော ကောင်လေးက ခေါင်းတဆတ်ဆတ် ညိတ်သည်။ ကြားရသည့်အတိုင်းသာဆို ချန်းဖန်ဆိုသော ကောင်လေးအတွက် လွယ်မည်မဟုတ်ပေ။
ထိုအချိန်တွင် ကျယ်ဝန်းလှသော ခန်းမကြီး၏ တခြား တစ်ဖက်၌ စီယင်းရှာနှင့် ချန်ဝမ်တို့က သူငယ်ချင်း အချို့နှင့် စကားပြောနေကြသည်။
စီယင်းရှာ၏ ချောမောသော ပုံရိပ်က များပြားလှသော လူချောလေးများ ကြားတွင်ပင် ထင်းထွက်နေပြီး မိန်းကလေး အများစု၏ အာရုံကို ဖမ်းစားထားသည်။
ကျိရှင်းယွိက စီယင်းရှာထံ အပြေးအလွှား ရောက်လာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ယင်းရှာ ငါဘယ်သူ့ကို မြင်ခဲ့လဲ မှန်းကြည့်"
"ဘယ်သူ့ကို မြင်ခဲ့လို့လဲ"
စီယင်းရှာက မျက်ခုံးပင့်ရင်း ပြန်မေးလိုက်သည်။
"ချန်းဖန် သူလည်း ဒီကို ရောက်နေတယ် ချူမင်ဟွေ့ကိုလည်း အဲ့ကောင်နားမှာ တွေ့ခဲ့တယ် ကြည့်ရတာ နှစ်ယောက်သား ထချကြတော့မဲ့ ပုံပဲ"
ကျိရှင်းယွိက အလွန်ကျေနပ်နေဟန်ဖြင့် ပြောလိုက်သည်။
"ချူမင်ဟွေ့က ဘယ်လောက် စိတ်ဆတ်လဲဆိုတာ မင်းလည်း သိတာပဲ သူတို့နှစ်ယောက်ကြောင့် ပွဲပျက်မှာတောင် စိုးရတယ်၊ ဟုတ်သား မေ့တော့မလို့ ရှုယုံဖေးလည်း အဲ့ဒီ့မှာ ရှိနေတယ်"
ချန်ဝမ်၏ မျက်နှာက စိတ်ဝင်စားမှုကြောင့် အရောင် ပြောင်းသွားသည်။ သူမက စီယင်းရှာ လက်ကို ဆွဲလိုက်ပြီး ပြောလာသည်။
"သွားရအောင် ဘာဆက်ဖြစ်မလဲ ဆိုတာ သွားကြည့်ကြမယ်"
ချန်ဝမ်၏ အတွင်း စိတ်ထဲတွင်တော့ အားရဝမ်းသာစွာ ကျိန်ဆဲနေမိသည်။
'မကောင်းတဲ့ အကောင် ချန်းဖန် နင့်အဆင့်နဲ့ ဒီလို ပွဲမျိုးကိုများ လာရဲသေးတယ်၊ နောက်ဆုံးတော့ နင်နဲ့ ထိုက်တန်တာကို ပြန်ရတော့မယ်၊ အစောကြီးတည်းက ဒုက္ခရောက်သင့်တာ'
စီယင်းရှာက ဘာစကား တခွန်းမျှ မပြောဘဲ ချန်ဝမ်ဆွဲခေါ်ရာသို့ လိုက်လာခဲ့သည်။ သူက ပါးစပ်မှ ထုတ်မပြောသော်လည်း ချန်းဖန် ဒုက္ခ ရောက်တော့မည်ကို သိရ၍ အနည်းငယ်တော့ ကျေနပ်မိသည်။
***