← Chapters

သူ့ကို ကန်ထုတ်ပစ်

Vol. 1 Ch. 30

သူ့ကို ကန်ထုတ်ပစ်

Vol. 1 Ch. 30

ချူမင်ဟွေ့နှင့် ချန်းဖန်တို့၏ စကားဝိုင်းမှာ အဆင် မချောသည်ကို တွေ့ရတော့ ကျန်းချူယန်က မျက်မှောင်ကြုတ်ရင်း ဝင်ပြောလာသည်။

"ချူမင်ဟွေ့ ဒါက ရှေးဟောင်းပစ္စည်း လေလံပွဲနော် နင် ရုတ်ရုတ်သဲသဲ လုပ်ချင်တယ် ဆိုရင်လည်း တခြား နေရာမှာ သွားလုပ် ဖေးဖေးက နင်နဲ့ မလိုက်ချင်မှတော့ ဘာလို့ အတင်း ခေါ်ချင်နေရတာလဲ"

ချူမင်ဟွေ့က ကျန်းချူယန်ကို လုံးဝ အရေးမစိုက်ပေ။ သူက ချန်းဖန်အား စူးစူးရဲရဲ စိုက်ကြည့်နေပြီး ရုတ်တရက် ထရယ်လိုက်သည်။

"ဟား.. ဟား.. ကောင်လေး မင်းက ငါ့ကို စိန်ခေါ်ရဲတဲ့ ပထမဆုံးသူပဲ နောက်ဆုံး ဆိုရင်လည်း မမှားပါဘူး"

ချန်းဖန်က ပြုံးလိုက်သည်။ သူက တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပဲ မထင်မှတ်ထားသော သတ်လတ်ပိုင်း အရွယ် လူကြီး တစ်ယောက်က သူတို့ နှစ်ယောက်ထံ လျှောက်လာသည်။

"ဘာဖြစ်နေကြတာလဲ မင်းတို့က ဘယ်သူတွေလဲ ရာရာစစ လေလံပွဲမှာ လာပြီး ပြဿနာ ရှာရဲတယ်လား"

"သေစမ်း မန်နေဂျာကျူးက ဒီမှာ ရှိနေတာပဲ တစ်ယောက်ယောက်တော့ နာတော့မယ်"

ဆယ်ကျော်သက် အုပ်စုအတွင်းရှိ အသက် နည်းနည်းကြီးသော တစ်ယောက်က သက်လတ်ပိုင်းအရွယ် လူကြီးကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ကျန့်ယွီမုန့်ကလည်း နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ချူမင်ဟွေ့ရော ချန်းဖန်ရော နှစ်ယောက်လုံးကို ကန်ထုတ်လိုက်ရင် အကောင်းဆုံးပဲ နှစ်ယောက်လုံး တစ်ယောက်မှ ကြည့်မရဘူး"

"ကျွန်တော့်နာမည်က ချူမင်ဟွေ့ပါ မန်နေဂျာကျူး"

ချူမင်ဟွေ့က ခြေတလှမ်း နောက်ဆုတ်လိုက်ရင်း လေးလေးစားစား ပြောလိုက်သည်။

"ဒီကောင်က ဖိတ်စာမပါဘဲ လေလံပွဲ အတွင်းကို ခိုးဝင်လာတယ်လို့ ကျွန်တော် သံသဃ ရှိလို့ပါ မန်နေဂျာကျူးက ကျေးဇူးပြုပြီး သူ့ကို ပွဲကနေ မောင်းထုတ်ပေးဖို့ မျှော်လင့်ပါတယ်"

မန်နေဂျာကျူးက ခဏတာ အံ့ဩသွားပြီး သူ့အရှေ့က လူငယ်လေးမှာ ကျော်ကြားသော ချူမင်ဟွေ့ ဖြစ်ကြောင်း သိရှိသွားသည်။ သူ့မျက်နှာက ဖော်ရွေသော အသွင်သို့ ပြောင်းလဲသွားပြီး ချိုချိုသာသာ ပြောလိုက်သည်။

"ကောင်းပါပြီ သခင်လေးချူ"

ထို့နောက် မန်နေဂျာကျူးက ချန်းဖန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဒီက သခင်လေးက ကျေးဇူးပြုပြီး ဖိတ်စာလေး ပြပေးလို့ ရမလား မသိဘူး"

ရှုယုံဖေးက မကျေမနပ်နှင့် ဝင်ပြောလာသည်။

"ဘာလို့ သူက ဖိတ်စာပြဖို့ လိုတာလဲ ချူမင်ဟွေ့ရဲ့ ဖိတ်စာကို ကျတော့ ဘာလို့ မစစ်တာလဲ"

မန်နေဂျာကျူး၏ မျက်နှာ အမူအယာက မပြောင်းလဲပေ။ သူက အခိုင်အမာ ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ သခင်လေးချူက ကျွန်တော့်သူဌေးရဲ့သား သခင်လေးရဲ့ သူငယ်ချင်းကောင်း တစ်ယောက် ဆိုတာ ကျွန်တော် သိထားလို့ပါ ဒီဘက်က သခင်လေးကကျတော့ ကျွန်တော် မသိတဲ့သူ ဖြစ်နေတယ် ဖိတ်စာတွေက ကျွန်တော်ကိုယ်တိုင် ရေးခဲ့တာမလို့ပါ သခင်လေးရဲ့ နာမည်ကို သိခွင့်ရှိမလား"

"သူ့နာမည်က ချန်းဖန် စီကျွေးနယ်က လာတာ"

ချူမင်‌ဟွေ့က နှာ‌ခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"မန်နေဂျာကျူး ကိုယ်တိုင် ရေးခဲ့တဲ့ ဖိတ်စာ စာရင်းထဲမှာ သူ ပါမယ်လို့တော့ ကျွန်တော်မထင်ဘူး"

ချူမင်ဟွေ့၏ စကားကြောင့် ရှုယုံဖေးလည်း အနည်းငယ် တွေဝေသွားသည်။ သူမကိုယ်တိုင်လည်း ချန်းဖန် တစ်ယောက် ဖိတ်စာမပါဘဲ ဘယ်လို ဝင်လာခဲ့သလဲ ဆိုတာကို တွေးနေမိတာ ဖြစ်သည်။ သူမ ကိုယ်တိုင်ပင်လျှင် ကျန့်ယွီမုန့်ထံမှ ဖိတ်စာ ရခဲ့သောကြောင့်သာ လာနိုင်ခဲ့ခြင်း ဖြစ်သည်။

"ငါကတော့ ဒီကောင် ခိုးဝင်လာတယ် လို့ပဲ ထင်တယ်"

လူအုပ်ထဲမှ တစ်ယောက်က ပြောလိုက်သည်။

"အဲ့ကောင် ဝတ်ထားတဲ့ အဝတ်အစားတွေကိုပဲ ကြည့်၊ သူ့မှာ ဖိတ်စာ မရှိဘူး ဆိုတာ လောင်းရဲတယ်"

တခြား တစ်ယောက်ကပါ ဝင်ထောက်ခံလိုက်သည်။

"သူက ကိုယ့်ဒုက္ခကိုယ် ရှာနေတာပဲ ဖန့်ရှန်း လုပ်ငန်းစုရဲ့ သူဌေးက သွားရှုပ်လို့ ရတဲ့သူ မဟုတ်ဘူး ပြီးတော့သူက ချူမင်ဟွေ့ကိုတောင် ရန်စလိုက်သေးတယ် သေတော့မှာပဲ"

လူတိုင်းက သက်ပြင်းချမိကြသည်။

"သခင်လေး ကျေးဇူးပြုပြီး ဖိတ်စာပြပါ မဟုတ်ရင် လုံခြုံရေးကို ခေါ်ရပါလိမ့်မယ်"

ချန်းဖန်က စက္ကပိုင်းမျှ စဉ်းစား လိုက်ပြီးနောက် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

"ကျွန်တော့်မှာ ဖိတ်စာမရှိဘူး"

လူအုပ်ကြီး " ... "

အဖြစ်အပျက်ကို စောင့်ကြည့်နေကြသော ခန်းမအတွင်းရှိ လူများမှာ ချန်းဖန်၏ စကားကြောင့် ဆွံ့အသွားကြရသည်။

"ထင်တဲ့အတိုင်းပဲ"

ချူမင်ဟွေ့က ချန်းဖန်အား သူ့ခြေဖဝါးအောက်ရှိ ပိုးကောင်လေးအား ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်လို့နေသည်။

"ဖိတ်စာမရှိဘဲ မင်းက ဒီကို ဘယ်လို ဝင်လာခဲ့တာလဲ"

မန်နေဂျာကျူးက ချန်းဖန်၏ ပွင့်လင်းမှုကြောင့် အံ့ဩနေပြီးနောက် မေးလိုက်သည်။သူက ချန်းဖန်အား သူခိုးတစ်ယောက် ဖြစ်နေမလား ဟုပင် တွေးလိုက်မိသည်။ အကယ်၍ သူ့သူဌေးကသာ တစုံတစ်ယောက်က လေလံပွဲအတွင်း ခိုးဝင်လာကြောင်း သိသွားပါက တာဝန် ပေါ့လျော့မှုကြောင့် သူ့အား အပြစ်‌ပေးပေရော့မည်။

"ကောင်းလိုက်တာ ဒီတခါတော့ ချန်းဖန် အသေပဲ"

ချန်ဝမ်က ကျေနပ်စွာ ရေရွတ်လိုက်သည်။ လက်စားချေရသည့် ခံစားချက်မှာ အလွန်တရာ ချိုမြိန်လှပေသည်။

ကျိရှင်းယွိကလည်း ခေါင်းယမ်းရင်း ပြောလိုက်သည်။

"ချန်းဖန် … ချန်းဖန် … မင်းက သွားမရှုပ်သင့်တဲ့ သူတွေကိုမှ သွားရှုပ်နေတာပဲ ကိုယ့်ကိုယ်ကိုယ် သူများ အလှောင်ခံ ဖြစ်‌အောင် လုပ်နေတယ်"

စီယင်းရှာပင်လျှင် အနည်းငယ် စိတ်ပျက်သွားမိသည်။ ဒီရက်တွေအတွင်း ချန်းဖန်အား ပြိုင်ဘက် တစ်ယောက်လို သဘောထားမိသည့် သူ့ကိုယ်သူပင် ရယ်ချင်သွားရသည်။ အဆုံးတွင်တော့ ချန်းဖန်က သူ့ပြိုင်ဘက် ဖြစ်ဖို့ မဆိုထားနှင့် လေလံပွဲအတွင်းသို့ပင် ခိုးဝင်လာခဲ့သော အသုံးမကျသည့် လူတစ်ယောက်သာ။

ကျန်းချူယန်၏ မျက်နှာတွင်လည်း အနည်းငယ် စိတ်ပျက်မှုတို့ ဖြတ်ပြေးသွားသည်။

ရှုယုံဖေးကတော့ ချန်းဖန်အား စိတ်ပူသွားကာ မျက်နှာပျက်သွားသည်။

"အကိုချန်းဖန် … ဘယ်လိုဖြစ်ပြီး ... "

"ကျွန်တော် စကားပြောတာ မပြီးသေးဘူး"

ချန်းဖန်က ပြောလိုက်သည်။

"ကျွန်တော့်မှာ ဖိတ်စာမရှိဘူး ဒါပေမဲ့ လူတစ်ယောက်က ကျွန်တော့်ကို ဖိတ်ခဲ့တာပါ ရီဆက်ရှင်က ဧည့်သည်စာရင်း စာအုပ်ကို စစ်ကြည့်လိုက်ရင် အားလုံး ရှင်းလင်းသွားပါလိမ့်မယ်"

"လူတစ်ယောက်က မင်းကိုဖိတ်တယ်"

မန်နေဂျာကျူးက သံသယ ရှိဟန်နှင့် ရေရွတ်လိုက်သည်။

"ဖိတ်စာမပါဘဲ တခြားတစ်ယောက်ကို ဖိတ်နိုင်တာဆိုလို့ သူဌေးရယ်၊ သူဌေးရဲ့ တစ်ဦးတည်းသော သား သခင်လေးရယ်ပဲ ရှိတာ.. သူဌေးက မင်းကို ဖိတ်တာတော့ မဖြစ်နိုင်ဘူး သခင်‌လေးက မင်းကို ဖိတ်တာ သေချာလို့လား"

ချန်းဖန်လည်း ခဏတော့ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ဝေ့ကျီချင်းက လေလံပွဲကို စီစဉ်သော 'ဖန့်ရှန်းလုပ်ငန်းစု'၏ ပိုင်ရှင်တော့ မဖြစ်နိုင်။ မန်နေဂျာကျူး၏ စကားအရ ပိုင်ရှင်တွင်လည်း သားတစ်ယောက်သာ ရှိပြီး သမီး မဟုတ်။

ချန်းဖန် တိတ်ဆိတ်နေသည်ကို မြင်တော့ မန်နေဂျာကျူးလည်း ဘာ ဆက်လုပ်ရမှန်းမသိ ဖြစ်နေသည်။ နောက်ဆုံးတော့ သူက ဝန်ထမ်းတစ်ယောက်အား ဧည့်သည်စာရင်း စာအုပ်ကို သွားယူခိုင်းရန်သာ တတ်နိုင်တော့သည်။ တစ်စုံတစ်ရာ ဖြစ်လာခဲ့လျှင် မျက်နှာပျက်စရာ မဖြစ်ရရန် ဧည့်သည်စာရင်းတွင် စစ်ကြည့်လိုက်သည်က စိတ်ချရပေသည်။

ရုတ်တရက် လူအုပ်ထဲမှ မိန်းကလေး တစ်ယောက်၏ အသံတစ်သံက ထွက်ပေါ်လာသည်။

"သူ့ကို ဘယ်သူက ဖိတ်လဲဆိုတာတော့ မသိပေမဲ့ လွန်ခဲ့တဲ့ ‌ရက်အနည်းငယ်က ဘားတစ်ခုမှာ သစ်သီး ဝိတ်တာ လုပ်နေတာတော့ တွေ့ခဲ့တယ်"

လူအုပ်ကြီးက စကားပြောလာသူထံ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။ လှပသော ပွဲတက်ဝတ်စုံနှင့် အစွမ်းကုန် ပြင်ဆင်ခြယ်သထားသော မျက်နှာပိုင်ရှင် သူမကား လုံရှောင်ရှောင်ပင်။

"ဖန့်ရှန်းလုပ်ငန်းစုရဲ့ သခင်လေးက ဘယ်လိုလုပ်ပြီး ဘားက သစ်သီးဝိတ်တာ တစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်နိုင်မှာလဲ"

လုံရှောင်ရှောင်၏ စကားကြောင့် လူအုပ်ကြီးက ငြင်းခုံသံများနှင့် တဖန် ဆူပွက်သွားပြန်သည်။

"ဖန့်ရှန်းလုပ်ငန်းစုရဲ့ သူဌေးရော သူ့သားရောက ချူကျိုးမြို့မှာ ဒီလောက် လွှမ်းမိုးနိုင်စွမ်း ရှိတာ၊ ဘားက အလုပ်သမား တစ်ယောက်နဲ့ အချိန်ဖြုန်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား လေလံပွဲကို ဖိတ်ဖို့ဆိုတာ အဝေးကြီးမှာ"

"ဒီကောင်က တော်တော် အရှက်မရှိတာပဲ အရူးတောင်မှ သူလိမ်နေတယ်ဆိုတာ ပြောနိုင်တယ်"

"ရှုယုံဖေးက ဒီလို‌ကောင်မျိုးကိုမှ ကြိုက်ရတယ်လို့ ဘယ်လောက် ရှက်စရာ ကောင်းလိုက်လဲ"

ထို့နောက်တွင်တော့ လူတိုင်းက ချန်းဖန်အား အထင်သေး၊ ရွံရှာနေသော အကြည့်များနှင့် ဝိုင်းကာ ကြည့်နေကြတော့သည်။

အကယ်၍ ချန်းဖန်က ရှုယုံဖေးနှင့် တွေ့ဆုံနိုင်ရန် လေလံပွဲ အတွင်းသို့ ခိုးဝင်လာခဲ့ကြောင်း ရိုးရိုးသားသား ဝန်ခံလျှင်ပင် လူတချို့က သနားသော အားဖြင့် ခွင့်လွှတ်ပေးဦးမှာ ဖြစ်သည်။ သို့သော် ယခုမူကား ချန်းဖန်၏ အလိမ်အညာများက လူအများအား ဒေါသထွက်စေပြီး သူ့ဘက်တွင် ဘယ်သူမှ မရပ်တည်လိုကြပေ။

ချန်းဖန်ကတော့ ထိုလူတွေ ဘာပဲတွေးတွေး ဂရုကို မစိုက်တာဖြစ်သည်။ သူက လုံရှောင်ရှောင်ကိုသာ လှမ်းကြည့်လိုက်သည်။ ချန်းဖန်က တွေးမိသည်။

'လုံရှောင်ရှောင်က ဒီအချိန်မှာမှ ဒါကို ပြောလာတယ်ဆိုတော့ သူ့နောက်မှာ ရှိနေတဲ့သူက မဟုတ်မှလွဲရော ... '

မန်နေဂျာကျူးက လုံရှောင်ရှောင်အား အလေးအနက် မေးလိုက်သည်။

"ဒီက သခင်မလေး ပြောတာတွေက တကယ်ပဲ အမှန်တွေလား"

"သူပြောတာ အမှန်တွေပါ ကျွန်တော် သက်သေလုပ်ပေးလို့ ရတယ်"

ဆွဲဆောင်မှုရှိသော ယောက်ျားသံ တစ်သံက ထွက်ပေါ်လာသည်။ အားလုံးက လှည့်ကြည့် လိုက်ကြသည်တွင် လူကြီးလူကောင်း ဆန်လှသော လီရီချန်းကို မြင်လိုက်ရသည်။

လီရီချန်းက ကျန်းချူယန်အား တောင်းပန်‌သည့် သဘော တစ်ချက် ပြုံးပြလိုက်ရင်း စကားဆက်လိုက်သည်။

"အဲ့ဒီ့နေ့က ချန်းဖန်ကို သူ အလုပ်လုပ်နေတဲ့ ဘားမှာ ကျွန်တော်တို့ တစ်ဖွဲ့လုံး တွေ့ခဲ့တာပါ ဘယ်သူသိမလဲ ချန်းဖန်က လေလံပွဲကို ဖိတ်ကြားခံရလောက်အောင် အဆက်အသွယ် တချို့ ရှိနေလိမ့်မယ်လို့ သေချာသွားအောင် ဧည့်သည် စာရင်းစာအုပ်ကို စစ်ကြည့်လိုက်ပါ ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်း လုံရှောင်ရှောင် ပြောတာကတော့ အမှန်ပဲ"

'ဆိုတော့.. လုံရှောင်ရှောင် ဒီအချိန်မှာမှ ဒီစကားကို ထပြောရတာရဲ့ အကြောင်းအရင်းက လီရီချန်းပေါ့'

ချန်းဖန်က နောက်ဆုံးတော့ နားလည်သွားသည်။

ကျန်းချူယန်ကလည်း လီရီချန်း၏ ပညာသားပါပါ ထိုးနှက်မှုကို သတိပြုမိသည်။ သို့သော်လည်း လီရီချန်းကိုလည်း အပြစ်တင်၍တော့ မရ။ ချန်းဖန်ကသာ ဟိုးအစတည်းက လိမ်ညာနေခဲ့သူ ဖြစ်သည်။ သူမက သက်ပြင်းသာ ချမိသည်။ ချန်းဖန်ကား အလွန် စိတ်ပျက်စရာ ကောင်းလှပေသည်။

"သခင်လေးလီကတောင် ပြောနေမှတော့ ကျွန်တော့်အနေနဲ့ ဧည့်သည် စာရင်း စာအုပ်ကို ကြည့်ဖို့ မလိုတော့ပါဘူး"

မန်နေဂျာကျူးက လီရီချန်းအား ပြုံးကာ ပြောလိုက်သည်။

လီရီချန်းက ချူကျိုးမြို့တွင် လွှမ်းမိုးနိုင်စွမ်းရှိသော ဂု‌ဏ်သရေရှိ သခင်လေး တစ်ဦးဖြစ်သည်။ မန်နေဂျာကျူးက လီရီချန်း၏ စကားကို လုံးဝ သံသယ မဝင်ပေ။

မန်နေဂျာကျူးက ချန်းဖန်အား လှည့်ပင် မကြည့်တော့ဘဲ အမိန့်ပေးလိုက်သည်။

"အစောင့်တွေ ဒီကောင့်ကို ဒီကနေ ဆွဲထုတ်သွားကြ ရာရာစစ လေလံပွဲ ခန်းမထဲကိုများ ခိုးဝင်လာရဲတယ်"

လူတိုင်းက တိတ်ဆိတ် သွားကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က ချန်းဖန်အတွက် ကူပြောပေးလိုလျှင်ပင် ချူမင်ဟွေ့၊ လီရီချန်းနှင့် ဖန့်ရှန်း လုပ်ငန်းစုကိုပါ ရင်ဆိုင်ရမည်ဖြစ်ရာ ဤခန်းမ အတွင်းရှိ အာဏာ အရှိဆုံး လူပင်လျှင် ချန်းဖန်အား မကူညီခင် နှစ်ခါပြန် စဉ်းစားရမည် ဖြစ်သည်။ စိတ်မှန်သော ဘယ်သူကမှ သူများ ဓားခုတ်ရာ လက်ထိုးခံကြမည် မဟုတ်။

ချန်ဝမ်က ပါးစပ်က ထုတ်မပြောသော်လည်း သူမမျက်နှာက အလွန်တရာ ကျေနပ်မှုကြောင့် တဖိတ်ဖိတ် တောက်နေသည်။

လုံရှောင်ရှောင်ကတော့ မျက်ရည်လေးများ ဝဲကာ ကြံရာမရ ဖြစ်နေသော ရှုယုံဖေးကို ကြည့်၍ နှာခေါင်းရှုံ့ လိုက်မိသည်။

စီယင်းရှာကလည်း စိတ်ပျက်လက်ပျက် ခေါင်းသာ ယမ်းမိသည်။ ယနေ့ညတွင် ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ချန်းဖန်အား ကယ်တင်နိုင်မည် မဟုတ်ပေ။

လီရီချန်းက ချန်းဖန်အား လှမ်းပင်မကြည့်။ သူက နားလည်ရခက်စွာ ပြုံးရင်း လက်ထဲတွင် ကိုင်ထားသော ဖန်ခွက်အတွင်းရှိ ဝိုင်နီကို အရသာခံကာ သောက်လိုက်သည်။ ချန်းဖန်ကား ဘာမှမဟုတ်သော အရှုံးသမား တစ်ယောက်သာ။ သူ့အနေနှင့် စကားတစ်ခွန်း၊ နှစ်ခွန်း ဝင်ပြောလိုက်ရုံမျှနှင့် ချန်းဖန်၏ ဘဝ တစ်ခုလုံးအား ဖျက်ဆီးပစ်ဖို့ လုံလောက်နေပြီ ဖြစ်သည်။

ရှုယုံဖေး၏ သူငယ်ချင်းများ ဖြစ်သော ကျန့်ယွီမုန့်နှင့် ဟန်ယွင်တို့က စိတ်မကောင်း ဖြစ်မိကြသော်လည်း ဒါကသာ အကောင်းဆုံး အဆုံးသတ်ဖြစ်မှန်း နားလည်ကြသည်။ ရှုယုံဖေးနှင့် ကျောင်းသားသစ်လေးကား ဘယ်လိုမှ ပေါင်းစည်း၍ မရနိုင်သော မျဉ်းပြိုင် နှစ်ကြောင်း ဖြစ်သည်။

ရှုယုံဖေးက မန်နေဂျာကျူးအား တောင်းပန်နေသော်လည်း အသုံးမဝင်ပေ။ မန်နေဂျာကျူးက စကားပြောစက်မှ တစ်ဆင့် လုံခြုံရေးများအား လှမ်းခေါ်ပြီး ဖြစ်သည်။

ချူမင်ဟွေ့က မောက်မာစွာပြုံးရင် ချန်းဖန်အား ပြောလိုက်သည်။

"ကောင်လေး ငါမင်းကို ပြောပါတယ် တချို့လူတွေက မင်းလာရှုပ်လို့ ရတဲ့သူတွေ မဟုတ်ဘူးဆိုတာ အခုတော့ မင်းဘာတတ်နိုင်သေးလဲ အော်ငိုမှာလား ဟား.. ဟား.. "

"သူ့ကိုကန်ထုတ်ပစ်"

လူအုပ်ထဲရှိ ချူမင်ဟွေ့၏ နောက်လိုက် နောက်ပါ များထဲမှ တစ်ယောက်က အော်လိုက်သည်။

ချန်းဖန်က နေရာတွင်သာ မလှုပ်မယှက် ရပ်နေဆဲဖြစ်ပြီး သူဘာတွေးနေမှန်း ဘယ်သူကမှ မခန့်မှန်းနိုင်ပေ။

ချူမင်ဟွေ့၊ ကျိရှင်းယွိ၊ လုံရှောင်ရှောင်၊ ချန်ဝမ် အားလုံးက ချန်းဖန်အား မှတ်လောက် သားလောက်အောင် ပညာပေးနိုင်ပြီ ဖြစ်ကြောင်း ယုံကြည်နေကြသည်။

ထိုစဉ်မှာပဲ အေးစက်သော်လည်း ချိုသာသော တားမြစ်သံလေး တစ်သံက လူအုပ်ထဲမှ ထွက်ပေါ်လာသည်။

"သူ့ကိုမထိနဲ့"

***

All Chapters