ဝေ့မိသားစုရဲ့ မင်းသမီးလေး
Vol. 1 Ch. 31
လူတိုင်းက အသံလာရာသို့ လှည့်ကြည့်မိကြရာ အေးစက်၍ တည်တင်းသော မျက်နှာထားနှင့် မိန်းမလှလေး တစ်ယောက်အား မြင်လိုက်ကြရသည်။ ထိုမိန်းကလေးက ချန်းဖန်တို့ ရှိရာသို့ လျှောက်လာသည်တွင် လူတိုင်းက အလိုလို ဘေးသို့ ဖယ်ပေးမိကြပြီး လူအုပ်ကြီး၏ အလယ်တွင် လမ်းကြောင်း တစ်ခု ပေါ်လာသည်။
ထိုမိန်းမလှလေးက အဖြူရောင် ချီပေါင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင် ဒေါက်ဖိနပ် တစ်စုံနှင့် လွန်စွာ တော်ဝင်ဆန်သော ခံစားချက်ကို ပေးသည်။ သူမ၏ လှပသော မျက်လုံးများက တလက်လက် တောက်ပနေပြီး တချို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းသော မိန်းကလေးများက သိမ်ငယ်စွာ ခေါင်းငုံ့ မိလိုက်ကြသည်။ အေးစက်စက်နှင့် အလွန် လှပသော သူမကား ရေခဲတိုင်းပြည်၏ ဘုရင်မ တစ်ပါးအလား ထင်မှတ်ရသည်။
"သူက ဘယ်သူလဲ ချန်းဖန်အတွက် ဝင်ပြော ပေးရဲတယ်လား"
လူအုပ်ထဲမှ တစ်ယောက်က အထင်သေးဟန်နှင့် ပြောလိုက်သည်။
ထိုမိန်းမလှလေးမှာ မည်သူ ဖြစ်မှန်း သိရှိပြီးသော တစ်ယောက်က ပထမ ပြောလိုက်သူ၏ ပါးစပ်အား အလျင်အမြန် ပိတ်လိုက်ရင်း အော်လိုက်သည်။
"ရူးနေလား အဲ့ဒါ ဝေ့မိသားစုရဲ့ မင်းသမီးလေးကွ"
"ဝေ့မိသားစုရဲ့ မင်းသမီးလေး"
ပထမ ပြောလိုက်သူက တီးတိုး ရေရွတ်လိုက်မိသည်။ နောက်ဆုံးတော့ သူက နားလည်သွားပြီ ဖြစ်သည်။ သူ့မျက်နှာမှာ သွေးမရှိတော့သည့် အလား ဖြူဆွတ်သွားပြီး ဒူးတို့ပင် မခိုင်ချင်တော့။
သူမကား … ဝေ့ကျီချင်းပင်။
"ကျွန်တော့်ရဲ့ သခင်မလေး"
မန်နေဂျာကျူးက ဝေ့ကျီချင်းကို မြင်လိုက်သည့် အချိန်မှာပဲ ထူးဆန်းသော စိတ်မသက်မသာ ဖြစ်ခြင်း တစ်မျိုးကို ခံစားလိုက်ရပြီး မကြာခင် မကောင်းသော ကိစ္စ တစ်ခု ဖြစ်လာတော့မည်ဟု အာရုံရနေသလိုပင်။
သူက ပျက်ယွင်းနေသော မျက်နှာကို ကြိုးစား ပြုံးလိုက်ရင်း..။
"ကြိုဆိုပါတယ် ကြိုဆိုပါတယ် သခင်မလေး လာမဲ့ အချိန်ကို ဘာလို့များ ကြိုမပြောရတာလဲ ကျွန်တော် ထွက်ကြိုနေမှာပေါ့"
"တော်စမ်းပါ ဘယ်သူက ရှင့်ရဲ့ သခင်မလေးလဲ ကျွန်မမှာ ရှင်နဲ့ရော၊ ရှင့်သူဌေးနဲ့ရော ဘာ ပတ်သက်စရာမှ မရှိဘူး"
ဝေ့ကျီချင်းက နှာခေါင်းရှုံ့ လိုက်သည်။ သူမက သူမ၏ အေးစက်ပြီး ဘယ်သူ့ကိုမှ အဖက် မလုပ်တတ်သော စရိုက်ကြောင့် ကျော်ကြားသည်။ သူမမျက်နှာက အမြဲတစေ ခံစားချက် ကင်းမဲ့ကာ အေးစက် နေတတ်သော်လည်း ဒီတစ်ကြိမ်တွင်တော့ အရင်ကထက် အဆပေါင်းများစွာ ပိုမို အေးစက်နေပြီး ဒေါသ ထွက်နေသည်မှာ ထင်ရှားသည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးက အလွန်အေးသော ဆောင်းရာသီတွင် အေးခဲနေသော နှင်းပွင့်လေးနှင့်ပင် တူလို့ နေသည်။
"ဆရာချန်းက ကျွန်မရဲ့ ဧည့်သည်ပဲ ရှင်က သူ့ကို ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
'ဆ.. ဆရာချန်း'
မန်နေဂျာကျူးက သူ့ခေါင်းပေါ်သို့ မိုးကြိုး အစင်းတစ်ရာ ပစ်ချလိုက်သလို ခံစားလိုက်ရသည်။ သူက ကြိုးစား၍ ပြုံးလိုက်ချင်သော်လည်း မျက်နှာက တောင့်တောင့်ကြီး ဖြစ်နေပြီး ခန္ဓာကိုယ်က ကြောက်စိတ်ကြောင့် တုန်ယင်လာသည်။
ဒီဆယ်ကျော်သက်လေးက ကြီးမြတ်လှတဲ့ သခင်မလေးဝေ့ရဲ့ မိတ်ဆွေတဲ့လား။
ဖန့်ရှန်း လုပ်ငန်းစု၏ သူဌေးပင်လျှင် သခင်မလေးဝေ့အား ယဉ်ယဉ်ကျေးကျေး ဆက်ဆံရသည်။ အထင်ကြီးစရာ မရှိသော သာမန် ဆယ်ကျော်သက်လေးက သခင်မလေးဝေ့၏ မိတ်ဆွေတဲ့လား။
မန်နေဂျာကျူးက အလျင်အမြန်ပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုလိုက်သည်။
"သူက သခင်မလေး ဖိတ်ထားတဲ့လူ ဆိုတာ ကျွန်တော် မသိခဲ့လို့ပါ မဟုတ်ရင် ကျွန်တော် သူ့ကို အသံ ကျယ်ကျယ်နဲ့တောင် စကား မပြောဝံ့ပါဘူး တကယ်ပါ"
ဝေ့ကျီချင်း၏ မျက်နှာက အေးစက်နေဆဲပင်။ သူမက မန်နေဂျာကျူးအား လျစ်လျူရှုလိုက်ပြီး ချန်းဖန်ဘက်သို့ လှည့်ကာ အပြုံးလေး တစ်ခုနှင့် တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် ဆရာချန်း ကျွန်မ နောက်ကျသွားတယ် အခုလို အဆင်မပြေမှုတွေ ဖြစ်သွားမယ်လို့ မထင်ခဲ့မိဘူး ဒီအစေခံတွေကိုလည်း ကောင်းကောင်း ဆုံးမလိုက်ပါ့မယ်"
ချန်းဖန်အား အသေအချာ တောင်းပန်ပြီးတာတောင် သူမက ဒေါသ ထွက်နေဆဲ ဖြစ်သည်။
ချန်းဖန်က သာမန် လူတစ်ယောက် မဟုတ်။ သူက ယဲ့နန်ထျန်း၊ ဆရာဝူတို့နှင့် တစ်တန်းတည်းတွင်ရှိသော အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ သူမ၏ အဘိုးပင်လျှင် ချန်းဖန်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့ ကြိုးစားနေရသည်။ ဘာမဟုတ်တဲ့ မန်နေဂျာကျူးလို လူက ချန်းဖန်အား မောင်းထုတ် ပစ်ရဲသေးသည်။ ကိစ္စတွေ အလွန်အကျွံ ဖြစ်မသွားခင် သူမ အချိန်မီ ရောက်လာ၍သာ တော်တော့သည်။ အကယ်၍ ချန်းဖန်ကိုသာ ဒေါသထွက်အောင် လုပ်မိပါက သူမအဘိုး ကြိုးစားထားသမျှ အားလုံး သဲထဲ ရေသွန် ဖြစ်ပေတော့မည်။ စိတ်မှန်သော ဘယ်သူကမှ အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက်အား ဆန့်ကျင်မည် မဟုတ်ပေ။
ချန်းဖန်က တည်တည်ငြိမ်ငြိမ် ရှိနေဆဲ ဖြစ်သည်။ သူ့အား ဝိုင်းဝန်းပြောဆိုနေကြသော စွပ်စွဲချက်များနှင့် အထင်အမြင်သေးသည့် မှတ်ချက်များက သူ့စိတ်ကို မလှုပ်ရှားစေပါ။ သူက အားလုံးကို မကြားလိုက် သကဲ့သို့ပင် သဘောထားသည်။
"ကိစ္စကြီး မဟုတ်ပါဘူး မသိနားမလည်တဲ့ ငတုံး တစ်စု သာသာပါပဲ"
ချန်းဖန်က မန်နေဂျာကျူးအား တစ်ချက်ကြည့်လိုက်ရင်း ပြုံးလိုက်သည်။
"မန်နေဂျာကျူးက ကျွန်တော့်ကို တော်တော် သဘောမကျပုံပဲ အမှန်တော့ ကျွန်တော် ပြောပါသေးတယ် တစ်ယောက်ယောက်က ဖိတ်လို့ လာခဲ့တာပါလို့၊ ဒါပေမဲ့ သူက နားမထောင်ခဲ့ဘူးလေ"
ချန်းဖန်၏ စကားများကြောင့် မန်နေဂျာကျူးက သူ့တစ်ကိုယ်လုံး ပင်လယ်ရေအောက်တွင် နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ သူက ဝေ့ကျီချင်းအား နောက်ဆုံးအကြိမ် အသနားခံမိသည်။
"သခင်မလေးဝေ့ ကျေးဇူးပြုပြီး ကျွန်တော် ရှင်းပြပါရစေ"
"ဒီနေ့ ဖြစ်ပျက်သမျှ ရှင့်သူဌေးကို ကျွန်မ ပြောပြမယ် သူရှင့်ကို အလုပ်မဖြုတ်ဘဲ နေရဲမလားဆိုတာ စောင့်ကြည့် ရသေးတာပေါ့"
ဝေ့ကျီချင်းက အေးစက်စွာ ပြောလိုက်သည်။
မန်နေဂျာကျူးက နောက်ဆုံး လက်ကျန် မျှော်လင့်ချက်လေးနှင့် ဤပြဿနာ၏ အစဖြစ်သူ ချူမင်ဟွေ့ထံ လှမ်းကြည့်လိုက်သည်။ သို့သော်လည်း ချူမင်ဟွေ့ ပင်လျှင် သူ့အား မကယ်တင်နိုင်တော့ပါ။
ချူမင်ဟွေ့က ဝေ့မိသားစု၏ မင်းသမီးလေးကို မြင်လိုက် ရစဉ်ကတည်းက အံ့ဩနေခဲ့တာ ဖြစ်ပြီး သူမက ချန်းဖန်အား တောင်းပန်လိုက် ချိန်မှာတော့ သူ့နားကိုပင် မယုံနိုင် ဖြစ်သွားရသည်။
သူမကား ဝေ့ကျီချင်း ဖြစ်သည်။ ဝေ့မိသားစု ခေါင်းဆောင် အဘိုးဝေ့၏ အချစ်ဆုံး မြေးဖြစ်ပြီး ဝေ့ချန်ကန်း၏ သမီးဖြစ်သည်။
ချူမင်ဟွေ့၏ ဖခင်ပင်လျှင် သူမအား မရိုမသေ ဆက်ဆံရဲလိမ့်မည် မဟုတ်။
ချူမိသားစုကလည်း ချူကျိုးမြို့တွင် လူချမ်းသာများ ဖြစ်လင့်ကစား ဝေ့မိသားစု၏ အရင်းအမြစ်များကိုတော့ မယှဉ်သာပေ။ ဝေ့မိသားစုက တရုတ် တစ်ပြည်လုံးတွင်ပင် အရင်းအမြစ်များ ရှိပြီး ချူကျိုးမြို့ရှိ ဘယ်မိသားစုကမှ ဝေ့မိသားစု၏ ပြိုင်ဘက် မဖြစ်နိုင်တာ ဖြစ်သည်။
သို့သော်လည်း ချူမင်ဟွေ့က ချန်းဖန်အား လွယ်လွယ်နှင့် လွှတ်မပေးလိုသေး။ သူက ကြိုးစားကြည့်ချင်သေးသည်။
"အမကျီချင်း"
ချူမင်ဟွေ့၏ ခေါ်သံကြောင့် ဝေ့ကျီချင်းက လှည့်ကြည့်လာသည်။
"ဘာလဲ ငါ့ကို တစ်ခုခု ပြောချင်လို့လား မပြောနဲ့ နင်ဘာပြောမလဲဆိုတာ ငါသိတယ်"
ဝေ့ကျီချင်း၏ ပိတ်ပင်မှုက ချူမင်ဟွေ့၏ ဒေါသတို့အား မီးစာ ညှိပေးလိုက်သကဲ့သို့ ရှိသည်။ သူက ထိန်းမထားနိုင်တော့ဘဲ အော်လိုက်သည်။
"ကောင်းပြီ အဲ့ဒီ့ကောင်က ကျွန်တော့် ကောင်မလေးကို ခိုးသွားတာ ပြီးတော့.. "
"ပါးစပ်ပိတ်ထား"
ဝေ့ကျီချင်းက ဒေါသထွက်စွာ အော်လိုက်သည်။
"ဒီနှစ်တွေမှာ ဦးလေးချူက နင့်ကို သေချာ လေ့ကျင့်ပေးနေတော့ နင် အများကြီး ပြောင်းလဲသွားမယ်လို့ ထင်ခဲ့တာ ကြည့်ရတာတော့ ငါအတွေး လွန်သွားပုံပဲ နင်က အရင်က ထက်တောင် ပိုဆိုးလာသေးတယ် ဆရာချန်းလို သည်းခံတတ်တဲ့ သူကိုတောင် ဒီလောက်ထိ ဖိအားပေးနေတာ၊ တခြားသူတွေကိုဆို ဘယ်လောက်တောင် အနိုင်ကျင့်နေမလဲ ဆိုတာ တွေးကြည့်လို့တောင် မရဘူး ဒီနေ့ည အဖြစ်အပျက်ကို ဦးလေးချူ သိအောင် ပြောပြဖို့တော့ လိုလာပြီ နင် အပြစ်ပေးခံရဖို့ စောင့်နေပါ"
ထို့နောက် သူမက ချူမင်ဟွေ့၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ချန်းဖန်အား ပြောလိုက်သည်။
"ဆရာချန်း လေလံပွဲက စတော့မယ် အရင်ဆုံး လေလံတင်မဲ့ ပစ္စည်းတွေရဲ့ အကြိုပြင်ဆင်မှုကို ကျွန်မနဲ့ အတူ သွားကြည့်ရင်ရော ဘယ်လိုလဲ"
"ကောင်းသားပဲ"
ချန်းဖန်လည်း ခေါင်းညိတ်လိုက်သည်။ သူက ဝေ့ကျီချင်းနောက်သို့ လိုက်မသွားခင် ချူမင်ဟွေ့ဘက်သို့ လှည့်ကာ တစ်ချက် ပြုံးပြခဲ့လိုက်သေးသည်။
ဝေ့ကျီချင်းနှင့် ချန်းဖန်တို့ ထွက်သွားတော့မှ မန်နေဂျာကျူးလည်း အရုပ် ကြိုးပြတ် ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။
ချူမင်ဟွေ့က ချန်းဖန်၏ နောက်ဆုံး ပြုံးပြသွားသော အပြုံးအား မြင်ယောင်ရင်း အံတင်းတင်း ကြိတ်ကာ လက်သီး ဆုပ်ထားမိသည်။ ဒေါသတို့က သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် ပြည့်နှက်နေပြီး ပေါက်ကွဲ ထွက်တော့ မလိုပင်။
"သခင်လေးချူ ကျေးဇူးပြုပြီး အပြုအမူကို ထိန်းသိမ်းပေးပါ"
ဖြစ်ပျက်သွားသော ကိစ္စများကြောင့် နောက်ထပ် ရောက်ရှိလာသော မန်နေဂျာက ချုမင်ဟွေ့အား သတိပေးလိုက်သည်။
ထိုအခါမှ ချူမင်ဟွေ့က သူ့ကိုယ်သူ လူရယ်စရာ ဖြစ်နေမှန်း သတိထားမိသွားသည်။ သူက ဒေါသတကြီးဖြင့် မြင်မြင်သမျှ လူတိုင်းအား တွန်းတိုက်လျက် ခန်းမ အပြင်သို့ ပြေးထွက်သွားတော့သည်။
"သူက ဝေ့ကျီချင်းကို သိတယ်တဲ့လား မဖြစ်နိုင်လိုက်တာ"
လီရီချန်းက ဝေ့ကျီချင်းကို မြင်လိုက်စဉ်ကပင် ရှောခ့်ရသွားတာ ဖြစ်ပြီး အခုထက်ထိ မယုံကြည်နိုင်သေးပေ။
"ရီချန်း ဝေ့ကျီချင်းဆိုတာ ဘယ်သူလဲ"
မော့ဟယ်က အဖြစ်အပျက်ကို ဘာမှ နားမလည်လိုက်သဖြင့် မေးလာသည်။
ဝေ့ကျီချင်းက ဤကဲ့သို့သော ပွဲလမ်းသဘင် များအား တက်ရောက်ခဲသည်။ သူမက ဒီတစ်ခေါက် လေလံပွဲကိုပင် ချန်းဖန်ကြောင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဝေ့ကျီချင်းအား အသေအချာ မြင်ဖူးသူက ရှားသော်လည်း အထက်တန်းလွှာရှိ လူအများစုကတော့ သူမနာမည်ကို ကြားဖူးကြသည်။
"ဝေ့မိသားစုခေါင်းဆောင်ရဲ့ အချစ်ဆုံးမြေး၊ ဝေ့ကျီပင်းရဲ့ အမ"
လီရီချန်းက ပြောသာ ပြောလိုက်ရသည်။ သူ့နှုတ်ခမ်းတို့က မယုံကြည်နိုင်မှုကြောင့် တုန်ယင်နေဆဲ ဖြစ်သည်။
"ဘယ်လို"
အဖြစ်မှန်ကြောင့် မော့ဟယ်တင် မဟုတ်ဘဲ လုံရှောင်ရှောင် ပင်လျှင် အံ့အားသင့်သွားသည်။
ဝေ့ကျီချင်း ထက်စာလျှင် ဝေ့ကျီပင်းက လူငယ်ပီပီ အပေါင်းအသင်း ပေါပြီး သူမအား လူ အတော်များများကလည်း မြင်ဖူးကြသည်။
ဝေ့ကျီပင်း၏ ဖခင်က ဝေ့မိသားစုခေါင်းဆောင်၏ အငယ်ဆုံးသား ဖြစ်သည်။ ဝေ့ကျီပင်း၏ အဆင့်အတန်း ကပင် အလွန် မြင့်မားလှသည် ဖြစ်ရာ မော့ဟယ်က သူမနာမည်ကိုသာ ကြားဖူးပြီး လူချင်း မတွေ့ဖူးခဲ့။
ဝေ့ကျီချင်းက ဝေ့ကျီပင်း၏ အမဖြစ်ရာ အနည်းဆုံး ဝေ့ကျီပင်းထက်တော့ ပိုမို မြင့်မားသော အဆင့်အတန်း ရှိရပေမည်။
"ငါကြားဖူးသလောက်ဆို ဝေ့ကျီပင်းရဲ့ အဖေက သူတို့မိသားစုမှာ အာဏာ အနည်းဆုံးတဲ့၊ ဝေ့ကျီချင်းရဲ့ အဖေကရော ဘယ်သူလဲ အကြီးဆုံးသားလား ဒုတိယသားလား"
"သူက အကြီးဆုံးသား ဝေ့ချန်ကန်းရဲ့သမီး"
လီရီချန်းက ပြောလိုက်သည်။
"သေစမ်း ငါတို့တော့ သွားပြီ တကယ်ကို သွားပြီ အခု ဘာလုပ်ကြမလဲ ချန်းဖန်ကသာ ငါတို့ကို အငြိုးထားပြီး တစ်ခုခု ပြန်လုပ်ရင် ဘယ်လိုလုပ်ရပါ့မလဲ"
လုံရှောင်ရှောင်၏ အသံက နောင်တတို့နှင့် ပြည့်နှက်ကာ တုန်ယင်လို့ နေသည်။
သာမန် တောက တက်လာတဲ့ ကောင်လေးတစ်ယောက်က မြစ်မြောက်ဘက်ပိုင်းက ဝေ့မိသားစုနဲ့ အဆက်အသွယ် ရှိနေတယ်တဲ့လား ဘယ်လိုတောင် သောက်ကျိုး နည်းလွန်းတာလဲ။
လီရီချန်းလည်း မျက်နှာ မကောင်းတော့။ သူက ချန်းဖန်အား အရေးစိုက်စရာ မလိုသော ပမွှားလေး ဟုသာ သဘောထားခဲ့သော်လည်း မထင်မှတ်ဘဲ ထိုပမွှားလေးက အဆိပ်ရှိသော ဆူးတစ်ချောင်း ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ကျန့်ယွီမုန့်နှင့် မိန်းကလေး တစ်စုမှာလည်း အဖြစ်အပျက်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။
"အဲ့ဒီ့ မိန်းကလေးက ဘယ်သူလဲ ကြည့်ရတာ နှယ်နှယ်ရရတော့ ဟုတ်မယ်မထင်ဘူး ချူမင်ဟွေ့နဲ့ ဖန့်ရှန်း လုပ်ငန်းစုကိုတောင် ဂရုမစိုက်တာ၊ သူမက ဘယ်သူများပါလိမ့်"
"သောက်ကျိုးနည်း ခုနတုန်းက တစ်ယောက်ယောက် ပြောတာ သေချာကြီး ကြားလိုက်ပါတယ် အဲ့ကောင်လေးက ဘားမှာ အလုပ်လုပ်တာဆို"
"ဟုတ်တယ်လေ ငါလည်း ကြားလိုက်တယ် သစ်သီး ဝိတ်တာတဲ့"
ထိုမိန်းကလေးများက ချူကျိုးမြို့တွင် အရမ်းကြီး ချမ်းသာသော မိသားစုများမှ မဟုတ်ကြရာ ဝေ့ကျီချင်းအား မြင်ဖူးဖို့ဝေးလို့၊ နာမည်ပင် မကြားဖူးကြချေ။
ဟန်ယွင် တစ်ယောက်တည်း သာလျှင် ဝေ့ကျီချင်းအား သိသည်။
"အဲ့ဒါ ဝေ့မိသားစုရဲ့ သခင်မလေးပဲ"
မိန်းကလေးများက ရုတ်တရက် အာစေးမိသွားကြပြီး ဘာစကားမှ မပြောနိုင်တော့ဘဲ တိတ်ဆိတ် သွားကြသည်။
ဝေ့မိသားစုကား ချူကျိုးမြို့တွင် လွှမ်းမိုးနိုင်စွမ်း အရှိဆုံးသော မိသားစုကြီးဖြစ်သည်။ ဝေ့မိသားစု၏ မမလေး တစ်ယောက် အနေနှင့် ဝေ့ကျီချင်းက မရေမတွက်နိုင်သော ပိုင်ဆိုင်မှုများ ရှိပြီး တချို့မိန်းကလေးများ စိတ်ပင် မကူးဝံ့သော ကြွယ်ဝမှုမျိုးနှင့် ကြီးပြင်းလာသူ ဖြစ်သည်။
"အဲ့ဒီ့ အရှုံးသမားက ဝေ့မိသားစုရဲ့ သခင်မလေးနဲ့ သိတယ်တဲ့လား ကြည့်ရတာ ဟိုကတောင် သူ့ကို လေးလေးစားစား ဆက်ဆံနေသလိုပဲ ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူးလို့ ခံစားမိနေတယ်"
အုပ်စုထဲမှ တစ်ယောက်က ပြောလာသည်။
နောက်ဆုံးတွင်တော့ ဘယ်သူကမှ ရှုယုံဖေး၏ ရွေးချယ်မှုအား မဝေဖန်ကြတော့။ သူတို့က ရှုယုံဖေးအား ကျိတ်၍ပင် အားကျနေမိကြသည်။
ကိစ္စတွေက အလျင်အမြန်ပင် ဖြစ်ပျက်သွားရာ ရှုယုံဖေးက နားလည်နိုင်ဖို့ အတော်လေး ကြိုးစား ယူလိုက်ရသည်။ ကျန်းချူယန်က ရှုယုံဖေး၏ လက်လေးအား ညင်သာစွာ ကိုင်လိုက်ရင်း သတိပေးလိုက်သည်။
"သူက သွားပြီလေ ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ"
ကျန်းချူယန်၏ နှလုံးသား ထဲတွင်လည်း ခံစားချက်မျိုးစုံဖြင့် ရှုပ်ထွေးနေသည်။
'သူက ဝေ့မိသားစု သခင်မလေးနဲ့ သိနေမှတော့ ချူမင်ဟွေ့ကိုတောင် ရင်ဆိုင်ရဲတာ မထူးဆန်းတော့ပါဘူး'
ကျန်းချူယန်က သူမဘာသာ တွေးလိုက်ရင်း သက်ပြင်းသာ ချလိုက်မိတော့သည်။
***