← Chapters

ရှေးဟောင်း ဓမ္မပစ္စည်း အကြွင်းအကျန်

Vol. 1 Ch. 32

ရှေးဟောင်း ဓမ္မပစ္စည်း အကြွင်းအကျန်

Vol. 1 Ch. 32

စီယင်းရှာနှင့် အခြားလူများမှာလည်း သူတို့ မြင်လိုက်ရသည်ကို မယုံကြည်နိုင် ဖြစ်နေကြသည်။

ချန်ဝမ်နှင့် ကျိရှင်းယွိမှာလည်း ဝေ့ကျီချင်း၏ အဆင့်အတန်းကို သိရှိပြီးနောက် မျက်နှာများ ဖြူဖျော့ သွားကြသည်။

ချန်ဝမ်၏ ဦးလေးက ဖန့်ရှန်း လုပ်ငန်းစုတွင် မန်နေဂျာကျူးနှင့် ရာထူးတူသော မန်နေဂျာတစ်ယောက် ဖြစ်သည်။ ဝေ့ကျီချင်းက မန်နေဂျာကျူးအား အလွန်လွယ်ကူစွာ အလုပ် ဖြုတ်လိုက်နိုင်သည်ကို ကြည့်ခြင်းဖြင့် ချန်းဖန်အနေနှင့် သူမအား လက်စားချေလိုပါက မည်မျှ လွယ်ကူမည်ကို တွေးကြည့်ရုံနှင့် သိနိုင်သည်။

"ချန်းဖန်က ဝေ့ကျီချင်းနဲ့ သိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

ကျိရှင်းယွိက မယုံကြည်နိုင်စွာ ပြောလာသည်။

ဝေ့ကျီချင်းက ကျန်းချူယန်နှင့် ရှုယုံဖေးတို့လို သာမန် မမလေးတစ်ယောက် မဟုတ်ပေ။ သူမ၏ အဆင့်အတန်းက လီရီချန်းနှင့် ချူမင်ဟွေ့တို့၏ အထက်တွင် ရှိသည်။

စီယင်းရှာက ခဏမျှ တိတ်ဆိတ် နေပြီးနောက် ပြောလိုက်သည်။

"သွားရအောင်"

ကျိရှင်းယွိလည်း သက်ပြင်း ချလိုက်ပြီး စီယင်းရှာနှင့်အတူ ခန်းမထဲမှ ထွက်ခွာသွားကြသည်။ ချန်ဝမ် တစ်ယောက်သာ မူလနေရာတွင် ရပ်နေဆဲဖြစ်ကာ သူမ၏ မျက်လုံးများက မရိုးသားစွာ တလက်လက် တောက်နေသည်ကို ကြည့်ခြင်းဖြင့် တစ်ခုခုကို ကြံစည်နေခြင်း ဖြစ်ကြောင်း သိနိုင်သည်။

"ဖန့်ရှန်း လုပ်ငန်းစုက ကျွန်မရဲ့ ဒုတိယ ဦးလေး ပိုင်တာ၊ ကြိုပြောထားရင် ဆရာချန်းက လေလံပွဲကို မလာတော့မှာ စိုးလို့ပါ၊ တမင် မပြောဘဲထားတာ မဟုတ်ပါဘူး၊ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေ အတွက်လည်း တောင်းပန်ပါတယ်"

ဝေ့ကျီချင်းက နောက်တစ်ကြိမ် ထပ်ကာ တောင်းပန်လာသည်။

"ရပါတယ် ခင်ဗျား အချိန်မီ ရောက်လာပြီး ဒီ အရှုပ်အထွေးကို ရှင်းပေးတာကိုတောင် ကျွန်တော်က ကျေးဇူးတင်ရမှာ"

ချန်းဖန်က ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်သည်။

ချန်းဖန်၏ အသံတွင် ဒေါသ အရိပ်အယောင် အနည်းငယ်မျှ ပါမနေသော်လည်း ဝေ့ကျီချင်းက ချန်းဖန် ချူမင်ဟွေ့အား အမှန်တကယ် ခွင့်လွှတ်လိုက်သည်ဟုတော့ မထင်ပေ။ အကယ်၍ ချန်းဖန်က သာမန်လူ တစ်ယောက် ဆိုပါက ယုံနိုင်စရာ ရှိသော်လည်း ချန်းဖန်က အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ သူများတကာ၏ အလကား သက်သက် ရန်စ စော်ကားခြင်းအား ကျေကျေနပ်နပ် ခေါင်းငုံ့ခံမည့် သူမျိုး မဟုတ်။

ထိုသို့‌သော အတွေးနှင့် ဝေ့ကျီချင်းက ပြောလိုက်သည်။

"ချူမင်ဟွေ့က နည်းနည်းတော့ မိုက်မဲတယ် ဆိုပေမဲ့လည်း သူက ကျွန်မ မျက်စိရှေ့တင် ကြီးပြင်းလာတဲ့ ကလေးပါ ဒီတစ်ခေါက်တော့ ဆရာချန်းကပဲ သဘောထားကြီးကြီးနဲ့ သူ့ကို ခွင့်လွှတ်ပေးပါ ကျေးဇူးပြုပြီး"

ချန်းဖန်က ခြေလှမ်းကို ရပ်လိုက်ပြီး ဝေ့ကျီချင်းအား ကြည့်သည်။ ချန်းဖန်၏ မျက်လုံးများထဲရှိ အပြောင်းအလဲကို မြင်ရတော့ ဝေ့ကျီချင်းက သူမခန့်မှန်းတာ မှန်သွားကြောင်း သိလိုက်ရသည်။ သူမမျက်နှာက တဖြည်းဖြည်းနှင့် အသနားခံနေ သလိုလေး ဖြစ်လာသည်။

ချူမင်ဟွေ့က မည်မျှပင် သန်မာပါစေ၊ ချန်းဖန်က လက်ညှိုးလေး တစ်ချောင်းဖြင့်ပင် သူ့အား သတ်နိုင်သည်။ ဝေ့ကျီချင်း အချိန်မီ ရောက်လာ သောကြောင့်သာ ချူမင်ဟွေ့ သက်သာသွားခြင်း ဖြစ်သည်။ ချန်းဖန်က ခန်းမအတွင်းရှိ လူအများ၏ စကားဖြင့် ပုတ်ခတ် စော်ကားခြင်းများအား စိတ်ထဲမထားသော်လည်း ချူမင်ဟွေ့ကတော့ မတူပေ။ ဝေ့ကျီချင်း နောက်သို့ လိုက်လာခဲ့သော်လည်း သူက ချူမင်ဟွေ့ကို အလွယ်တကူ ခွင့်လွှတ်ဖို့ စိတ်ကူးမရှိ။ ဒါကို ဝေ့ကျီချင်းက ရိပ်မိနေတော့ သူပင် အနည်းငယ် အံ့ဩသွားရသည်။

နှစ်ယောက်သား စက္ကန့်သုံးဆယ်ခန့် တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်နေကြပြီး ဝေ့ကျီချင်းက စိတ်ရင်းဖြင့် တောင်းပန်နေခြင်း ဖြစ်ကြောင်း သူမမျက်လုံးများက သက်သေခံနေသည်။

ရုတ်တရက် ချန်းဖန်က ပြုံးလိုက်သည်။ မျက်နှာပေါ်ရှိ အပြုံးနှင့် ဆန့်ကျင်စွာပဲ သူ့အသံကတော့ အေးစက်နေသည်။

"နောက်တစ်ကြိမ် တူညီတဲ့ ပြဿနာမျိုး ထပ်ရှာရဲရင် ချူမင်ဟွေ့က သေလူပဲ"

"ကောင်းပါပြီ"

ဝေ့ကျီချင်းက ချန်းဖန်၏ စကားကိုကြား‌တော့မှ အသက်ဝဝ ရှုရဲသည်။ 'နောက်တစ်ကြိမ်' ဆိုသော အဓိပ္ပာယ်က ဒီတစ်ကြိမ်ကိုတော့ ခွင့်လွှတ်လိုက်ပြီ ဟူသော သဘောပင် မဟုတ်ပါလား။ သူမက ချူမင်ဟွေ့နှင့် အသေအချာ စကားပြောဖို့ လိုနေပြီ ဖြစ်သည်။ မဟုတ်ပါက ကိုယ့်သေတွင်း ကိုယ်တူးချင်နေသော ထိုအကောင်က ဘာပြဿနာတွေ ထပ်ရှာဦးမလဲ မသိနိုင်ပေ။

ချန်းဖန်နှင့် ပိုမို ပတ်သက်မိလေလေ သူမတို့နှစ်ယောက်ကြားက ကွာဟချက်က ပိုမို သိသာ လာလေလေ ဖြစ်သည်။ သူမက နောင်တွင် ချန်းဖန်အား ယခုထက် ပို၍ ဂရုတစိုက် ဆက်ဆံရန် ဆုံးဖြတ်လိုက်မိသည်။

အတန်ကြာ လမ်းလျှောက်ပြီး အခန်းတစ်ခု‌ရှေ့သို့ ရောက်တော့ အသက်ကြီးကြီး လူတစ်ယောက်က ဆီးကြို နှုတ်ဆက်လာသည်။

"ဒါက ဦးလေးလင်းတဲ့ ကျွန်မ ဒုတိယ ဦးလေးရဲ့ ညာလက်ရုံး ဆိုပါတော့ သူက လေလံတင်မဲ့ ပစ္စည်းတွေကို ကျွန်မတို့ကို လိုက်ပြပေးလိမ့်မယ်"

ဝေ့ကျီချင်းက မိတ်ဆက်ပေးသည်။

"သခင်မလေး  .. ဒီဘက်ကိုလာပါ ကျေးဇူးပြုပြီး"

ဦးလေးလင်း ဆိုသူက ဝေ့ကျီချင်းအား ရိုရိုသေသေပင် သီးသန့်ခန်း တစ်ခုဆီသို့ လမ်းပြသည်။ သေသပ်ကျနသော အနောက်တိုင်း ဝတ်စုံအား စမတ်ကျစွာ ဝတ်ဆင်ထားသော ဦးလေးလင်းမှာ အမေရိကန် ရုပ်ရှင်များထဲမှ အိမ်တော်ထိန်းများနှင့်ပင် တူနေသေးသည်။

"ကျွန်တော် ကြားတာ ရှောင်ကျူးက သခင်မလေးရဲ့ ဧည့်သည်ကို မရိုမသေ ဆက်ဆံလိုက်တယ်တဲ့ အဲ့ဒီ့အတွက် ကျွန်တော် သူ့ကို အပြစ်ပေးလိုက်ပါ့မယ်"

တစ်ချိန်လုံးတွင် ဦးလေးလင်းက ဝေ့ကျီချင်း တစ်ဦးတည်းကိုသာ စကားပြောနေပြီး ချန်းဖန်အား တစ်ချက်ပင် စောင်းငဲ့မကြည့်ပေ။

သူက ဖန့်ရှန်း လုပ်ငန်းစုတွင် ပြောရေးဆိုခွင့် ရှိသူဖြစ်ရာ တချို့သော အထက်တန်းလွှာ များကပင် သူ့အား တလေးတစား ဆက်ဆံရသည်။ သို့ဖြစ်၍ သူက ချန်းဖန်ကဲ့သို့ ဆယ်ကျော်သက်လေးကို စာရင်းထဲ မရှိပေ။

"ဒီပစ္စည်းတွေက တတိယသခင်ကြီး ကိုယ်တိုင် ကမ္ဘာအနှံ့ကနေ စုဆောင်းထားတာလေ ဒီ‌လို ပစ္စည်းကောင်းလေးတွေ ရဖို့ တတိယ သခင်ကြီးတောင် တော်တော် ကြိုးစားလိုက်ရတာ"

[ တတိယသခင်ကြီး = အဘိုးဝေ့၏ တတိယသား]

ဦးလေးလင်းက ဂုဏ်ယူစွာ ပြောသည်။

"ဒီတစ်ခုက တောင်အာဖရိက,က နီလာ၊ အမြဲ ဆောင်ထားရင် ကံကောင်းမှုတွေ ယူဆောင်ပေးတယ်"

"ဒီဟာက .. ရှေးကျတဲ့ မိသားစုကြီး တစ်ခုက ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ သံလိုက်အိမ်မြှောင်၊ ချမ်းသာ ကြွယ်ဝခြင်းရဲ့ အဆောင်လို့ ပြောကြတယ်"

"ဒီတစ်ခုကတော့ ထိပ်တန်းအဆင့် သိုးမွေး စစ်စစ်နဲ့ လုပ်ထားတဲ့ သားမွှေးခြုံထည်"

"ဒီဟာလေးကတော့ ..."

ဦးလေးလင်း၏ အသံက ဂုဏ်ယူဝံ့ကြွားမှုတို့နှင့် ပြည့်နှက်နေပြီး အခန်းအတွင်းရှိ ပစ္စည်းများ၏ အကြောင်းအရာ အသေးစိတ်အား တက်တက်ကြွကြွ ရှင်းပြနေသည်။

"ဒီပစ္စည်းတွေကို ဘယ်လို သဘောရလဲ ဆရာချန်း"

ဝေ့ကျီချင်းက မေးလိုက်သည်။

ချန်းဖန်က အခန်း တစ်ခုလုံးအား တချက်ဝေ့ကြည့်လိုက်ပြီး ခေါင်းယမ်းသည်။

"အကုန်လုံးက ဟန်ပြသက်သက်ပဲ ရှိတဲ့ အဆင်တန်ဆာတွေ၊ ဒီလောက်ပါပဲ"

အတိတ်ဘဝက သူ၏ အသိပညာ၊ ဗဟုသုတများအရ ဤအခန်းထဲရှိ ပစ္စည်းများမှာ အထင်ကြီးစရာ မရှိသည့်အပြင် ဓမ္မပစ္စည်း အကြွင်းအကျန် ဟူ၍ပင် ခေါင်းစဉ် မတပ်သင့်ပေ။

ချန်းဖန်၏ စကားကို ကြားတော့ ဦးလေးလင်းက နှာခေါင်း ရှုံ့လိုက်သည်။ ဤအခန်းထဲရှိ ပစ္စည်း အားလုံးမှာ ငွေအား၊လူအား မျိုးစုံသုံးပြီး ခက်ခက်ခဲခဲ ရှာဖွေထားရသော ရတနာများ ဖြစ်သော်လည်း မသိ နားမလည်သော ဆယ်ကျော်သက်လေး တစ်ယောက်၏ ကဲ့ရဲ့ခြင်းကို ခံနေရသည်။

"သခင်မလေး.. ဒါတွေက ဒီနေ့လေလံပွဲအတွက် တန်ဖိုး အကြီးဆုံး မဟုတ်သေးပါဘူး ဒီဘက်ကို လိုက်ခဲ့ပါ"

"ဒီထက် တန်ဖိုးကြီးတာ ရှိသေးတာလား"

ဝေ့ကျီချင်းက စိတ်လှုပ်ရှားစွာနှင့် ဦးလေးလင်း လမ်းပြရာသို့ လိုက်ပါသွားသည်။ ပစ္စည်းများအား ခင်းကျင်းပြသထားသော အခန်း၏ အလယ်ဗဟိုတွင် ရောင်စုံ ပြိုးပြိုးပြက်ပြက် လက်နေသော ပုတီးစေ့ တစ်လုံးအား လှပစွာ ပုံဖော်ထားသည့် မှန်အိမ်အတွင်း အ‌သေအချာ ထည့်ထားသည်ကို မြင်လိုက်ရသည်။

ဝေ့ကျီချင်းက လှပသော ပုတီးစေ့၏ ဖမ်းစားခြင်းကို ခံလိုက်ရကာ စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် သူမက တအံ့တဩ မေးလိုက်သည်။

"ဒါ.. ဒါက.. ဒီနေ့ လေလံပွဲရဲ့ ဈေးအကြီးဆုံး ရှေးဟောင်း ဓမ္မပစ္စည်း အကြွင်းအကျန် ဆိုတာလား"

"အသေအချာပဲ"

ဦးလေးလင်းက ထိုပုတီးစေ့အပေါ် လွန်စွာ ဂုဏ်ယူနေဟန် ရပြီး အပြုံးတို့က တောက်ပနေသည်။ သူက ချန်းဖန်အား မသိမသာ လှမ်းကြည့်လိုက်သည်တွင် အနည်းငယ်မျှ အံ့ဩပေါ်မရဘဲ စိတ်ပျက်လက်ပျက်ပင် ဖြစ်နေဟန်ရသော ချန်းဖန်၏ ပုံစံကြောင့် ဒေါသထွက်သွားရသည်။

ထိုပုတီးစေ့က လွန်စွာ လှပရုံသာမက ဆွဲငင်နိုင်သော မှော်အစွမ်း တစ်မျိုးလည်း ရှိပုံရကာ ကြည့်မိသူတိုင်း တအံ့တဩ ချီးကျူးရအောင် စွမ်းဆောင်နိုင်သည်။ ဝေ့ကျီချင်း ပင်လျှင် ဆွဲဆောင် ခံလိုက်ရသော်လည်း ချန်းဖန်ကတော့ ဘာကိုမှ မမြင်လိုက်ရသည့်အလား မတုန်မလှုပ် ရှိနေဆဲဖြစ်ရာ ဦးလေးလင်း ဒေါသထွက်သည်က မလွန်ပါချေ။

ဦးလေးလင်းက ချောင်း အသာဟန့်ကာ ရှင်းပြလိုက်သည်။

"ဒီပုတီးစေ့က တိဘက်ဒေသ ပေါတလနန်းတော်က ဘုန်းတော်ကြီး တစ်ပါး ဝတ်ဆင်ခဲ့တဲ့ ပစ္စည်းပဲ၊ အံ့ဩစရာ ကောင်းတာက ဘုန်းတော်ကြီးကို သူ့မိခင်က မွေးပေးခဲ့ကတည်းက ဒီပုတီးစေ့လေးက သူနဲ့အတူ ပါလာတာတဲ့လေ၊ ဘုန်းတော်ကြီးက သူ့ဘဝသက်တမ်း တစ်လျှောက်လုံး နောက်ဆုံး ထွက်သက်အထိ ဒီပုတီးစေ့လေးကို ကိုယ်နဲ့မကွာ ဆောင်ထားခဲ့တယ်၊ သူဌေးက တိဘက်ဒေသကို ကိုယ်တိုင်ကိုယ်ကျသွားပြီး ဘုန်းတော်ကြီးရဲ့ ကောင်းချီးပေးမှုကို ရအောင် ကြိုးစားပြီးမှ ဒီပုတီးစေ့ကို ယွမ် သန်းပေါင်းများစွာ ပေးဝယ်ခဲ့ရတာ"

ပုတီးစေ့၏ သမိုင်းကြောင်းအား ရှင်းပြနေစဉ်အတွင်း ဦးလေးလင်း၏ မျက်နှာက ဂုဏ်ယူဝံ့ကြွားမှု၊ ချီးကျူး လေးစားမှုတို့နှင့် ပြည့်နှက်နေသည်။

"တန်ဖိုး ကြီးလိုက်တာ"

ပုတီးစေ့၏ ထူးခြားသော သမိုင်းကြောင်းကို သိရသည်တွင် ဝေ့ကျီချင်းက မနေနိုင်တော့ဘဲ ချီးကျူးမိသည်။

ဦးလေးလင်းက ချန်းဖန်အား နောက်တစ်ကြိမ် မသိမသာ လှမ်းကြည့်လိုက်သည်။ အထင်ကြီး လေးစားသော အရိပ်အယောင်တို့သာ တွေ့ရမည်ဟု ထင်ခဲ့သော်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက် စိတ်ပျက်စွာ ခေါင်းယမ်းနေသော ဆယ်ကျော်သက် လေးကိုသာ တွေ့လိုက်ရသည်။

"ကြည့်ရတာ ဒီက သခင်လေးက တတိယ သခင်ကြီး စုဆောင်းထားတဲ့ ပစ္စည်းတွေကို မကြိုက်တဲ့ပုံပဲ"

ဦးလေးလင်းက ဒေါသကို ထိန်း၍ မေးလိုက်သည်။

ချန်းဖန်ကလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေရှာသည်။

"ဒီပုတီးစေ့က ဓမ္မပစ္စည်း အကြွင်းအကျန်လို့ ထင်ရပေမဲ့ တကယ်တော့ မဟုတ်ဘူး ပြီးတော့ ဒီပုတီးစေ့က ကြာရှည် သုံးလို့ မရဘူး ပြောရရင် ဘာမှ အသုံးမဝင်ဘူး"

"မင်း"

ဦးလေးလင်းက သူ့အရှေ့က ဆယ်ကျော်သက်လေး၏ လေကြီးလေကျယ် စကားများကြောင့် စိတ်မထိန်းနိုင်ဘဲ အော်လိုက်မိသည်။ သို့သော် အတွေ့အကြုံများသူပီပီ အချိန်မီ ပြန်ထိန်းနိုင်လိုက်သည်။ သူက ချန်းဖန်အား လှောင်ပြောင်လိုသော အကြည့်တို့ဖြင့် ကြည့်လိုက်ရင်း အေးစက်စက် မေးလိုက်သည်။

"ကောင်းပြီ သခင်လေးက ဒီပုတီးစေ့ကို တကယ့် ဓမ္မပစ္စည်း အကြွင်းအကျန်လို့ မထင်မှတော့ ဘယ်လို ရတနာမျိုးကမှ အစစ်အမှန် ရှေးဟောင်း ဓမ္မပစ္စည်းလဲဆိုတာ မေးပါရစေ"

"အစစ်အမှန် ရှေးဟောင်း ဓမ္မပစ္စည်း"

ချန်းဖန်က ဦးလေးလင်းအား အသေအချာ စိုက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"အစစ်အမှန် ရှေးဟောင်း ဓမ္မပစ္စည်းဆိုတာက  ဓားပျံတွေ၊ ဓမ္မကျမ်းစာတွေ ပြီးတော့ တိုက်ခိုက်ရေးမှာ သုံးလို့ရတဲ့ တခြား အစွမ်းထက်တဲ့ ရတနာတွေကို‌ ခေါ်တာ၊ တစ်စုံတစ်ယောက်က အဲဒီရတနာတွေရဲ့ အစွမ်းကိုသုံးပြီး မရေမတွက်နိုင်တဲ့ မှော်အစွမ်းတွေကို ထုတ်ဖော်နိုင်ကြတယ်၊ ဒီပုတီးစေ့လေးက ကြည့်ရတာတော့ လှပေမဲ့ လူ‌တွေကို ဆွဲဆောင်နိုင်တာ အပြင် တကယ့် တိုက်ပွဲမှာ အသုံးဝင်တာ ဘာမှမရှိဘူး"

ဦးလေးလင်းက ဟာသ ပြက်လုံး တစ်ခုကို ကြားလိုက်ရသည့်အလား အားရပါးရ ရယ်လိုက်သည်။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ ပြောလာသည်။

"မင်းပြောတဲ့ ရတနာတွေက ဒဏ္ဍာရီထဲမှာပဲ ရှိရင်ရှိလိမ့်မယ် ဒါပေမဲ့ ဒီပုတီးစေ့ရဲ့ အစွမ်းကတော့ လက်တွေ့မှာ လုံးဝ စစ်မှန်တယ်ကွ ကောင်လေး မင်းက လမ်းလွဲနေတာပဲ"

"ဒီလိုဆိုမှတော့.."

ချန်းဖန်က ဦးလေးလင်း၏ စကားများကို အရေးစိုက်ပုံ မရပေ။ သူက လက်ချောင်းများကို မှန်အိမ်အတွင်းရှိ ပုတီးစေ့ဆီသို့ ဆန့်တန်းလိုက်ပြီး ချီစွမ်းအင်ကို ထုတ်ဖော်လိုက်သည်။ သာမန် မျက်စိဖြင့် မမြင်နိုင်သော လေထုထဲတွင် ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသော်လည်း ချီစွမ်းအင်ကို အသုံးပြုနိုင်သော လူများမှအပ ကျန်လူများက မမြင်နိုင်ပေ။

မျက်တောင် တစ်ခတ်စာ အချိန် အတောအတွင်းမှာပဲ ချန်းဖန်က ပုတီးစေ့ အတွင်းတွင် ကျန်ရှိနေသော မူလပိုင်ရှင်၏ ဝိညာဉ် စွမ်းအင်များအား အကုန်အစင် စုပ်ယူပြီး ဖြစ်သည်။ အစပိုင်းတွင် ပုတီးစေ့အတွင်းရှိ ဝိညာဉ် စွမ်းအင်က တွန်းကန် လိုက်၍ လေထုအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်သွားခဲ့သော်လည်း နောက်ဆုံးတွင်တော့ အားနည်းသော ထိုစွမ်းအင်လေးက ကျင့်ကြံသူ စစ်စစ်တစ်ယောက်၏ သန့်စင်သော ချီစွမ်းအင်ကို မတွန်းလှန်နိုင်ပါ။

"ကြည့်လိုက်ပါဦး"

ချန်းဖန်က သူ့လက်ချောင်းများက ပြန်ရုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်လူနှစ်ယောက်က ပုတီးစေ့အား ကြည့်လိုက်မိကြသည်တွင် မျက်လုံးများ ပြူးကျယ်သွားကြသည်။ မှန်အိမ် အတွင်းရှိ ပုတီးစေ့က ပြိုးပြိုးပြက်ပြက် အရောင်အဝါများ ‌မှေးမှိန်သွားပြီး သာမန် ပုတီးစေ့တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။

"မဖြစ်နိုင်ဘူး"

ဦးလေးလင်းက အော်လိုက်သည်။

"သိပ်ကို ဖြစ်နိုင်တာပေါ့"

ချန်းဖန်က ရှင်းပြလိုက်သည်။

"ဒီပုတီးစေ့က မူလပိုင်ရှင်ဆီကနေ ဝိညာဉ်စွမ်းအင် တချို့ လက်ခံရရှိထားတယ် အဲ့ဒါကြောင့် လူတွေရဲ့စိတ်ကို ဆွဲဆောင်နိုင်တဲ့ အရောင်အဝါ တစ်မျိုးကို ထုတ်လွှင့်နေတာ၊ ကျွန်တော်က သူ့မှာ ရှိနေတဲ့ မူလပိုင်ရှင်ရဲ့ ဝိညာဉ် စွမ်းအင်တွေကို အကုန်အစင် စုပ်ယူလိုက်တော့ အခုလို ပြောင်းလဲသွားတာပဲ"

ဝေ့ကျီချင်းက အလွန်အမင်း အံ့အားသင့်လို့ နေသည်။ သူမက ချန်းဖန်အား လွန်စွာ‌ လေးစားသော မျက်လုံးများနှင့်သာ ကြည့်နေမိသည်။

"ဆရာချန်းက တကယ့် ပညာရှင် တစ်ယောက်ပဲ"

"ပုတီးစေ့က သာမန်ထက် ဘာမှ ပိုပြီး ထူးခြားမနေတော့ဘူး သူပြောသလိုပဲ ဒါက ဘာရှေးဟောင်း ဓမ္မပစ္စည်းမှ မဟုတ်တဲ့ သာမန် ပုတီးစေ့လေးပဲ"

ဦးလေးလင်းက တစ်ယောက်တည်း စိတ်လွတ်နေသူလို ရေရွတ်နေမိသည်။ သူက အသိစိတိ ပြန်ဝင်လာဖို့ အတော်လေး ကြိုးစားလိုက်ရပုံ ပေါ်သည်။

"ဒီက သခင်လေး ပြောတာတွေက တကယ်ကို မှန်နေတာပဲ ကျွန်တော်က သခင်လေးကို လျော့တွက ်မိသွားတယ်"

ဦးလေးလင်း၏ အသံက အမှန်တကယ် လေးစားမှုတို့နှင့် ပြည့်နှက်နေသည်။

ချန်းဖန်က ခေါင်းသာ ညိတ်ပြလိုက်သည်။ အမှန်တော့ သူက စိတ်ပျက်နေတာ ဖြစ်သည်။ တကူးတက လေလံပွဲ ကျင်းပရာ အထိ လာကြည့်ပြီးကာမှ အသုံးဝင်သော ပစ္စည်း တစ်ခုတလေတောင် ရှာမတွေ့ခြင်းက နည်းနည်းတော့ စိတ်ဓာတ်ကျစရာပင်။

သူက အခန်းထဲသို့ နောက်ဆုံး တစ်ခေါက် ဝေ့ကြည့်လိုက်ပြီး ပြန်လည် ထွက်ခွာတော့မည့် ဆဲဆဲမှာ‌ပဲ ထောင့်တစ်နေရာ‌တွင် ဖျတ်ခနဲ မြင်လိုက်ရသော ပစ္စည်းတစ်ခုက သူ့ခြေလှမ်းတို့က ရပ်တန့်သွားစေသည်။ ထိုပစ္စည်းအား သေချာ လှည့်ကြည့်လိုက်မိချိန်မှာတော့ ရုတ်တရက် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အသက်ရှူ မှားမတတ် ဖြစ်သွားရသည်။

***

All Chapters