← Chapters

တစ်စုံတစ်ယောက်ကို ရှာဖွေခြင်း

Vol. 017 Ch. 1700

တစ်စုံတစ်ယောက်ကို ရှာဖွေခြင်း

Vol. 017 Ch. 1700

လော့ရန်သည် ရှန်ကလန်မှ တန်ခိုးရှင်များ၏ရှေ့တွင် ငြိမ်သက်စွာ ရပ်နေသည်။ သူ၏ကိုယ်ရောင်ကိုယ်ဝါသည်လည်း သာမန်မဟုတ်ပေ။ မည်သို့ဆိုစေ သူသည် သွေးနဂါးဘုံမှ အစွမ်းအထက်ဆုံးကလန်ဖြစ်သော လော့ကလန်မှ မဟုတ်ပေလော။

ကောင်းကင်အာဏာစက်ဘုံကိုရောက်ပြီးကတည်းက သူ၏ကျင့်ကြံခြင်းမှာ ပိုမိုမြန်ဆန်လာခဲ့သော်လည်း သည်နေရာတွင် သူ၏ပါရမီမှာ များစွာ ထူးခြားခြင်းမရှိတော့ပေ။ အနာဂတ်တွင် သူသည် ရန်ဟောင်အဆင့်ကို ရောက်ရန်ပင် ခက်ခဲပေသည်။ သူ့အနေဖြင့် အင်အားကြီးကလန်တစ်ခုကို ဝင်ရောက်လေ့ကျင့်ရန်လိုသည်။

ကောင်းကင်အာဏာစက်ကျောင်းတော် မတည်ထောင်ခင်က သူသည် ရီဖူရှင်းနှင့် ယူချင်းတို့ ရန်ဟောင်ဖြစ်နေပြီးသည်ကို တွေ့သောအခါ အလွန်အမင်း မနာလိုဖြစ်ခဲ့၏။ သည်မတိုင်ခင်က သူတို့အားလုံး သွေးနဂါးဘုံတွင် ကျင့်ကြံခဲ့ကြသည်။ ယခု သူတို့နှစ်ဦးသည် သူ့အား နောက်ကောက်ချထားခဲ့ပြီဖြစ်၏။ မှန်သည် သူ၏မနာလိုမှုသည် အမုန်းတရားအဆင့်သို့ မရောက်သော်လည်း သူ၏ကျင့်ကြံခြင်းကို ပိုမိုအားထုတ်ရန် ပိုမိုဆာလောင်စေခဲ့၏။

သူသည် အခွင့်အရေးများ လိုအပ်နေသည်။

လော့ရန်သည် ရှီရှန်းနှင့် ယွီရှီဖေးတို့ကိုလည်း မြင်ခဲ့၏။ သည်မတိုင်ခင်က သူသည်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ရောက်လိုခဲ့သည်။ သို့သော်လည်း ရွှေရောင်နတ်ပြည်ထောင်နှင့် ရှန်ကလန်တို့ရောက်လာခြင်းက သူ့အား တွန့်ဆုတ်စေခဲ့၏။

လော့ရန်က အခွင့်အလမ်းတစ်ခုကို ဖမ်းဆုပ်လိုသည်။ ယခု သူ့ရှေ့ကို အခွင့်အလမ်းရောက်လာချေပြီ။

ရှန်ကလန်သည် ဘုံသုံးထောင်တွင် အမြင့်ဆုံးသော နေရာ၌ ရှိသော အင်အားစုတစ်ခုဖြစ်၏။

“ပြောပါ..” ရှန်ကလန်တန်ခိုးရှင်က လော့ရန်ကို မေးသည်။

“ရီဖူရှင်းနဲ့သူ့လူတွေက ကောင်းကင်အာဏာစက်ဘုံရဲ့အောက်ဘုံတစ်ခုဖြစ်တဲ့ သွေးနဂါးဘုံကပဲ” လော့ရန်က ပြောသည် “အဲဒီမှာ သူက မြို့စားပဲ။ သူ့ဘေးကလူတွေကလည်း အဲဒီကပဲ။ ယူချင်းဟာလည်း သွေးနဂါးဘုံမှာ နာမည်ကြီးတယ်”

သူတို့က အောက်ဘုံကလား...။ ရှန်ကလန်မှ တန်ခိုးရှင်က အံ့အားသင့်သွားသည်။ သူက မေးသည် “မင်း ဒါတွေကို ဘယ်လိုသိလဲ”

“ကျုပ်ဟာလည်း သွေးနဂါးဘုံကပဲ။ ကျုပ်က သူတို့နဲ့အတူ သွေးနဂါးဘုံကနေ ကောင်းကင်အာဏာစက်ဘုံကို အတူတူရောက်လာခဲ့တာ” လော့ရန်က ပြောသည်။

ရှန်ကလန်တန်ခိုးရှင်က သူ့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွင် အထင်သေးသော အငွေ့အသက်များပေါ်လာ၏။

“ဆိုလိုတာက မင်းတို့က အပေါင်းအဖော်တွေပေါ့”

မိတ်ဆွေကို ရောင်းစားသော ကျင့်ကြံသူများမှာ သူတို့အတွက် အသုံးဝင်သည်ဆိုသော်လည်း ရှန်ကလန်တန်ခိုးရှင်များအနေဖြင့် ထိုသို့သောလူများကို အထင်သေးပေသည်။

“မဟုတ်ဘူး။ ကျုပ်တို့က သွေးနဂါးဘုံသားတွေပဲဖြစ်တယ်။ ဒီဘုံကိုရောက်လာဖို့အတွက် ကျုပ်တို့က အတူတူခရီးနှင်လာတာပဲရှိတယ်။ ကျုပ်တို့အကြား ဘာပတ်သက်မှုမှ မရှိဘူး” လော့ရန်က ပြောသည်။ သူက ရှန်ကလန်မှလူများ၏အထင်သေးသောအကြည့်များကို ခံစားမိသည်။ သူသည်သာ ရီဖူရှင်း၏မိတ်ဆွေဆိုပါက သူ့အားရောင်းစားရန်ပင် မလိုဘဲ ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ရိုက်ဝင်ရောက်ပေမည်။

“မင်း ဘာလိုချင်လဲ...” ရှန်ကလန်မှ လူက မေးသည်။

“ကျုပ်က အခွင့်အလမ်းလိုချင်တယ်...” လော့ရန်က ပြောသည် “ကျုပ်က ရှန်ကလန်မှာ လေ့ကျင့်ချင်တယ်”

ရှန်ကလန်မှလူများက ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ သူက အခွင့်အလမ်းကိုလိုချင်သောကြောင့် ဖြစ်နေသည်။

“ဒါဆိုလည်း ကျုပ်နောက်ကိုလိုက်လို့ရတယ်” ရှန်ဟောက်က ပြောသည် “မင်း ဘာသိသေးလဲ။ ဆိုလိုတာက သူ့မွေးရပ်မြေ ဒါမှမဟုတ် သူ့အရင်ဆရာ...”

သူတို့၏အထင်အမြင်အရ ရီဖူရှင်းနှင့်ယူချင်းတို့၏နောက်ခံမှာ အလွန်အားကောင်းရပေမည်။

“ကျုပ်သိသလောက်ကတော့ ရီဖူရှင်းဟာ သွေးနဂါးဘုံမှာ နာမည်ကျော်ကြားလာတယ်။ သူ ဘယ်ကလာတယ်ဆိုတာတော့ ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ သူ့မှာ ဆရာတစ်ယောက်ရှိတယ်။ သူ့ဆရာက ရှန့်ထိုအမြင့်ဆုံးအဆင့်မှာရှိပြီးတော့ သူ့ကို တာလီနန်းတွင်းအကြံပေးအနေနဲ့ သိကြတယ်”

သွေးနဂါးဘုံတွင်တော့ ရီဖူရှင်း၏ဆရာသည် အလွန်အားကောင်း၏။ သို့သော်လည်း သည်နေရာမှ ထိပ်သီးအင်အားစုများရှေ့တွင်မူ စကားထဲထည့်ပြောရန်ပင် မသင့်ပေ။

“ရီဖူရှင်းက ဆရာအသစ်ရှာရာမှာတော့ တော်တော်ကြိုးစားပုံပဲ” ရှန်ဟောက်က ထူးမခြားနားစွာ မှတ်ချက်ချသည်။ ရီဖူရှင်းသည် ထျန်းဟယ်အကြီးအကဲ၏တပည့်လည်းဖြစ်သည်။

သူ၏ယခင်ဆရာသည် လက်ရှိဆရာနှင့်ယှဉ်ပါက မိုးနှင့်မြေပမာ ကွာခြားပေသည်။

“သူ့ဆရာက ရှန့်ထိုအဆင့်အမြင့်ဆုံးမှာလား...” ရှန်ကလန်အဖွဲ့ခေါင်းဆောင်က အသံတိုးတိုးဖြင့် ရေရွက်သည်။ သူက တစ်စုံတစ်ခုကို တွေးတောနေဟန်ရသည်။ သူက လော့ရန်ကို ကြည့်ကာ မေးသည် “သူ့ဆရာနာမည် ဘယ်လိုခေါ်လဲ...”

“ကျုပ်မသိဘူး...” လော့ရန်က ခေါင်းညိတ်သည်။

“သူ့ဆရာရဲ့ပုံရိပ်ကို စိတ်စွမ်းအားနဲ့ပို့ပေး...” တစ်ဘက်လူက ပြောသည်။

“ကောင်းပြီ...” လော့ရန်က ခေါင်းညိတ်သည်။ သူ့ခေါင်းမှ အလင်းတန်းတစ်ခုသည် ရှန်ကလန်တန်ခိုးရှင်ထံသို့ ပျံသန်းသွားသည်။

သူ့ခေါင်းတွင်ပေါ်လာသော ပုံရိပ်ကိုမြင်သောအခါ ရှန်ကလန်တန်ခိုးရှင်သည် အတန်ကြာ တိတ်ဆိတ်သွားသည်။ သူက ဖြေးညင်းစွာ ထရပ်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်ရှိရာဘက်သို့ လှမ်းကြည့်သည်။

သူ အဖြေကို ရှာတွေ့ခဲ့လေပြီ။

ထျန်းဟယ်အကြီးအကဲသည် ရုတ်တရက် ဆက်ခံသူရှာတွေ့ခဲ့သည်မှာ မထူးဆန်းတော့။

ဆိုလိုသည်က ရီဖူရှင်းသည် ယခင်ကတည်းက ရှန်ကလန်ကို ပစ်မှတ်ထားနေခဲ့၏။

“ဘာဖြစ်လို့လဲ...” ရှန်ဟောက်က မေးသည်။

ရှန်ကလန်အကြီးအကဲက ရှန်ဟောက်ကို စူးရှစွာ ကြည့်ကာ ပြောသည် “ရီဖူရှင်းက ထျန်းဟယ်အကြီးအကဲကို ဆရာဘိုးဘိုးလို့ပဲ ခေါ်သင့်တယ်”

ရှန်ကလန်မှ တန်ခိုးရှင်များ မှင်တက်သွားကြသည်။ ထို့နောက် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ထရပ်၏။ သူတို့အားလုံး၏အမူအရာက လေးနက်နေသည်။

သိသာစွာပင် သူတို့သည် တစ်စုံတစ်ခုကို သိလိုက်ကြ၏။

ထျန်းဟယ်အကြီးအကဲတွင် တပည့် ၃၀၀၀ကျော်ရှိသည်။ အများစုမှာ ယခင်တိုက်ပွဲ၌ ကျဆုံးခဲ့ကြ၏။ သူ့တပည့်များတွင်လည်း တခြားသော တပည့်များစွာရှိပေသည်။ သို့သော်လည်း ရှန်ကလန်သည် တစ်စုံတစ်ယောက်ကိုသာ အလေးထား၏။

သူကား ချီရွှမ်ကန်း....။

သူတို့သည် တစ်ချိန်လုံး အလိမ်ခံနေရမည်ဟု မထင်ထားခဲ့ကြ။

ဆိုလိုသည်က လက်ရှိအချိန်တွင် ရီဖူရှင်း၏ဆရာသည် ရှန်ကလန်တွင် အချုပ်အနှောင်ခံထားရ၏။

သို့ဆိုလျှင် ရီဖူရှင်းက အဘယ်ကြောင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်ကာ ထျန်းဟယ်အကြီးအကဲကို ကျောင်းအုပ်အဖြစ် တာဝန်ပေးခဲ့သနည်း။

သူ၏ပစ်မှတ်က ရှန်ကလန်ဖြစ်ပေသည်။

ကြည့်ရသည်မှာ ရှန်ကလန်အနေဖြင့် သည်ခရီးကို လာခြင်းမှာ အလဟသ မဖြစ်တော့။ တိုက်ဆိုင်စွာပင် သူတို့က ရီဖူရှင်း၏နောက်ကြောင်းကို စုံစမ်းနိုင်ခဲ့သည်။ ဤလျှို့ဝှက်ချက်ကို တွေ့ရှိခဲ့မည်ဟု သူတို့ မထင်ထား။

ရီဖူရှင်းနှင့် ချီရွှမ်ကန်းတို့သည် သွေးနဂါးဘုံမှ ဖြစ်ကြသည်။

သို့ဆိုလျှင် ချီရွှမ်ကန်း၏သမီးသည်လည်း ထိုနေရာတွင် ရှိရပေမည်။

နှစ်ပေါင်းများစွာအကြာ သူတို့က အမှန်တကယ် ထိုသတင်းကို ရရှိခဲ့သည်။

“ဒီကိစ္စကို ကလန်သို့ မြန်မြန်သတင်းပို့လိုက်...” ရှန်ကလန်မှ ခေါင်းဆောင်အကြီးအကဲက ပြောသည်။ ထို့နောက် သူက တခြားတန်ခိုးရှင်များကို ကြည့်ကာ ပြောသည် “ကျန်တဲ့သူတွေအကုန်လုံး ငါနဲ့လိုက်ခဲ့...”

သူတို့အားလုံးက ခေါင်းညိတ်ကြသည်။ အကြီးအကဲဆိုလိုသည်ကို သူတို့အားလုံး သဘောပေါက်ကြ၏။

သူတို့အနေဖြင့် သွေးနဂါးဘုံကို သွားရပေမည်။

သူတို့တွင် အချိန်ဆွဲနေ၍ မရပေ။

လော့ရန်၏အမူအရာက ထူးဆန်းနေသည်။ ရှန်ကလန်၏လေးနက်သော အမူအရာများအရ ရီဖူရှင်းတွင် ထူးခြားသော နောက်ကြောင်းများရှိဟန်ရသည်။

***

သွေးနဂါးဘုံရှိ နန်းတော်တွင် သွေးနဂါးအင်ပါယာသည် တံခါးပိတ်လေ့ကျင့်နေ၏။ သူ့ခန္ဓာကိုယ်အား နတ်မီးတောက်များ လွှမ်းခြုံထားသည်။

သူသည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိသည်။ သူက ရှေ့ကို တက်လိုက်ကာ ကောင်းကင်သို့ ပျံသန်းလိုက်၏။ ထို့နောက် အဝေးကို လှမ်းကြည့်လိုက်သည်။

လူတစ်စုံ အဝေးမှ ပျံသန်းလာနေသည်ကို သူမြင်သည်။ သူတို့သည် လျှပ်စီးများအလား မြန်ဆန်၏။ သူတို့၏စိတ်အသိသည် နန်းမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

သူတို့က သွေးနဂါးအင်ပါယာကို တွေ့ကြသည်။ သူတို့၏အကြည့်က သူ့ထံသို့ ရောက်လာသေး၏။ သွေးနဂါးအင်ပါယာက ထိုအကြည့်ကို ခံစားမိသည်တွင် ကြီးစွာ တုန်လှုပ်သွားသည်။

ဘာဖြစ်နေသနည်း။

အဘယ်ကြောင့် သည်မျှစွမ်းအားကြီးသော တန်ခိုးရှင်များ သွေးနဂါးဘုံသို့ ရောက်လာရသနည်း။ သွေးနဂါးအင်ပါယာသည် အလယ်အလတ်အဆင့်ရန်ဟောင်ဖြစ်သော်လည်း တစ်ဘက်မှ ရှန်ကလန်၏ရန်ဟောင်ရှေ့တွင် သူသည် ကြီးမားသောဖိအားကို ခံစားရသည်။

“စီနီယာက သွေးနဂါးဘုံကို ဘာကိစ္စရှိလို့ ရောက်လာတာပါလဲ...” သွေးနဂါးအင်ပါယာက ကျယ်လောင်စွာ မေးသည်။

သူ့အသံက နန်းတော်တစ်ခုလုံးကို တုန်ခါသွားစေသည်။ ထိုအဖြစ်က မရေမတွက်နိုင်သောလူများအား ထိတ်လန့်စေ၏။ သူတို့အားလုံးက ခေါင်းမော့ကာ ကောင်းကင်ကို လှမ်းကြည့်ကြသည်။

“ဒါ မင်းနဲ့မဆိုင်ဘူး...” အသံတစ်သံကို ကြားရသည်။ တစ်ဘက်လူက နန်းမြို့တော်အစွန်အနီးမှ တစ်နေရာသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။

အဆုံးမဲ့သောနယ်မြေဒေသထဲ၌ များစွာသော တန်ခိုးရှင်များသည် ကောင်းကင်ထက်မှ နတ်အလင်းတန်းများကို မြင်ကြပေသည်။ သွေးနဂါးဘုံသည် သူတို့နောက်မှ လိုက်ပါလာခဲ့၏။

ဤသို့သော စွမ်းအားကြီးတန်ခိုးရှင်များရောက်လာရအောင် သွေးနဂါးဘုံတွင် မည်သည့်အရာများရှိသနည်း။

ရှန်ကလန်မှ တန်ခိုးရှင်များ ချင်ယဲ့မြို့သို့ ရောက်လာကြ၏။ လက်ရှိ ချင်ယဲ့မြို့သည် အလွန်စည်ကားသိုက်မြိုက်ကာ အင်အားကြီးမြို့တစ်မြို့အဖြစ် သတ်မှတ်နိုင်ပြီဖြစ်သည်။ သို့သော်လည်း ရှန်ကလန်ရှေ့တွင်ကား သူတို့သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းသည်။

ဖိအားများဆင်းသက်လာခဲ့ကာ တစ်မြို့လုံးကို လွှမ်းခြုံသွားခဲ့သည်။ ချင်ယဲ့မြို့မှ မရေမတွက်နိုင်သော တန်ခိုးရှင်များ ကောင်းကင်ထက်ကို လှမ်းကြည့်လိုက်ကြသည်။ ကောင်းကင်ထက်မှ တန်ခိုးရှင်များကား နတ်ဘုရားများအလား စွမ်းအားကြီးလှသည်။

“ဒီနေရာလား...” ရှန်ကလန်တန်ခိုးရှင်က လော့ရန်ကို မေးသည်။

“ဟုတ်တယ်...” လော့ရန်က ခေါင်းညိတ်သည်။

“ငါဘာမှ မမြင်ဘူး...” ရှန်ကလန်တန်ခိုးရှင်က တီးတိုးပြောသည်။

“အရင်တုန်းက ရီဖူရှင်း ဘယ်မှာနေခဲ့တာလဲ”

“မြို့စားအိမ်တော်...”

ရှန်ကလန်မှ တန်ခိုးရှင်များသည် ချင်ယဲ့မြို့စားအိမ်တော်သို့ တိုက်ရိုက်ဆင်းသက်လာခဲ့ကြ၏။ မြို့စားအိမ်တော်မှ လူများအားလုံး ကြောက်လန့်တကြားဖြစ်နေကြသည်။ သည်လူများ၏စွမ်းအားကား ကြောက်မက်ဖွယ်ကောင်းလှသည်။

ရှန်ကလန်မှတန်ခိုးရှင်များ မည်သည့်စကားမှ မဆိုကြပေ။ သူတို့၏မျက်လုံးများမှ ကြောက်မက်ဖွယ်နတ်အလင်းများတောက်ပနေသည်။ ချက်ချင်းပင် မြို့စားအိမ်တော်မှ လူများသည် သူတို့၏စိတ်နယ်ပယ်ကို တစ်ဘက်လူများက ထိုးဖောက်ဝင်ရောက်လာခြင်းကို ခံစားကြရ၏။ သူတို့၏ခန္ဓာကိုယ်များမှာ တစ်ဘက်လူ၏ထိန်းချုပ်ခြင်းကိုခံရကာ လေထဲတွင် လွင့်မြောနေကြသည်။

သူတို့အားလုံး ခွန်အားမဲ့မှု၊ ကြောက်ရွံ့ခြင်းများကို ခံစားကြရသည်။

သူတို့၏စိတ်နယ်ပယ်များ ထိန်းချုပ်ခံရသည်ကို သူတို့နားလည်သည်။ တစ်ဘက်လူက သူတို့၏မှတ်ဉာဏ်များကို မွှေနှောက်ရှာဖွေခြင်းဖြစ်သည်။ မြန်ဆန်စွာပင် မရေမတွက်နိုင်သော ပုံရိပ်များ ရှန်ကလန်တန်ခိုးရှင်၏ခေါင်းထဲ၌ ပေါ်လာသည်။

အတန်ကြာလျှင် ကြောက်မက်ဖွယ်နတ်အလင်း ပျောက်ကွယ်သွား၏။ ချင်ယဲ့မြို့စားအိမ်တော်မှ တန်ခိုးရှင်များအားလုံးသည် ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုကို ခံစားလိုက်ရဟန်တူသည်။ သူတို့အားလုံး ချွေးစေးများ ပြန်နေ၏။

“ချီရွှမ်ကန်း ဒီမှာရှိခဲ့တယ်။ ဒါပေမဲ့ သူ့ကို တစ်စုံတစ်ယောက်က ခေါ်သွားတယ်” ရှန်ကလန်အကြီးအကဲက ပြောသည် “သွေးနဂါးဘုံတစ်ခုလုံးကို လိုက်ရှာကြ။ ဘာမှ မတွေ့ရင် သွေးနဂါးဘုံအနီးအနားနေရာသို့အထိ လိုက်ရှာ..”

ချီရွှမ်ကန်းသည် ထျန်းဟယ်ဘုံသို့ မပြန်ခင် သည်နေရာသို့ ရောက်လာရမည်ဟု သူက ခန့်မှန်းသည်။

“ကောင်းပြီ...” ရှန်ကလန်တန်ခိုးရှင်များက ခေါင်းညိတ်ကာ ထွက်ခွာသွားကြသည်။

ရီဖူရှင်း၏နောက်ကြောင်းအသေးစိတ်သည်ကား သိပ်အရေးမပါတော့။ သူတို့က ရီဖူရှင်းနှင့် ချီရွှမ်ကန်းတို့၏ပတ်သက်မှုကို သိရှိပြီးမှတော့ ထိုကိစ္စများက အရေးမပါတော့။ ချီရွှမ်ကန်း၏သမီးကို ရှာဖွေခြင်းသည်သာ လက်ရှိတွင် သူတို့၏ဦးစားပေးဖြစ်သည်။

ချင်ယဲ့မြို့မှ တန်ခိုးရှင်များသည် ထိုလူများထွက်ခွာသွားသည်အထိ အကြောက်တရားများ မပျက်ပြယ်သေးပေ။

သူတို့ အဘယ်ကြောင့် ချင်ယဲ့မြို့ကို ရောက်လာရသနည်း။

သွေးနဂါးအင်ပါယာသည်လည်း ချင်ယဲ့မြို့ကို ရောက်လာသည်။ သူမျက်မှောင်ကြုတ်လိုက်၏။ တစ်ဘက်လူများသည် တစ်စုံတစ်ဦးကို ရှာဖွေနေဟန်ရသည်။

သည်လူများကို လော့ရန်က ခေါ်လာခဲ့၏။ လော့ရန် ဘာလုပ်နေသနည်း။

ကောင်းကင်အာဏာစက်ဘုံတွင် ဘာဖြစ်ပျက်နေသနည်း။

သွေးနဂါးအင်ပါယာက သူသည် ကောင်းကင်အာဏာစက်ဘုံကို သွားကြည့်သင့်သည်ဟု ခံစားမိသည်။

…

ဗဟိုအင်ပါယာဘုံမှ ရှန်ကလန်တွင် တော်ဝင်ခန်းမထဲမှ လူတစ်ယောက် ထွက်လာသည်။

လူရိပ်သည် နတ်ဘုရားအလား ကြောက်မက်ဖွယ် အရှိန်အဝါကို ပိုင်ဆိုင်၏။

သူတို့က သူမကို ရှာတွေ့တော့မည်လား။

နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့ကလန်နှင့်သက်ဆိုင်သော ထိုရသနာကို ပြန်ရယူနိုင်ပေတော့မည်။

အလင်းတစ်ချက်နှင့်အတူ သူသည် ထိုနေရာမှ ပျောက်ကွယ်သွားကာ နောက်ထပ် နန်းတော်ဆောင်ကဲ့သို့တစ်နေရာ၌ ပေါ်လာ၏။ ဧရာမအစီအရင်တစ်ခုသည် နန်းတော်ကို ပိတ်ဆို့ထားသည်။

သို့သော်လည်း ထိုလူသည် ထိုအစီအရင်ကို သည်အတိုင်းဖြတ်ကျော်ကာ အတွင်းသို့ ဝင်ရောက်သွား၏။

နန်းတော်ထဲတွင်ကား ဆံပင်ဖြူအမျိုးသမီးတစ်ဦး တိတ်ဆိတ်စွာ ထိုင်နေသည်။ တစ်ဘက်လူရောက်လာသည်ကို သူမက မည်သို့မှ သဘောထားပုံမရပေ။

“အခုတလော ဘယ်လိုနေသေးလဲ..” ရောက်လာသူက မေးသည်။

အမျိုးသမီးက ဘာမှ မပြောပေ။

“နှစ်ပေါင်းမနည်းတော့ဘူး။ ဘာလို့ လက်မလွှတ်နိုင်ရသေးတာလဲ။ မင်းရဲ့အဖေတစ်ယောက်အနေနဲ့ မင်းကို အသက်ချင်းသာပေးထားတာအပြင် ငါ့ကို ဘာလုပ်ပေးစေချင်သေးလို့လဲ”

“ရှင်က ခံစားချက်တွေကို ပြောဖို့ရောက်လာတာလား...” အမျိုးသမီးက ထူးမခြားနားစွာ ပြောသည်။ သူမ၏အသံက တည်ငြိမ်ကာ ခံစားချက်များ ကင်းမဲ့သည်။ အထူးသဖြင့် အေးစက်သော အငွေ့အသက်များ ပြင်းထန်စွာ ပါဝင်နေ၏။ ယခင်တိုက်ပွဲ၌ ကလန်က သူမ၏သမီးကို သတ်ဖြတ်ပြီးနောက်တွင် သူမတွင် ခံစားချက်များ မရှိတော့ပေ။

“ဖေးရွှီကို တွေ့ပြီ...” ရောက်လာသူက တည်ငြိမ်စွာ ပြောသည်။ သူက ထိုသို့ပြေလိုက်သည်တွင် အမျိုးသမီးက ဖြေးညင်းစွာ ထရပ်သည်။ တစ်ဘက်လူကို ပထမဆုံးအကြိမ် အမျိုးသမီးက တည်ငြိမ်စွာ ကြည့်၏။ ချက်ချင်းပင် နန်းတော်၏အပူချိန်သည် သုညအောက်သို့ ကျဆင်းသွားသည်။

“မင်းက လက်လွှတ်နိုင်သည်ဖြစ်စေ၊ လက်မလွှတ်နိုင်သည်ဖြစ်စေ၊ ဒီကိစ္စက အဆုံးသတ်ဖို့ ဖြစ်လာပြီ” တစ်ဘက်လူက ပြောသည်။ ထို့နောက် သူက ချက်ချင်း ထွက်ခွာသွားတော့သည်။

***

All Chapters