← Chapters

ကျောက်စိမ်းအဆီအနှစ်

Vol. 1 Ch. 33

ကျောက်စိမ်းအဆီအနှစ်

Vol. 1 Ch. 33

"အဲ့ဒါဘာလဲ"

ချန်းဖန်တစ်ယောက် အတန်ကြာသည်အထိ စကားမပြောနိုင်ဘဲ တောင့်တောင့်ကြီး ဖြစ်နေသဖြင့် ဝေ့ကျီချင်းက ချန်းဖန် ကြည့်နေရာသို့ လှမ်းကြည့်လိုက်သည်တွင် မီးခိုးရောင် မှိုင်းမှိုင်း အရောင်ရှိသော ကျောက်စိမ်း တစ်တုံးကို မြင်ရသည်။

ထို အရောင်မှိုင်းမှိုင်း ကျောက်စိမ်းတုံးက တိဘက် ဘုန်းတော်ကြီး၏ ပုတီးစေ့လောက်ပင် ဆွဲဆောင်မှု မရှိဟု ဝေ့ကျီချင်းက တွေးမိသည်။ သို့သော်လည်း ချန်းဖန်၏ အတွေးထဲတွင် မည်မျှ ပျော်ရွှင်နေသည်ကို သူမ မသိပေ။

အလွန် ကျေနပ်နေဟန်ရှိသော အပြုံးတစ်ခုက ချန်းဖန်၏ မျက်နှာပေါ်တွင် ရှိနေသည်။ သူက ဝေ့ကျီချင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

"အဲ့ဒီကျောက်စိမ်းကို ကျွန်တော် ယူမယ် ဘယ်လောက်လဲ"

ချန်းဖန်က ကျိုးထျန်ဟောက်ထံမှ ရသော ဘဏ်ကဒ်အား ယူလာခဲ့ရာ ‌ငွေရေး ကြေးရေးအတွက် သူက စိတ်မပူပေ။

"ရှင်လိုချင်ရင် ‌ဒီတိုင်းသာ ယူလိုက်ပါ"

ဝေ့ကျီချင်းက ပြုံးလျက်ပြောသည်။ သူမ အဘိုးကပင် ချန်းဖန်အား ယွမ်ဆယ်သန်းမက တန်သော အပန်းဖြေအိမ် တစ်လုံးအား ပေးခဲ့ပြီး ဖြစ်ရာ သူမအနေနဲ့ ကျောက်စိမ်းတုံးလေး တစ်ခုအပေါ် တွန့်တိုမနေပေ။

"ဟုတ်တာပေါ့ ဆရာချန်း လိုချင်ရင် ယူသာ သွားလိုက်ပါ"

ဦးလေးလင်းကလည်း ဝင်ပြောလာသည်။ ကိစ္ စတချို့ ဖြစ်ပျက်ပြီးနောက် ချန်းဖန်အပေါ် သူ၏ ဆက်ဆံပုံမှာ ပို၍ လေးလေးစားစား ရှိလာသည်။

"ကောင်းပြီလေ ကျွန်တော် ခင်ဗျားကို အကြွေးတစ်ခု တင်သွားပြီ"

ချန်းဖန်က ပြောပြောဆိုဆိုနှင့် ကျောက်စိမ်းတုံးအား လှမ်းယူလိုက်သည်။ သူ့မျက်နှာကတော့ ကျေနပ်မှုကြောင့် အရောင် တောက်လျက် ရှိသည်။

ဝေ့ကျီချင်းကလည်း သူမတို့ မိသားစုအပေါ် ချန်းဖန်၏ ဆက်ဆံပုံမှာ အရင်ကထက် ရင်းနှီးလာသည်ဟု ခံစားရ၍ အလွန် ပျော်ရွှင်နေသည်။

အဘိုးဝေ့က အပန်းဖြေအိမ် တစ်လုံး ပေးခဲ့စဉ်ကပင် ချန်းဖန်က စိတ်လှုပ်ရှား ပျော်ရွှင်မှု အလျဉ်း မရှိခဲ့သည်ကို သူမ မှတ်မိနေ‌သေးသည်။ ‌သူ့မျက်လုံးထဲတွင် ကျောက်စိမ်း အရိုင်းတုံးလေးက အပန်းဖြေအိမ်ထက်ပင် အဖိုးတန်နေပုံ ရသည်။ အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက်ကိုသာ ကျေနပ်စေမည်ဆိုလျှင် ဘာပစ္စည်းပဲ ဖြစ်ဖြစ် ရင်းဖို့တန်ပေ၏။

"ဒီကျောက်စိမ်းတုံးလေးက ဘာများလဲ"

ဝေ့ကျီချင်းက သိလိုစွာ မေးလိုက်သည်။

"ခုနတုန်းက အစစ်အမှန် ရှေးဟောင်း ဓမ္မပစ္စည်းတွေ‌ အကြောင်း မေးခဲ့တယ်မလား"

ချန်းဖန်က ဖြည်းညင်းစွာ ပြောသည်။

"ဟုတ်တယ်လေ"

ဝေ့ကျီချင်းနှင့် ဦးလေးလင်းတို့က နဝေတိမ်တောင်ဖြင့် ခေါင်းညိတ် လိုက်ကြသည်။

ဦးလေးလင်းက ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။

"မဟုတ်မှလွဲရော ဒီကျောက်စိမ်းတုံးလေးက ဆရာချန်းပြောတဲ့ အစစ်အမှန် ရှေးဟောင်း ဓမ္မ ပစ္စည်းများလား"

မည်သူမဆို တစ်ချက် ကြည့်လိုက်ရုံနှင့် ထိုကျောက်စိမ်းတုံးမှာ မသန့်စင်ရသေးသော အရိုင်းတုံးလေးသာ ဖြစ်ကြောင်း သိနိုင်သည်။ ကျောက်စိမ်း၏ အသွင်သဏ္ဍာန်ကလည်း အထင်ကြီးဖွယ် မရှိဘဲ ခန်းမထဲရှိ ရတနာများထဲတွင် တန်ဖိုး အနည်းဆုံးဟုပင် ထင်ရသည်။

"ဒါက.. ရှေးဟောင်း ဓမ္မပစ္စည်းတော့ မဟုတ်သေးပါဘူး"

ချန်းဖန်က ကျောက်စိမ်းတုံးလေးအား အင်္ကျီအိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်ရင်း ပြောသည်။

"မသန့်စင်တဲ့ အညစ်အကြေးတွေ ရှိနေသေးတယ် ဒါပေမဲ့ တစ်ကြိမ်လောက် သေချာ သန့်စင်ပြီးရင်တော့ အရမ်း အစွမ်းထက်တဲ့ ရတနာ တစ်ခု ဖြစ်လာလိမ့်မယ်"

ဝေ့ကျီချင်းနှင့် ဦးလေးလင်းတို့မှာ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်မိကြသည်။ တစ်စုံတစ်ယောက်က အစွမ်းထက်သော ရတနာ ပစ္စည်း တစ်ခုအား ထိုမျှ လွယ်လွယ်ကူကူ ဖန်တီးနိုင်သည်ဟု သူတို့ တခါမှ မကြားဖူးခဲ့။

ချန်းဖန်က ထပ်ရှင်းပြလိုသည့်ပုံ မပေါ်တာကြောင့် နှစ်ယောက်သားလည်း အလိုက်တသိနှင့် ထပ်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။

"ဒီမှာ ဘာမှ ကြည့်စရာလည်း မကျန်တော့ဘူး ဆိုတော့ ပြန်ကြရအောင်"

ချန်းဖန်က အဖိုးတန် ပစ္စည်းတစ်ခုအား ရရှိခဲ့၍ အလွန် ကျေနပ်လို့ နေသည်။

ပင်မ ခန်းမထဲသို့ ပြန်ရောက်တော့ ချန်းဖန်က လူတိုင်းနီးပါး သူ့အား ထူးဆန်းစွာ ကြည့်နေကြသလို ခံစားရသည်။ ချူမင်ဟွေ့ကို ဥပမာယူ၍ ဘယ်သူကမှ ချန်းဖန်အား အထင်မသေးဝံ့တော့။

"ပြန်လာပြီလား"

ကျန်းချူယန်က ချန်းဖန်အား စတင်၍ နှုတ်ဆက်လာသည်။ သူမအသံက အနည်းငယ် နေရခက်နေသလိုပင်။

"အင်း"

ချန်းဖန်က မပြောင်းလဲသော မျက်နှာနှင့် ပြန်ဖြေလိုက်ပြီး ကျန်းချူယန်ကို ကျော်ကာ ရှုယုံဖေးဆီ လျှောက်သွားလိုက်သည်။

"ခုန ကူညီတာ ကျေးဇူးတင်ပါတယ် တကယ်လို့ တစ်ခုခု အကူအညီလိုတာ ရှိရင် ငါ့ကို အသိပေးဖို့ မမေ့ပါနဲ့"

ချန်းဖန်က စိတ်ရင်းနှင့် ပြောလိုက်တာ ဖြစ်သည်။ မန်နေဂျာကျူး ပြဿနာ ရှာစဉ်က ခန်းမအတွင်းရှိ လူပေါင်းများစွာထဲက ရှုယုံဖေး တစ်ယောက်သာ သူ့ဘက်က ရပ်တည်ခဲ့တာ ဖြစ်သည်။ သူမက သူ့အား အမြဲလိုလို ကူညီပေးခဲ့တာ အတိတ် ဘဝ ကတည်းကပင်။ ဒါကို သူက ဘယ်တော့မှ မေ့မည် မဟုတ်ပေ။

ချန်းဖန်အတွက်တော့ ရှုယုံဖေးက ဒုတိယ အန်တီထန် ဖြစ်သည်။ အတိတ်ဘဝတွင်လည်း သူမက တောမှ တက်လာသော ကျောင်းသားသစ်လေး ချန်းဖန်ကို သူမ တတ်နိုင်သလောက် ကာကွယ်ပေးခဲ့သည်။ အတိတ်ဘဝတွင် သူက ဘာမှ မတတ်နိုင်ခဲ့သော်လည်း ဤဘဝတွင်တော့ သူမအား ညီမအရင်းလေး တစ်ယောက်ကဲ့သို့ စောင့်ရှောက်ပေးလိုသည်။

ရှုယုံဖေးက ချန်းဖန်၏ စကားများအပေါ် မည်သို့ တုံ့ပြန်ရမည်ကို မသိသဖြင့် ချန်းဖန် ထွက်ခွာသွားသည်အထိ ခေါင်းကိုသာ တွင်တွင်ငုံ့ထားမိသည်။

ဝေ့ကျီချင်းကလည်း ကျန်းချူယန်နှင့် ရှုယုံဖေးတို့အား ချန်းဖန်၏ မိတ်ဆွေများဟု ယူဆလျက် တစ်ချက် ပြုံးပြကာ နှုတ်ဆက်သွားသည်။

အတွေ့အကြုံ များသူပီပီ ဦးလေးလင်းက ထိုင်ခုံနေရာများကို ပြန်လည် ပြင်ဆင်လိုက်သည်။ ကျန်းချူယန်နှင့် ရှုယုံဖေးတို့အား ရှေ့ဆုံးတန်းရှိ နေရာကောင်းနှစ်ခုသို့ ချက်ချင်း ပြောင်းရွေ့ပေးလိုက်ပြီး ဝန်ထမ်းများကိုလည်း ထိုမိန်းကလေးနှစ်ယောက်ကို လိုလေသေးမရှိရအောင် ဂရုစိုက်ကြရန် အသေအချာ မှာလိုက်သည်။ အထူးသဖြင့် ရှုယုံဖေးကို ဖြစ်သည်။

ရှုယုံဖေး၏ အထူးဂရုစိုက် ခံရမှုက အခြားသော မိန်းကလေးများ မနာလို ဖြစ်ရသည် အထိပင်။

ဦးလေးလင်းက ဖန့်ရှန်း လုပ်ငန်းစုတွင် လွန်စွာ အရေးပါသူ ဖြစ်ပြီး မန်နေဂျာကျူးထက် အဆပေါင်း များစွာ အာဏာရှိသူ ဖြစ်သည်။ ဦးလေးလင်းလို လူကပင် ချန်းဖန်အား မျက်နာလို မျက်နှာရ လုပ်နေရသည်ကို ကြည့်၍ အားလုံးက ထိတ်လန့်နေကြသည်။

ဝေ့ကျီချင်းက ချန်းဖန်အား အိမ်တိုင်ရာရောက် လိုက်ပို့ပြီးမှ ပြန်လည် ထွက်ခွာသွားသည်။ ချန်းဖန်ကလည်း ကျောက်စိမ်း အဆီအနှစ်တုံးအား သေချာ လေ့လာဖို့ မစောင့်နိုင်တော့ပေ။

"ကမ္ဘာပေါ်မှာ ကျောက်စိမ်းအဆီအနှစ် အပိုင်းအစ တစ်ခုကို တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

ကမ္ဘာပေါ်တွင် ဝိညာဉ်ချီများက ယိုယွင်းနေပြီ ဖြစ်ရာ ထိုသို့သော ရတနာမျိုး ရှာတွေ့ရန် ချန်းဖန်က အမှန်ပင် မမျှော်လင့်ခဲ့။

ကျောက်စိမ်း အဆီအနှစ်က သာမန် ကျောက်မျက်‌လေး မဟုတ်။ သူက ပင်ကို အသိစိတ်ရှိသော ရတနာ အမျိုးအစားတွင် ပါဝင်သည်။

ဒီမတိုင်ခင်က ကျောက်စိမ်း အဆောင် တစ်ခု ပြုလုပ်ရန် ချန်းဖန် တွေးနေခဲ့သေးသည်။ ယခုမူ ကျောက်စိမ်းအဆီအနှစ် ရှိနေပြီ ဖြစ်ရာ ကုန်ကြမ်းအတွက် ပူစရာ မလိုတော့။ မည်မျှ အပြစ် အနာအဆာ ကင်း၍ အဖိုးတန်သော ကျောက်စိမ်း ဖြစ်ပါစေ ကျောက်စိမ်း အဆီအနှစ်တုံးကို မယှဉ်နိုင်ပါ။ သာမန် ကျောက်စိမ်းနှင့် ပြုလုပ်ထားသော ကျောက်စိမ်းအဆောင်များက တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး ကျောက်စိမ်း အဆီအနှစ်နှင့် ပြုလုပ်ထားသော အဆောင်ကတော့ အကန့်အသတ်မရှိ သုံးနိုင်ပေသည်။

သူက ချီသန့်စင်မှု အခြေခံအဆင့်၏ အလယ်ဆင့်တွင်ပင် ရှိနေသေးရာ မပျက်စီးနိုင်သော ခန္ဓာကိုယ်ကို မပိုင်ဆိုင်‌သေးပါ။ အကယ်၍ သူသာ သေနတ်သမား တစ်ယောက်နှင့် ရင်ဆိုင်ရပြီး ကျည်ဆန် မှန်ခဲ့ပါက ရရှိခဲ့သော ဒဏ်ရာပေါ် မူတည်၍ ပြင်းထန်လျှင် သေဆုံးနိုင်ပေသည်။

ကျောက်စိမ်း အဆီအနှစ်နှင့် ပြုလုပ်ထားသော အဆောင်နှင့် ဆိုပါက သေနတ်ကဲ့သို့သော လက်နက်များ၏ အန္တရာယ်ကို မှုစရာ မလိုတော့ပေ။

"ဒါက ဒီဘဝမှာ ငါ ပထမဆုံး ပိုင်ဆိုင်ရတဲ့ အသိစိတ်ရှိရတနာပဲ ဒါကို ကောင်းကောင်း အသုံးချရမယ် "

ထိုသို့ အတွေးနှင့် ချန်းဖန်က ကျောက်စိမ်း အဆီအနှစ်တုံးကို အပူပေးရန် အစစ်အမှန် မီးတောက် ပညာရပ်ကို အသုံးပြုလိုက်သည်။

အချိန် ခဏမျှ ကြာပြီးနောက် ကွဲအက်သံ တစ်ခုနှင့်အတူ ကျောက်စိမ်း၏ အပေါ်ယံ အလွှာက ကွာကျသွားပြီး အလွန် တောက်ပကာ ချောမွတ်နေသည့် အတွင်းဘက် အလွှာကို မြင်လိုက်ရသည်။ အတွင်းဘက်ရှိ လှပသော ကျောက်စိမ်းတုံးက ကလေးငယ် တစ်ယောက်၏ လက်သီးဆုပ် အရွယ်ခန့် ရှိသည်။

ချောမွတ်နေသော ကျောက်စိမ်းတုံး၏ မျက်နှာပြင်မှာ လေလံပွဲတွင် တွေ့ခဲ့သော သားမွေး ခြုံထည်ထက်ပင် နူးညံ့မည့် ပုံပေါ်ပြီး နွေးထွေးသည့် ခံစားချက်ကို ပေးသည်။

"ဒါကိုသာ လေလံပွဲမှာ ရောင်းရင် တော်တော် ဈေးကောင်းရမှာပဲ"

ချန်းဖန်က ရေရွတ်လိုက်သည်။ သို့သော်လည်း ဒါက အတွေးမျှသာ ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က မရေမတွက်နိုင်သော ပိုက်ဆံများ ပုံပေးလျှင်ပင် သူက ရောင်းမည် မဟုတ်ပေ။

"ကျောက်စိမ်းအဆောင်ကိုသာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ရင် ငါ့အတွက် ဒုတိယအသက် ရလိုက်သလိုပဲ ဒါက ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့တောင် မရဘူး အဆောင်တစ်ခု လုပ်ပြီးလို့ ကျောက်စိမ်း အဆီအနှစ် ပိုနေသေးရင် ‌အဖေနဲ့ အမေ့အတွက် နှစ်ခု၊ အမအန်းအတွက် တစ်ခု၊ ရှောင်ချုံးအတွက် တစ်ခု ထပ်လုပ်ရမယ်"

ရှောင်ချုံး..။

ထိုနာမည်လေးအား ရေရွတ်လိုက်မိသည်က ချန်းဖန်၏ နှလုံးသား အတွင်း မဖော်ပြနိုင်သော ခံစားချက်တို့နှင့် ပြည့်နှက်သွားစေသည်။ သူက တောင်ဘက်အရပ်သို့ မျက်နှာမူ၍ အဆုံးအဆမဲ့သော ကောင်ကင်ကြီးနှင့် ကြယ်လေးများကို မော့ကြည့်မိသည်။

ထိုကြယ်လေးများ၏ အလွန် ကျင်းမြို့တော်ကြီးတွင် သူ့နှလုံးသားထဲရှိ တစ်ဦးတည်းသော ချစ်ရသူ မိန်းကလေး နေထိုင်သည်။ ရှောင်ချုံးလည်း သူ့လိုပင် အထက်တန်း နောက်ဆုံးနှစ် တက်ရောက်နေမည်ကို ပုံဖော်ကြည့်မိသည်။ အတိတ်ဘဝတွင် သူတို့နှစ်ယောက်က တက္ကသိုလ် မရောက်မချင်း တစ်ယောက်နဲ့ တစ်ယောက် မတွေ့ခဲ့ကြ။ သူက အနည်းငယ် စော၍ ပြန်လည် မွေးဖွားခဲ့ရာ ရှောင်ချုံးအား ပြင်းပြင်းပြပြ လွမ်းနေမိသည်။

"ရှောင်ချုံး ကိုယ့်ကို စောင့်နေပါ ကိုယ်မင်းကို နောက်တစ်ကြိမ် ထပ်ပြီး လက်မလွှတ်တော့ဘူး ကိုယ် ဒီ့ထက်ပိုပြီး သန်မာလာအောင် ကြိုးစားပြီး မင်းရဲ့ ကျန်ရှိနေတဲ့ တဘဝလုံးမှာ အတူတူ ရှိနေပေးပါ့မယ် အတိတ် ဘဝတုန်းက ကိုယ်အမြဲ ဆန္ဒရှိခဲ့ပေမဲ့ မပြောနိုင်ခဲ့တဲ့ စကားတစ်ခွန်းကို မင်းရဲ့ ရှေ့တည့်တည့်မှာ ရပ်ပြီး အသေအချာ ပြောပြချင်တယ် ရှောင်ချုံး.. ကိုယ်မင်းကို ချစ်တယ်"

ချန်းဖန်က အတိတ်ဘဝက စိတ်ထိခိုက်စရာများကို ထပ်မံ မစဉ်းစားတော့ဘဲ မျက်လုံးတို့ကို မှိတ်ကာ ခဏမျှ အာရုံ စုစည်းနေလိုက်သည်။

ထို့နောက် သူက ပထမဆုံးသော ကျောက်စိမ်း အဆောင်ကို စတင် ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။

ဆေးလုံးဖော်စပ်သည်နှင့် မတူညီတာက ရတနာပစ္စည်း(အဆောင်) ပြုလုပ်ရာတွင် ကျင့်ကြံဆင့် မြင့်လေလေ အောင်မြင်မှုနှုန်း များ‌လေလေဖြစ်သည်။ ပျမ်းမျှအားဖြင့် ချီသန့်စင်မှု အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီးသူများကသာ ရတနာပစ္စည်းများကို ပြုလုပ်နိုင်သည်ဟု သတ်မှတ်ထားကြသည်။ ချန်းဖန်က လောလောဆယ်တွင် ချီသန့်စင်မှု အခြေခံအဆင့်၏ အလယ်ဆင့်တွင်သာ ရှိနေသေးပြီး သတ်မှတ်ချက်နှင့် မကိုက်ညီသော်ငြား ကြိုးစားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

ဂရိတ်12 ၊ တန်းခွဲကိုးရှိ ကျောင်းသားများထဲတွင် လေလံပွဲညက အဖြစ်အပျက်အား မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်မှာ စီယင်းရှာ၊ ကျိရှင်းယွိနှင့် ချန်ဝမ် သုံးယောက်သာရှိသည်။

လေလံပွဲပြီးသည့် နောက်တနေ့မှ စ၍ ကျိရှင်းယွိက ထူးထူးခြားခြား တိတ်ဆိတ်နေပြီး စီယင်းရှာကတော့ မခံချင်စိတ်ကြောင့် ကျောင်းစာကိုသာ ဖိကြိုးစားနေသည်။

ထိုနှစ်ယောက်နှင့် ကွဲပြားစွာ ချန်ဝမ်ကတော့ 180° ပြောင်းလဲသွားပြီး အားလပ်ချိန်တိုင်း၌ ချန်းဖန်၏ ထိုင်ခုံသို့ လာကာ စကားစမြည် ပြောဆိုရန် ကြိုးပမ်းတတ်သည်။

ချန်းဖန်မှာတော့ ထိုသုံးယောက်အား အရေးပင် မစိုက်အားဘဲ ရတနာပစ္စည်းအား သန့်စင်ရာတွင် ‌အောင်မြင်နိုင်ရန်သာ အာရုံစိုက်နေရသည်။

ချန်းဖန်၏ လက်ရှိ ကျင့်ကြံဆင့်က အလွန် နိမ့်ကျနေသေးရာ သူက စိတ်ရှည်ရှည် ထားရန်သာ တတ်နိုင်သည်။ နေ့တိုင်းနေ့တိုင်း ခက်ခဲလှ‌သော မှော်စာလုံးနှင့် သင်္ကေတများအား ကျောက်စိမ်း ကိုယ်ထည်ပေါ်တွင် အလွန် အားစိုက် ထုတ်၍ နည်းနည်းချင်းစီ ရေးထိုးရသည်။

ရက်အနည်းငယ်ခန့် ကြာပြီးနောက် ကျောက်စိမ်း၏ ကိုယ်ထည်က သေးနုပ်လှသော မှော်စာလုံးများနှင့် ပြည့်နှက်သွားတော့သည်။ ထိုစာလုံးများမှာ သေးငယ်လွန်းလှသဖြင့် သေချာ အာရုံစိုက်၍ မကြည့်ပါက မမြင်နိုင်ပေ။ မည်သို့သော ကိရိယာကိုမှ အသုံးမပြုဘဲ မှော်စွမ်းအင် သက်သက်ဖြင့်သာ ရေးထိုးခဲ့ခြင်း ဖြစ်သော်လည်း လွန်စွာ သေသပ်၍ ညီညာသော မှော်စာလုံးများကို ကြည့်ခြင်းဖြင့် ချန်းဖန်၏ မှော်စွမ်းအင်‌ အပေါ် ထိန်းချုပ်နိုင်မှုမှာ မယုံနိုင်စရာ အဆင့်သို့ ရောက်နေကြောင်း သိနိုင်သည်။

ညပေါင်းများစွာ ပင်ပင်ပန်းပန်း ကြိုးစားပြီးနောက် ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ ချန်းဖန်က သက်ပြင်းချလိုက်မိသည်။

"ပထမ အဆင့်တော့ အောင်မြင်သွားပြီ နောက်တစ်ဆင့်အနေနဲ့ ငါရဲ့ ချီစွမ်းအင်ကို သုံးပြီး ကျောက်စိမ်းရဲ့ အသိစိတ်ကို အားဖြည့်ပေးဖို့ပဲ ကျန်တော့တယ်"

ကျောက်စိမ်းအဆောင်လေးက ချန်းဖန်၏ အရှေ့ရှိ လေဟာနယ်ထဲတွင် လွင့်မျောနေပြီး ရွှေရောင် အလင်းများ တလက်လက် တောက်ပနေသည်မှာ အသက်ရှိနေသည့် အလားပင်။

"လောလောဆယ်မှာ ငါ့အနေနဲ့ အဆင့်နိမ့် အစီအရင် သုံးခုပဲ ရေးနိုင်သေးတယ် 'ဝိညာဉ်စုဆောင်းခြင်း အစီအရင်' ၊ 'စိန်သွား အစီအရင်' နဲ့  'မှော်မိုးကြိုး တံတိုင်း အစီအရင်' တွေပဲ"

ချန်းဖန်က မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်နေမိသည်။

"ကံကောင်းတာက ကျောက်စိမ်း အဆောင်မှာ နေရာလွတ် တချို့ ရှိနေသေးတော့ နောက်ပိုင်းကျရင် ပိုပြီး အဆင့်မြင့်တဲ့ အစီအရင် တချို့ ထပ်ဖြည့်လို့ ရသေးတယ် လက်ရှိမှာတော့ ငါ့အတွက် အသုံးအဝင်ဆုံးက ဝိညာဉ် စုဆောင်းခြင်း အစီအရင်ပဲ"

ယွင်ဝူ တောင်ခြေ မိုးမခ ပန်းခြံအတွင်းရှိ ဝိညာဉ်ချီများကိုပဲ အားကိုး၍ ကျင့်ကြံနေလျှင် သူ့အတွက် ရေရှည် အဆင်မပြေနိုင်ချေ။ ဝိညာဉ်စုဆောင်းခြင်း အစီအရင်က ထိုပြဿနာကို ဖြေရှင်းပေးနိုင်သည်။ ထိုအစီအရင်က ပတ်ဝန်းကျင်ရှိ စွမ်းအင်မှန်သမျှအား စုဆောင်းပေးနိုင်ပြီး သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်အား တိုးမြှင့်ပေးနိုင်သည်။ သူ့အနေနှင့် ချီသန့်စင်မှု အခြေခံအဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်သည်အထိ ထိုအစီအရင်က အသုံးဝင်ပေသည်။

'စိန်သွား အစီအရင်' နှင့် 'မှော်မိုးကြိုးတံတိုင်း အစီအရင်' နှစ်ခုကတော့ တစ်ခုက ခံစစ်အတွက် အသုံးဝင်ပြီး နောက်တစ်ခုက တိုက်စစ်အတွက် အသုံးပြုနိုင်သည်။

"ဒီအစီအရင်တွေကို တကယ့်တိုက်ပွဲမှာ အသုံးမပြုခင် အရင်ဆုံး စမ်းကြည့်ရမယ်"

ချန်းဖန်က မေးစေ့ကို ပွတ်လိုက်ရင်း တွေးလို့နေ၏။ ထိုအစီအရင်များအား မည်သို့မည်ပုံ စမ်းသပ်ရမည်နည်းဟု တွေးတောနေစဉ်မှာပဲ တစ်စုံတစ်ယောက်က သူ့အိမ်တံခါးအား ခေါက်လာခဲ့သည်။

***

All Chapters