← Chapters

ဝေ့မိသားစု တတိယသား

Vol. 1 Ch. 34

ဝေ့မိသားစု တတိယသား

Vol. 1 Ch. 34

အိမ်တံခါးဝရှိ ဧည့်သည်ကို မြင်ရသောအခါ ချန်းဖန်က အနည်းငယ် အံ့အားသင့်သွားသည်။

"ဆရာချန်း ကျွန်တော် တစ်ခုလောက် အကူအညီ တောင်းစရာ ရှိလို့ပါ"

ဧည့်သည်မှာ အခြားသူတော့ မဟုတ်။ လွန်ခဲ့သော ရက်အနည်းငယ်က လေလံပွဲတွင် တွေ့ခဲ့သည့် ဦးလေးလင်း ပါပင်။

ဦးလေးလင်းက ချန်းဖန်အား ဦးညွတ်ကာ အ‌ရိုအသေ ပေးလိုက်ရင်း ပြောသည်။

"လေလံပွဲ ညက ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော့် သခင်ကြီးကို ပြန်ပြောပြလိုက်မိတယ် သခင်ကြီးကလည်း အရမ်း စိတ်ဝင်စားသွားတယ်လေ ဆရာချန်းနဲ့ တစ်ခေါက်လောက် တွေ့ပြီး ရှေးဟောင်း ရတနာ ပစ္စည်းတွေ အကြောင်း ဆွေးနွေးချင်တယ်တဲ့"

"တတိယ သခင်ကြီးက ကျွန်တော်နဲ့ တွေ့ချင်တယ်"

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်မိသည်။

ကျိုးထျန်ဟောက် ကိစ္စမှ အစပြု၍ လေလံပွဲကိစ္စအထိ တတိယ သခင်ကြီးနှင့် ပတ်သက်နေရခြင်းအား ချန်းဖန်က သဘောမကျပေ။

"အမှန်ပါပဲ သခင်ကြီးက ရှေးဟောင်း ရတနာတစ်ခုကို တွေ့ထားပေမဲ့ ရောင်းတဲ့သူကို အပြည့်အဝ မယုံကြည်ဘူး ဖြစ်နေတယ် အဲ့ဒါကြောင့် ဆရာချန်းကို ခေါ်ပြီး အကြံဉာဏ် တချို့ တောင်းချင်တာပါ"

ဦးလေးလင်းက အပြုံး တစ်ခုနှင့် ပြောလာသည်။

ချန်းဖန်က ဦးလေးလင်း ဘာကိုပဲ ကမ်းလှမ်းလာပါစေ ငြင်းလိုက်မည်ဟု တွေးထားခဲ့သော်လည်း ရှေးဟောင်း ရတနာ ပစ္စည်းဟူသော ခေါင်းစဉ်က သူ့အား ဆွဲဆောင်သွားသည်။

တတိယသခင်ကြီး၏ လေလံပွဲရှိ ပစ္စည်းများက အထင်ကြီးစရာ မရှိသော်လည်း ကျောက်စိမ်း အဆီအနှစ်အား ထိုပွဲမှ ရခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တတိယသခင်ကြီးဆီ၌ နောက်ထပ် အဖိုးတန် ပစ္စည်းတစ်ခု ထပ်မတွေ့ဘူးဟု အတပ်မပြောနိုင်ပေ။ သူက ကံစမ်းသည့် အနေနှင့် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီလေ တစ်ချက်လောက် သွားကြည့်ကြတာပေါ့"

ချန်းဖန်က ပြောလိုက်သည်။ အကယ်၍ တတိယ သခင်ကြီး ရှာတွေ့ထားသော ပစ္စည်းမှာ တကယ့်ရတနာ ဆိုပါက ဤကမ္ဘာပေါ်ရှိ သဘာဝအလျောက် ဖြစ်တည်နေသော ရတနာများနှင့် သူကိုယ်တိုင် ဖန်တီးထားသော ကျောက်စိမ်း အဆောင် ကြားက ကွာခြားချက်အား လေ့လာကြည့်ရပေမည်။

ချန်းဖန်တို့ တိုက်ခန်း၏ ကားပါကင်သို့ ရောက်တော့ ပါကင်ထိုးထားသော ဇိမ်ခံကား တစ်စီးကို တွေ့လိုက်ရသည်။ ချန်းဖန် ကားနောက်ခန်းတွင် နေရာယူပြီးတော့မှ ဦးလေးလင်းက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလာသည်။

"လွန်ခဲ့တဲ့ရက်က ကျုံးကျိုးမြို့က ရှေးဟောင်းပစ္စည်း ရောင်းတဲ့ လူတစ်ယောက်က တတိယသခင်ကြီးကို ရှေးဟောင်း ရွှေထည် တချို့ ပြလာတယ်လေ အဲဒီမှာ သခင်ကြီးကလည်း သူ့မှာရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို သိပ်စိတ်တိုင်းမကျလို့ ထုတ်တောင် ရောင်းချင်နေတဲ့အကြောင်း ပြောမိတယ် အဲဒီမှာ ကျုံးကျိုးမြို့က လူက သူ့မှာ အရမ်း အဖိုးတန်တဲ့ ရှေးဟောင်း ရတနာ ပစ္စည်းတစ်ခု ရောင်းစရာ ရှိတဲ့ အကြောင်း ပြောလာတယ်"

ချန်းဖန်လည်း နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ဦးလေးလင်းက စကားဆက်သည်။

"ဆရာချန်းလည်း သိတဲ့အတိုင်းပဲ သခင်ကြီးက ချူကျိုးမြို့မှာဆို အာဏာအရှိဆုံး မိသားစုရဲ့ မိသားစုဝင် ဖြစ်နေတော့ အစစ အရာရာ ဂရုစိုက်ရတယ် အထက်တန်းလွှာက လူတွေကလည်း အခွင့်သာတာနဲ့ တစ်ယောက်ကို တစ်ယောက် အလဲထိုးဖို့ အလစ်ချောင်းနေကြတာမလား၊ သခင်ကြီးက အဲဒီပစ္စည်းကို ဝယ်လည်း ဝယ်ချင်ပေမဲ့ ပစ္စည်းကောင်း မဟုတ်ဘဲ မှားပြီး ဝယ်မိမှာကိုလည်း စိုးရိမ်နေတယ်၊ တစ်ဖက်မှာလည်း ထျန်းဟယ်မြို့က သူ‌ဌေးတွေကပါ အဲဒီပစ္စည်းကို ပြိုင်ဝယ်လာကြတော့ သခင်ကြီးက အလျှော့ မပေးချင်ပြန်ဘူး၊ အခု တစ်ခေါက်က ပစ္စည်းရောင်းမဲ့သူနဲ့ တွေ့တာ သုံးကြိမ်မြောက်ရှိပြီ၊ ဒီတစ်ကြိမ်တော့ ရောင်းတဲ့ သူကလည်း အပြတ် ရောင်းထုတ်တော့မယ်လို့ ထင်ရတယ်"

ဦးလေးလင်းက ကိစ္စ အသေးစိတ်အား ရှင်းပြပြီးနောက် သက်ပြင်းချသည်။

"အဲဒီ ရှေးဟောင်း ရတနာပစ္စည်းရဲ့ ကြမ်းခင်းဈေးကတင် ယွမ်ဆယ်သန်း တောင်လေ အဲဒါကြောင့် သခင်ကြီးက ဆရာချန်းဆီက အကြံဉာဏ် တောင်းချင်တာ၊ တကယ်လို့ အဲဒီပစ္စည်းက ရောင်းတဲ့သူပြောသလို အဖိုးတန်တာ မှန်ရင် သခင်ကြီးက ပိုက်ဆံ ဘယ်လောက် ပေးရပေးရ ဝယ်မှာပါ"

ချန်းဖန်လည်း ခေါင်းညိတ် လိုက်သည်။ တတိယ သခင်ကြီးက ဝေ့မိသားစု၏ တတိယသား ဖြစ်သော်လည်း သူနဲ့ တန်းတူ ပိုင်ဆိုင်မှု ရှိသူက ချူကျိုးမြို့တွင်ပင် ဆယ်ယောက်ခန့် ရှိရာ အပြိုင်အဆိုင် တချို့တော့ ရှိမှာမလွဲပင်။

မကြာမီတွင်ပဲ ကားလေးက တိတ်ဆိတ်သော လူချမ်းသာ ရပ်ကွက်ရှိ ခြံကျယ်ကြီး တစ်ခုထဲသို့ ဝင်ရောက်လာသည်။ ခြံကျယ်ကြီးက အပြင်ဘက်တွင်တော့ သာမန်ဟုသာ ထင်ရသော်လည်း ခြံတံခါးကို ဖြတ်သန်းပြီးသည့်နှင့် အတွင်းဘက်၌ စိမ်းစိုသော မြက်ခင်းတုကွင်း၊ လှပသော ပန်းခြံကျယ်ကြီးနှင့် ခမ်းနားသော အိမ်ကြီး တစ်လုံးကို မြင်လိုက်ရသည်။

ချန်းဖန်တို့ ပင်မခန်းမ အတွင်းသို့ ဝင်ခဲ့တော့ တရုတ်ရိုးရာ ထိုင်ခုံကြီးများအား နှစ်တန်း တိတိ နေရာ ချထားပြီး အခန်း တစ်ခုလုံးအား ရှေးကျကျ ပြင်ဆင်ထားသည်ကို မြင်ရသည်။ ချန်းဖန်က ၁၉ရာစု အစောပိုင်း နှစ်များသို့ ပြန်လည် ရောက်ရှိသွားသလိုပင် ခံစားလိုက်ရသည်။

ထိပ်ဆုံး ထိုင်ခုံ၌ ထိုင်နေသောလူက ချန်းဖန်အား အပြုံး တစ်ခုနှင့် နှုတ်ဆက်လာသည်။

"ဆရာချန်း ထင်တယ်"

နှုတ်ဆက်လာသူက တတိယ သခင်ကြီး ဖြစ်ကြောင်း ချန်းဖန် သိလိုက်သည်။ သူ၏ မျက်နှာက လူမမာ တစ်ယောက်ကဲ့သို့ ဖျော့တော့နေပြီး မျက်ကွင်း နှစ်ဖက်က ချိုင့်ကာ ညိုမဲနေသည်။ ခေါင်းအစ ခြေအဆုံး တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားခြင်း ကြောင့်သာ မဟုတ်ပါက ထိုလူ့အသွင်မှာ ကြောက်စရာပင် ကောင်းနေပေလိမ့်မည်။

ချန်းဖန်က ရှောင်ချီ၏ တတိယ သခင်ကြီးအပေါ် မလိုလားသော ပုံစံအား အမှတ်ရသွားသဖြင့် ခေါင်းယမ်း လိုက်မိသည်။ သို့သော်လည်း တတိယ သခင်ကြီး၏ ပုံစံက အဘိုးဝေ့လောက် ထက်ထက်မြက်မြက် မရှိသည်ကတော့ အမှန်ပင်။

"တွေ့ရတာ ဝမ်းသာပါတယ်"

ချန်းဖန်ကလည်း ပြန်လည် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူပင် ဘာမှ ဆက်မပြောရသေးခင်မှာပဲ တတိယသခင်ကြီး၏ ဘယ်ဘက်ရှိ ခုံတွင် ထိုင်နေသော လူတစ်ယောက်က နှာခေါင်းရှုံ့လျက် ဝင်ပြောလာသည်။

"တတိယသခင်ကြီး ခင်ဗျားက ဆယ်ကျော်သက် ကောင်လေး တစ်ယောက်ကို ရာဖြတ် လုပ်ခိုင်းမလို့တော့ မဟုတ်ပါဘူးနော် ချူကျိုးမြို့မှာ ရာဖြတ်ကောင်းကောင်း မရှိတော့ဘူးလား တကယ်လို့ ခင်ဗျား လိုတယ်ဆိုရင် ကျုပ်ရဲ့ ရာဖြတ်ကို ငှားပေးလို့ ရပါတယ်"

တတိယ သခင်ကြီးက ထိုလူအား အေးစက်စက် လှမ်းကြည့်ကာ အော်လိုက်သည်။

"ရှင်းကျုံး ခင်ဗျားဘာသာ ခင်ဗျား ပါးစပ် ပိတ်ထားမလား ဒါမှမဟုတ် ကျုပ် ခင်ဗျားကို ကန်ထုတ် ပစ်ရမလား ဒါက ချူကျိုးမြို့၊ ခင်ဗျားရဲ့ ထျန်းဟယ်မြို့ မဟုတ်ဘူး"

"ကျုပ်ပြောပါရစေဦး ခင်ဗျား‌နေရာမှာ ဒုတိယသခင်ကြီးသာ ဆိုရင် ကျုပ် ငြိမ်ငြိမ်လေး ပါးစပ်ပိတ်ထားလိုက်မယ်၊ ပထမသခင်ကြီး ဆိုလို့ကတော့ ချက်ချင်းတောင် အထုပ်သိမ်းပြီး ထျန်းဟယ်မြို့ကို ပြန်သွားလိုက်ဦးမယ် အခုက ခင်ဗျားလေ ခင်ဗျားက သူတို့မှ မဟုတ်တာ ကိုယ့်ကိုကိုယ် ဘာမှတ်နေလဲ"

ရှင်းကျုံးဆိုသူ၏ ဘေးတွင်တော့ ဆံဖြူ အဘိုးကြီးတစ်ယောက် ထိုင်နေပြီး သူ၏ မျက်လုံး မှေးမှေးများမှာ ခံစားချက် မဲ့လို့နေသည်။ ထိုအဘိုးကြီးက ချန်းဖန် ခန်းမအတွင်းသို့ စဝင်လာကတည်းက တစ်ချက်မှ မော့မကြည့်ခဲ့ပေ။

"မင်း"

တတိယ သခင်ကြီးက ရှင်းကျုံး ဆိုသူ၏ စကားကြောင့် လွန်စွာ ဒေါသထွက်သွားပြီး အသက်ရှူသံများ ပြင်းထန်လာသည်။ ရှင်းကျုံးကတော့ ခပ်တည်တည်ပင်။ ထိုင်ခုံ၌ သက်သောင့်သက်သာ ဆက်ထိုင်နေပြီး မျက်နှာတွင်လည်း သရော်တော်တော် အပြုံး တစ်ခုက ချိတ်ဆွဲထားသည်။

"တော်ကြတော့"

ရိုးရာဝတ်စုံနှင့် အဘိုးကြီး တစ်ယောက်က ဝင်ဟန့်သည်။

"စိတ်မရှိပါနဲ့ တတိယ သခင်ကြီး ရှင်းကျုံးက အပြော ဆိုးတတ်တာ ခင်ဗျားလည်း သိတာပဲ နှစ်တွေ ဒီလောက် ကြာတာတောင် သူ့အကျင့်က မပြောင်းလဲ‌ဘူးလေ"

ရိုးရာ ဝတ်စုံနှင့် အဘိုးကြီး၏ စကားကြောင့် တတိယ သခင်ကြီး ဒေါသကို ထိန်းကာ စိတ်လျှော့လိုက်သည်။ ဒါကို ကြည့်ခြင်းဖြင့် ထိုအဘိုးကြီးမှာ ဤအုပ်စုထဲတွင် လွှမ်းမိုးနိုင်စွမ်း အရှိဆုံး ဖြစ်ကြောင်း သိနိုင်သည်။

ရှင်းကျုံး ဆိုသူကတော့ ထျန်းဟယ်မြို့က သူဌေး တစ်ယောက် ဖြစ်ပြီး နိုင်ငံတကာ ကုန်သွယ်ရေး လုပ်ငန်း တစ်ခုကို လုပ်ကိုင်သည်။ တတိယ သခင်ကြီးကလည်း ကုန်သွယ်ရေး လုပ်ငန်းအား လုပ်ကိုင်ရာ နှစ်ဦးသားက စီးပွားရေး ပြိုင်ဘက်များ ဆိုလည်း မမှားပေ။ ရှင်းကျုံး၏ ဘေးတွင် ထိုင်နေသော ဆံဖြူ အဘိုးကြီးကတော့ ရှင်းကျုံး ဖိတ်လာခဲ့သော ထျန်းဟယ်မြို့မှ ရာဖြတ် တစ်ယောက် ဖြစ်သည်။

ရိုးရာဝတ်စုံနှင့် လွှမ်းမိုးနိုင်စွမ်း ရှိသော အဘိုးကြီး၏ အမည်မှာ ကျန်းကျို့လင် ဖြစ်သည်။ ထိုအဘိုးကြီးက ချူကျိုးမြို့၏ အထင်ကရ ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်ပြီး ဟိုတယ်၊ ဆောက်လုပ်ရေး၊ ကျန်းမာရေးစင်တာ၊ သယ်ယူ ပို့ဆောင်ရေး၊ မီနီမတ်များ စသဖြင့် လုပ်ငန်း မျိုးစုံ ပိုင်ဆိုင်သည်။ ချူကျိုးမြို့ရှိ စီးပွားရေး လုပ်ငန်းများ၏ တဝက်ခန့်မှာ အဘိုးကြီး၏ ပိုင်ဆိုင်မှုများ ဖြစ်ပြီး ရှန်းရုန်ဟွာ ပြီးလျှင် ချူကျိုးမြို့၌ ဒုတိယ အချမ်းသာဆုံး သူမှာ အဘိုးကြီး ကျန်းကျို့လင် ဖြစ်သည်။ လူတိုင်းက သူ့အား 'အဘိုးကြီးကျန်း'ဟု ခေါ်ကြသည်။

ကျန်းကျို့လင်နှင့် နှိုင်းယှဉ်ရသော် တတိယ သခင်ကြီး၏ ပိုင်ဆိုင်မှုမှာ မပြောပ‌လောက်ပေ။ ဝေ့မိသားစု၏ သားတစ်ယောက် ဖြစ်နေခြင်း ကြောင့်သာ ကျန်းကျို့လင်က တတိယ သခင်ကြီးအား ရိုသေသမှုနှင့် ဆက်ဆံနေခြင်း ဖြစ်သည်။

ချန်းဖန်လည်း ထိုင်လိုက်ပြီး ရှင်းကျုံးဆိုသူနှင့် သူ့ဘေးရှိ ဆံဖြူအဘိုးကြီးအား တိတ်တဆိတ် အကဲခတ် နေလိုက်သည်။

အဘိုးကြီးကျန်းက စကားစလာသည်။

"လူလည်း စုံပြီဆိုတော့ သူဌေးကု ခင်ဗျားရဲ့ ရတနာကို တစ်ကြိမ်လောက် ထပ်ပြပေးနိုင်မလား"

အဘိုးကြီးကျန်းနှင့် မျက်စောင်းထိုးတွင် ထိုင်နေသူက ခပ်ဝဝ မျက်နှာပြဲပြဲနှင့် ဖက်တီး တစ်ယောက် ဖြစ်သည်။ သူကား ပစ္စည်းရောင်းမည့် သူဌေးကုပင်။ သူဌေးကုက မျက်မှောင်ကြုတ်လျက် အထွန့်တက်လိုက်သည်။

"ဒီတစ်ကြိမ်နဲ့ဆို ခင်ဗျားတို့ကို ကျုပ်ပြတာ သုံးကြိမ်ရှိပြီ ခင်ဗျားတို့က ဝယ်ရော ဝယ်ဦးမှာလား"

"စိတ်အေးအေးထားပါ ဒီတစ်ကြိမ်က နောက်ဆုံးပါပဲ ကျုပ်တို့ထဲက တစ်ယောက်ယောက်ကတော့ ကျိန်းသေဝယ်မှာပါ"

ခန်းမအတွင်းတွင် ထိုင်နေသူများထဲမှ သူဌေးတစ်ယောက်က သူ့ရင်ဘတ် သူပုတ်လျက် ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။ ထိုလူက ချူကျိုးမြို့ လမ်းသစ်တွင် နေထိုင်သူ ဖြစ်ပြီး စက်ရုံ တချို့ ပိုင်ဆိုင်သည်။

"ကျုပ်တို့ အားလုံးက စီးပွားရေး လုပ်ငန်းရှင်တွေပါ ခင်ဗျားရဲ့ ပစ္စည်းကို မဝယ်ချင်မှတော့ အချိန်ကုန်ခံပြီး လာကြည့်နေပါ့မလား"

အခြား တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။

"ကောင်းပြီလေ"

သူဌေးကုက ခေါင်းညိတ်လိုက်ပြီး သူ့အစေခံများအား သေတ္တာဟောင်းကြီး တစ်လုံးကို သယ်လာရန် အချက်ပြလိုက်သည်။

သေတ္တာ အတွင်းတွင်တော့ သစ်သားဖြင့် ပြုလုပ်ထားသော ပန်းကန်ပြားကဲ့သို့ ခပ်ပြားပြား အရာတစ်ခု ရှိနေသည်။ ထိုအပြား၏ မျက်နှာပြင်တွင် တြိဂံသဏ္ဍာန် ရှစ်ခုအား နားလည်ရခက်သော ပုံစံများဖြင့် ရေးထိုးထားသည်။ ထိုထူးဆန်းသော ခပ်ပြားပြား အရာက ခန်းမအတွင်းရှိ လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။

"ဟင်"

ချန်းဖန်၏ အာရုံက ဆံဖြူ အဘိုးကြီးထံမှ သေတ္တာအတွင်းရှိ သစ်သားပြားထံသို့ လုံးလုံးလျားလျား ရောက်ရှိသွားသည်။ သစ်သားပြား ပေါ်ရှိ တြိဂံ ရှစ်ခုအား မြင်လိုက်ရချိန်မှာတော့ ချန်းဖန် အံ့အားသင့်စွာနှင့် ပင့်သက် ရှိုက်လိုက်မိတော့သည်။

"ဘယ်လိုထင်လဲ ဆရာချန်း"

ရှင်းကျုံးနှင့် စကား များပြီးသည့်နောက် တတိယသခင်ကြီး၏ စိတ်အခြေအနေမှာ သိပ်မကောင်းတော့ပေ။ သူ့အသံကလည်း စိတ်မရှည်မှုတို့ ပြည့်နှက်နေသည်။

တတိယ သခင်ကြီးက သူ့လူယုံ ဦးလေးလင်း၏ အကြံပြုချက်ကို နားယောင်၍ ချန်းဖန်ကဲ့သို့ ဆယ်ကျော်သက်လေးအား ဖိတ်လိုက်မိခြင်းအပေါ် လွန်စွာ နောင်တ ရနေသည်။ ချန်းဖန်၏ ပုံစံက ဘာမှ ထူးထူးခြားခြား မရှိသည့်အပြင် အသက်ကလည်း ငယ်လွန်းသည်။ သူ့ပြိုင်ဘက် ရှင်းကျုံး ခေါ်လာသော ရာဖြတ်ကမှ ချန်းဖန်ထက် စာလျှင် အထင်ကြီးစရာ ရှိသေးသည်ဟု သူက တွေးမိသည်။

တတိယသခင်ကြီးက စိတ်ညစ်စွာ တွေးနေစဉ်မှာပဲ ရှင်းကျုံးက ဝင်ပြောလာသည်။

"ကလေးလေး တစ်ယောက်က ရှေးဟောင်း ရတနာပစ္စည်းတွေ အကြောင်း ဘာသိမှာတဲ့လဲ ကျုပ်တို့တွေ လှည့်ပတ်နေတာ တော်တော် ကြာနေပြီ လာစမ်းပါ အခု တစ်ခါတည်း ဈေးပြိုင် ပေးလိုက်ရအောင်"

ချန်းဖန်က ပြုံးလိုက်သည်။ သို့သော် သူက စကားတစ်ခွန်း မဟဘဲ တိတ်ဆိတ်စွာသာ နေသည်။

အမှန်တော့ ချန်းဖန် အံ့ဩ သွားရခြင်းမှာ သစ်သားပြားကြောင့် မဟုတ်ဘဲ ထိုအပေါ်တွင် ရေးဆွဲထားသော တြိဂံ ရှစ်ခုကြောင့် ဖြစ်သည်။ ထိုတြိဂံ ရှစ်ခုမှာ မှော်အစီအရင် တစ်ခု ဖြစ်ပြီး ‌ချန်းဖန်၏ ဝိညာဉ်စုဆောင်းခြင်း အစီအရင်နှင့် အနည်းငယ် ဆင်တူသည်။ သို့သော် တြိဂံရှစ်ခု အစီအရင်မှာ ချန်းဖန် ရေးဆွဲထားသော ဝိညာဉ် စုဆောင်းခြင်း အစီအရင်ထက် လက်ရာ ညံ့ပေသည်။

'ကမ္ဘာပေါ်မှာ ဒီလို မှော် အစီအရင်မျိုးကို တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ကြည့်ရတာ အစီအရင်က အချော မသတ်ရသေးဘဲ အကြမ်းထည် သဘောမျိုး ဆွဲထားတဲ့ပုံပဲ'

ချန်းဖန်က တွေးရင်း ခေါင်းယမ်းမိသည်။ အစီအရင်၏ စွမ်းအားက နိမ့်ကျနေသည်မှာ နှမြောစရာပင်။ ထပ်ပြောရလျှင် ထိုအစီအရင်က အချိန်ကြာမြင့်စွာ အသုံးပြုခဲ့ပြီးပုံ ပေါ်သည်။ နောက်တစ်ကြိမ် ထပ်မံ အသုံးပြုပါက အစီအရင် ရေးဆွဲထားသော သစ်သားပြားက အစိတ်စိတ် အမွှာမွှာ ကွဲသွားပေလိမ့်မည်။

ခန်းမအတွင်းရှိ လူတိုင်း၏ မျက်လုံးများထဲတွင် အလို လောဘများအား မြင်နေရ၍ ချန်းဖန်က ထိုလျှို့ဝှက်ချက်အား သူ့စိတ်ထဲတွင်သာ သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။ ဘယ်သူကမှလည်း သူ့အား အရေးတယူ မရှိကြပေ။

ချန်းဖန် စကား ပြောမလာသည်ကို မြင်တော့ တတိယ သခင်ကြီးက ပြောလိုက်သည်။

"ဆရာချီ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး"

"ကြည့်ပေးပါ့မယ်"

အသင့် စောင့်နေသော ရာဖြတ် တစ်ယောက်က ပြောလိုက်ပြီး မတ်တတ်ရပ်ကာ သစ်သားပြား ထည့်ထားသော သေတ္တာဆီ လျှောက်သွားလိုက်သည်။ ခန်းမထဲရှိ လူတိုင်းနီးပါးက ရှေးဟောင်း ရတနာ၏ တန်ဖိုးအား သိရရန် ထိုရာဖြတ်အား မျှော်လင့်တကြီး ကြည့်နေကြသည်။

***

All Chapters