← Chapters

မိုးကြိုး ထွက်ပေါ်စေ

Vol. 1 Ch. 36

မိုးကြိုး ထွက်ပေါ်စေ

Vol. 1 Ch. 36

"ဘာလို့ မင်းက တွန့်ဆုတ် တွန့်ဆုတ် လုပ်နေတာလဲ"

ရှင်းကျုံး၏ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ် သွားကာ ချန်းဖန်အား စိုက်ကြည့်လိုက်သည်။ ရှင်းကျုံးက တတိယသခင်ကြီးအား လှောင်ပြောင်ရန် ချန်းဖန်အား အသုံးချ နေခဲ့သော်လည်း ထိုကောင်လေးက သူ့ရှေ့တွင် ဤကဲ့သို့ စကား ပြောရဲ လာမည်ဟု မထင်ခဲ့ပါချေ။

"ဘယ်လို ထင်လဲ ဆရာဝူ"

ရှင်းကျုံးက သူ့ဘေးရှိ ဆံဖြူ အဘိုးကြီးကို မေးလိုက်သည်။

"သူက ကောင်လေး တစ်ယောက်ပါပဲ သူ့ရှေ့ တည့်တည့်မှာ ရှေးဟောင်း ရတနာ ပစ္စည်းတစ်ခု  ရောက်နေရင်တောင် ဘာမှန်း သိမှာမဟုတ်ဘူး"

ချန်းဖန်က မတ်တတ်ရပ်ကာ သေတ္တာဆီသို့ လျှောက်သွားလိုက်ပြီး မိမိဘာသာ ရေရွတ်သလို ပြောလိုက်သည်။

"သစ်သားပြား ပေါ်က တြိဂံရှစ်ခုမှာ မတူညီတဲ့ စွမ်းအင် ရှစ်မျိုး ပါဝင်ပြီး မှော်အစီအရင် အသေးစားလေး အဖြစ် ဖွဲ့စည်းထားတယ် အစီအရင်က ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိသလဲဆိုတာ ကျွန်တော်တို့ အားလုံး တွေ့ပြီးပြီ အစီအရင်က ဝိညာဉ်ချီတွေကို စုစည်းပေးပြီး ချီနယ်မြေ တစ်ခု ဖန်တီးပေးနိုင်တယ် အရပ်သား အခေါ်နဲ့ ပြောရမယ်ဆို 'ဖုန်းရွှေ နယ်မြေ'ပေါ့ ဘယ်သူမဆို အဲ့ဒီ နယ်မြေထဲမှာ ရှိနေရင် ဝိညာဉ်ချီတွေရဲ့ သက်ရောက်မှုကို ခံစားရပြီး ကျန်းမာရေး ကောင်းလာစေတယ်"

အစီအရင် အတွင်းရှိ ဝိညာဉ်ချီများက သက်ရောက်မှု ဧရိယာအတွင်း ရှိနေသော မည်သည့် သက်ရှိကို မဆို အကျိုး သက်ရောက်သည်။ စကြဝဠာ အတွင်းရှိ တချို့သော ချီဓာတ် ကြွယ်ဝသည့် ဂြိုလ်များတွင် ကျင့်ကြံသူ မဟုတ်သော သာမန် လူသားများ ပင်လျှင် နှစ်ပေါင်း နှစ်ရာခန့် ရှင်သန် နိုင်ကြသည်။ ထိုဂြိုလ်များပေါ်ရှိ တိရိစ္ဆာန်ရိုင်းကြီးများကလည်း အလွန် ကြီးမားပြီး ပေတစ်ရာ နီးပါး မြင့်မားကြကာ အချိန် ကြာမြင့်စွာ အသက် ရှင်နိုင်ကြသည်။

"ဆက်ပြောပါဦး ငါ နားထောင်နေတယ်"

ဆရာဝူက ချန်းဖန်အား ပြောလိုက်သည်။

ခန်းမအတွင်းရှိ လူများကလည်း ချန်းဖန်၏ အသိပညာ ကြွယ်ဝမှုကြောင့် အံ့ဩနေကြပြီး တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်မိကြသည်။ ထို‌ဆယ်ကျော်သက် ကောင်လေးက တကယ်ပဲ ရှေးဟောင်းပစ္စည်း ကျွမ်းကျင်သူ တစ်ယောက်များလား။

"ဒါဆို ဒီပစ္စည်းက တကယ်ပဲ ရှေးဟောင်း ရတနာပစ္စည်း ဆိုတာ လက်ခံတာလား"

သူဌေးယန်က စိတ်မရှည်စွာ ဝင်မေးလိုက်သည်။

"ဟုတ်ပါတယ် ဒါပေမဲ့ .."

ချန်းဖန်က ရှင်းကျုံးအား လှမ်းကြည့်လိုက်သည်။

"ဒါပေမဲ့ ဘာဖြစ်လဲ"

အခြား သူဌေး တစ်ယောက်က မစောင့်နိုင်စွာ ဝင်မေးလာသည်။

"ဒီအစီအရင်က အကြိမ် အတော်များများ အသုံးပြုခဲ့ပြီးပြီ နောက်တစ်ကြိမ် အသုံးပြုဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး "

ချန်းဖန်က သစ်သားပြားပေါ်ရှိ အစီအရင်အား ညွှန်ပြကာ ပြောလိုက်သည်။ လူတိုင်းက ချန်းဖန်၏ စကားကြောင့် ရှောခ့်ရသွားကြသည်။

လူတိုင်းက သစ်သားပြားအား နောက်တစ်ကြိမ် သေချာကြည့်မိကြသည်တွင် အပေါ်ယံ မျက်နှာပြင်၌ သေးငယ်သော အက်ကြောင်းရာလေး များအား တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ ပျက်စီး သွားဖို့အတွက် သိပ်မလိုတော့သလိုပင်။

"မင်း ပြောရဲတယ်"

ဆရာဝူက စားပွဲအား လက်ဖြင့် ရိုက်ကာ ထိုင်ခုံမှ ခုန်ထလိုက်သည်။ သူက ဒေါသထွက်စွာ ချန်းဖန်အား ကြည့်သည်။ ဂုဏ်သရေရှိ ဆရာတစ်ယောက်၏ ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချန်းဖန်အား စကားပြောခိုင်းမိသည်ကို လွန်စွာ နောင်တရနေသည်။

"သူဌေးရှင်း သူဌေးကု ဘာတွေဖြစ်နေတာလဲ"

အဘိုးကြီးကျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ရှင်းကျုံး၏ မျက်နှာက ဖြူဖျော့သွားပြီး လူဝကြီး သူဌေးကုကတော့ ချွေးစေးများပင် ပျံနေပြီ ဖြစ်သည်။

ချူကျိုးမြို့ရှိ သူဌေးတစ်စုကလည်း တစ်ခုခု လွဲချော်နေသည်ကို ရိပ်မိသွားကြသည်။ အားလုံးက ရှင်းကျုံးတို့ သုံးယောက်အား သံသယနှင့် လှမ်းကြည့်ကြသည်။

"အခုထိ မသိသေးဘူးလား သူဌေးရှင်း၊ သူဌေးကုနဲ့ ဆရာဝူတို့ပေါင်းပြီး ခင်ဗျားတို့ကို လိမ်နေတာ"

ချန်းဖန်က ပြုံး၍ ပြောလိုက်သည်။

ရှင်းကျုံးနှင့် သူဌေးကုတို့ အချင်းချင်း ဖလှယ်နေကြသော မသင်္ကာဖွယ် အကြည့်များက ချန်းဖန်၏ မျက်လုံးအောက်မှ မလွတ်မြောက်နိုင်ပါ။ သူက အစောပိုင်းတည်းက ထိုသုံး‌ယောက်အပေါ် သတိထား၍ အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။ ထိုသုံးယောက်က ချူကျိုးမြို့ရှိ သူဌေးတစ်စုအား အကွက်ချရန် ကြံစည်နေခြင်း ဖြစ်ပြီး အဓိက ပစ်မှတ်မှာ တတိယ သခင်ကြီး ဖြစ်ပုံရသည်။

"ရှင်းကျုံး ဒါအမှန်ပဲလား"

တတိယသခင်ကြီးက ဒေါသ တကြီး မတ်တတ်ရပ်၍ ရှင်းကျုံးအား အော်လိုက်သည်။

ရှင်းကျုံးကလည်း မျက်စိ မျက်နှာ ပျက်နေပြီး  ဆရာဝူကိုသာ အားကိုး တကြီး လှမ်းကြည့်လို့ နေသည်။

ဆရာဝူ၏ မျက်နှာက ဒေါသကြောင့် အရုပ် ဆိုးနေပြီး ချန်းဖန်အား စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူက ချူကျိုးမြို့ခံ သူဌေးများထံမှ ယွမ်သန်း ငါးဆယ်ခန့် လိမ်ယူရန် ကြံစည် ထားခဲ့သော်လည်း ထို ဆယ်ကျော်သက်လေးကြောင့် အားလုံး ပျက်စီးသွားခဲ့ရသည်။

"ကောင်စုတ်လေး ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီး ပစ်ရဲတယ်"

ဆရာဝူက သွားကြားထဲမှ ထွက်သော လေသံကြီးနှင့် အော်လိုက်သည်။ ဆရာဝူ၏ ပတ်ဝန်းကျင်ရှိ လေထုက ထူးဆန်းစွာ အေးစက်၍ လာသည်။

"ခင်ဗျားက ဒီနည်းလမ်းနဲ့ ဖြေရှင်းချင်တာ သေချာပြီလား"

ချန်းဖန်က ဆရာဝူ၏ ခြိမ်းခြောက်မှုကို လုံးဝမကြောက်ပေ။ သူက ပြက်ရယ် ပြုလိုဟန်နှင့် ဆရာဝူအား ကြည့်လိုက်သည်။ ပြန်လည် မွေးဖွားပြီး ကတည်းက မှော်ရတနာများနှင့် တစ်ခါမှ မတိုက်ခိုက်ရသေးရာ ချန်းဖန်က အလွန် စိတ်လှုပ်ရှား နေသည်။ လောလောလတ်လတ် ဖန်တီးထားသော အစီအရင် သုံးခု၏ စွမ်းအားကို စမ်းသပ်ရန် မစောင့်နိုင်တော့ပေ။

"ဆရာဝူ ဒါက ချူကျိုးမြို့နော် ခင်ဗျားရဲ့ အပြုအမူကို ဆင်ခြင်ပါ"

အဘိုးကြီးကျန်းက အော်လိုက်သည်နှင့် သူ၏ သက်တော်စောင့်က ရှေ့သို့ တက်လာပြီး ဆရာဝူတို့ သုံးယောက်အား သတိပေးသလို ကြည့်လိုက်သည်။

ရှင်းကျုံး၏ မျက်နှာကတော့ မည်းမှောင်နေသည်။ သူက သက်တော်စောင့် ခုနစ်ယောက်၊ ရှစ်ယောက်မျှသာ ပါလာခဲ့ရာ ချူကျိုးမြို့မှ အသက်ရှင်လျက် ပြန်လည် ထွက်ခွာနိုင်ဖို့ ရာခိုင်နှုန်း နည်းလှသည်။

"ဟား.. ဟား.. "

ဆရာဝူက ရူးသွပ်နေသည့် အလား ရယ်မောလိုက်သည်။ သူက ချန်းဖန်အား မုန်းတီးစွာ စိုက်ကြည့်ရင်း ...။

"ကောင်စုတ်လေး မင်းက ငါ့အစီအစဉ်တွေ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်တာပဲ မင်းကို လွယ်လွယ်နဲ့ ခွင့်မလွှတ်နိုင်ဘူး အရင်က မင်း တကယ့် မှော်ရတနာ ဆိုတာ ဘာမှန်း မသိခဲ့ဘူးမလား အခု ဒီမှာ တစ်ချက်လောက် ကြည့်ကြည့်"

ဆရာဝူက ရွှံ့စေးဖြင့် ပြုလုပ်ထားသော အိုးလေး တစ်လုံးကို ထုတ်ယူလိုက်သည်။ အိုးအဖုံးအား ဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လေထုမှာ ရုတ်ချည်း အေးစက်သွားပြီး အခန်းအပူချိန်မှာလည်း ဒီဂရီများစွာ ကျဆင်းသွားသည်။

"ကောင်စုတ်လေး ငါ့ရဲ့ မှော်ရတနာ အစွမ်းကို မြည်းကြည့်လိုက်စမ်းပါ"

နက်မှောင်သော အခိုးအငွေ့များနှင့် ဖွဲ့စည်းထားသော ခွေးတစ်ကောင်၏ ပုံရိပ်က အိုးအတွင်းမှ ထွက်ပေါ်လာပြီး စူးရှသော ငိုကြွေးသံများနှင့် ငရဲပြည်‌ အောက်ဆုံးထပ်မှ မိစ္ဆာများ၏ အော်သံကဲ့သို့ ချောက်ချားဖွယ် အသံများက အဆက်မပြတ် ထွက်ပေါ်လာသည်။

"ကယ်ကြပါ"

ခန်းမအတွင်းရှိ သူဌေးများမှာ သွေးပျက်ဖွယ် ဖြစ်ရပ်ကြီးကြောင့် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားကြပြီး သက်တော်စောင့်များ နောက်သို့ အပြေးအလွှား ဝင်ပုန်းကြသည်။ သူဌေးအများစု၏ သက်တော်စောင့်များမှာ နိုင်ငံတော်အဆင့် ပြိုင်ပွဲတွင် ဆုတံဆိပ် အသီးသီး ရရှိထားသော သိုင်းပညာရှင်များ ဖြစ်သော်လည်း ဘယ်တုန်းကမှ မကြုံဖူးခဲ့သော ‌မကောင်းဆိုးဝါး ဆန်ဆန် အရာကြောင့် သွေးပျက်နေကြသည်။ တာဝန်ကြောင့်သာ အလုပ်ရှင်၏ ရှေ့တွင် မားမားမတ်မတ် ရပ်နေကြရသော်လည်း မျက်နှာပေါ်တွင်တော့ ကြောက်ရွံ့မှုတို့က နေရာယူထားသည်။

"မိစ္ဆာထိန်းချုပ်ခြင်း ပညာ"

ဆရာချီက ထိတ်လန့်စွာ ရေရွတ်လိုက်သည်။

ဆရာဝူက အားလုံး၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုများအား မြင်လိုက်ရ၍ ကျေနပ်သွားသည်။ သို့သော် မကြာခင်တွင်ပဲ တစ်စုံတစ်ရာအား သတိပြုလိုက်မိ၍ မျက်နှာကြီး မည်းသွားသည်။ ချန်းဖန်က မူလ ထိုင်နေသော ထိုင်ခုံတွင်ပင် ရှိနေဆဲဖြစ်ကာ လက်ဖက်ရည်ကို အရသာခံ သောက်နေလေသည်။

"ကောင်‌စုတ်လေး မင်း ငါ့ကို မကြောက်ဘူးလား"

ဆရာဝူ၏ မေးခွန်းကို ကြားရသော် တတိယသခင်ကြီး၊ ရှင်းကျုံးနှင့် ဦးလေးလင်းတို့ သုံးယောက်လုံး ချန်းဖန်အား ငတုံး တစ်ယောက်ကို ကြည့်သကဲ့သို့ လှမ်းကြည့်မိကြသည်။

သူတို့ သုံးယောက်၏ အတွေးထဲတွင် တူညီသော မေးခွန်းတစ်ခုနှင့်..။

'ဒီကောင်လေးက လုံးဝကို စိတ်မဝင်စားတဲ့ ပုံနဲ့၊ ဒီလောက် ကြောက်စရာကြီးကို မကြောက်ဘဲ နေရအောင် ကျပ်မပြည့်တာလား'

ဆရာဝူ မှော်ရတနာကို အသုံးပြုလိုက်ကတည်းက ခုံပေါ်တွင် မြဲမြဲ ထိုင်နေသေးသူ ဟူ၍ ချန်းဖန်က လွဲလျှင် ရှင်းကျုံးနှင့် အဘိုးကြီးကျန်းသာ ရှိသည်။ ကျန်လူများမှာ သက်တော်စောင့် အသီးသီး၏ နောက်တွင်သာ ပုန်းနေကြပြီး ၎င်းတို့၏ သက်တော်စောင့် များကလည်း ထိတ်လန့်မှုကြောင့် တုန်ယင်နေကြသည်။

ဟန်ယွင်က ကြောက်အားလန့်အားနှင့် တုန်ယင်နေရင်း အော်ပြောလာသည်။

"ချန်းဖန် ရှင် ဘာလုပ်နေတာလဲ ပြေးတော့လေ"

သူမက ချန်းဖန်၏ သရုပ်မှန်ကို မရည်ရွယ်ဘဲ ပြောပြလိုက်မိခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ မဆုံးပေ။ အကယ်၍ သူမကသာ ပါးစပ်လေး ပိတ်ပြီး ‌ဘာမှ မပြောခဲ့ပါက ရှင်းကျုံးက ချန်းဖန်ကို အသုံးပြုကာ တတိယ သခင်ကြီးအား အရှက်ခွဲမည် မဟုတ်သလို ယခု ကိစ္စများလည်း ဖြစ်ပျက်လာတော့မည် မဟုတ်ပေ။

သို့သော်လည်း ချန်းဖန်ကတော့ ထိုင်ခုံတွင် ထိုင်နေဆဲ ဖြစ်ကာ သူ၏ အမူအရာက အေးဆေး တည်ငြိမ်နေသည်။

"ငါ့ရတနာရဲ့ စွမ်းအား အစစ်အမှန်ကို ပြရသေးတာပေါ့ မင်း ဆက်ပြီး မကြောက်ဘဲ နေနိုင်ဦးမလား ကြည့်ဦးမယ်"

ထို့နောက် ဆရာဝူက တစုံတရာကို တီးတိုး ရွတ်ဆိုလိုက်သည်တွင် လေက ပြင်းထန်စွာ တိုက်ခတ်လာပြီး သူ၏ အဖြူရောင် ဆံပင်များက တဖျတ်ဖျတ် လွင့်နေသည်။ ထပ်မံ၍ ဆရာဝူက လက်နှစ်ချောင်းအား အမည်းရောင် အခိုးအငွေ့များထဲသို့ ညွှန်ပြလိုက်သည်တွင် ကျောချမ်းဖွယ် အော်သံများက စူးစူးဝါးဝါး ထွက်ပေါ်လာပြီး ထိုအခိုးအငွေ့များက ချန်းဖန်ဆီသို့ ဦးတည်ကာ ပြေးသွားလေ၏။

အဖြစ်အပျက်ကို မြင်လိုက်ရသော လူတိုင်း၏ နှလုံးသားက ပြင်းထန်စွာ ခုန်နေပြီး ဆယ်ကျော်သက် ကောင်လေး၏ ကံက ဆိုးရွားလှသည်ကိုသာ လက်ခံလိုက်ကြရသည်။

‌"ကြောက်ရမယ်တဲ့လား"

ချန်းဖန်က အကျယ်ကြီး အော်ရယ် လိုက်မိပြီး ခေါင်းယမ်းလိုက်သည်။

"ကျွန်တော်က ခင်ဗျားကို အများကြီး မျှော်လင့်ထားတာ အခုတော့ စိတ်ပျက်စရာပဲ ဒါနဲ့များ လေကြီး လေကျယ်တွေ ပြောနေနိုင်သေးတယ် တကယ့် မှော်ရတနာက ဘာလဲဆိုတာ ခင်ဗျားကို ကျွန်တော် ပြပေးမယ်"

ချန်းဖန်က လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်း အဆောင်အား လက်တွင် ကိုင်လိုက်သည်။ လူတိုင်း၏ သိလိုစိတ် ပြင်းပြနေသော မျက်လုံးများ အောက်တွင်ပဲ သူက ကြည်လင် ပြတ်သား၍ အရှိန်အဝါ တစ်မျိုး ကိန်းဝပ်နေသော စကားလုံး နှစ်လုံးအား ပြောလိုက်လေ၏။

"မိုးကြိုး ထွက်ပေါ်စေ"

ရုတ်တရက် ထောင်ပေါင်း များစွာသော အလင်းတန်းများက လေထုကို ဆုတ်ဖြဲလျက် ခန်းမအတွင်း ထွက်ပေါ်လာပြီး ပြိုးပြိုးပြက်ပြက် အလင်း‌ရောင်များက မျက်စိ ကျိန်းမတတ် တောက်ပ‌သွားသည်။

ချန်းဖန်က ခန်းမ အလယ်တွင် ရပ်နေပြီး တလက်လက် တောက်ပနေသော ကျောက်စိမ်း အဆောင်က သူ့လက်ထဲတွင် ရှိနေသည်။ မိုးကြိုး ကွန်ရက်၏ အလယ်တွင် လျှပ်စီးလှိုင်းများ ခြံရံလျက် ခန့်ညားစွာ ရပ်နေသော သူ၏အသွင်က နတ်ဘုရား တစ်ပါး သေမျိုးလောကသို့ ဆင်းသက်လာသည့် အလားပင်။

***

All Chapters