ကြောက်ရွံ့စေခြင်း
Vol. 1 Ch. 37
ကျောက်စိမ်း အဆောင် အတွင်းရှိ အစီအရင် သုံးခုတွင် မိုးကြိုး တံတိုင်း အစီအရင်က အစွမ်းအထက်ဆုံး ဖြစ်ပြီး စွမ်းအင် အမျိုးမျိုး၏ အန္တရာယ်မှ ကာကွယ် ပေးနိုင်သည်။
ချန်းဖန်က မိုးကြိုး တံတိုင်းကို ဆင့်ခေါ် လိုက်သည့် အချိန်မှာပဲ အနက်ရောင် အခိုးအငွေ့များက နာကျင် သွားသလို အသံတစ်သံ ပြုပြီး လာရာ လမ်းအတိုင်း ပြန်ပြေး သွားလေသည်။ သို့သော် ကျင့်ကြံသူ တစ်ယောက် ပြုလုပ်ထားသည့် အစီအရင် ဆိုသည်က လွယ်လွယ် ရှောင်လွှဲနိုင်သည့် အရာ မဟုတ်ပေ။
ချန်းဖန်က မိုးကြိုးသွား တစ်ခုနှင့် ထွက်ပြေးသွားသော အနက်ရောင် အခိုးအငွေ့များထံ ပစ်ပေါက် လိုက်သည်။
"ဘုန်း …"
မိုးကြိုးသွားက လေထုကို ဖြတ်သန်းပြီး အနက်ရောင် အခိုးအငွေ့များအား ထိုးခွဲလိုက်သည်။ အနက်ရောင် အခိုးအငွေ့များက ဘယ်တုန်းကမှ မရှိခဲ့သည့်အလား ပျောက်ကွယ် သွားသော်လည်း မိုးကြိုးသွားက ရပ်တန့်မသွားဘဲ ဆရာဝူ၏ လက်ထဲရှိ ရွှံ့စေးအိုးအား ထိမှန်သွားသည်။
"အား…"
ဆရာဝူက ထိတ်လန့်စွာ အော်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်လဲသွားသည်။ မိုးကြိုးသွားက ရွှံ့စေးအိုးအား တိတိကျကျ ထိမှန်သွားပြီး မြေမှုန့်များအဖြစ် ပြောင်းလဲ ပေးလိုက်သည်။
ကျယ်လောင်သော မိုးကြိုးသံ တစ်ချက်ကြောင့် ပြတင်းပေါက် မှန်များနှင့် စားပွဲပေါ်ရှိ ဖန်ခွက်များ အားလုံး အပိုင်းအစများ အဖြစ် ပြောင်းလဲ သွားကြသည်။ အခန်း တစ်ခုလုံးအား တိုင်ဖွန်း မုန်တိုင်းတစ်ခု ဝင်မွှေသွားသလိုပင်။
"ကောင်းကင်သခင် ဂိုဏ်းရဲ့ မိုးကြိုး ပညာရပ် တစ်ခု"
ဆရာဝူက ရေရွတ်လိုက်သည်။ ဆရာဝူ၏ ဆံပင်ဖြူဖြူများမှာ ထောင်နေပြီး မျက်နှာတွင်လည်း အိုးမဲများက ပေကျံလို့နေသည်။
ဆရာဝူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုတို့က အတိုင်းသား မြင်နေရပြီး ယုန်သူငယ်လေးက ကျားကို ကြည့်သည့် အကြည့်မျိုးဖြင့် ချန်းဖန်အား ကြည့်နေသည်။ ချန်းဖန်၏ လက်ထဲ၌ နောက်ထပ် မိုးကြိုးလုံး တစ်ခု ဖွဲ့စည်းလာသည်ကို မြင်ရသောအခါ ဆရာဝူမှာ အလွန် ထိတ်လန့်သွားပြီး ပြန်လည် ခုခံမည့် အတွေး မှန်သမျှကို စွန့်လွှတ်ကာ အလျင်အမြန် ဒူးထောက်လျက် ချန်းဖန်အား အကြိမ်ကြိမ် ဦးတိုက်တော့၏။
"ဆရာချန်း … ဆရာချန်း … ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ … ကျုပ် နောက်ထပ် ဒါမျိုး မလုပ်ဝံ့တော့ပါဘူး ခွင့်လွှတ်ပေးပါ"
ဆရာဝူမှာ ကြောက်စိတ်ကြောင့် အသိစိတ် လွတ်မတတ် ဖြစ်နေပြီး သူ့အတွေးထဲတွင် ရှိသည့် တစ်ခုတည်းသော အရာမှာ ချန်းဖန် ခွင့်လွှတ်သည် အထိ ဒူးထောက် တောင်းပန်ရန်သာ ဖြစ်သည်။
ခန်းမ အတွင်းရှိ လူတိုင်း၏ ထိတ်လန့်နေသော မျက်လုံးများ အောက်တွင်ပဲ ချန်းဖန်က အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး မေးသည်။
"ခင်ဗျားရဲ့ အစီအရင်ကို ကျွန်တော် ဖျက်ဆီးလိုက်မိတယ် ပြဿနာ ရှိလား"
"မရှိဘူး မရှိပါဘူး ဘာပြဿနာမှ မရှိပါဘူး"
ဆရာဝူက တုန်ယင်နေသော အသံနှင့် ပြန်ဖြေလာသည်။
ချန်းဖန်က နောက်ထပ် ခြေတစ်လှမ်း တိုးကာ ထပ်မေးသည်။
"ခင်းဗျားရဲ့ မှော်ရတနာကိုလည်း ကျွန်တော် ဖျက်ဆီးလိုက်မိတယ် အဲဒါရော ပြဿနာ ရှိလား"
"မရှိ ... မရှိပါဘူး …"
ဆရာဝူက ပြုတ်ထွက်မတတ် ခေါင်းယမ်းရင်း ပြန်ဖြေသည်။
ချန်းဖန်က နောက်တစ်လှမ်း ထပ်ကာ တိုးလိုက်ပြီး ဒူးထောက်နေသော ဆရာဝူအား အပေါ်စီးမှ ငုံ့ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော်က ခင်ဗျားကို နာမည်ပျက်ရအောင် လုပ်တယ်၊ ခင်ဗျားရဲ့ အလုပ်ကို ဝင်ရှုပ်တယ်၊ ဒူးထောက် တောင်းပန်ဖို့လည်း ဖိအားပေးတယ်၊ ပြောကြည့်ပါဦး ခင်ဗျားက အဲဒါတွေနဲ့ တန်လား မတန်ဘူးလား"
"တန်ပါတယ် … လုံးဝကို တန်ပါတယ်"
ဆရာဝူ၏ နဖူးက ကြမ်းပြင်အား အကြိမ်ကြိမ် ဦးတိုက်နေရ၍ သွေးစို့နေပြီ ဖြစ်သည်။ သူ၏ အသံက ကြံရာမရဖြစ်မှုနှင့် ဝမ်းနည်းမှုတို့ ရောယှက်နေသည်။
"ခင်ဗျားက ကိုယ့်အမှားကို သိသေးတယ် ဆိုတော့ ဒီတစ်ကြိမ်တော့ ခွင့်လွှတ် ပေးလိုက်မယ် တကယ်လို့ ခင်ဗျားက သတ္တိရှိပြီး ချူကျိုးမြို့မှာ နောက်တစ်ကြိမ် ထပ်ပေါ်လာရဲရင် ခင်ဗျားရဲ့ မှော်ရတနာ သွားရာလမ်းကို လိုက်ရမယ်ဆိုတာ မှတ်ထားပါ ထွက်သွား …"
ချန်းဖန်က လက်အတွင်းရှိ မိုးကြိုးလုံးအား ဖျောက်ပစ်လိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့"
ဆရာဝူက တုန်တုန်ယင်ယင်နှင့် ကတိ အထပ်ထပ် ပေးပြီး ဝင်ပေါက်သို့ တရွတ်တိုက် သွားကာ ထွက်ပြေး သွားတော့၏။
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း သူဌေးရှင်းနှင့် သူဌေးကုအား တစ်ချက် လှမ်းကြည့်လိုက်သည်။
ရှင်းကျုံးက စီးပွားရေး လောကတွင် အတွေ့အကြုံများသူ တစ်ဦး ဖြစ်သော်လည်း ချန်းဖန်၏ အကြည့် တစ်ချက်ကြောင့် မသိစိတ်အထိ တုန်ယင် သွားရသည်။ ချွေးစေးများက သူ၏ ကျောပြင် တစ်လျှောက် စီးကျလို့ လာသည်။
"ဆ ... ဆရာချန်း ... ဒီလို မြို့ကြီးပြကြီး တစ်ခုမှာ လူသတ်တာက ဥပဒေကို ဆန့်ကျင်ရာ ရောက်ပါတယ်"
ရှင်းကျုံး၏ ဒူးနှစ်ဖက်က တုန်ယင်နေပြီး သူက မတ်မတ် ရပ်နိုင်ရန် အနီးရှိ စားပွဲတစ်ခုကို အမှီ ပြုထားရပြီး သူ့အသံကလည်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသည်။
"မကြာသေးခင်ကမှ 'လောကမှာ ငါလိုလူ မရှိ' ဆိုပြီး အထင်ရောက်နေတဲ့ သူဌေးရှင်းက ဘယ်လို ဖြစ်သွားရတာများလဲ"
ချန်းဖန်က မျက်ခုံးပင့်လျက် မေးလိုက်သည်။
"ဆရာချန်း ကျုပ်ကို ခွင့်လွှတ်ပေးပါ … ဆရာချန်းလိုတာ ဘာမဆို ပေးပါ့မယ်"
ရှင်းကျုံးက တတ်နိုင်သလောက် ခေါင်းကို ငုံ့ရင်း ခွင့်လွှတ်မှု ရရန် တောင်းပန်လို့ နေသည်။
ပထမဆုံး ချန်းဖန် ရောက်လာစဉ်က ဘယ်သူကမှ သူ့အား အရေးတယူ မရှိကြသည့်အပြင် ဘားတွင် အလုပ်လုပ်သော ဆယ်ကျော်သက်လေးအား ဝိုင်း၍ လှောင်ပြောင် ခဲ့ကြသည်။
ယခုတွင်တော့ ထိုဆယ်ကျော်သက်လေးက မိုးကြိုးကို ဆင့်ခေါ်နိုင်ပြီး ဆရာဝူအား တစ်ချက်တည်းနှင့် အနိုင် တိုက်နိုင်သည့် အပြင် ရှင်းကျုံးကပင် ခွင့်လွှတ်ပေးရန် တောင်းပန် နေရသည်။ ချန်းဖန်၏ ရှေ့၌ ဘယ်သူကမှ စကား ကျယ်ကျယ် မပြောရဲကြတော့ပေ။
ခန်းမအတွင်းရှိ လူအားလုံးက အနည်းဆုံး တစ်ယောက်လျှင် ယွမ်သန်း တစ်ရာခန့် ချမ်းသာ ကြသော်လည်း ထိုအရာများက ချန်းဖန်အတွက် အရေးမပါပေ။
"ဒါကမှ တကယ့်ကို ပညာရှင်ပဲ …"
အဘိုးကြီးကျန်းက ချန်းဖန်၏ အပြုအမူများအား လွန်စွာ နှစ်ထောင်းအားရ ရှိလွန်း၍ ထိုင်ခုံလက်ရန်းအား ကျစ်နေအောင် ဆုပ်ထားမိသည်။ သူက ထိုကောင်လေးအား အလွန်ပင် လေးစားမိနေပြီ ဖြစ်သည်။
ဟန်ယွင်ကလည်း ပင့်သက် ရှိုက်လိုက်မိသည်။
"ကျွန်မ ထင်ခဲ့တာ ... ရှင့်မှာ ဝေ့ကျီချင်း တစ်ယောက်လုံး ကျောထောက် နောက်ခံ ရှိနေလို့ ချူမင်ဟွေ့ကို ရင်ဆိုင်ရဲခဲ့တာလို့၊ မထင်မှတ်ဘဲ ရှင်က အရမ်း အစွမ်းထက်တဲ့ လူတစ်ယောက် ဖြစ်နေခဲ့တယ်၊ ရှင့်လိုလူက ဘယ်လို လုပ်ပြီး တခြား တစ်ယောက်ရဲ့ အကူအညီကို လိုလိမ့်မှာတဲ့လဲ …"
အခုတော့ အားလုံး ရှင်းလင်းသွားပြီ ဖြစ်သည်။ သူက လီရီချန်းနှင့် ချူမင်ဟွေ့ကို အရေး မစိုက်တာက မထူးဆန်းတော့။ တတိယသခင်ကြီး၊ အဘိုးကြီးကျန်းနှင့် သူဌေးယန်တို့အား အရေး မစိုက်သည်မှာလည်း မထူးဆန်းတော့။ ဆရာဝူ၏ စွမ်းအားကို မြင်ပြီးတာတောင် မတုန်လှုပ်ဘဲ တည်ငြိမ်နေသည် မှာလည်း မထူးဆန်းတော့ပေ။
ချန်းဖန်က သူမ တွေ့ဖူးခဲ့သမျှသော အချောဆုံး ယောက်ျားထက်ပင် ပို၍ ဆွဲဆောင်မှု ရှိသည်ဟု ဟန်ယွင် တစ်ယောက် ထင်မြင် လာမိတော့သည်။
"ရှုယုံဖေးက တကယ်ကို အမြင် ရှိတာပဲ… ငါက ဘာလို့ သူ့ထက်အရင် ချန်းဖန်နဲ့ မတွေ့ရတာလဲ ဘာပဲဖြစ်ဖြစ် အခုက အချိန်တွေ အများကြီး ရှိပါသေးတယ် ဆိုလိုတာက ငါ့အတွက် မျှော်လင့်ချက် ရှိနေသေးတယ်"
ဟန်ယွင်က တီးတိုး ရေရွတ်လိုက်သည်။ ဒီနေ့ အဖြစ်အပျက်များ ပြီးသည့်နောက် ချန်းဖန်က သာမန် ကျောင်းသားလေး တစ်ယောက်အဖြစ် ဆက်နေချင်လျှင်တောင် နေနိုင်တော့မည် မဟုတ်။ သူက ချူကျိုးမြို့၏ အထင်ကရ ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်လာပေလိမ့်မည်။
ချန်းဖန်က နောက်သို့လှည့်၍ သူဌေးကုအား မေးလိုက်သည်။
"ဒီသစ်သားပြားအတွက် အမြင့်ဆုံးဈေးက ဘယ်လောက်လဲ"
သူဌေးကုက ကြောက်ရွံ့မှုကြောင့် လျှာပင် လိပ်နေပြီး စကားတစ်ခွန်းမှ မပြောနိုင်ချေ။ သူဌေးယန်က အစား ဖြေပေးသည်။
"ယွမ် လေးဆယ့်ငါးသန်းပါ ဆရာချန်း"
"လေးဆယ့် ငါးသန်း"
ချန်းဖန်က ရေရွတ်လိုက်ရင်း ရှင်းကျုံးအား လှမ်းကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော့်ကို ယွမ် လေးဆယ့်ငါးသန်း ပေးမယ်ဆိုရင် ခင်ဗျားကို လွှတ်ပေးမယ်"
နာကျင်နေသော အမူအရာ တစ်ခုက ရှင်းကျုံး၏ မျက်နှာပေါ် ဖြတ်ပြေးသွားသည်။ သူ၏ ပိုင်ဆိုင်မှုက ဘီလီယံနှင့် ချီကာ ရှိသော်လည်း ထိုအရာများက ထျန်းဟယ် မြို့တွင် ဖြစ်သည်။ သူက ယခု ချူကျိုးမြို့သို့ ရောက်နေခြင်း ဖြစ်ရာ ငွေသား အသီးသီး ယွမ်သန်း လေးဆယ်ကျော် တစ်ပုံတည်း ပေးဖို့က လွယ်တော့ မလွယ်ပါချေ။ သို့သော်လည်း သူ့တွင် တခြား ရွေးချယ်စရာ ကလည်း မရှိပေ။ ချန်းဖန်၏ မိုးကြိုးသွားက သူ့ခန္ဓာကိုယ်အား ထိမှန်သွားမည်ကို တွေးကြည့် လိုက်ရုံနှင့်တင် ခေါင်းမှ ခြေဖျား အထိ အေးစက်လို့ သွားသည်။ သူက ချန်းဖန်၏ အဆိုကို လက်ခံရုံသာ တတ်နိုင်သည်။
"ကောင်းပါပြီ ကောင်းပါပြီ ကျွန်တော် ပေးပါ့မယ်"
ရှင်းကျုံးက နာခံစွာ ပြောသည်။
"ပိုက်ဆံထားခဲ့ပြီး သွားလို့ရပြီ"
ချန်းဖန်က ရှင်းကျုံးအား ယင်တစ်ယောင်ကို ခါထုတ်သကဲ့သို့ လက်ဝှေ့ယမ်းရင်း ပြောလိုက်သည်။
ရှင်းကျုံးနှင့် သူဌေးကုတို့က စိတ်သက်သာရာ ရသွားပြီး ချန်းဖန် စိတ်မပြောင်းခင် အလျင်အမြန် ထွက်သွား ကြတော့သည်။
ဟန်ယွင်က နှုတ်ခမ်း ကိုက်လိုက်ပြီး အားတင်းကာ ချန်းဖန်အား စကားစလိုက်သည်။
"ဆရာချန်း သူတို့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်တော့ မလို့လား"
ခဏမျှ စဉ်းစားပြီးနောက် သူမက ဆက်ပြောသည်။
"သူဌေးရှင်းနဲ့ သူဌေးကုကိုတော့ မစိုးရိမ်ပါဘူး ဒါပေမဲ့ ဆရာဝူက ကျတော့ သူ သုံးခဲ့တဲ့ မှော် အစီအရင်ကို ကြည့်ရုံနဲ့တင် သူက ဘယ်လောက် ရက်စက်တတ်တဲ့ လူလည်း ဆိုတာ သိသာနေတာ သူပြန်လာပြီး လက်စားချေမှာကို မစိုးရိမ်ဘူးလား"
ချန်းဖန်က ပြုံးရင်း ပြန်ဖြေသည်။
"အဲဒီလို ဖြစ်မှာ မဟုတ်ပါဘူး ကျွန်တော် သူ့ကို လုံလောက်အောင် ခြိမ်းခြောက် ထားတာပဲ လက်စားချေဖို့ တွေးမဲ့အစား ဒီနေ့ည အကြောင်း ပြန်တွေးလိုက်တာနဲ့ ကြောက်ရွံ့တဲ့ စိတ်တစ်ခုပဲ သူ့မှာ ရှိလိမ့်မယ်"
ချန်းဖန်၏ အသံက တည်ငြိမ် နေသော်လည်း သူ့စကားများ ကတော့ မတိုင်းတာ နိုင်လောက်အောင် ယုံကြည်မှု ရှိနေပုံ ပေါ်သည်။
သူမ အရှေ့မှ ချောမောသော လူငယ်လေးကို ကြည့်ရင်း ယန်ယွင်၏ နှလုံးသားက တဖြည်းဖြည်း အခုန်မြန်လာသည်။
ရုတ်တရက် အားရ ကျေနပ်နေသော အသံတစ်သံက ထွက်ပေါ်လာသည်။
"ဆရာချန်းက အရမ်း အစွမ်းထက်တာပဲ … မကောင်းတဲ့ ဝူမျိုးနွယ်ကောင်ကို မောင်းထုတ် လိုက်နိုင်တယ်"
တတိယ သခင်ကြီးက သက်တော်စောင့်များ၏ အနောက်တွင် ပုန်းနေရာမှ ထွက်လာပြီး ချန်းဖန်အနားသို့ ပြေးလာကာ သခင် ပျောက်၍ လိုက်ရှာနေသော ခွေးလေး တစ်ကောင်၏ အကြည့်မျိုးဖြင့် ကြည့်နေတော့၏။
'အဘိုးဝေ့လို ထက်မြက်တဲ့ လူတစ်ယောက်မှာ ဘယ်လို ဖြစ်ပြီး ဒီလို အသုံးမကျတဲ့ သားတစ်ယောက် ရှိနေရတာလဲ'
ချန်းဖန်က စိတ်ပျက် လက်ပျက်သာ တွေးမိတော့သည်။
***