← Chapters

အထွတ်အထိပ် အဆင့် ဆိုသည်မှာ

Vol. 1 Ch. 38

အထွတ်အထိပ် အဆင့် ဆိုသည်မှာ

Vol. 1 Ch. 38

ခန်းမအတွင်းရှိ လူတိုင်းက မိမိစိတ်ကို ပြန်လည် စုစည်းနေချိန်မှာပဲ အဘိုးကြီးကျန်းက အလုပ်သမားများအား ခေါ်ကာ အခန်းကို သန့်ရှင်းပေးရန် စေခိုင်းလိုက်သည်။ အလုပ်သမားများက ယခုမှ ခန်းမအတွင်းသို့ ဝင်လာကြခြင်း ဖြစ်ရာ အတွင်းရှိ အရှုပ်အထွေးများကို ကြည့်၍ မယုံကြည်နိုင် ဖြစ်နေကြသည်။ မေးလည်း မမေးရဲရာ ကိုယ့်အလုပ် ကိုယ် မြန်မြန် လုပ်ပြီး အသံတိတ် စူးစမ်း နေကြသည်။

ခန်းမ အတွင်းရှိ လူများက ခြံဝင်းအတွင်းသို့ ပြောင်းရွှေ့ လိုက်ကြသည်။ ခြံဝင်း၏ အလယ်တွင် အစားအသောက် အပြည့်နှင့် စားပွဲတစ်လုံးရှိပြီး ချန်းဖန်အား စားပွဲ၏ ထိပ်ဆုံးရှိ ခုံတွင်ထိုင်ရန် လူတိုင်းက တညီတညွတ်တည်း နေရာပေးကြသည်။

အားလုံး လိုလို နေရာယူပြီး ကြချိန်၌ ချန်းဖန်က တစ်စုံတစ်ခုကို သတိရပြီး ဟန်ယွင်အား မေးလိုက်သည်။

"ကျွန်တော်တို့ သိကြတာလား"

ထိုမိန်းကလေးက သူ့အကြောင်း ခန်းမထဲရှိ လူများအား ပြောလိုက်ချိန်တုန်းက ချန်းဖန် အတော်လေး အံ့ဩသွားတာ ဖြစ်သည်။ သူမ သူ့အား ကြည့်သည့် မျက်လုံးများကလည်း ပထမဆုံး တွေ့ဖူးသူကို ကြည့်သည့်ပုံစံ မဟုတ်ပေ။ ရှင်းကျုံးတို့ သုံးယောက်၏ ပြဿနာကို ရှင်းပြီးချိန်၌ ပထမဆုံး စကား စပြောလာသူကလည်း သူမ ဖြစ်နေ၏။

ဟန်ယွင်က ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ရင်း ပြန်ဖြေသည်။

"ကျွန်မနဲ့ ဖေးဖေးက ငယ်ငယ်တည်းက အတူတူ ကြီးပြင်း လာကြတာလေ ကျွန်မတို့က ညီအစ်မတွေလိုပဲ ရင်းနှီးကြတယ်"

ချန်းဖန်လည်း ခေါင်းညိတ်လိုက်ရင်း သဘောရိုးနဲ့ မေးလိုက်သည်။

"ကောင်းပြီလေ အစ်မက ဖေးဖေးရဲ့ သူငယ်ချင်း ဆိုမှတော့ ဘာလို့ ကျွန်တော့်ဘေးမှာ လာမထိုင်တာလဲ"

အဘိုးကြီးကျန်း၏ မျက်နှာပေါ်၌ အပြုံးကြီးကြီး တစ်ခု ဖြစ်ပေါ်လာပြီး အမြန် သွားထိုင်ရန် ဟန်ယွင့်အား မျက်ရိပ် ပြလိုက်သည်။ ဟန်ယွင်ကလည်း ပြုံးရွှင်စွာနှင့် ချန်းဖန်၏ ဘေးခုံသို့ ပြောင်းထိုင် လိုက်သည်။ သူမက လှပသော မိန်းမလှလေး ဖြစ်ပြီး သူမ ဝတ်ဆင်ထားသော ကိုယ်ကျပ် အင်္ကျီက သူမ၏ အလှကို ပိုမို ဆွဲဆောင်မှု ရှိအောင် ထောက်ပံ့ပေးနေ‌သည်။

အဘိုးကြီးကျန်း၏ အကွက်ရွှေ့မှုကို မြင်တော့ အခြားသော သူဌေးများက စိတ်ထဲတွင် ကျိတ်၍ ကျိန်ဆဲ လိုက်ကြသည်။

'မြေခွေးအိုကြီးကတော့ ပျားရည် ထောင်ချောက် ဆင်နေပြန်ပြီ' ဟူ၍။

သူတို့၏ အတွေးများက ပြေးလွှားနေကြပြီး မိသားစုထဲမှ သမီး ချောချောလှလှ ဖြစ်စေ၊ တူမ ချောချောလှလှ ဖြစ်စေ ရှာဖွေကာ ချန်းဖန်အား မျက်နှာ လုပ်ရန်ပင် အရှက်မရှိ တွေးနေကြလေ၏။ ချန်းဖန်ကား ငယ်ငယ်ရွယ်ရွယ် ချောချောမောမော ဆယ်ကျော်သက် ကောင်လေး ဖြစ်ရာ ရင်းရသည်က တန်သည် မဟုတ်ပါလား …။

အမှန်တော့ ချန်းဖန်၏ ဟန်ယွင်အပေါ် ပျူငှာမှုက ဘာရည်ရွယ်ချက်မှ ရှိမနေပါချေ။ သူက ရှုယုံဖေးအပေါ် သူ၏ အလေးထားမှုကို ပြသလိုပြီး ရှုယုံဖေးအား ကာကွယ်ပေးလိုခြင်း ကြောင့်သာ ဖြစ်သည်။

ချန်းဖန်က စားပွဲဝိုင်းရှိ လူအိုကြီးများ၏ အရှက်မရှိသော အတွေးများအား သတိမထားမိဘဲ ဆရာချီအား မေးလိုက်သည်။

"ဆရာချီ ခုနတုန်းက ဆရာဝူက 'အထွတ်အထိပ်အဆင့်'လို့ ခင်ဗျား ပြောခဲ့သေးတယ် မလား အဲဒီ အဓိပ္ပာယ်ကို တစ်ချက်လောက် ရှင်းပြပေးလို့ ရမလား"

ချန်းဖန်က သူ့အား 'ဆရာ' ဟု နာမ်စားသုံးကာ ခေါ်လိုက်တော့ ဆရာချီက မခံယူဝံ့ဘဲ ထိတ်လန့် သွားရသည်။

"ဆရာချန်း ကျေးဇူးပြုပြီး ကျုပ်ကို ဆရာ တပ်ပြီး မခေါ်ပါနဲ့လားဗျာ ကျုပ်နဲ့ မတန်ပါဘူး"

ချန်းဖန်နှင့် ဆရာဝူ၏ တိုက်ပွဲအား ကြည့်ပြီး ကတည်းက ဆရာချီ၏ စိတ်ထဲ၌ ချန်းဖန်၏ ပုံရိပ်မှာ နတ်ဘုရား တစ်ပါး အလား မြင့်မား သွားခဲ့သည်။ ယခု သူလေးစားရသော ချန်းဖန်က မေးလာသော မေးခွန်းဖြစ်ရာ သူသိသမျှ မခြွင်းမချန် ဖြေရန် ဆရာချီက တွေးလိုက်သည်။

"အထွတ်အထိပ် အဆင့် ဆိုတာက ကမ္ဘာပေါ်မှာ လက်တစ်ဆုပ်စာ လောက်ပဲ ရှိတော့တဲ့ ကျင့်ကြံသူတွေရဲ့ အခေါ်အဝေါ်ပါ တာအိုနယ်ပယ်မှာ အဲဒီအဆင့်ကို ရောက်ရင် လူတစ်ယောက်က မှော်အစွမ်း တချို့ ပိုင်ဆိုင်လာပြီး မှော်ရတနာတွေကို အသုံးပြုလာနိုင်မယ် မှော်တိုက်ကွက်တွေ ထုတ်ဖော် လာနိုင်မယ် ပေါ့ဗျာ"

ဆရာချီက ခဏနားပြီး ဆက်ပြောသည်။

"တာအိုဝါဒီအရ ကြည့်မယ်ဆိုရင် အဲဒီအဆင့်ကို 'အညစ်အကြေးတွေ သန့်စင်ပြီး ချီဖွဲ့စည်းတဲ့ အဆင့်' လို့ ပြောကြတယ်၊ ဗုဒ္ဓဘာသာ ရှုထောင့်က ကြည့်မယ် ဆိုရင်ကျတော့ 'ဇင်အစိုင်အခဲ အဖြစ် ပြန်လည် မွေးဖွားခြင်းအဆင့်' လို့ ခေါ်ကြတယ်၊ သိုင်းပညာ လမ်းစဉ်မှာတော့ ပြင်ပ စွမ်းအားတွေကို အတွင်းအားအဖြစ် ပြောင်းလဲ ယူနိုင်တဲ့ အဆင့်လို့ ခေါ်ပြန်ရော ... ‌သိုင်းသင်တန်း ကျောင်းတွေ၊ ဂိုဏ်းတွေ ကွဲသွားတော့ ဒီအဆင့်ကိုပဲ ခေါ်တဲ့ နာမည်ကလည်း အမျိုးမျိုး စုံလို့ပါပဲ"

[Zen (ဇင်) ဆိုသည်မှာ ဂျပန်ပြည်တွင် ထွန်းကားသော ဇင် ဗုဒ္ဓဘာသာ ဖြစ်သည်။ တရုတ်တွင်‌တော့ ကျန်းဗုဒ္ဓဘာသာ ဟူ၍လည်း ခေါ်သည်။]

ဆရာချီက ရှင်းသာ ပြနေရသော်လည်း ချန်းဖန်ကဲ့သို့ တကယ့် ဆရာတစ်ဆူက ဤကဲ့သို့ အခြေခံကျသော မေးခွန်းလေးအား ဘာ‌ကြောင့် မေးမှန်း နားမလည်ပေ။

"ဪ ... ဒီလိုကိုး"

ချန်းဖန်က ခေါင်းညိတ်သည်။

အမှန်တကယ်တော့ အထွတ်အထိပ် အဆင့် ပညာရှင်များ ဆိုသည်မှာ ချီသန့်စင်ခြင်း အခြေခံ အဆင့်နှင့် အတူတူ ဖြစ်ပြီး တရုတ်ပြည်ရှိ များပြားလှသော သင်တန်းကျောင်းများက တစ်ယောက် တစ်မျိုးစီ ခေါ်နေကြ သောကြောင့် ချန်းဖန်က အစပိုင်းတွင် နားမလည်ခဲ့တာ ဖြစ်သည်။

အဘိုးဝေ့၊ လင်းပေါင်နှင့် ဆရာဝူတို့အား နမူနာ ကြည့်ရသော် ၎င်းတို့ အသုံးပြုသော ပညာရပ်များမှာ ကျင့်ကြံခြင်း လောကရှိ ပညာရပ်များနှင့် ဆင်တူယိုးမှား ရှိသော်လည်း တကယ့် အစွမ်းကတော့ ယှဉ်မရပေ။ နှမြောစရာပင်။

ထို့နောက်တွင် ချန်းဖန်က မေးခွန်း တစ်ခု ထပ်မေးလိုက်သည်။

"ဆရာဝူ ပြောလိုက်တာ တစ်ခု ရှိသေးတယ် 'ကောင်းကင်သခင် ဂိုဏ်းရဲ့ မိုးကြိုးပညာ' ဆိုလားပဲ အဲဒါကရော ဘာလဲ"

ဆရာဝူက သူ၏ မိုးကြိုးတံတိုင်း အစီအရင်အား ထိုသို့ ခေါ်လိုက်စဉ်က ချန်းဖန်လည်း အနည်းငယ်တော့ ကြောင်အသွားခဲ့တာ ဖြစ်သည်။ အရင်ဦးဆုံး သူ့အတွေးထဲသို့ ဝင်လာသည်မှာ ရှေးယခင် နှစ်ပေါင်းများစွာက ကောင်းကင် သခင်ကျန်း တည်ထောင်ခဲ့သော လုံဟူတောင်ပေါ်က ကောင်းကင် သခင်ဂိုဏ်းကိုပင်။

ဖြစ်နိုင်တာက ကျန်းမိသားစုမှ တစ်စုံတစ်ယောက်က ကောင်းကင် သခင်ကျန်း၏ မိုးကြိုးပညာရပ်ကို လက်ဆင့်ကမ်းပြီး ဂိုဏ်းတစ်ခု ထူထောင်ခဲ့ခြင်း များလား။

ချန်းဖန် တွေးနေစဉ်မှာပဲ ဆရာချီက ပြန်ဖြေလာသည်။

"လုံဟူတောင်ပေါ်က ကျန်းမိသားစုနဲ့ သူတို့ရဲ့ ပညာရပ်တွေက ပျောက်ကွယ် သွားခဲ့တာ ကြာလှပေါ့ ဒါပေမဲ့ ဆရာဝူပြောတဲ့ ကောင်းကင်သခင် ဂိုဏ်းကတော့ သပ်သပ်ဗျ အဲဒီဂိုဏ်းကလည်း လုံဟူတောင် ပေါ်မှာပဲ ရှိတာ ဆိုပေမဲ့ ကျန်း‌မိသားစုနဲ့ ဘာမှ မပတ်သက်ဘူး တိုက်ဆိုင်တာ တစ်ခုက သူတို့ ဂိုဏ်းကလည်း မိုးကြိုး ပညာရပ်ကိုပဲ အဓိကထားပြီး လေ့ကျင့်တယ်လေ သူတို့ရဲ့ မိုးကြိုး ပညာရပ်က ယင်သဘာဝရှိတဲ့ ဝိညာဉ်တွေနဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းရာမှာ အသုံးပြုနိုင်တယ် ကျုပ်ရဲ့ဆရာ ပြောဖူးတာတော့ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က လုံဟူ တောင်ပေါ်ကနေ ကောင်းကင်သခင် ဂိုဏ်းရဲ့ ဆရာသခင် တစ်ယောက် ဆင်းလာခဲ့ပြီး မရေမတွက်နိုင်တဲ့ မကောင်းဆိုးဝါးတွေနဲ့ အပြစ်သားတွေကို ဖမ်းဆီး နှိမ်နင်းခဲ့တယ်တဲ့ အခုတော့ အဲဒီ ဂိုဏ်းကြီး အကြောင်း ဘာမှ မကြားရတော့တာ နှစ်ငါးဆယ်လောက် ရှိနေပါပြီ"

ဆရာချီက ခဏနားပြီး ဆက်ပြောသည်။

"ဆရာဝူရဲ့ လေယူလေသိမ်း အရတော့ ကျုံးကျိုးမြို့အပိုင် တုန်းတူနယ်ဘက်က ဖြစ်မယ်ထင်တယ် အဲဒီနယ် တစ်ဝိုက်က ကျင့်ကြံသူတွေက မိစ္ဆာ ထိန်းချုပ်တဲ့ ပညာရပ်တွေမှာ ထူးချွန်လို့ ကျော်ကြားကြတယ် ကောင်းကင် သခင်ဂိုဏ်းရဲ့ မိုးကြိုးပညာရပ်က သူတို့လို မိစ္ဆာပညာကို အသုံးပြုတဲ့ သူတွေအတွက် သဘာဝ အန္တရာယ်လို ဖြစ်နေတော့ ကြောက်စိတ်က အရိုးစွဲနေပြီလေ အဲဒါကြောင့် ဆရာချန်းရဲ့ မိုးကြိုး ပညာရပ်ကို မြင်တော့ သူအရမ်း ကြောက်သွားပြီး ကောင်းကင်သခင် ဂိုဏ်းကလို့ ထင်သွားတာ ဖြစ်မယ်"

ဆရာချီက ခဏမျှ စဉ်းစားပြီးနောက် သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည်။

"ဆရာချန်းက ဘယ်ဂိုဏ်းကလဲ ဆရာချန်းရဲ့ ဆရာကရော ဘယ်သူများလဲ ကျုပ်ရဲ့ဆရာ ပြောဖူးတာက ကောင်းကင်သခင် ဂိုဏ်းသား တွေကသာ မိုးကြိုးလိုမျိုး သဘာဝ စွမ်းအင်ကို အခြေခံတဲ့ ပညာရပ်ကို အသုံးပြုနိုင်တယ်တဲ့ မဟုတ်မှလွဲရော ..."

ချန်းဖန်က ပြုံးရင်း ခေါင်းယမ်း လိုက်သည်။

"ကျွန်တော် ငယ်ငယ်လေးတည်းက ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းခဲ့ပြီး ပညာရပ်မျိုးစုံကို လေ့လာခဲ့တယ် ဒါပေမဲ့ ကျွန်တော်က ကောင်းကင်သခင် ဂိုဏ်းသားတော့ မဟုတ်ပါဘူး"

ဆရာချီ၏ အတွေးထဲ၌ မေးခွန်းများစွာ ရှိနေသေးသော်လည်း ချန်းဖန် မဖြေလိုသည်ကို ရိပ်မိ၍ ထပ်မမေးတော့ပေ။

"ဆရာချန်းက အသက် ငယ်ငယ်လေးနဲ့ ဒီလို အဆင့်ကိုတောင် ရောက်နေပြီ ဆရာချန်းနဲ့ ယှဉ်ကြည့်မိတော့ ကျုပ်ရဲ့ တစ်ဘဝလုံး အချိန်တွေ ဖြုန်းခဲ့မိသလိုတောင် ခံစားရပါရဲ့"

ဆရာချီက သက်ပြင်း ချမိသည်။ သူ့ယူဆချက်အရ ချန်းဖန်၏ လက်ရှိအဆင့်မှာ အထွတ်အထိပ် အဆင့် ပညာရှင်များထက်ပင် မြင့်သေးသည်။ ချန်းဖန်နှင့် စွမ်းရည်တူသူ တစ်ယောက် ရှာတွေ့ဖို့ပင် မလွယ်ပါချေ။ ချန်းဖန်၏ ဆရာက မည်မျှထိ အစွမ်းထက်နေ၍ ဤမျှ ထူးချွန်သော တပည့်အား မွေးထုတ်ပေး နိုင်သည်ကို သူက သိလိုလှသည်။

ဆရာချီ၏ အတွေးများကို သိနေ၍ ချန်းဖန်က ဘာမှ ဆက်မပြောတော့ပေ။

ချန်းဖန်၏ ဆရာ ထန်ချင်က နှစ်ပေါင်း ၈သိန်း၄သောင်းခန့် ရှင်သန်ခဲ့သော ထာဝရ ရှင်သန်သူ ဘွဲ့ထူးအား ရရှိထားသူ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ သေမျိုးများ၏ အမြင်တွင် သူက မည်မျှ အစွမ်းထက် နေပါစေ သူ့ဆရာကဲ့သို့ စစ်မှန်သော မသေမျိုး အဆင့်သို့ ပြန်လည် ရောက်ရှိရန် မူကား အလှမ်းဝေး၍ နေသေးသည်။

စားပွဲဝိုင်းရှိ အခြားသော လူများက ချန်းဖန်နှင့် ဆရာချီတို့ ပြောသမျှအား စိတ်ဝင်တစား နားထောင်နေကြပြီး ထိုနှစ်ယောက်၏ ပါးစပ်မှ ထွက်သမျှ စကားတိုင်းအား ယုံကြည်ကြသည်။

လူတိုင်း၏ စိတ်အတွင်း၌ တူညီသော အတွေးတစ်ခုက နေရာယူထားသည်။

'နတ်ဘုရားတွေနဲ့ မသေမျိုးတွေ အကြောင်း ပုံပြင်တွေက တကယ် မှန်နေတာပဲ … အမြင် ပွင့်ရပါပေတယ် …' ဟူ၍။

အဘိုးကြီးကျန်း ကတော့ အရင်ကတည်းက ထိုအရာများအပေါ် ယုံကြည်သူ ဖြစ်၍ အခြား သူများလောက် မအံ့ဩနေပေ။ အဘိုးကြီးကျန်းက ပြောလိုက်သည်။

"ဆရာချန်း ဆရာချီ … ကျုပ်တို့ ချူကျိုးမြို့မှာ ဆရာတို့လို လူတွေ ရှိနေတာ တကယ်ကို ဂုဏ်ယူစရာပါပဲ ဆရာချန်းဆိုရင် ဒီလောက် အသက် ငယ်ငယ်လေးနဲ့ အရမ်းကို အစွမ်းထက်နေပြီ ကျင့်ကြံခြင်း လမ်းစဉ်မှာ ရှားမှရှားတဲ့ ပါရမီရှင်ပဲ တစ်ဖက်မှာလည်း ဆရာချီက အသိပညာ ဗဟုသုတ အရမ်းကို ကြွယ်ဝပြီး မသိတာ မရှိရလောက်အောင်ပဲ"

အတွေ့အကြုံများသော မြေခွေးအိုကြီး ပီသစွာ အဘိုးကြီးကျန်းက ချန်းဖန်တို့ နှစ်ယောက်လုံးအား အဓိက အချက်များကို ထောက်ပြကာ ထိထိမိမိ မြှောက်ပင့် သွားသည်။

ဆရာချီက ချန်းဖန်လောက် မထူးချွန်သည်မှာ မှန်သော်လည်း ဗဟုသုတ အရာတွင် အသက်ကြီးသူ ဖြစ်သည့် အလျောက် သူက သာသည်ဟူ၍ ယူဆကာ အပြုံးကြီးကြီး တစ်ခုနှင့် ဂုဏ်ယူနေသည်။

"ဆရာချန်းက အထက်တန်း ကျောင်းသား အရွယ်မှာတင် မိုးကြိုးကို ဆင့်ခေါ်နိုင်တယ် တက္ကသိုလ်သာ ရောက်လို့ကတော့ နတ်ဘုရားတစ်ပါးလို အစွမ်းထက်မှာ အသေအချာပဲ"

တတိယ သခင်ကြီးက ချန်းဖန်အား ကပ်ဖားရပ်ဖား ပြုံးပြလျက် မြှောက်ပင့် ပြောဆိုလိုက်သည်။

"ဒီလို လူမျိုးနဲ့ မိတ်ဆွေဖြစ်ရတာ ကျုပ် တစ်သက်တာလုံးမှာ ဂုဏ်ယူစရာပါပဲ"

ချန်းဖန်က တတိယ သခင်ကြီးအား မကျေမနပ် တစ်ချက် လှမ်းကြည့် လိုက်သည်။ ထိုအဘိုးကြီး၏ အတုမရှိသော ဖားယားခြင်း စကေးမှာ ကျိုးထျန်ဟောက် ထက်ပင် သာနေသေးရာ သူက အလွန် အံ့ဩရသည်။

တတိယသခင်ကြီး၏ မြှောက်ပင့်သော စကားများက စားပွဲဝိုင်းရှိ အခြားသော သူဌေးများအား သတိပေးလိုက်သလို ဖြစ်သွားသည်။ မကြာခင်မှာပဲ ချန်းဖန် တစ်ယောက် သူဌေးတစ်စု၏ အလုအယက် ဝိုင်းဝန်း မြှောက်ပင့်ခြင်းကို ခံနေရသော ကိုးရိုးကားရား အခြေအနေတစ်ခုသို့ ရောက်ရှိ သွားတော့သည်။

သက်တော်စောင့်များနှင့် အစေခံများကပင် ချန်းဖန်အား မနာလိုခြင်း ကြီးစွာ ဖြစ်ရသည်။ ထိုကလေးက ဆယ့်ခြောက်နှစ် သာသာမျှသာ ရှိသေးသော်လည်း မမှန်းဆ နိုင်လောက်သော အနာဂတ်အား ပိုင်ဆိုင် ထားပေသည်။ သူကား အရောင် မတင်ရသေးသော စိန်ပွင့်လေး ကဲ့သို့ပင်။

ဟန်ယွင်က တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် ချန်းဖန်အား ကြည့်လို့နေသည်။ သူက မကြာခင်တွင် သူမအပိုင် ဖြစ်လာစေရမည်။

အချိန်ခဏ ကြာပြီးနောက် အဘိုးကြီးကျန်းက စကား စလာသည်။

"ဆရာချန်း တြိဂံရှစ်ခု အစီအရင်ကို ဘယ်လို လုပ်မယ်လို့ တွေးထားလဲ"

***

All Chapters