ပြန်လည် ဆုံစည်းခြင်း
Vol. 1 Ch. 39
အဘိုးကြီးကျန်း၏ စကားကြောင့် အားလုံးက လာရင်းကိစ္စကို သတိရသွားကြသည်။ ရှင်းကျုံးတို့ သုံးယောက်၏ လိမ်လည်မှုက ပေါ်သွားပြီဖြစ်ရာ ထိုသစ်သားပြားအား သူတို့က ဘာလုပ်ရမည်နည်း။
သူတို့အားလုံးက ရှေးဟောင်း ပစ္စည်းကို လေလံဆွဲရန် လာခဲ့ကြသော်လည်း ရှင်းကျုံးက ယွမ် လေးဆယ့်ငါးသန်း လိမ်လည်ရန် ကြံစည်ခဲ့သည်။ လေးဆယ့်ငါးသန်း ဟူသော ပမာဏက ၂၀၀၇ ခုနစ်တွင် ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ် တစ်လုံးပင် ဝယ်နိုင်ပေသည်။
ချန်းဖန်က ပြောလိုက်သည်။
"သစ်သားပြားပေါ်က အစီအရင်က အများဆုံး နှစ်ကြိမ်လောက်တော့ သုံးလို့ရသေးတယ်"
ချန်းဖန်၏ စကားကို ကြားတော့ အားလုံးက စိတ်ပျက်လက်ပျက် သက်ပြင်းချမိကြသည်။
သစ်သားပြားပေါ်ရှိ အစီအရင်က ချန်းဖန်၏ ကြောက်စရာ မိုးကြိုး ပညာရပ်ထက် စာလျှင် စီးပွားရေး သမားများနှင့် ပိုမို အဆင်ပြေသော်လည်း နှစ်ကြိမ်သာ အသုံးပြုနိုင်တော့ခြင်းကတော့ နှမြောစရာပင်။
"ဒီကောင် ရှင်းကျုံးကတော့ ငါ့ကိုများ အရူးလုပ်ရဲတယ်"
တတိယ သခင်ကြီးက ဒေါသတကြီးနှင့် စားပွဲအားရိုက်ရင်း မကျေမနပ်ပြောသည်။ သူက အသက်လေးဆယ်မျှသာ ရှိသေးသော်လည်း အရက် အလွန်အကျွံ သောက်သုံးမှုကြောင့် အသက်ခြောက်ဆယ် အရွယ် အဘိုးကြီးကျန်းကမှ သူ့ထက် ပိုနုပျို သေးသည်။
"ကိစ္စမရှိပါဘူး "
ချန်းဖန်က ပြောသည်။
"သစ်သားပြားပေါ်က အစီအရင်က အကြမ်းထည် သဘောမျိုးပဲ လုပ်ထားတာ အရည်အသွေးက အရမ်းမကောင်းဘူး ပိုကောင်းတဲ့ တစ်ခုကို ကျွန်တော် လုပ်ပေးပါ့မယ်"
စားပွဲရှိ လူအားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
သူဌေးယန်က စိတ်လှုပ်ရှားစွာနှင့် မေးလာသည်။
"ဆရာချန်း.. ဆရာချန်းက မှော်ရတနာတစ်ခုကို ကိုယ်တိုင် လုပ်ပေးနိုင်တယ်လို့ ပြောလိုက်တာလား"
ချန်းဖန်က သူ၏ ကျောက်စိမ်း အဆောင်အား ဖြုတ်၍ စားပွဲပေါ် တင်လိုက်သည်။ လူတိုင်း၏ အာရုံက လှပသော ကျောက်စိမ်း အဆောင်လေးဆီသို့ ရောက်ရှိသွားသည်။ ထိုအရာလေးက ဆရာဝူအား တိုက်ခိုက်စဉ် ချန်းဖန် အသုံးပြုခဲ့သော အရာဖြစ်ကြောင်း အားလုံးက မှတ်မိကြသည်။
ကျောက်စိမ်း၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင် တလက်လက် တောက်ပနေသော မှော်စာလုံးလေးများ ရှိနေသည်။ တစ်ချက်တစ်ချက် ထိုစာလုံးလေးများမှ ရွှေရောင် အလင်းလေးများ ဖြာထွက်လာတတ်သည်။ ချန်းဖန်က ဝိညာဉ် စုဆောင်းခြင်း အစီအရင်အား အသက်သွင်းလိုက်သည်တွင် အဖြူရောင် မြူနှင်းလွှာ တစ်ခု ဖြစ်ပေါ်လာပြီး ခြံဝန်းတစ်ခုလုံးအား အုပ်မိုးသွားသည်။ မြူနှင်းလွှာ၏ ဧရိယာအတွင်းတွင် ရှိနေသော လူများက ပြောမပြနိုင်လောက်အောင် သက်တောင့်သက်သာ ရှိမှုကို ခံစားလိုက်ရပြီး ကုန်ဆုံးသွားသော အားအင်များ ခဏချင်း ပြန်လည် ပြည့်ဖြိုးလာသလို ခံစားလိုက်ရသည်။
"ဒီ ကျောက်စိမ်းအဆောင်က တတိယသခင်ကြီးရဲ့ လေလံပွဲက ရတဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတာ၊ အစီအရင်ကို ပြင်ဆင်ဖို့တော့ ရက်အနည်းငယ်လောက် အချိန်ပေးလိုက်ရတယ်"
ချန်းဖန်က ပြောလိုက်သည်။
လူတိုင်းက ကြားလိုက်ရသော စကားကြောင့် အကြီးအကျယ် တုန်လှုပ်သွားကြပြီး ဤမျှ အဖိုးတန်သော ကျောက်စိမ်းအား လေလံ တင်ပစ်ရက်သော တတိယသခင်ကြီးထံ ငတုံး တစ်ယောက်အား ကြည့်သကဲ့သို့ ဝိုင်းကြည့်လိုက်ကြသည်။ ပိုအရေးကြီးသည်မှာ တတိယ သခင်ကြီးက ထိုကျောက်စိမ်းအား မည်သည့် နေရာမှ ရရှိခဲ့သလဲ ဆိုတာပင်။
ဦးလေးလင်းက မနေသာတော့ဘဲ လေလံပွဲညက အဖြစ်အပျက် အလုံးစုံအား စားပွဲဝိုင်းရှိ လူများထံ ရှင်းပြလိုက်သည်။ ဦးလေးလင်း၏ စကားဆုံးတော့ အားလုံးက ချန်းဖန်အား နောက်တစ်ကြိမ် မလေးစားဘဲ မနေနိုင်တော့။
"ဆရာချန်း ဘာတွေလိုသလဲ ဆိုတာသာ ပြောပါ ကျုပ်က တြိဂံရှစ်ခု မှော်အစီအရင် လိုမျိုး တစ်ခုလောက်ပဲ ရရင် ဖြစ်ပါတယ်"
သူဌေးယန်က ပထမဆုံး စတင် ကမ်းလှမ်းလာသည်။ သူ၏တစ်ဘဝလုံးမှာ ချန်းဖန်၏ ဆုံးဖြတ်ချက်အပေါ် မူတည်နေသည့် အလား ချန်းဖန်အား မျှော်လင့်တကြီး ကြည့်လို့နေသည်။
မကြာခင်မှာပဲ ညစာ စားပွဲဝိုင်းမှသည် တစ်ယောက်နှင့် တစ်ယောက် အပြိုင်အဆိုင် လေလံဆွဲကြသော ပွဲကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ သူဌေးများက သူ့ထက်ငါ ခေါင် ဈေးပြိုင်ပေးကြရင်း ကျောက်စိမ်းအဆောင်၏ တန်ဖိုးမှာ ယွမ်သန်း ငါးရာကျော်အထိ ရောက်ရှိသွားတော့သည်။
"တော်ပြီ တော်ပြီ ကျွန်တော် ပိုက်ဆံမလိုဘူး ခင်ဗျားတို့သာ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းကို ရှာပေးမယ်ဆိုရင် ကျွန်တော် အလကား လုပ်ပေးပါ့မယ်"
ချန်းဖန်က နားမခံသာ နိုင်တော့သည့် အဆုံး ငြင်းခုံနေကြသော စီးပွားရေး လုပ်ငန်းရှင်များ၏ စကားဝိုင်းအား ဖြတ်ပြောလိုက်ရသည်။
ချန်းဖန်၏ ဆုံးဖြတ်ချက်ကို ကြားရတော့ သူဌေးများ၏ မျက်နှာမှာ မှိုရသကဲ့သို့ ဝင်းပသွားကြပြီး အပြိုင်အဆိုင် ခေါင်းညိတ် သဘောတူလာကြသည်။
"စိတ်ချပါ ဆရာချန်း ကမ္ဘာပေါ်က အကောင်းဆုံး ကျောက်စိမ်းကို ရအောင် ရှာပေးမယ်လို့ ကတိပေးပါတယ်"
သူဌေး တစ်ယောက်က ယုံကြည်မှုရှိစွာ ပြောလာသည်။ အဘိုးကြီးကျန်းပင် အလွန် တက်ကြွနေပြီး အကောင်းဆုံး ကျောက်စိမ်းအား အမြန်ဆုံး ရှာပေးပါမည်ဟု ပြောလာသည်။
ချန်းဖန်က ပြုံးရုံသာ ပြုံးနေလိုက်သည်။
ပိုက်ဆံက သူ့အတွက် ဘာမှ အသုံးမဝင်ပေ။ သို့သော် အကောင်းဆုံး အရည်အသွေးရှိသည့် ကျောက်စိမ်းကတော့ ကွဲပြားပေသည်။ အကယ်၍ သူ့တွင် ပိုက်ဆံများ တောင်လို ပုံအောင် ရှိနေလျှင်ပင် အရည်အသွေး ကောင်းသည့် ကျောက်စိမ်းများက အင်အားကြီး မိသားစုကြီးများ၏ လက်ဝယ်တွင်သာ ရှိတတ်ပြီး ဈေးကွက်ထဲ၌ သိပ်မတွေ့ရတတ်ပေ။
သို့သော်လည်း ဤစားပွဲ၌ ရှိနေသူများက စီးပွားရေးလောကတွင် သာမန်လူများ မဟုတ်ကြရာ မည်သည့် ရတနာမျိုး ဖြစ်ပါစေ ဘယ်လိုနေရာတွင် ဘယ်လိုရှာရမည်ကို တခြားသူများထက် ပို၍ သိကြသည်။ ချန်းဖန် ကိုယ်တိုင်ပင် လက်လှမ်းမမီသော နေရာများအား ဤလူများက လက်လှမ်းမီကြသည်။
ချန်းဖန်က ကျောက်စိမ်း အဆောင်ကို စတင် ပြုလုပ်ချိန်တည်းက သူ့မိသားစုနှင့် ရှောင်ချုံးအတွက်ပါ ပြုလုပ်လိုခဲ့ခြင်း ဖြစ်သည်။ အဓိက ပြဿနာမှာ ကျောက်စိမ်း အဆီအနှစ်က အလွန် သေးငယ်နေလေရာ သူ့အနေနှင့် တခြားသော အရည်အသွေး ကောင်းသည့် ကျောက်စိမ်း အများအပြား လိုအပ်နေခဲ့သည်။ မထင်မှတ်ဘဲ သူ့အား အသုံးချချင်နေခဲ့သော ဤသူဌေး တစ်စုက မိုးကျရွှေကိုယ်လို ပေါ်လာခဲ့ရာ ရေကန်အသင့် ကြာအတင့်ပင်။ သူကလည်း အရည်အသွေး ကောင်းသည့် ကျောက်စိမ်းများ ရှာဖွေရေးအတွက် ဤလူများအား တာဝန်လွှဲလိုက်ရုံသာ။
သဘော တူညီမှု ပြုလုပ်ပြီးနောက် ညစာစားပွဲအား အဆုံးသတ်လိုက်ကြသည်။ ချန်းဖန် ထွက်ခွာသွားသည်နှင့် သူဌေးတစုမှာ သူ့ထက်ငါအရင် အကောင်းဆုံး ကျောက်စိမ်း ရှာတွေ့ရေးအတွက် ဆိုင်ရာဆိုင်ရာ အဆက်အသွယ်များ ဆီသို့ ဖုန်း တဂွမ်ဂွမ် ဆက်ကြရင်း အလုပ်ရှုပ်သွားကြတော့သည်။
ရက်အနည်းငယ် ကြာပြီးနောက် အောက်တိုဘာ ၁ရက်နေ့ တရုတ် အမျိုးသားနေ့ ပိတ်ရက်များသို့ ရောက်ရှိလာသည်။ ချန်းဖန်က စီကျွေးနယ်သို့ တခါက်ပြန်ပြီး မိဘများနှင့် တွေ့ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း သူ့အဖေနှင့် ဖုန်းပြောလိုက်သည့် အခါ အမေနှင့် အမအန်းရာ နှစ်ယောက်လုံးက ပိတ်ရက်၌ အိမ်ပြန်လာမည် မဟုတ်ကြောင်း သိလိုက်ရသည်။ သူ့အဖေက သူ့အားလည်း ချူကျိုးမြို့တွင်သာ ပိတ်ရက်ကို ကုန်ဆုံးပြီး စာကို ဂရုတစိုက် ကြိုးစားရန် ပြောသည်။
ထို့နောက်တွင် အမရင်ကလည်း ဖုန်းဆက်လာသည်။ ပိတ်ရက်များ၌ ဘားတွင် ဧည့်သည် များလေ့ ရှိသောကြောင့် အလုပ် လာပေးပါရန် ပြောသည်။
ချန်းဖန်က လက်ရှိတွင် ပိုက်ဆံ ယွမ်သန်း နှစ်ဆယ်ခန့် ပိုင်ဆိုင်ထားပြီး ယွင်ဝူတောင်ပေါ်က အပန်းဖြေအိမ် တစ်လုံးလည်း လက်ဆောင် ရထားသေးရာ ဘားမှ အလုပ်အား ထွက်လိုက်လျှင် ကောင်းမည်ဟု တွေးမိသည်။
သို့သော်လည်း အမရင်ထံသို့ တရားဝင် အလုပ်ထွက်စာ မတင်ရသေးရာ အလုပ် ခဏခဏ ပျက်ကွက်ဖို့ မသင့်ပေ။ သေချာ စဉ်းစားပြီးနောက် သူက အလုပ် သွားရန်သာ ဆုံးဖြတ်လိုက်သည်။
ပိတ်ရက်များ၌ CoCoဘားတွင် လူက အဆမတန် ကျပ်သိပ်နေပြီး ဝိတ်တာများမှာလည်း လက်မလည်အောင် အလုပ်ရှုပ်နေကြသည်။ ချန်းဖန်က စားပွဲဝိုင်းတစ်ခုသို့ ဝိုင်တစ်ခွက် သွားချပေးရင်း ရင်းနှီးနေသော အသံ တစ်သံကို ကြားလိုက်ရသည်။
"ချန်းဖန်"
ချန်းဖန်က လှည့်ကြည့်လိုက်တော့ သူ့အား အံ့ဩစွာ ကြည့်နေသော ကျန်းထန်ချိုးအား တွေ့လိုက်ရလေသည်။
***