← Chapters

ခင်ဗျားကို ရိုက်‌ပေးမယ်

Vol. 1 Ch. 40

ခင်ဗျားကို ရိုက်‌ပေးမယ်

Vol. 1 Ch. 40

"ဒီမှာ တွေ့ရတာ ဝမ်းသာစရာပဲ"

ချန်းဖန်က ပြုံးရင်း ပြောလိုက်သည်။

"အေးကွ"

ကျန်းထန်ချိုး၏ မျက်လုံးများက အရောင် တစ်ချက် လက်သွားသည်။ သူက လေလံပွဲတွင် ရှိမနေခဲ့ရာ ချန်းဖန် ဘားတွင် အလုပ်လုပ်ကြောင်း သိမထားခဲ့ပေ။ သူ့စိတ်ထဲတွင် ချန်းဖန်က ထူးဆန်း၍ မာနကြီးသော သူငယ်ချင်း‌လေး ဖြစ်ရာ ဘားတွင် အလုပ်လုပ်နေသော ချန်းဖန်အား မြင်လိုက်ရတော့ အနည်းနှင့် အများတော့ အံ့ဩသွားတာ အမှန်ပင်။

"ရှောင်ချိုး သူက နင့်သူငယ်ချင်းလား"

မိန်းကလေး တစ်ယောက်က စားပွဲမှ ထလာပြီး မေးသည်။

"ဟုတ်တယ် အမချန်ချန် သူက ကျွန်တော်နဲ့ အတူတူ ထိုင်တဲ့သူလေ နာမည်က ချန်းဖန်"

ကျန်းထန်ချိုးက မိတ်ဆက် ပေးလိုက်ရသော်လည်း ချန်းဖန်၏ နိမ့်ကျသော အလုပ်အကိုင်ကြောင့် အနည်းငယ် ရှက်ရွံ့နေသည်မှာ သိသာလှသည်။

ကျန်းထန်ချိုးတို့ စားပွဲ၌ အခြားသော အမျိုးသား တစ်ယောက်လည်း ထိုင်နေသည်ကို ချန်းဖန်က သတိပြုမိသည်။ ထိုအမျိုးသားက အသက် နှစ်ဆယ်ခန့် ရှိပုံပေါ်ပြီး ရုပ်ရည် ကြည့်ကောင်းကာ အရပ်လည်း ရှည်သည်။

ချန်းဖန်ကတော့ ထိုလူစုအား ကျန်းထန်ချိုးနှင့် တွဲကာ မြင်လိုက် ရစဉ်တည်းက မျက်နှာ ပျက်သွားခဲ့တာ ဖြစ်သည်။

ထိုစဉ်မှာပဲ အစောက ကျန်းထန်ချိုး မိတ်ဆက်ပေးသော မိန်းကလေးက စကားစလာသည်။

"ဟိုင်း တွေ့ရတာ ဝမ်းသာပါတယ် ကျွန်မက ရှောင်ချိုးရဲ့ အိမ်နီးနားချင်းပါ ရှောင်ချန်လို့ ခေါ်နိုင်ပါတယ်"

သူမက ချန်းဖန်ထံသို့ လက်တစ်ဖက် ကမ်းပေးလာသည်။

ချန်းဖန်က ထိုမိန်းကလေးအား လျစ်လျူရှုလိုက်ပြီး ကျန်းထန်ချိုးအား ပြောလိုက်သည်။

"ကောင်းကောင်း ပျော်ခဲ့ကွာ ငါ အလုပ်လုပ်ရဦးမှာ မလို့"

စကားဆုံးသည်နှင့် ချန်းဖန်က လှည့်ထွက်သွားပြီး ရှောင်ချန်ဆိုသော မိန်းကလေးအား မျက်လုံးတစ်ချက်ပင် စွေမကြည့်ခဲ့ပေ။

ရှောင်ချန်က အံ့ဩသွားပြီး တချိန်တည်းမှာပဲ မကျေမနပ် ဖြစ်သွားရသည်။

ကျန်းထန်ချိုးကလည်း ပို၍ စိတ်ရှုပ်သွားပြီး တောင်းပန်‌လိုက်သည်။

"သူ့ကို စိတ်မရှိပါနဲ့ အမချန်ချန် သူက.. အမြဲအဲ့လိုပဲ"

"သူ့အကြောင်း မေ့လိုက်တော့ ချန်ချန် ဒီမှာ ပြန်လာထိုင်လေ"

စားပွဲဝိုင်းရှိ အမျိုးသားက နွေးထွေးသော အပြုံး တစ်ခုနှင့် ပြောလာသည်။

ရှောင်ချန်က မကျေနပ်သေးသော်လည်း အင်တင်တင်နှင့် စားပွဲတွင် ပြန်ထိုင်လိုက်ရသည်။

ကျန်းထန်ချိုးလည်း စားပွဲတွင် ထိုင်လိုက်သည်နှင့် ခုန အမျိုးသားကပင် ထပ်မံ၍ စကားစလာသည်။

"ရှောင်ချိုး ဒါက ကိုယ်တို့ ပထမဆုံး ဆုံဖူးကြတာ ဆိုတာကို ကိုယ်သိပါတယ် ကိုယ့်အနေနဲ့ မင်းရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်မစွက်ဖက်သင့်ဘူး ဆိုတာလည်း ကိုယ်သိတယ်"

ထိုအမျိုးသားက မလိမ္မာသော ညီငယ်လေးအား ဆုံးမနေသော အကိုကြီး တစ်ယောက်၏ လေသံနှင့် စိတ်ရှည်လက်ရှည် ဆက်ပြောသည်။

"ဒါပေမဲ့ စီနီယာ တစ်ယောက်အနေနဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းသင်း ဆက်ဆံတဲ့နေရာမှာ တချို့ဘအချက်လေးတွေကို သတိပေးချင်တယ် အထူးသဖြင့် ခုနကောင်လေးလို သူငယ်ချင်းမျိုးပေါ့ ဥပမာ သူ့ရဲ့အလုပ်အကိုင်က နည်းနည်း မေးခွန်းထုတ်စရာ ဖြစ်နေပေမဲ့ ဒီအရွယ်မှာ ကိုယ်ပိုင် ဝင်ငွေ ရှာတာက ကောင်းပါတယ် ဒါပေမဲ့ သူ့ရဲ့ အပြုအမူက ရိုင်းပျလွန်းတဲ့အပြင် မြင်ရတာ မသင့်တော်ဘူး၊ ရှောင်ချိုး.. ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ဖူးလား ဒီလိုလူမျိုးက သူငယ်ချင်းလုပ်ဖို့ ယုံကြည်ရရဲ့လား ဆိုတာကိုပေါ့"

"အမှန်ပဲ ရှောင်ချိုး နင့်ရဲ့ စီနီယာ အကိုချီ ပြောတာကို နားထောင်သင့်တယ်"

ကျန်းထန်ချိုးက ကူကယ်ရာ မဲ့သလို ခံစားလိုက်ရသည်။ သူက ပြန်လည် ချေပလိုသော်လည်း ပြောစရာ စကားကလည်း ရှာမရသောကြောင့် ခေါင်းသာ ငုံ့ထားမိသည်။

စိတ်ထဲတွင်လည်း ချန်းဖန်အား အပြစ်တင်နေတော့သည်။ သူက ချန်းဖန်အား အကောင်းဆုံး သူငယ်ချင်းအဖြစ် အမြဲ သတ်မှတ်ထားခဲ့သည်။ သို့သော်လည်း ထိုအကောင်က သူ့အား နည်းနည်းလေးမှ မျက်နှာသာ မပေးပေ။ သူလိုက်နေသော ကောင်မလေးနှင့် သူ၏ အချစ် ပြိုင်ဘက် စီနီယာ၏ ရှေ့၌ အရှက်ရအောင် လုပ်သွားသေးသည်။ သူငယ်ချင်းကောင်း တစ်ယောက်အနေနှင့် ကိုယ့်သူငယ်ချင်း၏ အချစ်ရေးအား ကူညီ မပေးသည့်အပြင် ဖျက်လုပ်ဖျက်ဆီးပင် လုပ်သွားသေး၏။

ကျန်းထန်ချိုး မသိတာတစ်ခုက ချန်းဖန်သည် ရှောင်ချန်ဆိုသော မိန်းကလေးအား ကောင်းကောင်းကြီး မှတ်မိနေသေးတယ် ဆိုတာပင်။

သူမက ကျန်းထန်ချိုး၏ အိမ်နီးနားချင်း ဖြစ်ပြီး ကျန်းထန်ချိုးထက် တစ်နှစ်ကြီးကာ ချူကျိုး တက္ကသိုလ်တွင် တက်ရောက်နေသည်။ ကျန်းထန်ချိုးက အပြင်ပန်းတွင် ပွေရှုပ်သည့်ပုံ ပေါ်သော်လည်း အမှန်‌တွင်တော့ ရှောင်ချန်အား ငယ်စဉ် ကလေး ဘဝ ကတည်းက တိတ်တခိုး သဘောကျနေခဲ့တာ ဖြစ်သည်။

ချန်းဖန်၏ အတိတ်ဘဝ မှတ်ဉာဏ်များအရ နောက်ပိုင်းတွင် ကျန်းထန်ချိုးမှာ ထို မိန်းမကြောင့် ဒုက္ခ ရောက်ခဲ့ရပြီး သူ့ဘဝ တစ်ခုလုံး စုတ်ပြတ်သွားခဲ့ရသည်။ တစ်ဖက်တွင်တော့ ထိုမိန်းမက ကျန်းထန်ချိုး ထောင်ကျသွားပြီး မကြာခင်မှာပဲ ရည်းစားအသစ် ရသွားကာ ကျန်းထန်ချိုး၏ ထောင်ဒဏ် ခုနစ်နှစ် အတွင်း တစ်ခေါက်မျှပင် လာမတွေ့ခဲ့။

ဤမျှ အရှက်မဲ့သော မိန်းမ တစ်ယောက်အား ချန်းဖန်က ကောင်းကောင်း နှုတ်ဆက်ပေးဖို့ စိတ်ကူးကို မရှိတာ ဖြစ်သည်။

"ရှောင်ချိုး ကြည့်ရတာ မင်းသူငယ်ချင်း ဒုက္ခရောက်နေပုံပဲ"

စီနီယာ အကိုချီက တစ်နေရာကို လှမ်းကြည့်ရင်း ပြောလာသည်။

စားပွဲဝိုင်းရှိ လူသုံး‌ယောက်က တစ်ပြိုင်နက်တည်း လှည့်ကြည့်မိကြသည်တွင် အသား‌အရည် ‌ဖြူဖတ်ဖြူလျော် လူတစ်ယောက်နှင့် ကတောက်ကဆ ဖြစ်နေဟန်ရှိသော ချန်းဖန်အား တွေ့လိုက်ရသည်။

"အဲ့ဒီ့လူကို ကိုယ်သိတယ် သူက ဒီဘားရဲ့ မန်နေဂျာ သူဌေးယန်တဲ့ ပြောကြတာတော့ သူက အကိုတုန်းရဲ့ ယောက်ဖဆိုပဲ သွားရှုပ်လို့ ရတဲ့သူ မဟုတ်ဘူး"

စီနီယာ အကိုချီက ခေါင်းယမ်းရင်း စိတ်မကောင်းဟန်နှင့် ပြောသည်။

"ရှောင်ချိုး ကြည့်ရတာ မင်း သူငယ်ချင်းတော့ လွယ်မယ်မထင်ဘူး"

"ဘယ်သူက သူ့ကို ဂရုစိုက်မှာလဲ သူဌေးယန် ဆိုတဲ့လူက သူ့ကို ကောင်းကောင်း ပညာ ပြလိုက်ပါစေ လို့တောင် ဆုတောင်းသေးတယ် သောက်ရအောင် အဲဒီကောင်ကို ဂရုစိုက်မနေနဲ့"

ရှောင်ချန်၏ အလိုမကျသော စကားကြောင့် ချန်းဖန်အား သွားကူရန် မတ်တတ်ရပ်ပြီး ဖြစ်သော ကျန်းထန်ချိုးမှာ ထိုင်ရမလို၊ ထရမလို ဖြစ်သွားသည်။ နောက်ဆုံးတော့ အင်တင်တင်နှင့် ထိုင်ခုံတွင် ပြန်ထိုင်လိုက်တော့သည်။

"ဒါနဲ့ အကိုချီ အကိုတုန်း ဆိုတာ ဘယ်သူလဲ"

ရှောင်ချန်က သိလိုစွာ မေးလိုက်သည်။

"အကိုတုန်းဆိုတာ တက္ကသိုလ်လမ်း တစ်ဝိုက်မှာ အတော်လေး လွှမ်းမိုးနိုင်စွမ်း ရှိတဲ့သူပဲ ဒီနား တစ်ဝိုက်က အဆောက်အဦး တော်တော်များများက သူ ရှယ်ယာဝင်ထားတဲ့ ဟာတွေ ချည်းပဲလေ"

အကိုချီက ပြုံးရင်း ပြန်ဖြေသည်။

"ဒါဆို သူဌေးယန်က အကိုတုန်းရဲ့ ကာကွယ်မှု ရထားတဲ့ သူတွေထဲက တစ်ယောက်ပေါ့ အဲ့လိုလား"

ထိုစကားများကို ကြားရသော် ကျန်းထန်ချိုး၏ မျက်နှာက တည်သွားပြီး ချန်းဖန်အား စိတ်မချစွာနှင့် ဖင်တကြွကြွ ဖြစ်နေသော်လည်း ရှောင်ချန် ရှိနေသောကြောင့် ထိုင်ရာက မထမိသေး။

ရှောင်ချန်က တစ်စုံတစ်ရာအား သတိရသွားပုံနှင့် ပြုံးလိုက်သည်။

"အကိုတုန်း ဆိုတဲ့သူက ဘယ်လောက်ပဲ ချမ်းသာ ပါစေဦး အကိုချီနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ အာ.. ဟုတ်သားပဲ ရှောင်ချိုး အကိုချီရဲ့ မိဘတွေအကြောင်း နင့်ကိုငါ မပြောပြရသေးဘူးမလား အကိုချီရဲ့ အဖေက ယွင်ရှန်းလမ်း တဝိုက်မှာ အအောင်မြင်ဆုံး စီးပွားရေး လုပ်ငန်းရှင်လေ၊ ငါ လောင်းရဲတာက အကိုတုန်းလို လူတောင်မှ အကိုချီ့ကို တွေ့ရင် လေးလေးစားစား ပြောဆို ဆက်ဆံရမယ် ဆိုတာပဲ"

ရှောင်ချန်၏ လေသံက ဂုဏ်ယူဝံ့ကြွားမှုတို့နှင့် ပြည့်နှက်နေသည်။

ကျန်းထန်ချိုးကတော့ ပြုံးပြီးသာ နားထောင်နေရသည်။

အကိုချီက အရယ် တစ်ဝက်နှင့် ဝင်ပြောလာသည်။

"ချန်ချန် ပြောသလောက်တော့လည်း မဟုတ်ပါဘူး ဒါပေမဲ့ အကိုတုန်းက ကိုယ့်သာ တစ်ခုခု တောင်းဆိုရင် မျက်နှာသာ ပေးလောက်တာကတော့ သေချာပါတယ်"

ကျန်းထန်ချိုးက ရှောင်ချန်၏ အကိုချီ့ အပေါ် တိမ်းညွှတ်နေမှုအား မြင်နေရသည်။ သူက မည်မျှပင် ကြိုးစားပါစေ အကိုချီနှင့်တော့ အဘက်ဘက်တွင် အလှမ်းကွာလို့နေသည်။ အကိုချီက သူ့ထက် ပိုကြည့်ကောင်းရုံတင် သာမက ရှောင်ချန်ထက်လည်း အသက်ပိုကြီးရာ အကိုချီ၏ တည်ငြိမ်ရင့်ကျက်သော အသွင်သဏ္ဌာန်က ရှောင်ချန့် အတွက်တော့ စိတ်ကူးယဉ်စရာပင်။

ထိုအချိန်တွင် ကျန်းထန်ချိုးတို့ စားပွဲနှင့် မလှမ်းမကမ်း တစ်နေရာ၌ ချန်းဖန်နှင့် သူဌေးယန်တို့ မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ချန်းဖန်၏ ဘေး၌ မျက်ရည်များ အဆက်မပြတ် စီးကျနေသော ကျီချီ ရှိနေ၏။

"ဘာလဲ ငါက ငါ့ရဲ့ အလုပ်သမားကိုတောင် စကားပြောလို့ မရဘူးလား"

သူဌေးယန်က ချန်းဖန်အား လက်ညှိုး ထိုးလျက် ပြောသည်တွင် တံတွေးများက နေရာအနှံ့ လွင့်စင်လာသည်။

"ကောင်လေး မင်းကိုယ်မင်း ချန်းရင်ရဲ့ နောက်မှာပဲ ပုန်းနေ‌သင့်တယ်လို့ မထင်ဘူးလား ငါက ဒီဘားရဲ့ မန်နေဂျာ၊ မင်းက ဝိတ်တာ ဘာလုပ်ရမလဲ ဆိုတာကို ငါကပဲ ဆုံးဖြတ်မယ် ငါပြောတာ ကြားလား"

"ခင်ဗျားရဲ့ လက်ကို ဝေးဝေးဖယ်"

ချန်းဖန်က ခပ်အေးအေးပင် ပြောလိုက်သည်။

"တကယ်လို့ ငါက မဖယ်ရင်ရော မင်းက ငါ့ကို ရိုက်မှာလား"

သူဌေးယန်က ရင့်သီးစွာ ပြန်ပြောသည်။

ချန်းဖန်က ကျီချီအား သူ အပြစ်ပေးနေစဉ် ဝင်နှောင့်ယှက်လာခြင်း ဖြစ်သည်။ ဘား၏ မန်နေဂျာ တစ်ယောက် အနေနှင့် သူဆုံးမချင်သည့် လူအား သူကြိုက်သလို အပြစ်ပေး ဆုံးမပိုင်ခွင့်ရှိသည်။ ဘာမဟုတ်တဲ့ ဝိတ်တာ တစ်ယောက်က ဝင်ရောက် စွက်ဖက်လာခြင်းအား သူက သည်းမခံနိုင်ပါ။

"ထားလိုက်ပါတော့ ချန်းဖန် အမမှားတာပါ"

ကျီချီက ချန်းဖန်၏ အင်္ကျီစအား ဆွဲရင်း ငိုယိုကာ တောင်းပန်လို့နေသည်။

"ခင်ဗျားမှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိရင် ဘယ်ဝန်ထမ်းကိုမဆို ခင်ဗျား ကြိုက်သလောက် အပြစ်ပေးလို့ရတယ် ဒါပေမဲ့ အခု အမကျီချီက ဘာတွေများ အမှားကြီး လုပ်မိလို့လဲ ဧည့်သည် တစ်ယောက်ကို ဝိုင်သွားပို့ဖို့ နည်းနည်းလောက် နောက်ကျသွားရုံလေးပဲ၊ ဒါကို ခင်ဗျားက အကြီးအကျယ် ဆူရတာ အားမရလို့ သူ့ရဲ့ တစ်ပတ်စာ လုပ်အားခကိုတောင် ဖြတ်လိုက်သေးတယ် ခင်ဗျား ဖြတ်လိုက်တဲ့ အဲဒီ့ပိုက်ဆံ ယွမ်ရှစ်ရာက သူ့အတွက် ဘယ်လောက်တောင် အရေးပါလဲဆိုတာ ခင်ဗျားသိလား"

ချန်းဖန်က တည်ငြိမ်စွာပင် တစ်ချက်ချင်း ထောက်ပြ ပြောဆိုသည်။

"အဲ့ဒါ သူ့အတွက် တစ်လစာ အသုံးစရိတ်ပဲ ဒါပေါ့ ခင်ဗျားကတော့ ဒီပိုက်ဆံလောက်လေးကို ဘယ်ဂရုစိုက်ပါ့မလဲ"

သူဌေးယန် ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာဘဲ ချန်းဖန်က စကားဆက်သည်။

"ခင်ဗျားရဲ့ စိတ်ထဲမှာ ခင်ဗျားကသာ ဒီနေရာရဲ့ ပိုင်ရှင် ပြီးတော့ အားကောင်းတဲ့ ကျောထောက် နောက်ခံလည်း ရှိထားတယ် ဒီတော့ တခြားသူတွေရဲ့ ဘဝကို ဘယ် အ‌ရေးစိုက်ပါ့မလဲ အမကျီချီက ခင်ဗျားကို ပြန်ခံမပြောဘူး ဆိုတာက ဒီအလုပ်လေး မြဲနေမှ သူ့အတွက် အဆင်ပြေမှာမို့လို့၊ ခင်ဗျားကို ကြောက်လို့ လို့များ ထင်နေလား"

"မင်း ပြောရဲတယ် ငါ့မှာ အကိုတုန်း တစ်ယောက်လုံး ကျောထောက်နောက်ခံ ရှိတယ် ပြီးတော့ ငါက ဒီဆိုင်ရဲ့ မန်နေဂျာ၊ အဲဒီတော့ မင်းက ဘာလုပ်ချင်လဲ"

သူ‌ဌေးယန်က ချန်းဖန်အား လက်ညှိုး ထိုးထားဆဲ ဖြစ်ပြီး အထင်သေးစွာ ပြောလိုက်သည်။

"ကောင်လေး မင်းအလုပ်စဝင် ကတည်းက ငါမင်းကို တစ်စက်လေးမှ ကြည့်ရခဲ့တာ မဟုတ်ဘူး ငါ အကြာကြီး စိတ်ရှည်ရှည် ထားခဲ့ပြီးပြီ ချန်းရင်ရဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် ငါမင်းကို ကန်ထုတ် ပစ်လိုက်တာ ကြာပြီ"

"အဲ့ဒီ့လိုလား ကောင်းပြီလေ ဒီလိုဆိုမှတော့ စကားအပိုတွေ ပြောစရာ မလိုတော့ဘူးပေါ့"

ချန်းဖန်က သက်ပြင်းချရင်း ပြောသည်။

"ဘာလဲ အခုမှ နောက်ပြန် ဆုတ်တော့ မလို့လား ရတယ်လေ မင်း ငါ့ကို သေချာ တောင်းပန်မယ် ဆိုရင်တော့ ခွင့်လွှတ်ဖို့ စဉ်းစားပေးမယ်"

သူဌေးယန်က ချန်းဖန် တောင်းပန်လာမည့် အချိန်ကို စောင့်ရင်း ကျေနပ်မှုကြောင့် မျက်နှာကြီးက ပြုံးနေသည်။

အလုပ် လုပ်သလိုနှင့် အနီးနားတွင် စောင့်ကြည့် နေကြသော စားပွဲထိုးမလေး များကလည်း ပြန်လည် အေးဆေးသွားသော အခြေအနေကြောင့် သက်ပြင်း ချမိကြသည်။

ဘားရှိ ဝန်ထမ်းများထဲတွင် ဘယ်သူကမှ သူဌေးယန်အား သဘောမကျသော်လည်း တောင်းပန် လိုက်ခြင်းကသာ ချန်းဖန်အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း သူတို့က နားလည်ကြသည်။

သို့သော် လူတိုင်းကို အံ့ဩသွားစေတာက ပြုံးကာ ပြောလိုက်သော ချန်းဖန်၏ စကားဖြစ်သည်။

"တောင်းပန်ရမယ် ကျွန်တော် ဆိုလိုတာက စကားနဲ့ပြောလို့ နားမလည်တဲ့ ခင်ဗျားကို ကိုယ့်အမှား ကိုယ် ပြန်သိလာတဲ့အထိ ရိုက်ပေးမယ်လို့ ပြောတာ"

"ငါ့ကို ရိုက်မယ် ဟား.. ဟား.. "

သူဌေးယန်က ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး လက်ဦးမှု ရယူကာ ချန်းဖန်အား ထိုးလိုက်လေသည်။

ထိတ်လန့်သွားကြသော စားပွဲထိုးမလေးများက ဘာတွေ ဖြစ်သွားမှန်း မသိလိုက်သေးခင်မှာပဲ သူဌေးယန်သာ လွင့်ပျံ ထွက်သွားသည်ကို မြင်လိုက်ကြရသည်။ သူဌေးယန်၏ ခန္ဓာကိုယ်က ပြင်းထန်သော အရှိန်နှင့် လွင့်ထွက်သွားပြီး ဘား၏ နံရံနှင့် ဆောင့်မိကာ စားပွဲတစ်ခုပေါ်သို့ ကျသွားသည်။ စားပွဲပေါ်ရှိ ဖန်ခွက်များနှင့် ပုလင်းများက အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားကြသည်။

"အား "

ထိုစားပွဲနှင့် ကပ်လျက် စားပွဲတွင် ထိုင်နေသော အမျိုးသမီး ဧည့်သည် တစ်ဦးက ကြောက်လန့်စွာ အော်လိုက်သည်။

ဘားရှိ ဝန်ထမ်းများက ဖြစ်ပျက်သွားသည်များကို နားလည်နိုင်ဖို့ ကြိုးစားနေဆဲမှာပဲ ချန်းဖန်က သူဌေးယန်၏ မျက်နှာအား လက်သီးချက်တို့ ပစ်သွင်းနေပြီ ဖြစ်သည်။

"ဒီတစ်ချက်က အမယန်ယန်အတွက်၊ ခင်ဗျားက အကြောင်းအရင်း မရှိဘဲ သူ့ရဲ့ လဝက်စာ လုပ်အားခကို ဖြတ်ပစ်ခဲ့တယ်"

"ဒီတစ်ချက်က ရှောင်တုန်းအတွက်၊ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတဲ့ ကလေးကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက် နေရက်တယ်"

"ဒီတစ်ချက်က အမကျီချီ အတွက်၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား အပြန်အလှန် လေးစားမှု ထားတတ်လာအောင်လို့"

"ဒီတစ်ချက်က အမရင်အတွက်၊ တချိန်လုံး ဘားရဲ့ သိက္ခာကို ချဖို့ပဲတတ်ပြီး ခင်ဗျားရှုပ်သမျှ အမရင်ကပဲ လိုက်ရှင်းနေရတယ်"

ချန်းဖန် တစ်ချက် ထိုးလိုက်တိုင်း သူဌေးယန်အား အသက် ရှင်နေရသည်ကိုပင် ငြီးငွေ့ သွားလောက်သော နာကျင်မှုမျိုး ခံစားရစေသည်။

သူဌေးယန်၏ မျက်နှာက ဝက်ခေါင်းကဲ့သို့ ဖူးယောင်နေပြီး ရောင်ကိုင်းနေသော ပါးစပ်မှ စကားတစ်လုံးပင် ပီပီသသ မပြောနိုင်တော့။ မျက်နှာပေါ်ရှိ ဒဏ်ရာများမှ တစ်စက်စက် ကျလာသော သွေးတို့က စားပွဲကို ဖြတ်၍ ကြမ်းပြင်ပေါ်သို့ တတောက်တောက် ကျနေသည်။

လူတိုင်းက သတိပြန်ဝင်လာချိန်မှာတော့ ချန်းဖန်၏ အပြစ်ပေးမှုက ပြီးဆုံးသွားပြီ ဖြစ်သည်။

ရုတ်တရက် တစ်စုံ တစ်ယောက်က ချန်းဖန်အား အော်လိုက်သည်။

"ဘာတွေ လုပ်နေတာလဲ ချန်းဖန် ရပ်လိုက်တော့ အခု"

လူတိုင်းက အသံလာရာသို့ လှည့်ကြည့်မိကြသည်တွင် ဒုတိယထပ်၊ မန်နေဂျာ ရုံးခန်းအတွင်းမှ ထွက်လာသော အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်အား မြင်လိုက်ရသည်။ အမျိုးသမီး နှစ်ယောက်ထဲမှ တစ်ယောက်က ချန်းဖန်အား ဒေါသတကြီး စိုက်ကြည့်လို့နေသည်။

***

All Chapters