← Chapters

တတိယသခင်ကြီး၏ ဖိတ်ခေါ်မှု

Vol. 1 Ch. 41

တတိယသခင်ကြီး၏ ဖိတ်ခေါ်မှု

Vol. 1 Ch. 41

ချန်းဖန်အား အော်လိုက်သူမှာ ဘား၏စတား အစ်မတင်းတင်း ဖြစ်သည်။ သူမ၏ ဘေးတွင် အစ်မ ချန်းရင်ပါ အတူပါလာသည်။ ချန်းဖန် ဒုက္ခ ရောက်တော့မည်ဟု ယူဆလျက် အစ်မရင်၏ မျက်နှာက စိုးရိမ် ပူပန်မှုတို့ ပြည့်နှက်နေသည်။

အဖြစ်အပျက်အား အစအဆုံး မြင်လိုက်ရသော ရှောင်ချန်က မှတ်ချက်ပေးသည်။

"ရှောင်ချိုး နင့်သူငယ်ချင်းက တော်တော်မိုက်မဲတာပဲ။ မန်နေဂျာကို ပြန်ရိုက်ရဲတဲ့ အလုပ်သမားမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး"

ကျန်းထန်ချိုးက သူငယ်ချင်းဖြစ်သူအတွက် ဂုဏ်ယူနေသော အပြုံးကြီးနှင့် ပြန်ပြောလာသည်။

"ကျွန်တော့် သူငယ်ချင်းက ဘယ်နေရာမှာမှ မတော်ပေမဲ့ တိုက်ခိုက်ရေးမှာတော့ ဆရာကြီးပဲ။ ကျောင်းရဲ့ အတော်ဆုံး တိုက်ကွမ်ဒို ခါးပတ်နက်ကိုတောင် လက်သီးတစ်ချက်နဲ့ အနိုင်ယူထားတာ”

စီနီယာ အစ်ကိုချီက ဒုတိယထပ် မန်နေဂျာ အခန်းမှ ထွက်လာသော အမျိုးသားကို မြင်သော် ရုတ်ချည်း မျက်နှာတည်သွားပြီး ခေါင်းယမ်းလိုက်သည်။

"ကိစ္စတွေကတော့ ပိုရှုပ်ကုန်ပြီ ဒုတိယထပ်က လူကို မြင်လား”

ကျန်းထန်ချိုးက လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

ဒုတိယထပ်ရှိ အမျိုးသားက ချန်းရင်နှင့် တင်းတင်းတို့၏ အလယ်တွင် ရပ်နေပြီး လက်တစ်ဖက်က တင်းတင်း၏ ခါးအား ဖက်ထားသည်။ ထိုလူက ဒေါသထွက်နေသော အမူအရာနှင့် အောက်ထပ်ရှိ အဖြစ်အပျက်အား ကြည့်နေသည်။

"အဲဒီလူက အစ်ကိုတုန်းပဲ"

စီနီယာ အစ်ကိုချီက လေသံမျှနှင့် ပြောလိုက်သည်။

ကျန်းထန်ချိုးနှင့် ရှောင်ချန်တို့က ထိတ်လန့်သွားကြသည်။ သရဲအကြောင်း ပြောနေရင်း သရဲက ရှေ့တည့်တည့်မှ ဘွားကနဲ ပေါ်လာသလို ခံစားလိုက်ရသည်။

"ကောင်းသားပဲ ဟို အရိုင်းအစိုင်းကောင်က သင်ခန်းစာ အ‌ပေး ခံရတော့မှာပေါ့"

ရှောင်ချန်က ကျန်းထန်ချိုးအား ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ သူမက ချန်းဖန်၏ ကံဆိုးမှု အပေါ် အလွန် ကျေနပ်လို့နေသည်။ ကျန်းထန်ချိုး၏ မျက်နှာက ဖြူဖျော့နေပြီး ဘာလုပ်ရမည်ကို မသိ ဖြစ်နေပုံရသည်။

သူဌေးယန်က နာကျင်မှုများ ကြားမှ ကုန်းရုန်း ထလိုက်ရင်း ဒုတိထပ်ရှိ ကယ်တင်ရှင် သုံးယောက်ထံသို့ အတင်း တက်ပြေးတော့သည်။

"အစ်ကိုတုန်း။ ကျွန်တော့်ကို ကယ်ပါဦး။ ဟိုကောင်စုတ်လေးက ကျွန်တော့် မျက်နှာကို သေလောက်အောင် ထိုးသွားတယ်"

သူဌေးယန်က ငိုရှိုက်ရင်း ပြောလေသည်။

သူဌေးယန်၏ ရောင်ကိုင်း ပွယောင်းနေသော မျက်နှာကြီးကို မြင်ရသော် အစ်ကိုတုန်း ဆိုသူ၏ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်။

ပထမထပ်ရှိ လူအုပ်ကြီးမှာ သူဌေးယန်၏ ထိုလူအား ခေါ်လိုက်သော နာမ်စားကြောင့် မှင်တက်သွားကြရသည်။

"အဲဒီလူက အစ်ကိုတုန်းလား"

"တက္ကသိုလ်လမ်းက အစ်ကိုတုန်းလား။ ဒီနား ပတ်ဝန်းကျင်က အဆောက်အဦး တော်တော်များများကို ပိုင်တဲ့သူပေါ့”

"သွားပြီ သွားပြီ ရှောင်ဖန် ဘယ်လိုလုပ်ပါ့မလဲ”

ချန်းဖန်နှင့် ရင်းနှီးနေသော ဝန်ထမ်းများက လွန်စွာ စိုးရိမ်သွားကြသည်။

ကျီချီက အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီးနောက် ရှေ့သို့ထွက်၍ ရဲဝံ့စွာ ပြောလိုက်သည်။

"အစ်မရင် အားလုံးက ကျွန်မအမှားပါ ကျေးဇူးပြုပြီး ရှောင်ဖန့်ကို ခွင့်လွှတ်ပေးလိုက်ပါ"

ကျီချီ၏ သူငယ်ချင်း စားပွဲထိုးမလေးက ထိတ်လန့်သွားပြီး ကျီချီ့ အင်္ကျီလက်ကို ဆွဲကာ တိုးတိုး ကပ်ပြောလိုက်သည်။

"နင် ဘာတွေ ပြောနေတာလဲ။ ကိုယ့်ကိုယ်ကိုယ် သတ်နေတာလား?”

"ရှောင်ဖန်က ငါ့ကြောင့်နဲ့ သူဌေးယန်ကို ထိုးလိုက်တာ။ ဒီကိစ္စကို ရှောင်ဖန် တစ်ယောက်တည်း တာဝန်ယူခွင့် မပြုနိုင်ဘူး။ သူက အခုမှ အထက်တန်း ကျောင်းသားလေးပဲ ရှိသေးတာ”

ကျီချီ၏ အသံက အနည်းငယ် တုန်ယင်နေသော်လည်း သူမ မျက်လုံးများကတော့ ခိုင်မာသော ဆုံးဖြတ်ချက်တို့နှင့် ပြတ်သားလို့ နေသည်။

ချန်းရင်ပင် ဘာမှ မပြောနိုင်သေးခင် အစ်ကိုတုန်း ဆိုသူက ပြောလာသည်။

"မင်းကချန်းဖန်လား။ အစ်မရင်ဆီကနေ မင်းရဲ့ အကြောင်းတွေ ကြားထားပါတယ်။ မင်းက အစ်မရင်ရဲ့ ကယ်တင်ရှင် ဖြစ်နေတဲ့အတွက် တခြား ဘယ်သူ့ကိုပဲ ရိုက်ရိုက် ငါဝင်ပါမှာ မဟုတ်ဘူး ဒါပေမဲ့ ရှောင်ယန်ကတော့ မတူဘူး သူက ငါ့ယောက်ဖ ဖြစ်တဲ့အပြင် CoCo ဘားမှာ ငါ့ရဲ့ လူယုံလည်း ဖြစ်တယ်။ မင်းရဲ့ မန်နေဂျာဆိုလည်း မမှားဘူး။ ဒါတောင် မင်းကသူ့ကို ရိုက်ရဲသေးတယ်။ ပြောကြည့်ပါဦး။ ငါမင်းကို ဘာလုပ်သင့်လဲ”

အစ်မရင်၏ မျက်နှာက သွေးဆုတ် ဖြူရော်သွားပြီး ကြိုးစားပြုံးကာ ဝင်ပြောလိုက်သည်။

"အစ်ကိုတုန်း ရှောင်ဖန်က ကလေးပဲ ရှိပါသေးတယ်။ တစ်ကြိမ်လောက် ခွင့်လွှတ်ပေးလို့ မရဘူးလား”

"တစ်ကြိမ်လောက် ခွင့်လွှတ်ပေးရမယ်"

အစ်မ တင်းတင်းက စကားကို ဖြတ်ပြောလိုက်သည်။

"သူဌေးယန်က အစ်ကိုတုန်းရဲ့လူ ဆိုတာကို လူတိုင်းသိကြတယ်။ ဒါတောင် သူက သူဌေးယန်ကို ထိုးရဲတယ် ဆိုတော့ အစ်ကိုတုန်းရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ ကျွန်မပြောတာ မှန်ရဲ့လား အစ်ကိုတုန်း”

အစ်မ တင်းတင်းက အစ်ကိုတုန်း၏ ရင်ခွင်ထဲသို့ မှီနွဲ့ရင်း မေးလိုက်သည်။ အစ်ကိုတုန်း၏ မျက်နှာပေါ်၌ သူမ ပြောသမျှအား ထောက်ခံနေသော အပြုံးတစ်ခု ရှိနေသည်။

အစ်ကိုတုန်း၏ အမည်ရင်းမှာ  လျှိုကျန့်တုန်း ဖြစ်ပြီး လက်စား ချေလိုစိတ် ပြင်းပြ၍ အတ္တကြီးသူ တစ်ယောက် ဖြစ်သည်။

အစ်ကိုတုန်း၏ မျက်နှာပေါ်တွင် ရက်စက်တော့မည့် အပြုံးတစ်ခု ဖြစ်ပေါ် လာသောအခါ ချန်းရင် တစ်ယောက် ကူကယ်ရာ မဲ့သွားသလို ခံစား လိုက်ရသည်။ သူမက ချန်းဖန်အား ကရုဏာသက်စွာ လှမ်းကြည့်‌ နေရုံသာ တတ်နိုင်‌တော့သည်။ သူမက ဘားတစ်ခုကို ပိုင်ဆိုင်သော်လည်း အစ်ကိုတုန်း၏ ကာကွယ်မှု မရှိဘဲ တက္ကသိုလ်လမ်းတွင် တစ်ယောက်တည်း ရပ်တည်ဖို့ မဖြစ်နိုင်ချေ။

'ရှောင်ဖန်။ ကျေးဇူးပြုပြီး အစ်ကိုတုန်း ကျေနပ်တဲ့အထိ တောင်းပန်လိုက်ပါ။ ဒီလိုမှပဲ အစ်မလည်း မင်းကို ကယ်နိုင်မယ်'

ချန်းရင်က စိတ်ထဲတွင် အော်နေမိသည်။

သို့သော်လည်း အခြေအနေက အဆိုးဘက်သို့ လျင်မြန်စွာ ပြောင်းလဲ သွားပြန်သည်။

ချန်းဖန်က လက်နှစ်ဖက်အား နောက်သို့ ပစ်ထားရင်းပင် အေးစက်စွာ ပြုံးလိုက်သည်။

"ခင်ဗျား ဘာလုပ်သင့်လဲ ဆိုတော့.. လွယ်ပါတယ်  ကျွန်တော့်ကို တောင်းပန်။ အစ်မကျီချီနဲ့ ဘားက ဝန်ထမ်းတွေကို တောင်းပန်။ ပြီးရင်တော့ CoCo ကနေ ထွက်သွားလို့ ရပြီ"

"မင်း ဘာပြောလိုက်တာ"

အစ်ကိုတုန်းက သူများ နားကြား မှားသလား ဟူ၍ပင် ထင်လိုက်မိသည်။

အနီးနားရှိ လူများမှာလည်း သူတို့ ကြားလိုက်ရသော စကားများကြောင့် ရူးသွပ်လု နီးနီးပင်။

ကျီချီက ချန်းဖန်ဆီသို့ ပြေးလာပြီး အော်သည်။

"နင် ရူးနေလား။ အဲဒါ အစ်ကိုတုန်းလေ"

"ရှောင်ဖန် တောင်းပန်လိုက် မြန်မြန်"

အစ်မရင်ကလည်း စိတ်ပူစွာ ဝင်ပြောသည်။

အစ်ကိုတုန်းက အစ်မရင်အား ဆက်မပြောရန် ဟန့်တားလိုက်ပြီး ‌ပြုံးသည်။ သူက ချန်းဖန်အား အထင်သေးစွာ ကြည့်လျက် ပြောလိုက်သည်။

"ဆက်ပြောလေ ထပ်ပြီး ဘာတောင်းဆိုချင်သေးလဲ။ ပြောပါ။ ငါက ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့သူ မဟုတ်ပါဘူး"

လူတိုင်း၏ မျက်လုံးများက ချန်းဖန်ဆီသို့ ရောက်ရှိသွားပြီး အစ်ကိုတုန်း၏ ထောင်ချောက်အတွင်း မကျဆင်းရန် အကြည့်ဖြင့် သတိပေးနေကြသည်။

ချန်းဖန်က ထိုသတိပေးမှုများအား လုံးလုံးလျားလျား လျစ်လျူရှုလိုက်ပြီး ခဏမျှ စဉ်းစားဟန် ပြုလိုက်သည်။

"နောက်ထပ် တောင်းဆိုမှုလား။ ကောင်းပြီလေ။ CoCo ဘားက ခင်ဗျားရဲ့ ရှယ်ယာတွေကို ကျွန်တော့်ကိုပြန်ရောင်း။ ပြီးရင် ဒီဘားနဲ့ ထပ်ပြီး မပတ်သက်နဲ့တော့"

ချန်းဖန်က ပြောသည်။

"မင်းကငါ့ကို ဒီဘားကနေ ရှင်းထုတ် ပစ်ချင်နေတာလား”

အစ်ကိုတုန်းက သူ့ကိုယ်သူ လက်ညှိုးညွှန်ကာ ပြန်မေးရင်း ချန်းဖန်အား 'ရူးနေတာလား' ဟူသော အကြည့်မျိုးဖြင့် ကြည့်လာသည်။

"အမှန်ပဲ ကျွန်တော် စိတ်မပြောင်းခင် ခင်ဗျား ပြောတဲ့အတိုင်း လုပ်လိုက်တာ ကောင်းမယ်။ ကျွန်တော်သာ ခင်ဗျားနေရာမှာ ဆိုရင် ဒီဘားက ရှယ်ယာတွေကို ရောင်းပြီး တက္ကသိုလ်လမ်း ကနေတောင် တတ်နိုင်သမျှ အဝေးဆုံးကို ထွက်သွားလိုက်ပြီ"

ချန်းဖန်က ဝိတ်တာအလုပ်အား စွန့်လွှတ်ရန် တွေးထားပြီး ဖြစ်ရာ သူအလုပ် မထွက်ခင် အစ်မရင်နှင့် ဘားရှိ ဝန်ထမ်းများအား နောက်ဆုံး လက်ဆောင်တစ်ခု ပေးခဲ့ဖို့ လုပ်နေခြင်း ဖြစ်သည်။

သို့သော်လည်း အစ်ကိုတုန်း အပါအဝင် ဘားအတွင်းရှိ လူအားလုံးက ချန်းဖန်တစ်ယောက် ရူးသွားလေပြီဟု ထင်နေကြ၏။

လျှိုကျန့်တုန်းက ဆက်၍ သည်းမခံနိုင်တော့ဘဲ ဒုတိယထပ် ဝရန်တာ လက်ရန်းအား ဒေါသတကြီး ရိုက်လိုက်ရင်း သွားကြားထဲမှ ထွက်သော လေသံနှင့် ပြောလိုက်သည်။

"ကောင်လေး ငါက မင်းကို အစ်မရင်ရဲ့ မျက်နှာကြောင့် လွှတ်ပေးထားခဲ့တာ။ ဒါပေမဲ့ အခုတော့ သင်ခန်းစာ တစ်ခုလောက် ပေးမှ ရတော့မယ် ထင်တယ်။ ကျိုးထျန်ဟောက်ရဲ့ လက်အောက်ကို ဝင်ပြီး ကတည်းက ငါဆိုတဲ့ လျှိုကျန့်တုန်းကို ဘယ်သူကမှ အခုလို မလေးမစား မလုပ်ရဲခဲ့ဘူး"

"ဟုတ်တယ် အမှန်ပဲ အစ်ကိုတုန်း။ ဒီကောင်လေးက အသိစိတ် လွတ်နေတာ သူ့ကို ဒီဘားကနေ ကန်ထုတ်ပစ်လိုက်"

သူဌေးယန်က ဝမ်းသာအားရနှင့် ဝင်ပြောသည်။

အစ်မရင်က ဆက်ဖြစ်လာမည့် အရာတို့အား မကြည့်ရဲတော့ဘဲ မျက်လုံးသာ မှိတ်ချ လိုက်မိတော့သည်။ ရှောင်ဖန်က အဘယ့်ကြောင့် ဤမျှအထိ ယုံကြည်မှုတွေ ပြင်းထန် နေရသလဲ ဆိုတာ သူမလည်း မတွေးတတ်တော့ပေ။

ကျန်းထန်ချိုးက စားပွဲဝိုင်းမှ ရုတ်တရက် ထရပ်လိုက်သည်။

"ချန်းဖန် တစ်ယောက်တည်း ဒုက္ခရောက်နေတာကို ကျွန်တော် ထိုင်ကြည့် မနေနိုင်ဘူး"

ရှောင်ချန်ကလည်း ကျန်းထန်ချိုးအား တားရန် အလျင်အမြန် မတ်တတ် ရပ်လိုက်သည်။

"အစ်မချန်ချန် သူက ကျွန်တော့်ရဲ့ သူငယ်ချင်း”

ကျန်းထန်ချိုးက နာကျင်နေသော မျက်နှာနှင့် အခိုင်အမာ ပြောသည်။

ရှောင်ချန်က ဘာမှ ပြန်မပြောဘဲ  စီနီယာ အစ်ကိုချီထံ အကူအညီ တောင်းသလို လှမ်းကြည့်လိုက်သည်။

အစ်ကိုချီက ခေါင်းယမ်းရင်း ...

"‌မင်းသူငယ်ချင်းက အစ်ကိုတုန်းကို ပွင့်ပွင့်လင်းလင်းကြီး စိန်ခေါ်လိုက်တာသာ မဟုတ်ရင် ကိုယ် ကူညီပေးလို့ ရသေးတယ်။ အခုကတော့ နောက်ကျသွားပြီ ဘယ်သူမှ သူ့ကို မကယ်နိုင်တော့ဘူး"

"အစ်ကိုချီ ပြောတာ ကြားတယ် မဟုတ်လား ရှောင်ချိုး။ ပြန်ထိုင်ပြီး တိတ်တိတ်လေးနေ”

ကျန်းထန်ချိုးက မတ်တပ်ရပ်နေဆဲ ဖြစ်ပြီး ဘာဆက်လုပ်ရမယ်မှန်း မသိတော့။

ရုတ်တရက် ဘား၏ ဝင်ပေါက်ဆီမှာ အသံကျယ်တစ်ခု ကြားလိုက်ရပြီး လူတစ်ယောက်က ပိတ်ဆို့နေသော လူအုပ်အား တွန်းတိုက်၍ ချန်းဖန်ထံသို့ လျှောက်လာနေသည်။

ထိုလူ၏ ရုပ်ရည်က သာမန်သာ ဖြစ်သော်လည်း ဝတ်စုံပြည့် ဆင်ယင်ထားသည်။

အစ်ကိုတုန်းက ဒုတိယထပ်တွင် ဟိတ်ဟန်အပြည့်နှင့် ရပ်နေရာမှ ထိုလူအား မြင်လိုက်ချိန်တွင် ထိတ်လန့်သွားပြီး ပထမထပ်သို့ အပြေးအလွှား ဆင်းလာကာ ခရီးဦးကြို ပြုလေသည်။

"အစ်ကိုရှီပါလား။ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ”

အစ်ကိုတုန်း၏ သကာရည် လောင်းထား သကဲ့သို့သော အပြုံးကြီးကြောင့် ဘားအတွင်းရှိ လူတိုင်းလိုလိုက အသစ် ရောက်လာသူ၏ အကြောင်း စိတ်ဝင်စား သွားကြသည်။

အားလုံးက အစ်ကိုရှီ ဆိုသူ၏ သရုပ်မှန်အား ‌ခန့်မှန်း နေကြချိန်တွင် အစ်ကိုရှီက အစ်ကိုတုန်းအား ဘေးသို့ တွန်းထုတ်လိုက်ပြီး ချန်းဖန်ထံသို့ လျှောက်လာကာ လေးလေးနက်နက် အရိုအသေ ပေး၍ ပြောလိုက်လေသည်။

"ဆရာချန်း တတိယသခင်ကြီးက ညစာ အတူစားဖို့အတွက် ဖိတ်ခိုင်း လိုက်ပါတယ်"

အစ်ကိုတုန်းက ငေးကြောင်သွားပြီး သူ၏ အတွေးများက ချာချာ လည်သွားသလို ခံစား လိုက်ရသည်။

"သောက်ကျိုးနည်း။ ဘာတွေ ဖြစ်သွားတာလဲ”

***

All Chapters