← Chapters

နိုင်ငံရပ်ခြားမှ ဟုန်ဂိုဏ်း

Vol. 1 Ch. 42

နိုင်ငံရပ်ခြားမှ ဟုန်ဂိုဏ်း

Vol. 1 Ch. 42

"အစ်ကိုရှီ .. ဘယ်လိုဖြစ်ပြီး.."

အစ်ကိုတုန်း၏ မျက်နှာက မည်းမှောင်နေပြီ ဖြစ်သည်။ သူသိသလောက် ဆိုလျှင် အစ်ကိုရှီက တတိယသခင်ကြီး ဝေ့၏ လက်အောက်ရှိ အာဏာရှိသော လက်ထောက်တစ်ယောက် ဖြစ်သည်။

"ဆရာချန်းက တတိယသခင်ကြီးရဲ့ ဧည့်သည်ပဲ ဘာလဲ။ မင်းက ဆရာချန်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ထား မိလို့လား”

အစ်ကိုတုန်းက ခေါင်းငုံ့ထားပြီး ဘာစကားမှ ထွက်မလာတော့။

"ကျွန်တော် ..."

ချန်းဖန်ဆိုသော ကောင်လေးက အမှန်ပင် တတိယ သခင်ကြီး၏ ဧည့်သည် ဆိုပါက သူက အကြီးအကျယ် ဒုက္ခရောက်ပြီ ဖြစ်သည်။ သူ့အနေနှင့် တက္ကသိုလ်လမ်း တစ်ဝိုက်တွင် မည်မျှ လွှမ်းမိုး နိုင်စွမ်း ရှိသည် ဆိုဦးတော့ တတိယ သခင်ကြီးနှင့် မယှဉ်သာပေ။

"တောင်းပန်ပါတယ် ဆရာချန်း။ ကျွန်တော်က တောင်တစ်တောင်လုံးကို မမြင်ရလောက်အောင် ကန်းခဲ့တာပါ။ ခွင့်လွှတ်ပေးပါ ဆရာချန်း"

"မှတ်ထားပါ။ CoCo ဘားမှာ တစ်ခုခု ထပ်ပြီး ပြဿနာ ရှာရဲရင် ကျွန်တော်ခင်ဗျားကို လာရှာမယ်"

ချန်းဖန်က တစ်လုံးချင်း ပြောလိုက်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ နားလည်ပါပြီ"

အေးစက်သော ချွေးစေးများက အစ်ကိုတုန်း၏ ကျောပြင်တစ်လျှောက် ရွှဲရွှဲ စိုနေသည်။ သူက ဆိုးရွားလှသော သူ၏ ကံကိုသာ ကျိန်ဆဲနေမိသည်။

အစ်ကိုတုန်းပင်လျှင် ဤမျှ ရိုကျိုး နေသည်ကို မြင်လိုက်ရသောအခါ တင်းတင်းနှင့် သူဌေးယန်တို့က တစ်ကိုယ်လုံး တုန်ယင်သွားကြသည်။ သူတို့အား ချန်းဖန် သတိပြုမိ သွားမည်ကို စိုးသောကြောင့် အသက်ပင် ရဲရဲ မရှုရဲတော့ပေ။

သို့သော်လည်း ချန်းဖန်က အသေးအမွှား ကိစ္စများနှင့် အချိန် မဖြုန်းလိုပေ။ သူက အစ်မရင်အား ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီး ဝင်ပေါက်ဘက်သို့ ဦးတည်လိုက်သည်။

ချန်းဖန် ထွက်ခွာသွားသည်နှင့် လူအုပ်ကြီးက တစ်ဖန် ဆူပွက်သွားပြန်သည်။

"ဘုရားရေ။ ငါဘာတွေ မြင်လိုက်ရတာလဲ။ အစ်ကိုတုန်းက အထက်တန်း ကျောင်းသား‌လေးကို တောင်းပန်လိုက်တယ် တဲ့လား”

"အဲဒီကောင်က မိုက်လိုက်တာ။ သူ ဒီဘားမှာ ဝိတ်တာ လုပ်နေတာ လပိုင်းလောက် ရှိပြီ။ သူ့မှာ ဒီလောက် အင်အားတောင့်တဲ့ အဆက်အသွယ်မျိုး ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး"

"ဟာသမဟုတ်ဘူး။ ငါသူနဲ့ နီးနီးကပ်ကပ် အတူတူ အလုပ်လုပ်နေခဲ့တာ။ သူ့မှာ ဒီလို အဆင့် အတန်းမျိုး ရှိမှန်း မသိခဲ့ဘူး"

ဧည့်သည်များနှင့် ဝန်ထမ်းများက စိတ်လှုပ်ရှားစွာနှင့် အတွေး ကိုယ်စီအား ဖလှယ်နေကြသည်။ လွန်ခဲ့သော မိနစ်ပိုင်းကပင် အစ်ကိုတုန်းက လွန်စွာ မောက်မာ နေခဲ့သော်လည်း လက်ရှိတွင်တော့ အထက်တန်း ကျောင်းသားလေးအား ခြေသလုံး ဖက်မတတ် တောင်းပန် နေရသည်။

အစ်ကိုတုန်း၏ မျက်နှာက ရှက်ရွံ့မှုနှင့် ဒေါသကြောင့် နီရဲနေပြီး သူဌေးယန်နှင့် တင်းတင်းအား မကျေမနပ် တစ်ချက် လှမ်းကြည့်လိုက်ပြီး ထွက်ခွာသွား‌တော့သည်။

အစ်မရင်က ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ အကယ်၍ ရှောင်ဖန်က အမှန်ပင် တတိယသခင်ကြီး၏ မိတ်ဆွေ ဖြစ်နေပါက အစ်ကိုတုန်းတစ်ယောက် ဤဘားသို့ နောက်တစ်ကြိမ် လာရဲတော့မည် မဟုတ်ပေ။

"ရှောင်ချိုး သူက တကယ်ပဲ နင့်ရဲ့ သူငယ်ချင်း ဟုတ်ပါတယ်နော်”

ရှောင်ချန်က သံသယနှင့် မေးလိုက်သည်။

ကျန်းထန်ချိုးကလည်း အဖြစ်အပျက်ကြောင့် အံအား သင့်နေဆဲ ဖြစ်သည်။ စီနီယာ အစ်ကိုချီ ကလည်း မျက်နှာ တည်နေပြီး တစ်စုံတစ်ရာကို အလေးအနက် တွေးနေသည်။

တတိယသခင်ကြီး ဝေ့ထံမှ ညစာ အတူစားရန် ဖိတ်ခေါ် ခံရခြင်းမှာ သာမန်လူ တစ်ယောက် အတွက် စိတ်ကူးယဉ်နိုင်သော စွမ်းဆောင်မှုမျိုး မဟုတ်ပေ။

ထိုသို့ အတွေးနှင့် သူက ကျန်းထန်ချိုးနှင့် ရှောင်ချန်အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက် သည်။ ကျန်းထန်ချိုးက ရှောင်ချန်အား စိတ်ဝင်စား နေသည်ကို သူက ရိပ်မိသော်လည်း ထိုကောင်လေး အား ပြိုင်ဘက် ဟူ၍ပင် ထည့်မတွက်ခဲ့။ သို့သော် ယခု ကျန်းထန်ချိုး၌ ဤမျှ အရေးပါသော သူငယ်ချင်း တစ်ယောက် ရှိနေလေရာ သူက 'ခြိမ်းခြောက်ခံရခြင်း' ဟူသော ခံစားချက်အား စတင် ခံစား မိလာပြီ ဖြစ်သည်။

CoCo ဘား၏ အပြင်ဘက်၌ အနက်ရောင် ကားတစ်စီးက အသင့် စောင့်ဆိုင်းနေသည်။ နာရီဝက်ခန့် မောင်းပြီးနောက် ကားကလေးက 'ပုန်းကွယ်နေသော နဂါးစံအိမ်' အရှေ့သို့ ရောက်ရှိ သွားသည်။

စံအိမ် ဂိတ်ပေါက်၌ တတိယသခင်ကြီး အပါအဝင် လူတစ်စုက ချန်းဖန်အား ထွက်ကြိုနေသည်။

နောက်ဆုံးတစ်ခေါက် ချန်းဖန် ဤစံအိမ်သို့ လာခဲ့စဉ်က မည်သူကမှ သူ့အား ထွက်ကြို မနေပေ။ ဒီတစ်ခေါက်တွင်တော့ အလွန် ဈေးကြီးသော ကားနှင့် လာခေါ်ရုံတင်မက အိမ်ကြီးရှင် ကိုယ်တိုင် ကလည်း ဝင်ပေါက်၌ ထွက်၍ ကြိုနေသည်။

"ဆရာချန်း နောက်ဆုံးတော့ ရောက်လာပြီပဲ”

ချန်းဖန် ကားအတွင်းမှ ထွက်လိုက်သည်နှင့် တတိယ သခင်ကြီး၏ ဆီးကြို နှုတ်ဆက်ခြင်းအား ခံလိုက်ရသည်။ တတိယ သခင်ကြီး၏ နောက်တွင်တော့ ရင်းနှီးနေသော မျက်နှာနှင့် လူတစ်ယောက်က မတ်တတ် ရပ်နေသည်။ ဝေ့ရှန်း သိုင်းသင်တန်း‌ ကျောင်းမှ ဆရာကောဝေ့ပါပင်။

ချန်းဖန်ကလည်း ပြုံး၍ ပြန်လည် နှုတ်ဆက်လိုက်သည်။ ချန်းဖန်၏ အသိအမှတ် ပြုမှုကြောင့် တတိယသခင်ကြီးနှင့် ကောဝေ့တို့၏ မသက်မသာ ဖြစ်နေသော အပြုံးများမှာ ပိုမို အသက်ဝင်သော အပြုံးများ ဖြစ်သွားကြသည်။

"ဆရာချန်း ကျေးဇူးပြုပြီး အထဲဝင်ပါ"

စံအိမ် အတွင်းသို့ လမ်းလျှောက်ကာ ဝင်နေရင်း ချန်းဖန်က မေးသည်။

"ဆရာကောက ဘာလို့ တတိယ သခင်ကြီးနဲ့ အတူရှိနေတာလဲ?

ကောဝေ့က အရိုအသေ ပေးရင်း ပြန်ဖြေသည်။

"ဒီနေ့ လင်းပေါင်ရဲ့ နောက်ကြောင်းနဲ့ ပတ်သက်ပြီး ထူးခြားတာတစ်ခု ဆွေးနွေးစရာ ရှိလို့ ကျုပ် လာခဲ့တာပါ။ တတိယ သခင်ကြီးကတော့ ဒီနေ့အတွက် အိမ်ရှင်‌ပေါ့။ ရန်ကွေ့ရေကန် အလယ်က ကျွန်းပေါ်မှာ ဖြစ်ပျက် ခဲ့တာတွေကို တတိယသခင်ကြီးကို ‌ပြန်ပြောပြတော့ သခင်ကြီးက သူ့ကို ချက်ချင်း အကြောင်း မကြားလို့တောင် ဆူပူ နေသေးတယ်။ နောက်တော့ ဒီနေ့ အစည်းအဝေးမှာ ဆရာချန်းကိုပါ ဖိတ်ဖို့ ဆုံးဖြတ် လိုက်တော့တာပဲ"

တတိယ သခင်ကြီးကလည်း ဝင်ပြောသည်။

"ပြောရရင် ရှောင်ဟောက်ကို အပြစ်တင်ရမယ်။ ရှောင်ဟောက်ကသာ အဲဒီနေ့ကအကြောင်း ကျုပ်ကို စောစောစီးစီး ပြောပြခဲ့ရင် ကျုပ်ကလည်း ဆရာချန်းနဲ့ စောစော တွေ့နိုင်ခဲ့မှာ"

"ကျွန်တော့် အမှားပါ။ အားလုံးကို တစ်ဝိုင်း ဧည့်ခံပြီး တောင်းပန်ပါ့မယ်"

ကျိုးထျန်ဟောက်က ဝန်ခံသည်။

အသီးသီး နှုတ်ဆက်ပြီးကျတော့ ညစာ စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။ ချန်းဖန်က ကောဝေ့ကို ကြည့်ကာ မေးသည်။

"ဆရာကော ... လင်းပေါင်ရဲ့ နောက်ကြောင်းက ဘာတွေ ထူးခြားနေလို့လဲ”

ကောဝေ့က ခေါင်းညိတ်ကာ ပြန်ဖြေသည်။

"အစ်ကို ထျန်ဟောက်က လင်းပေါင်ရဲ့ နောက်ကြောင်းကို စုံစမ်းပေးဖို့ ပြောလာလို့ ကျုပ် စုံစမ်း ကြည့်ခဲ့တယ်။ နောက်ဆုံးတော့ ကျုပ်တို့ ရှင်းရီဂိုဏ်းရဲ့ နိုင်ငံခြား ဂိုဏ်းခွဲတစ်ခုကို ဦးစီးတဲ့ ဂိုဏ်းသား တစ်ယောက် ဆီကနေ အဖိုးတန်တဲ့ သတင်းတချို့ ရခဲ့တယ်။ လင်းပေါင်က နိုင်ငံခြားမှာ အခြေစိုက်တဲ့ တရုတ် သိုင်းဂိုဏ်းကြီး တစ်ခုဖြစ်တဲ့ ဟုန်ဂိုဏ်းရဲ့ အကြီးအကဲ လဲ့ချန်းကျွယ်ရဲ့ လက်ရင်း တပည့်တဲ့လေ"

"နိုင်ငံခြားမှာ အခြေစိုက်တဲ့ ဟုန်ဂိုဏ်းရဲ့ အကြီးအကဲ လဲ့ချန်းကျွယ်”

ချန်းဖန်က မျက်မှောင် ကြုတ်လိုက်မိသည်။

"ဟုန်ဂိုဏ်းက လွန်ခဲ့တဲ့ နှစ်တွေ အကြာကြီး ကတည်းက ပြိုကွဲသွားပြီ မဟုတ်ဘူးလား”

"ဟုန်ဂိုဏ်းက တရုတ်ပြည်မှာ ပြိုကွဲ သွားတာတော့ မှန်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာတော့ နံပါတ်တစ် မြေအောက် အဖွဲ့အစည်း တစ်ခုအဖြစ် ရှိနေတုန်းပဲ"

ကောဝေ့က သက်ပြင်းချရင်း ပြောသည်။

"ကျုပ်ရဲ့ မိတ်ဆွေ တစ်ယောက်ကလည်း ဟုန် လက်သီးသိုင်းကို လေ့ကျင့်တယ်လေ သူက နိုင်ငံခြားမှာ သင်တန်းကျောင်း တစ်ခု ဖွင့်ချင်ပေမဲ့ အရင်ဆုံး ဟုန်ဂိုဏ်းရဲ့ ခွင့်ပြုချက် ယူဖို့ လိုတယ် တဲ့လေ။ သူပြောတာတော့ နိုင်ငံခြားမှာ ရှိတဲ့ အင်အားကြီး အဖွဲ့အစည်းတိုင်း လိုလိုရဲ့ ခေါင်းဆောင်တွေက ဟုန်ဂိုဏ်းသားတွေ ဆိုပဲ"

"အဲဒီလောက် တောင်ပဲလား”

ချန်းဖန်ပင်လျှင် အံ့ဩသွားရသည်။

"အမှန်ပဲ။ နိုင်ငံခြားက ကျုပ်ရဲ့ အဆက်အသွယ် တွေကလည်း အဲဒီလိုပဲ သတင်း ပြန်ပို့ကြတယ်။ တရုတ်ပြည်ကနေ နိုင်ငံခြားကို ခိုလှုံသွားတဲ့ သူတွေက နယ်ခံတွေရဲ့ အနိုင် ကျင့်တာတွေကို ခံရဖန် များလာတော့ သူတို့အနေနဲ့ အင်အားကြီးတဲ့ အကာအကွယ်တစ်ခု လိုလာတယ်။ အဲဒီအချိန်မှာ ဟုန်ဂိုဏ်းကလည်း အင်အား အကြီးဆုံး တရုတ်ဂိုဏ်း တစ်ခု ဖြစ်နေတော့ နိုင်ငံခြားကို ရောက်နေတဲ့ တရုတ် သိုင်းပညာရှင် တွေက ဟုန်ဂိုဏ်းထဲကို ဝင်ကုန် ကြတော့တာပဲ"

တတိယ သခင်ကြီးက ‌ခေါင်းညိတ်ရင်း ဝင်ပြောလာသည်။ ထို့နောက် သူက တစ်စုံတစ်ခုအား ဝေခွဲမရ ဖြစ်နေဟန်နှင့် ကောဝေ့အား မေးလိုက်သည်။

"လဲ့ချန်းကျွယ်ရဲ့ အဆင့်အတန်းက ဟုန်ဂိုဏ်းမှာ ဘယ်လောက်ထိ မြင့်တယ် တဲ့လဲ”

ကောဝေ့က မပီမပြင် ကြိုးစား ပြုံးလိုက်ရင်း ပြောသည်။

"အဲဒါက အခုထိတော့ မရှင်းလင်း သေးပေမဲ့ လဲ့ချန်းကျွယ်က တရုတ်ပြည် ပြင်ပမှာတောင် ရှားမှရှားတဲ့ ပညာရှင် အဆင့်ပဲ ဟုန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကတောင် လဲ့ချန်းကျွယ်ကို အစ်ကိုလဲ့လို့ တလေးတစား ခေါ်ရတယ်"

ကောဝေ့၏ စကားကြောင့် လူတိုင်း၏ မျက်နှာများမှာ မည်းမှောင် သွားကြသည်။

***

All Chapters