← Chapters

ရှန်ကလန်၏အကြီးအကဲချုပ်

Vol. 018 Ch. 1701

ရှန်ကလန်၏အကြီးအကဲချုပ်

Vol. 018 Ch. 1701

ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များနှင့် ရှန်ကလန်မှ လူများသည် ကောင်းကင်အာဏာစက်မြို့မှ ထွက်ခွာသွားကြပြီဖြစ်သည်။ ထိုအဖြစ်က တချို့သော လူများအတွက် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ရောက်ဖြစ်စေခဲ့သည်။

မှန်သည်၊ အရေအတွက်က နည်းပါးနေသေးသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏နောက်ခံနှင့်အဆင့်အတန်းအရ မရေမတွက်နိုင်သောလူတို့အား အပြိုင်အဆိုင် ကျောင်းတော်သို့ အလုအယက်ဝင်ရောက်စေရန် လုံလောက်ပေသည်။ သို့သော်လည်း လက်ရှိ ကောင်းကင်အာဏာစက်ကျောင်းတော်သည် ၄◌င်းအခြေအနေများကို မကြုံခဲ့ရပေ။

လူအများအပြားက မိုးသက်မုန်တိုင်းများကျရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်ဟုပြောလျှင် ရပေသည်။

ထိုမုန်တိုင်းကြီးမပြီးခင်အထိ လူအများက ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ရောက်ရဲမည် မဟုတ်ပေ။

ရီဖူရှင်းက ကျောင်းတော်၏အစီအရင်ဝင်္ကပါမှ ထွက်လာခဲ့သည်။ ထို့နောက် သူက နန်းတော်ဆောင်တစ်နေရာသို့ ထွက်လာခဲ့၏။

သည်နေရာကား ဗြမ္မာ့သန့်စင်ကောင်းကင်မှ တန်ခိုးရှင်များအတွက် ကျင့်ကြံရာနေရာဖြစ်ပေသည်။ လူအများအပြားက ပြန်သွားကြပြီဖြစ်သော်လည်း သည်နေရာတွင် ကျန်ရစ်ကာ ဆက်လက်ကျင့်ကြံနေသူများလည်း ရှိသေးပေသည်။ ရွှယ်ထျန်းနတ်မိမယ်အပြင် ရှထျန်းနတ်မိမယ်သည်လည်း ကျန်နေရစ်ဆဲဖြစ်သည်။ ၄◌င်းက ဗြမ္မာ့သန့်စင်တွင် ဟွာဂျီယူ၏အဆင့်အတန်းကို ဖော်ပြနေသည်။

သူမြင်ခဲ့သော ဂျီယူသည် အမှန်တကယ်လည်း ဗြမ္မာ့သန့်စင်သခင်မ၏ကိုယ်ပွားတော်ဖြစ်နိုင်ပေသည်။

“သခင်လေးရီ...” ချင်းဟယ်က ရီဖူရှင်းရောက်လာသည်ကိုမြင်လျှင် ပြုံးလျှက်နှုတ်ဆက်သည်။

“နတ်မိမယ်ချင်း... အစီအရင်ထဲမှာ လေ့ကျင့်ဖို့ မမေ့ပါနဲ့...” ရီဖူရှင်းက သူမကို ထပ်သတိပေးသည်။

“အင်း...” ချင်းဟယ်က ခေါင်းညိတ်သည်။ ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်၌ လမ်းစဉ်အစီအရင်ဝင်္ကပါတစ်ခု ပြုလုပ်ထားသည်ကို သူမသိသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း၌ ပင်မတပည့်များအတွက် အထူးလေ့ကျင့်ရေးနေရာများ ဖန်တီးထားပေသည်။

“သူမက ဝင်္ကပါထဲက ထွက်လာပြီးနောက်မှာ သူမအဆင့်ကို တည်ငြိမ်အောင်လုပ်နေတယ်” ချင်းဟယ်က ရီဖူရှင်းလှမ်းကြည့်နေသောနေရာကို လိုက်ကြည့်ကာ ပြောသည်။ ထိုနေရာတွင် အလွန်လှပသော အမျိုးသမီးတစ်ဦး ထိုင်နေ၏။ သူမကား ဟွာဂျီယူဖြစ်သည်။

သူမထံမှ ရန်ဟောင်တစ်ပါး၏ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်နေသည်။

မကြာသေးမှီက ရီဖူရှင်းသည် ဟွာဂျီယူကို ရန်ဟောင်အဆင့်တက်ရန် ကူညီပေးခဲ့၏။

“ကျုပ် သူမအခြေအနေကိုလာကြည့်တာ...” ရီဖူရှင်းက တီးတိုးပြောသည်။ ချင်းဟယ်က မည်သို့မှ မပြောပေ။

ရီဖူရှင်းက ဂျီယူအနီးသို့ လျှောက်လာခဲ့၏။ သူ၏အကြည့်က သူမ၏လှပသော မျက်နှာလေးထံသို့ ရောက်လာသည်။ သူမ၏အသွင်အပြင်ကို သူ့ထက်ရင်းနှီးသူ ရှိအံ့မထင်။ တစ်ချိန်တည်းတွင် သူမသည် သူစိမ်းတစ်ယောက်အလား ထင်မှတ်ရ၏။ သူ့အား ဗြမ္မာ့သန့်စင်ဘုရင်မက အသုံးချနေခြင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု ရီဖူရှင်းက သိသော်လ်း ရီဖူရှင်းက ထိုသို့အသုံးချခြင်းကို စိတ်ထဲမထားပေ။

အနည်းဆုံး ဂျီယူသည် သူ့အနီးတွင် ရှိနေ၏။

ရီဖူရှင်း၏အကြည့်ကို ခံစားမိသည်ထင့်၊ ဟွာဂျီယူက မျက်လုံးကိုဖွင့်လိုက်သည်တွင် မတ်တပ်ရပ်နေသော ရီဖူရှင်းအား မြင်သည်။ သူမ၏မျက်လုံးထဲတွင် ထူးဆန်းသော အငွေ့အသက်များဖြစ်ပေါ်လာသည်။ သူမက တစ်စုံတစ်ခုအား တွေးတောနေဟန်ရသည်။

ထို့နောက်တွင် ရီဖူရှင်းက တောက်ပစွာ ပြုံးလိုက်သည်ကို သူမ မြင်၏။

“မင်းလေ့ကျင့်တာ အဆင်ပြေရဲ့လား...” ရီဖူရှင်းက တီးတိုးမေးသည်။

အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဟွာဂျီယူက ခေါင်းညိတ်ကာ ပြောသည် “အင်း...”

“လေ့ကျင့်ရာမှာပဲ အာရုံစိုက်ထားလို့ရတယ်။ အခွင့်အရေးရရင် ငါမင်းကို အဝေးတစ်နေရာသို့ ခေါ်သွားပြီး မင်းစိတ်အပြောင်းအလဲဖြစ်အောင် လိုက်ပြချင်တယ်” ရီဖူရှင်းက ဟွာဂျီယူကို ကြည့်ကာ ပြောသည်။

ဟွာဂျီယူ၏မျက်တောင်များ ကွေးညွတ်သွား၏။ သူမက ရီဖူရှင်း၏သဘောကို သဘောတူရမည်လော၊ ငြင်းပယ်ရမည်လော စဉ်းစားနေဟန်ရသည်။

အတန်ကြာတိတ်ဆိတ်နေပြီးမှ ရီဖူရှင်းက သူ့ကို ပြုံးလျှက်ကြည့်နေသည်ကိုမြင်လျှင် နောက်ဆုံးတွင် သူမက ခေါင်းညိတ်သည် “ကောင်းပြီ...”

“မင်း ကောင်းကောင်းလေ့ကျင့်ပါ...” ရီဖူရှင်းက ထိုသို့ပြောကာ ထွက်လာခဲ့သည်။

ရီဖူရှင်း ထွက်သွားသည်ကိုကြည့်ပြီးနောက်တွင် ဟွာဂျီယူက မျက်လုံးကို ပြန်မှိတ်လိုက်သည်။

ချင်းဟယ်က ရီဖူရှင်းကိုကြည့်ကာ ဟွာဂျီယူကို လှမ်းကြည့်သည်။ သူမကား ဆွံ့အနေ၏။

ရီဖူရှင်းက တခြားလေ့ကျင့်ရေးနေရာတစ်ခုသို့ ရောက်လာခဲ့၏။ သည်နေရာကား ကျောင်းတော်၏ဓားသမားများလေ့ကျင့်ရာနေရဖြစ်သည်။

ဝမ်ကလန်၏ ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံရသော ဝမ်ရန်ပင်းသည် ဤနေရာ၌ လေ့ကျင့်နေ၏။

ထို့အပြင် လီဟန်ဓားသမား၊ ရာရာနှင့် တခြားသော ကျောင်းတော်မှ ဓားသမားများလည်း သည်နေရာတွင် ရှိကြပေသည်။

ဓားအဆောင်တွင် နတ်ဓားတစ်လက်ကို စိုက်ထူထားသည်။ ဓားစွမ်းအားသည် ကောင်းကင်သို့အထိ ထိုးတက်နေ၏။ နတ်ဓားတွင် ကြောက်မက်ဖွယ်လမ်းစဉ်ဓားအသိများ ပါဝင်နေသည်။ ဓားစွမ်းအားက ဓားအဆောင်မှ ဓားသမားများကို အဆက်မပြတ် သန့်စင်နေ၏။

လက်ရှိတွင် ဓားအဆောင်၏ထောင့်တစ်နေရာ၌ ပုံရိပ်တစ်ခုသည် ကျင့်ကြံနေ၏။ ဓားစွမ်းအားများသူ့ခန္ဓာကိုယ်ကို ရစ်သိုင်းထားသည်။

လီဟန်ဓားသမားသည် ထိုလူဘေးတွင် ရပ်နေ၏။ သူ့ခန္ဓာကိုယ်မှ ဓားအသိများ ထွက်ပေါ်နေကာ ကျင့်ကြံနေသူကို ညွန်ကြားပြသနေဟန်ရသည်။

“လီဟန်ဓားဆရာ...” ရီဖူရှင်းက ခေါ်လိုက်သည်။ သူတို့နှစ်ယောက်က လေ့ကျင့်နေသည်ကို ရပ်လိုက်၏။ သူတို့က ရီဖူရှင်းကို လှမ်းကြည့်လိုက်ကြသည်။

“အခြေအနေ ဘယ်လိုရှိလဲ...” ရီဖူရှင်းက မေးသည်။ ယခင်က လီဟန်ဓားနန်းတော်တွင် လီဟန်ဓားသမားသည် သူ့အား ဓားတစ်လက်ပေးခဲ့ကာ သူတို့အကြား ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြသည်။ လီဟန်ဓားသမားသည် ရီဝူချင်းကို ကြီးမားစွာ မျှော်လင့်ထား၏။

“ရှေးဟောင်းအင်ပါယာကျန့်က ညွန်ကြားပြသပေးတာကတော့ ငါ့ထက် ပိုအဆင်ပြေတာပေါ့” လီဟန်ဓားသမားက ပြုံးလျှက်ပြောသည်။

ရီဝူချင်းက ပြောသည် “လီဟန်ဓားသမားမှာလည်း ကိုယ်ပိုင်ထိုးထွင်းနားလည်မှုရှိတာပဲ။ ဒါက ကျွန်တော့လေ့ကျင့်မှုမှာ အရမ်းအရေးပါတယ်”

ရီဖူရှင်းက ပြုံးလျှက် သူတို့ထံသို့ လျှောက်လာခဲ့သည်။ ရီဝူချင်းသည် မိစ္ဆာဘုံ၌ ရှေးဟောင်းအင်ပါယာကျန့်၏ကိုယ်ပွားဖြစ်သော ဓားတစ်လက်ကို ရရှိခဲ့၏။ ရီဝူချင်းသည် ထိုဓားကို ကိုယ်နှင့်မကွာ‌ဆောင်ထားပေသည်။

သည်နှစ်များအတွင်း ရီဝူချင်းသည် နေရာအတော်များများကို သွားရောက်လေ့ကျင့်ခဲ့ကာ လက်ရှိတွင် ရှန့်ထိုအဆင့်အမြင့်ဆုံး၌ ရှိနေသည်။

“မင်းမှာ လမ်းစဉ်သစ်သီးတွေ ရှိသေးလား...” ရီဖူရှင်းက မေးသည်။

“အင်း... လမ်းစဉ်သစ်သီးတွေ လုံလောက်အောင်ရှိသေးတယ်” ရီဝူချင်းက ပြောသည် “ပြီးတော့ ငါ့မှာ အဆင့်မြင့် နတ်ဓားတချို့လည်း ရှိသေးတယ်”

“ငါက နဂိုကတည်းက မင်းအတွက် သီသန့်ဖယ်ထားတာ...ဒီနည်းနဲ့ မင်းလည်း မြန်မြန်ဆန်ဆန် တိုးတက်တာပေါ့” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ ရီဖူရှင်းအနေဖြင့် သူ၏အရင်းအမြစ်များအားလုံးကို အသုံးပြုရလျှင်ပင် ရီဝူချင်းအား အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်ဖြစ်ရန် အားထုတ်ပေမည်။

“မင်းမှာ ထပ်ရှိသေးရင် ငါ့ကို ဘာလို့ သစ်သီးတချို့ မပေးတာလဲ...” လူငယ်တစ်ယောက် လျှောက်လာသည်။ သူကား လီဟန်ဓားသမား၏တပည့် ဝမ်ချွမ်းဖြစ်သည်။

“လောဘကြီးတဲ့အကောင်...” ရီဖူရှင်းက ပြောသည်။ သူ့အနေဖြင့် လီဟန်ဓားသမား၏တပည့်ကိုလည်း အရင်းအမြစ်များ ပံ့ပိုးပေးပေသည်။

ဝမ်ချွမ်းကား စနောက်နေခြင်းသာဖြစ်သည်။ သူသည် သူ့ဆရာ၏အနီးကပ်သင်ကြားပြသမှုအပြင် များစွာသော အရင်းအမြစ်များကိုလည်း ပိုင်ဆိုင်သည်။

ထိုအခိုက်တွင် လူတစ်ယောက် ရောက်လာသည်။

“ဖူရှင်း...”

“အစ်ကိုကြီး...” ရီဖူရှင်းက ဓားသခင်ကို လှမ်းခေါ်သည်။

“သွေးနဂါးအင်ပါယာ ကျောင်းတော်ကို ရောက်နေတယ်...” ဓားသခင်က ပြောသည်။

“သွေးနဂါးအင်ပါယာ..” ရီဖူရှင်းက အံ့အားသင့်သွားသည်။ ထို့နောက် သူက ပြောသည် “သွားကြည့်ရအောင်...”

မြန်ဆန်စွာပင် ရီဖူရှင်းတို့ သွေးနဂါးအင်ပါယာထံသို့ ရောက်လာခဲ့၏။ ရှီရှန်းနှင့် ယွီရှီဖေးတို့သည်ကား သွေးနဂါးအင်ပါယာအနီးတွင်ရှိနေကာ တစ်စုံတစ်ခုကို ပြောဆိုနေကြဟန်ရသည်။

“စီနီယာ...” ရီဖူရှင်းက သူတို့အနီးသို့လျှောက်လာကာ ခေါ်သည်။

သွေးနဂါးအင်ပါယာက ရီဖူရှင်းကို လေးနက်စွာ ကြည့်သည်။

သွေးနဂါးအင်ပါယာသည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်သောအခါ ရီဖူရှင်းလုပ်ဆောင်ခဲ့သည်များအားလုံးကို ကြားသိခဲ့ရ၏။ သူကား ကြီးစွာ ထိတ်လန့်အံ့အားသင့်ရ၏။

သွေးနဂါးဘုံက ဤသို့သော ပါရမီရှင်တစ်ဦးကို မွေးထုတ်ခဲ့မည်ဟု သူလုံးဝ မထင်ထားပေ။

ယမန်နေ့က ကျူးကျော်ဝင်ရောက်လာသူများသည် ရီဖူရှင်းအပေါ် မကောင်းသော အကြံအစည်များရှိရပေမည်။

“ရီဖူရှင်း... ငါမင်းကို တစ်ခုပြောမလို့ ရောက်လာတာ” သွေးနဂါးအင်ပါယာက ပြောသည် “ပြီးခဲ့တဲ့ရက်ပိုင်းက သွေးနဂါးဘုံသို့ ရန်ဟောင်တချို့ရောက်လာပြီး ချင်ယဲ့မြို့မှာ တစ်ခုခုကို လိုက်ရှာခဲ့ကြတယ်။ ပြီးတော့ သူတို့ထွက်သွားတယ်”

ချက်ချင်းပင် ရီဖူရှင်း၏အမူအရာ ပြောင်းလဲသွားသည်။ ထိုလူများက မည်သူတို့ဖြစ်သည်ကို သူချက်ချင်း ခန့်မှန်းမိ၏။

“သတင်းအချက်အလက်တွေကို မင်းစိတ်ထဲ ပို့ပေးမယ်...” သွေးနဂါးအင်ပါယာက ပြောသည်။ ထို့နောက် သူက အဖြစ်အပျက်များကို ရီဖူရှင်း၏စိတ်ထဲကို ပို့လွှတ်လိုက်သည်။

သူမျှော်လင့်ထားသည့်အတိုင်း ထိုလူများမှာ ရှန်ကလန်မှ လူများဖြစ်ကြသည်။

ကံကောင်းစွာပင် ချင်ယဲ့မြို့တွင်နေထိုင်သော ရီဖူရှင်း၏အုပ်စုမှလူများမှာ ကောင်းကင်နတ်တံခါးသို့ ရွှေ့ပြောင်းထားခဲ့၏။ မဟုတ်လျှင် ရှန်ကလန်က ထိုလူများအား မည်သည့်နည်းနှင့်မျှ လွှတ်ပေးမည် မဟုတ်ပေ။

ကံမကောင်းသည်ကား ရီဖူရှင်းနှင့် သူ့ဆရာချီရွှမ်ကန်းတို့၏ပတ်သက်မှုကို ရှန်ကလန်က သိသွားခြင်းပင်။ သူ့ဆရာသည် ဖေးရွှီနှင့် တခြားလူများကို နေရာပြောင်းရွှေ့ရန် အစီအစဉ်ရှိကြောင်း ရီဖူရှင်းက မူလကတည်းက သိသည်။ သို့သော်လည်း ရှန်ကလန်က သွေးနဂါးဘုံတစ်ခုလုံးကို မြေလှန်ရှာမှတော့ သူမတို့အနေဖြင့် ရှန်ကလန်လက်မှ လွတ်မြောက်မည် မဟုတ်ပေ။

သွေးနဂါးအင်ပါယာပေးသော သတင်းအချက်အလက်များ၌ ရင်းနှီးသောလူတစ်ဦးလည်းပါသည်။ သူကား လော့ရန်...။

ရီဖူရှင်း၏အစီအစဉ်များအားလုံးသည် အမှန်တကယ်ပင် သူအလေးမထား ဂရုမပြုခဲ့သော တစ်စုံတစ်ယောက်ကြောင့် ပျက်စီးခဲ့ရသည်။

လော့ရန်ရောက်လာခြင်းမှာ ကောင်းကင်အာဏာစက်ကျောင်းတော် တည်ထောင်ခြင်းကြောင့်ဖြစ်မည်ကို ရီဖူရှင်း ခန့်မှန်းမိ၏။ သို့သော်လည်း လော့ရန်သည် အမှန်တကယ် ရှန်ကလန်နှင့် ပူးပေါင်းခဲ့သည်။

“လော့ကလန်မျိုးဆက်က သူတို့ကို ခေါ်သွားတာဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျုပ်အနေနဲ့ ဒီကိစ္စမှာ ဝင်ပါဖို့ ခက်ခဲတယ်...” သွေးနဂါးအင်ပါယာက ပြောသည်။

သွေးနဂါးအင်ပါယာအနေဖြင့် ထိပ်သီးအင်အားစုများကိစ္စ၌ ပါဝင်စွက်ဖက်နိုင်စွမ်းမရှိပေ။

“ဂျူနီယာ နားလည်ပါတယ်...” ရီဖူရှင်း ခေါင်းညိတ်သည်။

သွေးနဂါးအင်ပါယာအနေဖြင့် သူ့ထံသို့ရောက်လာကာ တကူးတက လာရောက်သတိပေးခြင်းအား ရီဖူရှင်း အလွန်ကျေးဇူးတင်သည်။

“လော့ကလန်ကလူတွေ သွေးနဂါးဘုံမှာပဲလား” ရီဖူရှင်းက မေးသည်။

သွေးနဂါးအင်ပါယာက ခေါင်းညိတ်သည် “အင်း... ဒါပေမဲ့ ဒီကိစ္စက လော့ရန်တစ်ယောက်တည်းလုပ်တာပဲ။ သူ့ကလန်နဲ့ မဆိုင်ဘူး”

“ကျွန်တော် နားလည်ပါတယ်...” ရီဖူရှင်းက ပြန်ပြောသည် “ဒါပေမဲ့ လော့ရန်ကတော့ ဒီအတွက် ပေးဆပ်ဖို့လိုတယ်”

သွေးနဂါးအင်ပါယာက မည်သည့်စကားမှ မဆိုပေ။ လော့ရန်လုပ်ခဲ့သည်ကား ရီဖူရှင်း၏သည်းခံနိုင်စွမ်းအားကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သူက အမှန်တကယ် ရီဖူရှင်း၏လူများကို သွားထိခဲ့သည်။

လော့ရန်၏လုပ်ဆောင်မှုများကား တနည်းနည်းအားဖြင့် ရက်စက်လွန်းလှသည်။ ထိုအရာများအားလုံးက အကျိုးအမြတ်ကြောင့်လား...။

“စီနီယာ... အခု သွေးနဂါးဘုံကို ပြန်တော့မှာပါလား” ရီဖူရှင်းက မေးသည်။

“မင်းတို့ ငါနဲ့ပြန်လိုက်ခဲ့မှာလား...” သွေးနဂါးအင်ပါယာက ရှီရှန်းနှင့် ယွီရှီဖေးတို့ကို မေးသည်။ သူက အခြေအနေကို အကဲခတ်မိပြီးဖြစ်သည်။ မုန်တိုင်းက များမကြာမှီ ရောက်လာရန် ရှိသည်။ ရှီရှန်းသည် ကျောင်းတော်၌ ဆက်နေပါက သူ့အတွက် အန္တရာယ်ရှိပေသည်။

“ဒီနေရာက အရမ်းကောင်းတယ်။ ရှီဖေးနဲ့ ကျွန်တော်က ဒီမှာပဲ လေ့ကျင့်တော့မယ်။ အဖေပဲ ပြန်လိုက်ပါ” ရှီရှန်းက ပြောသည်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ရောက်ပြီးမှတော့ နောင်တရစရာ မရှိပေ။

“ကောင်းပြီ...” သွေးနဂါးအင်ပါယာက ခေါင်းညိတ်သည်။

“စီနီယာ... ကျုပ်မိတ်ဆွေတစ်ယောက်ကို စီနီယာနဲ့ထည့်လိုက်ပါ့မယ်...” ရီဖူရှင်းက ပြောသည်။ ရီဖူရှင်းက လော့ရန်မျိုးဆက်ကို သွေးနဂါးဘုံမှ သွားရောက်ဖမ်းခေါ်လာလိုသည်ကို သွေးနဂါးအင်ပါယာနားလည်သည်။

ရီဖူရှင်းက ကောင်းကင်မိစ္ဆာကလန်မှ မိစ္ဆာသားရဲတစ်ကောင်ကို သွေးနဂါးအင်ပါယာအား ပို့ဆောင်ရန် တာဝန်ပေးခဲ့သည်။ နတ်ငှက်သည် လော့ကလန်မှ မျိုးဆက်ကို သွေးနဂါးဘုံမှ ဖမ်းခေါ်လာမည်ဖြစ်သည်။

သွေးနဂါးအင်ပါယာထွက်သွားပြီးနောက်တွင် ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထိပ်သီးတန်ခိုးရှင်များကို စုဝေးခဲ့သည်။ သူက တစ်ဘက်လူများထက် ကြိုတင်၍ ဖေးရွှီကို ရှာတွေ့နိုင်မည်လား တွေးနေသည်။ သို့သော်လည်း ဖေးရွှီကို ရှန်ကလန်က ဖမ်းခေါ်သွားပြီး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သူတို့ဆွေးနွေးနေကြစဉ်မှာပင် ရုတ်တရက် ကောင်းကင်မှ အားကောင်းသောဖိအားတစ်ခုကျဆင်းလာခဲ့သည်။

အဆုံးမဲ့သော နတ်အလင်းများ ကောင်းကင်၌ ဖြစ်ပေါ်လာ၏။ ကောင်းကင်အာဏာစက်ကျောင်းတော်တစ်ခုလုံး ဖိအားအောက်သို့ ကျဆင်းနေသည်။ လူအများအပြားက ခေါင်းမော့ကာ အပေါ်ကို မော့ကြည့်လိုက်ကြသည်။ အလင်းတစ်ချက်နှင့်အတူ နတ်ဘုရားအလား ပုံရိပ်တစ်ခုသည် ကောင်းကင်ထက်၌ ပေါ်လာ၏။

အရှင်ထိုက်ရွှမ်၊ ထျန်းဟယ်အကြီးအကဲနှင့် တခြားသော ထိပ်သီးတန်ခိုးရှင်များအားလုံး ကောင်းကင်ထက်ကို တက်လာကြသည်။ သူတို့အားလုံးက အလွန်အမင်း အားကောင်းသော ပုဂ္ဂိုလ်တစ်ဦးကို တွေ့ကြရသည်။

ရီဖူရှင်းကလည်း ထိုသူရှိရာသို့ လှမ်းကြည့်လိုက်၏။ သူက ကြောက်မက်ဖွယ် အရှိန်အဝါကို သိသာထင်ရှားစွာ ခံစားနေရ၏။

သူ့ဘေးတွင် အေးစက်သောကိုယ်ရောင်ကိုယ်ဝါများ ထုတ်လွှတ်လျှက်ရှိသော ထျန်းဟယ်အကြီးအကဲပေါ်လာသည်။

ထျန်းဟယ်အကြီးအကဲသည် သည်လူကို မည်သည့်အခါမှ မေ့လျော့မည် မဟုတ်ပေ။ ထျန်းဟယ်ဘုံတွင် ထိုနေ့၌ သည်လူသည် ရုတ်တရက် ရောက်လာခဲ့ကာ ကြောက်မက်ဖွယ် စစ်ပွဲကြီးကို စတင်ခဲ့၏။ ထျန်းဟယ်အကြီးအကဲ၏တပည့် သုံးထောင်ခန့်သည် အားလုံးနီးပါး အသတ်ခံရ၏။

“ရှန်ကလန်အကြီးအကဲချုပ် ရှန်ကျဲ့... “ ထျန်းဟယ်အကြီးအကဲက ရေရွက်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထိပ်သီးတန်ခိုးရှင်များအားလုံး လေးနက်သော အမူအရာများဖြစ်လာသည်။

ဤကား လူအတော်များများအတွက် ရှန်ကလန်အကြီးအကဲချုပ်ကို ပထမဆုံး တွေ့ဆုံဖူးခြင်းဖြစ်သည်။ သူသည်ကား ယခင်နှစ်ပေါင်းများစွာကတည်းက ဘုံသုံးထောင်၏အမြင့်ဆုံးသော အဆင့်အတန်း၌ ရှိနေခဲ့သူ မဟုတ်ပါလား။

***

All Chapters