← Chapters

ဘက်ပြန်ကျင့်ကြံခြင်း

Vol. 018 Ch. 1702

ဘက်ပြန်ကျင့်ကြံခြင်း

Vol. 018 Ch. 1702

ရှန်ကျဲ့သည် ကောင်းကင်ထက်တွင်ရပ်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်အား ငုံ့ကြည့်နေသည်။

“ကျုပ် လူနှစ်ယောက်ကို ခေါ်သွားမယ်...” သူက ပြောသည်။ သူ၏လေသံက အလွန်အမင်း တည်ငြိမ်နေသည်။ သူက သာမန်ကိစ္စတစ်ခုကို ပြောဆိုနေသည့်အလား ထင်မှတ်ရ၏။

သူပြောနေသောသူနှစ်ဦးမှာ ထျန်းဟယ်အကြီးအကဲနှင့် ရီဖူရှင်းတို့ဖြစ်ကြသည်။

ကောင်းကင်အာဏာစက်မြို့မှ မရေမတွက်နိုင်သောလူများသည် သူ့ကို လှမ်းကြည့်နေကြ၏။ သူ၏လေသံနှင့် ဟန်ပန်အမူအရာက သေချာသော အဓိပ္ပာယ်တစ်ခု ပါဝင်နေပေသည်။ ၄◌င်းက သူ၏စကားတို့မှာ နတ်ဘုရားတို့၏သဘောဆန္ဒဖြစ်သောကြောင့် ငြင်းဆန်မရသည့်အလား...။

ထျန်းဟယ်အကြီးအကဲ၏မျက်လုံးများထဲတွင် အေးစက်သော အငွေ့အသက်များ လောင်မြိုက်နေသော်လည်း အတန်ကြာလျှင် သူ တည်ငြိမ်သွားသည်။

ယနေ့ သူထပ်၍ ထွက်မပြေးတော့ပေ။

“ဒါက ကောင်းကင်အာဏာစက်ကျောင်းတော်ပဲ...” အရှင်ထိုက်ရွှမ်က ရှေ့ကိုတက်သွားကာ ရှန်ကျဲ့နှင့် မျက်နှာချင်းဆိုင်တွင် ရပ်သည်။

သူသည် ယခင်က ဗဟိုအင်ပါယာဘုံ၏ရှန်ကျဲ့ကို တစ်ခါမှ မဆုံဖူးပေ။ သို့သော်လည်း တစ်ဘက်လူ၏အပြုအမူနှင့် စကားလုံးတို့မှ သူ၏မောက်မာဝင့်ကြွားမှုတို့ကို ခံစားရသည်။

ရှန်ကျဲ့က အရှင်ထိုက်ရွှမ်ကိုကျော်ကာ ရီဖူရှင်းကို လှမ်းကြည့်သည်။

“ချီရွှမ်ကန်းဟာ မင်းလိုတပည့်ကို ပိုင်ဆိုင်ရတာ ကံကောင်းလွန်းလို့ပဲ။ မင်းနဲ့မင်းဆရာက ရှန်ကလန်ကို တစ်ခေါက် လိုက်ခဲ့သင့်တယ်” ရှန်ကျဲ့က တည်ငြိမ်စွာ ပြောသည်။

တစ်ဘက်လူပြောသည်ကိုကြားသည်နှင့် ရှန်ကလန်သည် အမှန်တရားကို သိရှိပြီးဖြစ်ကြောင်း ရီဖူရှင်း နားလည်လိုက်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများ အံ့အားသင့်သွားကြသည်။ သို့သော်လည်း လက်ရှိအချိန်တွင် သူတို့ အထူးအထွေစဉ်းစားနေရန် အချိန်မရှိတော့။

“ကောင်းကင်အာဏာစက်ကျောင်းတော်ဟာ တည်ထောင်ပြီးပြီ။ ကောင်းကင်အာဏာစက်ဘုံက အင်အားစုတွေအပြင် ရှောင်ကလန်နဲ့ တခြားကလန်တွေလည်း ဒီမှာရှိတယ်။ ရှန်ကလန်က မင်းတို့အပြုအမူကို သတိထားသင့်တယ်” ရှောင်ကလန်အကြီးအကဲက ဆိုသည်။

ရှန်ကလန်သည် ထျန်းဟယ်အကြီးအကဲနှင့် ရီဖူရှင်းကို လာခေါ်သည်။ သို့သော်လည်း သူတို့ကား ကောင်းကင်အာဏာစက်ကျောင်းတော်၏အသက်ဝိညာဉ်ဖြစ်၏။ တစ်ဘက်လူက အထက်စီးဆန်လွန်းသည်။

“ကျုပ် သူတို့ကို လာခေါ်တာ” ရှန်ကျဲ့က ထူးမခြားနားစွာ ပြောသည် “မသက်ဆိုင်တဲ့သူတွေက ဘေးဖယ်နေပါ။ မဟုတ်ရင် အကျိုးဆက်က ကောင်းမှာ မဟုတ်ဘူး” သူက ထိုသို့ပြောလျှင် ကြောက်မက်ဖွယ်အရှိန်အဝါများသည် ထိုနေရာတစ်ခုလုံးကို ဖိအားပေးလာ၏။

သူ့နဖူးတွင် နတ်မျက်လုံးတစ်လုံးပေါ်လာသည်။ အဆုံးမဲ့သော အလင်းများ ထိုမျက်လုံးမှ စူးရှစွာ ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်တွင် ပိုမိုလင်းလက်သော နတ်အလင်းများ ကောင်းကင်မှ ကျဆင်းလာခဲ့၏။

ကျောင်းတော်က လူများကို အလွတ်တကူ ထုတ်ပေးမည်မဟုတ်ကြောင်း ရှန်ကျဲ့ကလည်း သိနားလည်ဟန်ရသည်။ သူက ခွန်အားသုံးမှ ရပေမည်။

ချက်ချင်းပင် နတ်အလင်းများသည် တန်ခိုးရှင်များအားလုံးထံသို့ ရိုက်ခတ်သွား၏။

“သတိထား... ဒါက ရှန်ကလန်ရဲ့ ထျန်ရှန်နတ်မျက်လုံးအလင်းဓားပညာရပ်ပဲ...” ထျန်းဟယ်အကြီးအကဲက သတိပေးသည်။ ထိုအခိုက်တွင် ကျယ်လောင်သောအသံတစ်ခုနှင့်အတူ အသစ်တည်ဆောက်ထားသော အဆောက်အဦးများမှာ ထက်ခြမ်းခွဲခံရပြီး အပိုင်းအပိုင်းအစစဖြစ်သွားကြသည်။

အရှင်ထိုက်ရွှမ်က ရှေ့ကိုတက်သွားလျှင် အလင်းအရံအတားတစ်ခုသည် ထျန်ရှင်းကျောင်းတော်ကို ဖုံးအုပ်သွား၏။ အဆုံးမဲ့သော ကု့ချင်းကြိုးများဖြစ်ပေါ်လာခဲ့ကာ ကြိုးတစ်ပင်စီက မဟာလမ်းစဉ်ကို ကိုယ်စားပြု၏။ မရေမတွက်နိုင်သောကြိုးများသည် ပြင်းထန်အားကောင်းသောသံစဉ်များကို ဖန်တီး၏။

အဆုံးအစမဲ့သော နတ်အလင်းများသည် ကောင်းကင်မှ ဓားသွားအလား ကျဆင်းလာ၏။ ကြိုးများ တုန်ခါသွားကာ အချို့မှာ ပြတ်တောက်သွားကြသည်။ အလင်းတန်းသည် ဆက်လက်ကျဆင်းလာခဲ့၏။

ဝုန်း… ဝုန်း...

ကျောင်းတော်မြေပြင်တွင် အပျက်အစီးများနှင့်အတူ အသက်မဲ့နေသော ခန္ဓာကိုယ်များအား မြင်တွေ့ရသည်။ လူအချို့မှာ အလင်းဓားချက်ကို ခံနိုင်ရည် မရှိခဲ့ကြပေ။

နတ်အလင်းဓားသည် များစွာသော ကျောင်းတော်တပည့်များ၏ဇီဝိန်ကို ခြွေသွားခဲ့၏။ ထိုအခိုက်တွင် ပိုမိုများပြားသော ကြိုးမျှင်များပေါ်လာခဲ့ကာ ကျောင်းတော်အား ဒုတိယနှင့် တတိယ အရံအတားများအဖြစ် ကာကွယ်ပေးကြသည်။ သို့သော်လည်း အလင်းဓားသည် အလွန်လျင်မြန်စွာ ရောက်လာခဲ့ရာ တချို့သော ကျောင်းတော်သားများမှာ ကံကြမ္မာဆိုးမှ မလွတ်မြောက်ခဲ့ပေ။

နတ်ဆင်အော်ဟစ်သံများ ကောင်းကင်တခွင်ကို ဟိန်းသွားကာ ကျောင်းတော်အပေါ်၌ များစွာသော နတ်ဆင်ပုံရိပ်များပေါ်လာ၏။ ထို့နောက် ဧရာမနတ်ဆင်ပုံရိပ်ကြီးအဖြစ် ပြောင်းလဲသွားကာ ကျောင်းတော်ကို အုပ်မိုးကာကွယ်ပေးထားသည်။

“ရှန်ကလန်ရဲ့ ထျန်ရှင်နတ်ဓားက ဝိညာဉ်နဲ့ခန္ဓာကိုယ်နှစ်ခုလုံးကို တစ်ခါတည်း ဖြတ်တောက်တဲ့ စွမ်းအားနှစ်ခုပေါင်းစပ်ပါဝင်တယ်။ ဓားချက်ကို ကျောင်းတော်သို့ မရောက်စေဖို့ ကာကွယ်ပေးမှ ဖြစ်မယ်” ထျန်းဟယ်အကြီးအကဲက ဆိုသည်။ ရှန်ကျဲ့က ထျန်းဟယ်ဘုံကို လွန်ခဲ့သော နှစ်များစွာက မည်သို့ဖျက်ဆီးခဲ့သည်ကို သူကောင်းကောင်းမှတ်မိ၏။

နတ်ဓားသည် ထျန်းဟယ်အကြီးအကဲ၏တပည့်များကို ရက်စက်စွာ သတ်ဖြတ်ခဲ့၏။

ထိုအခိုက်တွင် ရှန်ကျဲ့သည် သူ့တိုက်ခိုက်မှုကို ကန့်သတ်ထားဆဲဖြစ်သည်။ မည်သို့ဆိုကေ ကျောင်းတော်ထဲတွင် သူတိုက်ရိုက်မသတ်ဖြတ်လိုသော လူငယ်မျိုးဆက်တချို့ရှိပေသေးသည်။ သူတို့ကို သတ်ဖြတ်ခြင်းက ရှန်ကလန်ကို နောက်ပိုင်း၌ များစွာ အခက်အခဲဖြစ်စေမည်။

“နတ်ဆင်အင်ပါယာ... သူတို့ကို ကာကွယ်ပါ။ ကျန်တဲ့အင်ပါယာတွေ အတူ တိုက်ခိုက်ကြမယ်” နဂါးဘုရင်က ပြောသည်။

“သွားရအောင်...” ကောင်းကင်မိစ္ဆာနတ်ငှက်အရှင်ကလည်း ပြောသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် ကောင်းကင်အာဏာစက်ဘုံမှ အင်အားစုများ၏စုပေါင်းမှုဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။ ကျောင်းတော်သည် ဘုံတစ်ခုလုံးကို ကိုယ်စားပြု၏။ တစ်ဘက်လူက သူတို့အား လုံးဝ ဂရုမစိုက်ပေ။

ရှန်ကျဲ့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက နာမည်ကျော်ကြားသူဖြစ်ကာ အမြင့်ဆုံးသောအဆင့်၌ ရပ်နေသူဖြစ်၏။ သူကား တခြားလူများထက် သန်မာ၏။ သို့သော် ပြိုင်ဘက်ကင်းတော့ မဟုတ်ချေ။

လူအများအပြား ကောင်းကင်ထက်သို့ တက်လာလျှင် အဆုံးမဲ့သော နတ်အလင်းများသည် အာကာသမုန်တိုင်းအသွင်သို့ပြောင်းလဲကာ လေဟာနယ်ကို ခွင်းလာသည်ကိုမြင်ရ၏။ သူတို့အနီးမှ လေဟာနယ်မှာ အက်ကွဲကြောင်းများဖြစ်လာသည်။

ဘုန်း...

ကြောက်မက်ဖွယ် လေဟာနယ်အက်ကြောင်းများသည် ကောင်းကင်အာဏာစက်ကျောင်းတော်အနီးတဝိုက်၌ ဖြစ်ပေါ်လာနေသည်။

ကျောင်းတော်အနီးတွင် စောင့်ကြည့်နေကြသော တန်ခိုးရှင်များသည်ပင် ကြောက်လန့်တကြား ထွက်ပြေးကြရပြီဖြစ်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများအားလုံး စိတ်နှလုံးပြင်းထန်စွာ လှုပ်ရှားသွားကြ၏။ လက်ရှိအခြေအနေတွင် အနည်းငယ်မျှသော မတော်တဆက ကျောင်းတော်ကို လုံးဝ ပျက်စီးသွားစေနိုင်လောက်သည်။

“သွားရအောင်...”

ကောင်းကင်အာဏာစက်မြို့မှ တန်ခိုးရှင်များသည်ပင် တစ်စုံတစ်ခုလွဲမှားနေကြောင်း ခံစားမိကြသည်။ သူတို့က လူစုခွဲကာ အဝေးကို ထွက်ပြေးကြရသည်။ အကယ်၍ ထိပ်သီးတန်ခိုးရှင်နှစ်ဦးသည်သာ ကောင်းကင်အာဏာစက်ကျောင်းတော်၌ တိုက်ခိုက်ပါက စွမ်းအားအပိုင်းအစတချို့သည်ပင် ကောင်းကင်အာဏာစက်မြို့ကို ပျက်စီးစေနိုင်ပေသည်။

ကု့ချင်းသံစဉ်ထွက်ပေါ်လာကာ နတ်ဘုရားတို့ပူဆွေးခြင်းသံစဉ်သည် လေထဲပျံ့နှံ့၏။

အာကာသမုန်တိုင်းအပြင် ဓားမုန်တိုင်းတစ်ခုသည်လည်း လေထဲဖြစ်ပေါ်လာသည်။

ရှန်ကျဲ့သည် လေထဲတွင် ရပ်နေ၏။ သူက နတ်ဘုရားတစ်ပါးအလား လက်ကို ဆန့်ထုတ်လိုက်၏။ ထို့နောက် လက်ကို အနည်းငယ် ဝှေ့ယမ်းကာ ကောင်းကင်အာဏာစက်ကျောင်းတော်အား အတွင်းအပြင် ရိုက်ခတ်စေသည်။ နတ်ဆင်အင်ပါယာက ထိုစွမ်းအားကို တားဆီးရန်ကြိုးစားသော်လည်း ကောင်းကင်မှ ကျဆင်းလာသော ဖိအားကို ကျောင်းတော်မှ လူတိုင်း ခံစားမိကြသည်။

ထိပ်သီးအင်အားစုများမှ လူများအားလုံး အံ့အားသင့်သွားကြသည်။ ရှန်ကလန်ကား အမှန်တကယ် စွမ်းအားကြီးမားလွန်းလှသည်။

ထိပ်သီးအင်အားစုများအားလုံး သည်နေရာမှာရှိနေသော်လည်း ရှန်ကလန်သည် ရင့်သီးစွာ တိုက်ခိုက်ဆဲပင်။

အဆုံးမဲ့သော ကြိုးများ တုန်ခါသွားသည်။ နတ်ဘုရားတို့ပူဆွေးခြင်းသံစဉ် ထွက်ပေါ်လာလျှင် မဟာလမ်းစဉ်သည် ကောင်းကင်ထံသို့ တန်ပြန်လွင့်စင်သွားကာ ရှန်ကျဲ့ထိန်းချုပ်သောစွမ်းအားများကို ဖျက်ဆီး၏။ ထိုအဖြစ်က ကျောင်းတော်အား အသက်ရှုရှောင်စေသည်။

အရှင်ထိုက်ရွှမ်က သူ၏မဟာလမ်းစဉ်ကြိုးများကို အသုံးပြုကာ လက်ကိုဆန့်ထုတ်လိုက်၏။ အဆုံးမဲ့သော နတ်ဓားများ ထွက်ပေါ်လာခဲ့ကာ အာကာသအလင်းတန်းများကို ဖြတ်တောက်၏။ သန်းပေါင်းများစွာသော ဓားတို့သည် ရှန်ကျဲ့ထံသို့ ဆက်လက်ပျံသန်းသွားကြသည်။

သို့သော်လည်း ရှန်ကျဲ့၏ခန္ဓာကိုယ်သည် လေဟာနယ်ထဲ ပျော်ဝင်သွားခဲ့ကာ ပျောက်ကွယ်သွား၏။

ဟူး...

လျှပ်တပြက်တွင် ကြောက်မက်ဖွယ်လှိုင်းလုံးတစ်ခုနှင့်အတူ ရှန်ကျဲ့သည် အရှင်ထိုက်ရွှမ်၏ရှေ့၌ ပေါ်လာသည်။ သူက လက်ကိုဆန့်တန်းလိုက်လျှင် အဆုံးမဲ့သော နတ်အလင်းများသည် အရှင်ထိုက်ရွှမ်ကို ဝါးမျိုလာကြ၏။

သူပေါ်လာသည်နှင့် အရှင်ထိုက်ရွှမ်ကလည်း မဆိုင်းမတွ တုန့်ပြန်တိုက်ခိုက်၏။ သူက ဓားကိုမြှောက်လိုက်လျှင် မဟာလမ်းစဉ်သည် တန်ပြန် လွင့်စင်သွား၏။ သူက တစ်ဒင်္ဂဓားချက်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

သူတို့၏တိုက်ခိုက်မှုက လေထဲတွေ့ဆုံသွားခဲ့ကာ ကြောက်မက်ဖွယ် ဖျက်ဆီးအားများသည် ပတ်ဝန်းကျင်ကို ပျံ့လွင့်သွား၏။ စွမ်းအားလှိုင်းများသည် ကောင်းကင်အာဏာစက်မြို့သို့ ပြင်းထန်စွာ ရိုက်ခတ်ကာ များစွာသော အဆောက်အဦများနှင့် လူများကို ထိမိသည်။ တခဏအတွင်းမှာပင် များစွာသော အဆောက်အဦများနှင့် လူများ သေဆုံးသွားရ၏။

“မဟုတ်ဘူး...” လူအများအပြားက ထိတ်လန့်တကြား အော်ဟစ်ကြသည်။ အချို့မှာ သူတို့၏မိသားစုများနှင့် မိတ်ဆွေများ သေဆုံးပျောက်ကွယ်သွားသည်ကို ထိတ်လန့်တကြား မြင်တွေ့လိုက်ကြရ၏။

ရှန်ကျဲ့နှင့် အရှင်ထိုက်ရွှမ်တို့ နောက်ဆုတ်လိုက်ကြသည်။ ရှန်ကျဲ့ထံမှ အဆုံးမဲ့သော နတ်အလင်းများ တောက်ပနေဆဲဖြစ်သည်။

“ရှန်ကျဲ့... ငါတို့ ကောင်းကင်ထက်အမြင့်မှာ သွားတိုက်ခိုက်ရအောင်...” အရှင်ထိုက်ရွှမ်က ပြောသည်။ သူတို့၏တိုက်ခိုက်မှုကို ကောင်းကင်အာဏာစက်မြို့က ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

“မင်း သူတို့ကို ထုတ်မပေးဘူးလား...” ရှန်ကျဲ့ထံမှ ကြောက်မက်ဖွယ်စွမ်းအားမုန်တိုင်းတစ်ခုဖြစ်ပေါ်လာကာ မုန်တိုင်းသည် ကောင်းကင်အာဏာစက်မြို့ကို လွှမ်းခြုံလာခဲ့၏။

ထိုအခိုက်တွင် လူတစ်ယောက် လေထဲ၌ ပေါ်လာသည်။

ထိုသူကိုမြင်လျှင် အရှင်ထိုက်ရွှမ်၏အကြည့်က အေးခဲသွားသည်။ သူကား ထျန်းဟယ်အကြီးအကဲဖြစ်သည်။

ထျန်းဟယ်အကြီးအကဲက မြို့ပေါ်ကို မိုးထားသော မုန်တိုင်းအားကြည့်သည်။ သည်ကဲ့သို့မြင်ကွင်းသည် ယခင် ထျန်းဟယ်ဘုံ၌လည်း ဆင်တူစွာ ဖြစ်ပျက်ခဲ့သည် မဟုတ်ပါလား။

“ကျုပ် ထျန်းဟယ်ဘုံကို အရင်ပြန်မယ်။ ပြီးမှ ရှန်ကလန်ကို လိုက်ခဲ့ပြီးတော့ ဒီကိစ္စကို အဆုံးသတ်ပေးမယ်” သူက ရှန်ကျဲ့ကို ကြည့်ကာ ပြောသည်။

“နောက်တစ်ယောက် ကျန်သေးတယ်...” ရှန်ကျဲ့က ပြောသည်။

“သူလိုက်မှာ မဟုတ်ဘူး။ မင်း လက်မခံရင် ငါတို့ ဆက်ပြီး တိုက်ခိုက်ကြတာပေါ့” ထျန်းဟယ်အကြီးအကဲက ပြောသည်။

ရှန်ကျဲ့က တွေးတောလိုက်သည်။ သူကား တစ်ယောက်လည်း ရောက်လာခြင်းဖြစ်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများအားလုံးကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ ထျန်းဟယ်အကြီးအကဲက ရှန်ကလန်သို့ လိုက်မည်ဆိုပါကလည်း ကောင်းမွန်သော အကျိုးရလဒ်ဖြစ်ပေသည်။ ရီဖူရှင်းအား နောက်တစ်ကြိမ်မှ ခေါ်မည်။

“ကောင်းပြီ...” ရှန်ကျဲ့က ပြောသည်။

“သွားရအောင်...” ထျန်းဟယ်အကြီးအကဲက ပြောသည်။

“ငါ မင်းနဲ့လိုက်မယ်...” အရှင်ထိုက်ရွှမ်က ပြောသည်။

“မလိုဘူး..” ထျန်းဟယ်အကြီးအကဲက ခေါင်းယမ်းသည် “ကောင်းကင်အာဏာစက်ကျောင်းတော်ကို မင်းနဲ့ထားခဲ့မယ်...”

အရှင်ထိုက်ရွှမ်က သူ့မျက်လုံးအား ကြည့်သည်။ ဤက နှုတ်ဆက်စကားလား။

“ကျုပ်က ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့အကြီးအကဲနေရာကို ယူမယ်...” အရှင်ထိုက်ရွှမ်က ပြောသည်။

“ကောင်းတယ်...” ထျန်းဟယ်အကြီးအကဲက ခေါင်းညိတ်သည် “ငါတို့သိခဲ့တာ အရမ်းကြာပြီ။ မင်းဟာ အမြဲတမ်း ငါ့အပေါ် ကောင်းခဲ့တယ်။ အခုကစပြီး မင်းနဲ့ငါ မသိတော့ဘူး”

အရှင်ထိုက်ရွှမ်က နားမလည်ပေ။ သူက ဘာကို ဆိုလိုသနည်း။

ထျန်းဟယ်အကြီးအကဲက မည်သည့်စကားမှ မဆိုပေ။ သူက ရှန်ကျဲ့ကို ပြောသည် “သွားရအောင်...”

ထို့နောက် သူက နောက်လှည့်ကာ အဝေးကို ပျံသန်းသွားတော့သည်။

တစ်ဘက်လူက ဤသို့ အလျှော့ပေးမည်ဟု ရှန်ကျဲ့ မထင်ထားခဲ့။ သူက ကောင်းကင်အာဏာစက်ကျောင်းတော်အား တစ်ချက်ကြည့်ကာ ထျန်းဟယ်အကြီးအကဲနောက်သို့ လိုက်ပါသွားခဲ့သည်။ သူက ထျန်းဟယ်အကြီးအကဲအား ကလန်သို့ ပြန်ခေါ်သွားကာ ဤကိစ္စကို အဆုံးသတ်ပေမည်။

အရာအားလုံးမှာ ပြီးဆုံးချိန် တန်လေပြီ။

သူက ထျန်းဟယ်အကြီးအကဲထက် များစွာ သန်မာသော်လည်း တိုက်ရိုက်မဖမ်းချုပ်ပေ။ တစ်ဘက်လူက ထွက်မပြေးနိုင်သည်ကို သူ နားလည်၏။

“မင်း ဘာလို့ ထျန်းဟယ်ဘုံကို ပြန်ချင်ရတာလဲ...” သူက မေးသည်။

“သူမအတွက် ပစ္စည်းတချို့ ယူသွားဖို့လိုတယ်” ထျန်းဟယ်အကြီးအကဲက ဆိုသည်။

ရှန်ကျဲ့က သူ့အား ကြည့်ကာ ခေါင်းညိတ်သည် “ကောင်းပြီ...”

သူတို့ထွက်သွားပြီးနောက် ကောင်းကင်အာဏာစက်ကျောင်းတော်ကား အပျက်အစီးများစွာဖြင့် ကျန်ရစ်ခဲ့၏။

ရီဖူရှင်းသည် လေထဲတွင်ရပ်ကာ ပျောက်ကွယ်သွားသော ပုံရိပ်နှစ်ခုအား ကြည့်လိုက်သည်။

သူ့ဆရာဘိုးဘိုး ထွက်သွားသောအချိန်ပြောခဲ့သောစကားများသည် မည်သည့်အဓိပ္ပာယ်ကို ဆောင်သနည်း။

ပညာရှိကျမ်းသည် ဘက်ပြန်လေ့ကျင့်၍ ရသလော။

***

All Chapters