← Chapters

ဖျက်ဆီးခြင်း

Vol. 018 Ch. 1703

ဖျက်ဆီးခြင်း

Vol. 018 Ch. 1703

ထျန်းဟယ်ဘုံတောင်တန်းပေါ်သို့ လူနှစ်ယောက် ဆင်းသက်လာသည်။ သူတို့သည် ရှန်ကျဲ့နှင့် ထျန်းဟယ်အကြီးအကဲတို့ဖြစ်ကြသည်။

ထျန်းဟယ်အကြီးအကဲသည် တောင်တန်းများပေါ်သို့ ဆင်းသက်လာခဲ့သည်။ အရာအာလုံးသည် ရင်းနှီးနေသော်လည်း ယနေ့မှစ၍ သူသည် ဤနေရာ၌ ဆက်လက်၍ နေမည် မဟုတ်တော့။

“မင်းယူမယ့်ဟာကို မြန်မြန်ယူ....” ရှန်ကျဲ့က အေးစက်စွာ ပြောသည်။ ထျန်းဟယ်အကြီးအကဲအား သည်နေရာသို့ လာခွင့်ပြုခဲ့ခြင်းမှာပင် သူ့အနေဖြင့် အလွန်သဘောထားကြီးနေခဲ့ပြီဖြစ်သည်။

အတိတ်တွင် ထျန်းဟယ်အကြီးအကဲသည် ကလန်၏အရေးပါသော နေရာ၌ ရှိခဲ့သည်။ သူက ရှန်ကလန်မှ ထွက်ခွာကာ ထျန်းဟယ်ဘုံသို့ လာရောက်ပြီး ကိုယ်ပိုင်အင်အားစုထူထောင်ခြင်းမရှိခဲ့လျှင် သည်ကဲ့သို့သောဖြစ်ရပ်များ ဖြစ်လာမည် မဟုတ်ပေ။

ထျန်းဟယ်အကြီးအကဲသည် အနာဂတ်တွင် ရှန်ကလန်၏အကြီးအကဲမှူးနေရာကိုပင် ရှန်ကျဲ့ထံမှ ဆက်ခံရရှိနိုင်ပေလိမ့်မည်။

ကံမကောင်းသည်ကား မျှော်လင့်ထားသောအရာများ ဖြစ်မလာခဲ့။ ပြဿနာများဖြစ်သွားပြီးနောက်တွင် အရာအားလုံးမှာ နောက်ပြန်လှည့်မရတော့။ သူသည် တောင်ပေါ်၌ လူသေတစ်ယောက်ကဲ့သို့ သူ၏နေ့ရက်များကို ကုန်ဆုံးခဲ့ရသည်။

“ကောင်းပြီ....” ထျန်းဟယ်အကြီးအကဲက ခေါင်းညိတ်သည်။ သူက တောင်ကုန်းများအကြားမှ ယခင်သူနေထိုင်ခဲ့သောစံအိမ်သို့  လျှောက်သွားလိုက်၏။ ရှန်ကျဲ့၏နတ်အာရုံက ထျန်းဟယ်အကြီးအကဲကို သေသေချာချာ စူးစိုက်ကြည့်နေသည်။ ထိုစဉ် သူက ရုတ်တရက် ပုံမှန်မဟုတ်သောအနေအထားကို ခံစားမိ၏။

“ဝင်္ကပါအစီအရင်တွေ...” ရှန်ကျဲ့၏အာရုံထဲတွင် သူသည် များစွာသော တောင်ကုန်းတောင်တန်းများကို ဖြတ်ကျော်ကာ မြင်နိုင်စွမ်းရှိ၏။ တောင်ကုန်းများသည် အတွင်း၌ အစီအရင်များဖြင့် စီမံထားဟန်ရသည်။

သူ့မျက်လုံးများမှ အေးစက်သောအငွေ့အသက်များထွက်ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်မှ နတ်အလင်းများ တောက်ပလာခဲ့ကာ လျပ်တပြက်တွင် တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာခဲ့၏။ တောင်ကုန်းများ ပြိုလဲကြသည်။

တောင်ကုန်းအများအပြားမှာ တိုက်ရိုက်ပြိုလဲသွားသော်လည်း သူ၏တိုက်ခိုက်မှုသည် တားဆီးခံလိုက်ရသည်။ သူက ပိုမိုများပြားသော အစီအရင်အတားအဆီးများကို တွေ့ရှိရ၏။

သူက မျက်မှောင်ကြုတ်လိုက်သည်။ ထျန်းဟယ်အကြီးအကဲသည် တစ်စုံတစ်ခုကို ကွယ်ဝှက်ထားဟန်ရ၏။

သူက တောင်ကုန်းများပေါ်သို့ရောက်သည်အထိ ဆင်းသက်လာခဲ့၏။ ရုတ်တရက် များစွာသော တောင်ကုန်းတောင်တန်းများ ပြိုကျပျက်စီးသွားကြတော့သည်။

ထိုအခိုက်တွင် သူသည် အစီအရင်များ၏အောက်တွင် သီးသန့်နေရာတစ်ခုရှိကြောင်း သူခံစားမိလိုက်သည်။

သူက ခြေတစ်ချက်ဆောင့်လိုက်လျှင် မြေပြင်သည် အက်ကြောင်းများဖြစ်သွားပြီး နောက်ဆုံးတွင် ဧရာမချိုင့်ကြီးဖြစ်သွားတော့သည်။

ဧရာမတွင်းနက်ကြီးထဲတွင် ထျန်းဟယ်အကြီးအကဲသည် အလွန်ကြီးမားသော အစီအရင်တစ်ခုထဲ၌ ရပ်နေ၏။

ဝင်္ကပါအစီအရင်ကား အလွန်အမင်းကြီးမားလှသည်။ သူက ထျန်းဟယ်အကြီးအကဲကို လျော့တွက်မိပြီဖြစ်သည်။ သူက သည်နေရာတွင် ဧရာမဝင်္ကပါအစီအရင်တစ်ခု ပြုလုပ်ထားမည်ဟု သူမထင်ထားခဲ့။

သို့သော် သည်အစီအရင်က မည်သို့ပြောင်းလဲနိုင်မည်နည်း။

“ဒါက ဘာအဓိပ္ပာယ်လဲ...” ရှန်ကျဲ့က အေးစက်စွာ မေးသည်။ သူ၏လေသံက ရင့်သီးကာ မောက်မာနေဆဲဖြစ်သည်။ သူက ထျန်းဟယ်အကြီးအကဲကို မည်သည့်အခါကမှ အလေးမထားခဲ့ပေ။

“ရှန်ကလန်ကို အမှုမဲ့အမှတ်မဲ့ဖြစ်အောင် ကျုပ်က နေခဲ့ပြီးတော့ နှစ်ပေါင်းများစွာ ဒီအစီအရင်ကို ကျုပ်က တည်ဆောက်ခဲ့တယ်” ထျန်းဟယ်အကြီးအကဲက ပြောသည် “ငါနားမလည်သေးတဲ့အရာတွေ အများကြီးရှိသေးတော့ ငါက နည်းနည်းထပ်စောင့်ချင်ခဲ့သေးတယ်။ ဒါပေမဲ့ မင်းတို့က ဒီလောက် စိတ်မရှည်ဘူးပဲ”

“ငါတို့အကြား ကွာဟမှုကို ဒီအစီအရင်က တကယ်ဖြေရှင်းပေးနိုင်ပါ့မလား” ရှန်ကျဲ့က သူ့အား လှမ်းကြည့်ကာ အေးစက်စွာ မးသည်။ ထျန်းဟယ်အကြီးအကဲက အဘယ်ကြောင့် ယုံကြည်မှုရှိနေပါသနည်း။

“ကျုပ်တို့က ဒီလောက်ကွာခြားလို့လား...” ထျန်းဟယ်အကြီးအကဲက ရှန်ကျဲ့ကိုမေးသည် “ကောင်းကင်လမ်းစဉ်က အက်ကြောင်းရှိနေပြီးတော့ မင်းဟာလည်း ဒီကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူး။ ဒါက ဘာကိုဆိုလိုတာလဲ မင်းသိလား...”

“ဟမ်...” ရှန်ကျဲ့၏မျက်နှာတွင် ထူးဆန်းအံ့အားသင့်သော အမူအရာများဖြစ်ပေါ်လာ၏။ ထျန်းဟယ်အကြီးအကဲသည် အစီအရင်၏အလယ်ဗဟိုတွင်ရပ်နေသည်ကို သူက သတိထားမိသည်။

ထိုနေရာတွင် စာလုံးပေါင်းများစွာရေးထွင်းထားသော ကျောက်တုံးငယ်တစ်ခုရှိနေသည်။ စာလုံးများမှာ အလွန်ရှေးကျဟန်ရ၏။ ဝင်္ကပါ၏အလင်းအောက်တွင် ကျောက်တုံးငယ်သည် ငြိမ်သက်နေသော်လည်း ကြောက်မက်ဖွယ်စွမ်းအားများထွက်ပေါ်နေသည်ကိုတော့ သူခံစားမိ၏။

“ဒါက ရှန်ကလန်အမြဲတမ်းလိုချင်ခဲ့တဲ့ နတ်ဘုရားရတနာတစ်ခုပဲ။ အတိတ်က ကျုပ်ဟာ ဒီလိုမျိုး နှစ်ခု ရခဲ့တယ်။ တစ်ခုက နွမ်ယွဲ့ကိုပေးခဲ့ပြီး အဲဒါက အခု ဖေးရွှီဆီမှာပဲ။ နောက်တစ်ခုကို ကျုပ်တို့က ထုတ်မပြောရဲခဲ့တာက အရမ်းစွမ်းအားကြီးလို့ပဲ။ ဒါကြောင့် ကျုပ်တို့က ဂရုတစိုက်နဲ့ ဝှက်ခဲ့တယ်။ ကျုပ်တို့နှစ်ယောက်ပဲ ဒီကိစ္စကို သိတယ်။ ဆယ်စုနှစ်တချို့ အချိန်ယူပြီး ကျုပ်က ဂရုတစိုက် စီရင်ခဲ့တာ အခုထက်ထိတောင်မှ အစိတ်အပိုင်းတချို့လောက်ပဲ အောင်မြင်ခဲ့တယ်”

ထျန်းဟယ်အကြီးအကဲက ရှန်ကျဲ့ကို ကြည့်လိုက်ကာ သာမန်ကိစ္စတစ်ခုကို ရှင်းပြနေသည့်အလား အေးအေးဆေးဆေးပြောသည်။ သူ့ထံမှ အေးစက်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

“နတ်ဘုရားအဆင့်ရတနာ...” ရှန်ကျဲ့၏မျက်နှာက နက်မှောင်သွားသည်။ အရှိန်အဝါကား တဖြေးဖြေး ပိုမိုအားကောင်းလာနေ၏။ မြေပြင်မှ ဝင်္ကပါအစီအရင်သည်လည်း တဖြေးဖြေး ပိုမို ပြန့်ကားလာနေ၏။  အဆုံးမဲ့သော သွေးနက်ရောင်အလင်းသည် ကောင်းကင်ကို ဖုံးလွှမ်းလာခဲ့ကာ အရာအားလုံးကို ဝါးမျိုလာသည်။

အရှိန်အဝါသည် လွန်စွာ ရုန့်ရမ်းကြမ်းတမ်းကာ သွေးဆာပြီး ခံစားချက်ကင်းမဲ့သည်။

ဤကား မဟာလမ်းစဉ်၏ပျက်စီးခြင်းစွမ်းအားဖြစ်သည်။

“ကျုပ်က ဒါကို နားလည်ဖို့ အချိန်ထပ်ယူချင်ခဲ့တယ်။ ဒါကိုသာ ပိုပြီးနားလည်လာခဲ့ရင် ကျုပ်က ပိုပြီး ကောင်းကောင်းထိန်းချုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အခြေအနေက ဒါကို မြန်မြန်အသုံးပြုဖို့ တွန်းအားပေးလာခဲ့တယ်” ထျန်းဟယ်အကြီးအကဲက ပြောသည်။

“ဒါဆို မင်းက မင်းရဲ့ဆက်ခံသူကို ရှာတွေ့ခဲ့ပြီးတော့ သူ့ကို မင်းရဲ့မိတ်ဆွေတွေဆီ လှမ်းအကူအညီတောင်းတာတွေ၊ သူ့အတွက် လမ်းဖောက်ပေးခဲ့တာတွေ အားလုံးက ငါတို့ကို အရူးလုပ်တာသက်သက်ပေါ့။ ဒါတွေအားလုံးက မင်းရဲ့တကယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့ပေါ့...” ရှန်ကျဲ့က မေးသည်။

“မှန်တယ်...”

ထျန်းဟယ်အကြီးအကဲက မော့ကြည့်လိုက်သည်။ ကြောက်မက်ဖွယ် သွေးနက်ရောင်အလင်းများသည် သူ၏မျက်လုံးများတွင် စီးဆင်းနေခြင်းက သူ့ပုံစံကို အလွန်ကြောက်မက်ဖွယ်ကောင်းစေ၏။ အလင်းစီးကြောင်းများသည် လူအများကို ကြောက်ရွံ့ဖွယ်ခံစားချက်ကိုပေးကာ ထိုအရာများသည် ထိန်းချုပ်၍ရနိုင်ဟန်မရှိပေ။

ပို၍ ထိတ်လန့်စရာကောင်းသည်ကား အစီအရင်နှင့် နတ်ဘုရားဝိညာဉ်လက်နက်တို့သည် ဆက်နွယ်နေဟန်ရပြီး မဟာလမ်းစဉ်၏ကြောက်မက်ဖွယ်ဖျက်ဆီးခြင်းစွမ်းအားသည် မုန်တိုင်းအသွင်ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့လာနေ၏။ ထျန်းဟယ်အကြီးအကဲကား ထိုမုန်တိုင်း၏အလယ်တွင်ရှိနေသည်။

“ရှန်ကလန်က မင်းရဲ့အမုန်းတရားကိုသိတယ်။ ဒါကြောင့် ငါတို့က မင်းကို အမြဲတမ်းစောင့်ကြည့်ခဲ့တာပဲ။ ဒါပေမဲ့ မင်းက ငါတို့ကို သတိပေါ့လျော့အောင် နေပြခဲ့ပြီးတော့ အငြိုးကြီးကြီးနဲ့ ပြင်ဆင်ခဲ့တယ်။ မင်းက ငါတို့ကို ဘယ်လောက်တောင် မုန်းနေတာလဲ” ရှန်ကျဲ့၏မျက်လုံးမှ နတ်အလင်းများ တဖန်တောက်ပလာ၏။ နတ်အလင်းသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြန့်ကျက်သွားကာ မုန်တိုင်းအား ဖြတ်တောက်သွားသည်။

သူက ဆက်ပြောသည် “ဒါပေမဲ့ မင်းမှာ နတ်ဘုရားဝိညာဉ်လက်နက်ရှိရင်တောင်မှ ငါ့ကို တကယ်ရင်ဆိုင်နိုင်မှာလား”

အလင်းတန်းတစ်ခုသည် ထျန်းဟယ်အကြီးအကဲထံသို့ တိုးဝင်လာ၏။

“ကျုပ်က နောက်တစ်ဆင့်ကို မရောက်သေးဘူးလို့ ဘယ်သူက ပြောလဲ...” ထျန်းဟယ်အကြီးအကဲက ဖြေးညင်းစွာ ပြောသည်။ သူက ထိုသို့ပြောလိုက်စဉ်မှာပင် ဝင်္ကပအစီအရင်သည် နောက်ပြန်စီးဆင်းကာ ကောင်းကင်ကို ဖုံးအုပ်လာခဲ့၏။ အဆုံးမဲ့သော ဖျက်ဆီးခြင်း သွေးနက်ရောင်အလင်းသည် တိမ်တိုက်များထံသို့ တိုးဝင်သွားကြသည်။ အဆုံးမဲ့သော သင်္ကေတများ မုန်တိုင်းထဲ၌ ပျံသန်းကြ၏။

သူသည် ‌ကောင်းကင်နှင့်မြေပြင်ကို ဆေးပေါင်းဖိုအဖြစ်အသုံးပြုကာ ဖျက်ဆီးခြင်းစွမ်းအားကို သန့်စင်နေဟန်ရသည်။

ဝုန်း...

ကြောက်မက်ဖွယ် ကမ္ဘာဖျက်မိုးကြိုးလှိုင်းများသည် ကောင်းကင်၏အရောင်ကို ပြောင်းလဲစေ၏။ အဆုံးမဲ့သော အနက်ရောင်ဖျက်ဆီးခြင်းမုန်တိုင်း၌ သွေးနက်ရောင်အလင်းများ ရောနှောပါဝင်နေသည်။ ကောင်းကင်တစ်ခုလုံးမှာ သန့်စင်ခြင်းခံရ၏။

ရှန်ကျဲ့ကား မုန်တိုင်း၏ဝါးမျိုခြင်းကို ခံနေရ၏။ သူ့ဘေးပတ်လည်တစ်ခုလုံးကို ဖျက်ဆီးခြင်းစွမ်းအားများ နေရာယူထား၏။ သူတစ်ယောက်တည်းမဟုတ်ပေ၊ ကျယ်ပြောသော တောင်ကုန်းတောင်တန်းများနှင့် အဝေးမှ ထျန်းဟယ်ဘုံ၏နန်းမြို့တော်သည်ပင် မုန်တိုင်း၏ရိုက်ခတ်ခြင်းကို ခံနေရ၏။ အားလုံးက ကောင်းကင်ကို ကြောက်ရွံ့စွာ လှမ်းကြည့်နေကြသည်။

လူအများအပြားက ထရပ်ကြသလို အချို့က တုန်လှုပ်စွာဖြင့် ကောင်းကင်သို့ ပျံတက်သွားကြသည်။

“ဘာဖြစ်နေတာလဲ...”

“အဲဒါက ထျန်းဟယ်တောင်ကုန်းက လာတာပဲ...”

ဘန်း...

ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ဖျက်ဆီးခြင်းအလင်းသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့လာ၏။

“ပြေးကြ...” တစ်ယောက်က အော်ဟစ်သည်။ သူက ထိုသို့ဆိုလိုက်စဉ်မှာပင် အလင်းသည် အားလုံးကို ဖြတ်ရိုက်သွားပြီးဖြစ်သည်။ များစွာသော အဆောက်အဦများ ပြတ်တောက်ပျက်စီးသွားကာ မရေမတွက်နိုင်သောလူများ ဝါးမျိုခံရ၏။ ကျင့်ကြံသူအချို့မှာ ထိုအလင်းအောက်တွင် အသက်ပင် သေဆုံးသွားကြရ၏။

ဘုန်း...

ကျယ်လောင်သော အော်သံတစ်ခုကို ကြားရ၏။ ကြောက်မက်ဖွယ်တိုက်ပွဲတစ်ခု ထျန်းဟယ်တောင်ကုန်း၌ ဖြစ်ပေါ်နေဟန်ရသည်။ အားလုံးက သူတို့ရှိနေရာမှ ကြောက်လန့်တကြား ထွက်ပြေးကြတော့သည်။

သူတို့သာ ဆက်နေပါက သေချာပေါက် သေရပေလိမ့်မည်။

ထိုအခိုက်တွင် ထျန်းဟယ်အကြီးအကဲသည် ကောင်းကင်ထက်တွင် ရပ်လျှက်ရှိကာ နတ်ဘုရားဝိညာဉ်လက်နက်သည် သူ၏ခန္ဓာကိုယ်နှင့် စတင်ပေါင်းစပ်နေ၏။ ထိုအခိုက်တွင် သူကိုယ်တိုင်က လုံးဝ ပြောင်းလဲသွားဟန်ရသည်။ သူ၏အသက်ဓာတ်များမှာ ပြန်လည်ပြည့်ဖြိုးလာဟန်ရပြီး ပို၍ ငယ်ရွယ်နုပျိုသွားသည်။ သူ၏အနက်ရောင်ဆံပင်သည် လေထဲတွင်လွင့်နေကာ သူ့မျက်နှာတွင်ကား သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။ သူ့မျက်လုံးများကား သွေးနီရောင်လွှမ်းနေ၏။

သူ့နဖူးတွင် သွေးနီရောင်အမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။

သူ့အနီးပတ်လည်တွင်ကား ပညာရှိကျမ်းစွမ်းအားများ ရစ်ပတ်ထား၏။ မဟာလမ်းစဉ်စွမ်းအားများသည် သူ့ခန္ဓာကိုယ်မှတဆင့် တစ်လောကလုံးကို ဖြန့်ကျက်ထားသည်။

“မင်းက မဟာလမ်းစဉ်ကို မင်းခန္ဓာကိုယ်နဲ့ ယဇ်ပူဇော်နေတာပဲ။ ဒါက စွမ်းအားအလွဲသာဖြစ်တယ်...” ရှန်ကျဲ့က ထျန်းဟယ်အကြီးအကဲကို ပြောသည်။

ထျန်းဟယ်အကြီးအကဲကို သွေးနီရောင်အလင်းများ လွှမ်းခြုံထားသည်။ သူက မည်သို့မှ ပြန်မပြောဘဲ လက်ကိုသာ ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် ဖျက်ဆီးခြင်းမဟာလမ်းစဉ်စွမ်းအားသည် ပေါက်ကွဲထွက်လာခဲ့ကာ ဧရာမ ပုံရိပ်မဲ့ သင်္ကေတများသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြန့်ကျက်သွား၏။

ရှန်ကျဲ့၏မျက်လုံးမှ အဆုံးမဲ့သော အလင်းများ ထွက်ပေါ်လာခဲ့ကာ လေထုကို ပိုင်းဖြတ်သွားသည်။

ရှန်ထျန်နတ်မျက်လုံးသည် လေဟာနယ်ကို ပိုင်းဖြတ်သွားကာ သင်္ကေတများကို ဖြတ်တောက်ရန်ကြိုးစား၏။ တချိန်တည်းမှာပင် စိတ်စွမ်းအားလှိုင်းသည် ထျန်းဟယ်အကြီးအကဲ၏စိတ်နယ်ပယ်ထဲကို ဝင်ရောက်စိုးမိုးရန် ကြိုးစားသည်။

ရှန်ထျန်နတ်မျက်လုံးစွမ်းအားသည် ထျန်းဟယ်အကြီးအကဲ၏ဝိညာဉ်ကို တိုက်ရိုက်ဖျက်ဆီးရန် ကြိုးစားသည်။ သို့သော်လည်း သူ၏နတ်မျက်လုံးစွမ်းအားက တစ်ဘက်လူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော်လည်း မည်သို့မှ ထိခိုက်နိုင်အောင် မစွမ်းဆောင်နိုင်ကြောင်း သူသိလိုက်၏။

ထိုအခိုက်တွင် အဆုံးမဲ့သော ဖျက်ဆီးခြင်းစွမ်းအားများသည် လေထုထဲ ပေါက်ကွဲထွက်လာတော့၏။

ဖျက်ဆီးခြင်းမုန်တိုင်းများသည် ရှန်ကျဲ့ရှိနေရာလေထုကို ပိုမိုသိပ်သည်းစွာ ဖိအားပေးလာခဲ့ကြ၏။

ဝုန်း...

ရှန်ကျဲ့ကား နောက်ကို လွင့်စင်သွားခဲ့သည်။ မဟာလမ်းစဉ်၏ဖျက်ဆီးခြင်းစွမ်းအားက သူ့ခန္ဓာကိုယ်ကို စီးဝင်လာကြ၏။ သူ့မျက်နှာအမူအရာက ပျက်ယွင်းသွားသည်။

ရုတ်တရက် ထျန်းဟယ်အကြီးအကဲ၏ပုံရိပ်ယောင်များစွာတို့သည် သူ့ဘေးပတ်လည်၍ ဖြစ်ပေါ်လာသည်။

ထျန်းဟယ်အကြီးအကဲကား သူ့ခန္ဓာကိုယ်ကို အသုံးပြုကာ မဟာလမ်းစဉ်ကို ယဇ်ပူဇော်နေခြင်းဖြစ်သည်။ သူ့ဝိညာဉ်သည် လောကကြီးနှင့် ပေါင်းစပ်သွားပြီလား...။

ထို့ကြောင့် သူ့စွမ်းအားက တစ်ဘက်လူ၏ဝိညာဉ်ကို ဖြတ်တောက်နိုင်ခြင်းမရှိသည်လား။

ဝုန်း...

အဆုံးမဲ့သော စွမ်းအားများ ရှန်ကျဲ့ကို ထပ်မံရိုက်ပတ်လာ၏။

ထျန်းဟယ်အကြီးအကဲ၏အရှိန်အဝါကို ခံစားမိကာ ရှန်ကျဲ့သည် နောက်ဆုံးတွင် အန္တရာယ်၏အငွေ့အသက်ကို ခံစားလာရတော့သည်။

သူက လက်နှစ်ဘက်ကို အသုံးပြုကာ သင်္ကေတတစ်ခုပြုလုပ်လိုက်ပြီး လေထဲရေးဆွဲသည်။ ထို့နောက် မုန်တိုင်းကို ဖြတ်တောက်စေနိုင်သော အာကာသအလင်းတစ်ခုဖြစ်ပေါ်လာခဲ့ကာ အလင်းနှင့်အတူ သူက ထွက်ပြေးသွားတော့သည်။

ထျန်းဟယ်အကြီးအကဲက သူ့အား စိုက်ကြည့်နေသည်။ ရှန်ကျဲ့အား ဆွဲခေါ်ထားရန် ခက်ခဲပေသည်။

သူက ကောင်းကင်ထက်ကို မော့ကြည့်ကာ ပျံတက်သွားသည်။ ချက်ချင်း သူသည်လည်း ထိုနေရာမှ ပျောက်ကွယ်သွား၏။

မကြာခင် သူသည် ထျန်းဟယ်မြို့တော်မှ နန်းတော်သို့ ရောက်လာ၏။ အင်ပါယာအပါအဝင် များစွာသော တန်ခိုးရှင်များ ထိုနေရာတွင် ရှိနေ၏။ သူက ငယ်ရွယ်နုပျိုသွားသော ထျန်းဟယ်အကြီးအကဲအား တုန်လှုပ်စွာ ကြည့်ကာ ဦးညွှတ်လျှက်ပြောသည် “အကြီးအကဲကို နှုတ်ဆက်ပါတယ်”

ထျန်းဟယ်အကြီးအကဲက လေထဲတွင် ရပ်နေသည်။ သူက လက်ကို ဆန့်ထုတ်လိုက်လျှက် ရုတ်တရက် မရေမတွက်နိုင်သော အဆောက်အဦများ ပြိုကျပျက်စီး၏။

လျှပ်တပြက်အတွင်း မရေမတွက်နိုင်သော အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာတော့သည်။

“ကျုပ်တို့ကို ချမ်းသာပေးပါ အကြီးအကဲ...” အင်ပါယာက ဦးညွှတ်ကာ တောင်းပန်သည်။ ထိုအခိုက်တွင် ထျန်းဟယ်အကြီးအကဲကား အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူ့မျက်လုံးများသည် သေမင်း၏မျက်လုံးများနှင့် မခြားပေ။

***

All Chapters