ဆရာကို နှုတ်ဆက်ခြင်း
Vol. 018 Ch. 1706
ရှန်ကလန်ကား ဧရာမကြီးမားကာ သူတို့၏အတွင်းပိုင်းအဆောက်အဦးများမှာ ရှေးဟောင်းမြို့တော်တစ်ခုအလား ထင်မှတ်ရသည်။ သူတို့တွင် မရေမတွက်နိုင်သော တန်ခိုးရှင်များကို ပိုင်ဆိုင်၏။
ထိုအချိန်တွင် များစွာသော ရှန်ကလန်တန်ခိုးရှင်များသည် ကောင်းကင်ထက်ကို ပျံတက်လာကြသည်။ သူတို့က မြို့အပြင်၌ ဆင်းသက်လာကြသော ဧရာမစစ်တပ်ကြီးကို လှမ်းကြည့်ကြသည်။
ပထမတစ်ကြိမ်က ထျန်းဟယ်အကြီးအကဲဖြစ်ကာ ယခုတစ်ကြိမ်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်ဖြစ်သည်။
အရှင်ထိုက်ရွှမ်သည် ကောင်းကင်ထက်ကို တစ်ဦးတည်းတက်သွားကာ ရှန်ကလန်သို့ ဦးတည်လိုက်သည်။ သူက လေထဲကို လှမ်းသွားလိုက်၏။
ဘန်း...
ကျယ်လောင်သောအသံများထွက်ပေါ်လာခဲ့ကာ ရှန်ကလန်အတွင်းမှ အဆောက်အဦများ အဆက်မပြတ် ပြိုလဲသွားသည်။ ကြောက်မက်ဖွယ် ဓားစွမ်းအားမုန်တိုင်းသည် ရှန်ကလန်ကို ဖြတ်တိုက်သွားကာ ထိုတိုက်ခိုက်မှုကြောင့် ရှန်ကလန်မှ တန်ခိုးရှင်အချို့ သေဆုံးသွားကြရ၏။
ရှန်ကျဲ့၏ခန္ဓာကိုယ်သည် လေထဲကို မြောက်တက်လာခဲ့၏။ သူက နတ်မျက်လုံးကို ဖွင့်လိုက်လျှင် နတ်အလင်းသည် အရှင်ထိုက်ရွှမ်ထံသို့ တိုးဝင်လာ၏။ သူက အေးစက်သောအသံဖြင့် ပြောသည် “အရှင်ထိုက်ရွှမ်... ခင်ဗျားလုပ်နေတာကို ခင်ဗျား သိရဲ့လား...”
“သိပ်သိတာပေါ့...” အရှင်ထိုက်ရွှမ်က ပြန်ပြောသည် “ရှန်ကလန်က ထျန်းဟယ်ဘုံက တန်ခိုးရှင်တွေကို သတ်ဖြတ်တုန်းကတော့ ထျန်းဟယ်အကြီးအကဲက တစ်နေ့ ခင်ဗျားတို့ကို ပြန်လာသတ်မှာကို မတွေးခဲ့ကြဘူးမလား။ ပြီးတော့ ခင်ဗျားတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာဖိအားပေးတုန်းကလည်း ကျုပ်တို့ ပြန်ပြီး လက်တုန့်ပြန်မယ်လို့ မတွေးခဲ့ဖူးမလား”
“ရှန်ကလန်လုပ်ခဲ့တာတွေအားလုံးအတွက် ပြန်ပေးဆပ်ရမယ်” အရှင်ထိုက်ရွှမ်က ရှေ့ကို လှမ်းတက်လိုက်လျှင် ကြောက်မက်ဖွယ်ဓားမုန်တိုင်းကြောင့် ရှန်ကလန်၏ရှေးအဆောက်အဦများစွာ မြေပြင်ပေါ်သို့ ပြိုလဲကျသွား၏။
ကောင်းကင်အာဏာစက်ကျောင်းတော်က မည်သည့်နည်းနှင့်မျှ ပြန်လည်တိုက်ခိုက်မည်မဟုတ်ဟု ရှန်ကလန်က အဘယ့်ကြောင့် အသေအချာ တွက်ဆခဲ့သနည်း။ အကြောင်းကား ရှန်ကလန်သည် အလွန်အင်အားကြီးမားခြင်းကြောင့်ဖြစ်ကာ အသစ်တည်ဆောက်စ ကောင်းကင်အာဏာစက်ကျောင်းတော်ကို မြေလှန်ပစ်နိုင်စွမ်းရှိခြင်းကြောင့်ဖြစ်ပေသည်။
သို့သော်လည်း လက်ရှိတွင် အရှင်ထိုက်ရွှမ်က ရှန်ကလန် လုပ်ရဲသည့်အရာဟူသမျှကို သူတို့ကလည်း ပြန်လုပ်ရဲကြောင်း ပြသနေသည်။
ရှန်ကလန်ခေါင်းဆောင်ကား မြေပြင်တွင် ရပ်နေဆဲဖြစ်ကာ သူ၏နတ်ဝိဉာဉ်သည် အရပ်မျက်နှာသုံးခုမှ ထိပ်သီးတန်ခိုးရှင်သုံးဦးထံသို့ ဖြန့်ကျက်သွားသည်။ သူတို့သုံးယောက်သည် ရှန်ကလန်အပြင်ဘက်ရှိ သီးခြားနေရာသုံးခုတွင် ရှိနေခြင်းဖြစ်ကာ သူတို့သည် တိုက်ခိုက်ရန် လာခြင်းမဟုတ်သည့်ပုံစံဟုပင် ထင်မြင်ရသည်။
“မင်းတို့ကရော...” ရှန်ကလန်ခေါင်းဆောင်က မေးသည်။
ထိုထိပ်သီးအင်အားစုသုံးခုကလည်း သူတို့နှင့်အတူ စစ်ခင်းရဲမည်ဟု သူမယုံကြည်ပေ။ အကယ်၍ သူတို့ကသာ စစ်ခင်းပါက နှစ်ဘက်လုံး အထိနာပေလိမ့်မည်။ ထိပ်သီးအဆင့်တန်ခိုးရှင်များသည် တိုက်ပွဲ၌ အသက်ရှင်သန်နိုင်မည်ဖြစ်သော်လည်း သူတို့၏မျိုးဆက်များမှာ သေချာပေါက် သေဆုံးရပေလိမ့်မည်။
ထိုသို့သော တန်ဖိုးကို မည်သူက ပေးဆပ်ချင်မည်နည်း။
သူတို့က ထိုသို့ အတူတူသေဆုံးရမည့်အခြေအနေ မဟုတ်သေးပေ။
“ရှောင်ကလန်က နတ်သမီးရှောင်မုယွီနဲ့ လူငယ်မျိုးဆက်အချို့ဟာ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ပြီးတော့ ကျင့်ကြံခဲ့ကြတယ်။ ရှန်ကလန်က သူတို့ရဲ့တည်ရှိမှုကို လျစ်လျူရှုပြီးတော့ လူတွေကို အကြောင်းမဲ့ဝင်ရောက်သတ်ဖြတ်တဲ့အကြောင်းကို သူတို့က ကျုပ်ကို တင်ပြခဲ့ပြီးတော့ အခု ကျုပ်တို့က ဒီအတွက် ရှင်းလင်းချက်တစ်စုံတစ်ရာလိုချင်လို့ ရောက်လာရတာပဲ” ရှောင်ကလန်ခေါင်းဆောင် ရှောင်တိန့်ထျန်းက ပြောသည်။
သူ၏လေသံကား မည်သည့်ခံစားချက်မှ မပါဘဲ အလွန်အမင်း တည်ငြိမ်နေခဲ့ကာ သာမန်ရှင်းလင်းချက်တစ်ခုကို ပြောဆိုနေသည်နှင့်ပင် တူနေတော့သည်။
သိသာရှင်းလင်းစွာဖြင့် သူတို့သည် စစ်လည်း မခင်းလိုသလို အတူတူလည်း မသေလိုကြပေ။ ထိုသို့သော တန်ဖိုးကို မည်သူမှ မပေးဆပ်လို။ သို့သော်လည်း ရှန်ကလန်က ထိုပဋိပက္ခကို အစပျိုးခဲ့သည်မှာလည်း အမှန်ဖြစ်သည်။ ထိုသို့သော အပြုအမူသည် အထိန်းအကွပ်မဲ့လွန်း၏။ မည်သို့ဆိုစေ ထိုသို့သော အလဟသ ရန်ပြုမှုကို မည်သူက သည်းခံမည်နည်း။
တိုက်ဆိုင်စွာပင် ထျန်းဟယ်အကြီးအကဲက ရှန်ကလန်ကို ကျူးကျော်တိုက်ခိုက်ခဲ့ကာ အရှင်ထိုက်ရွှမ်နှင့် ရီဖူရှင်းတို့က နောက်မှ လိုက်ပါလာခဲ့သည်။ ဤသို့သော အခြေအနေတွင် သူတို့ကလည်း မဖြစ်မနေ ရောက်လာရတော့သည်။
ရှန်ကလန်က သူတို့ကို စစ်မခင်းရဲဟု တွေးထားလျှင် သူတို့ကလည်း ရှန်ကလန်သည် စစ်ခင်းရဲသော သတ္တိရှိမည်လော သိလို၏။
ယခုကား သူတို့အားလုံး ရှန်ကလန်၌ ရောက်နေပြီဖြစ်သည်။
ဤလောကတွင် မည်သူမှ သူရဲဘောကြောင်ခြင်းမရှိပေ။ အထူးသဖြင့် ထိပ်သီးအဆင့်သို့ရောက်အောင် ကျင့်ကြံပြီးသူများသည် ထိုသို့သော စိတ်ဓာတ်မျိုး မရှိပေ။ ထိပ်သီးအင်အားစုများနှင့် အတူရောက်လာသော ရီဖူရှင်းသည်ပင် အကြောက်အလန့်ကင်းမဲ့သော သူရသတ္တိကို ပြသနေခဲ့သည်။
အရှင်ထိုက်ရွှမ်နှင့် ရီဖူရှင်းတို့ပြောသည်မှာ မှန်၏။ သည်ကဲ့သို့သော စော်ကားမှုကို သည်းခံမည်ဆိုပါက ကောင်းကင်အာဏာစက်ကျောင်းတော်သည် မည်သည့်အခါမှ ကောင်းကင်အာဏာစက်ဘုံတွင် ရပ်တည်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့ ရောက်လာခဲ့သည်။
“လူငယ်တွေက ဒီလိုမတော်တဆမှုကို ဖြေရှင်းပေးဖို့ တောင်းဆိုမှတော့ ကျုပ်တို့အဘိုးကြီးတွေလည်း ရောက်လာရတာပေါ့။ မဟုတ်ရင် နောက်တစ်ခေါက်ဆိုရင် ရှန်ကလန်အကြီးအကဲ သတ်ဖြတ်တဲ့အထဲ ကျုပ်တို့ကလန်က လူငယ်လေးတွေလည်း ပါသွားနိုင်တာပဲ ဟုတ်တယ်မလား” ယွင်ယန်ကလန်ခေါင်းဆောင်က ပြောသည်။ သူ၏လေသံက တည်ငြိမ်သော်လည်း အားကောင်းသော ဒေါသအငွေ့အသက်များ ပါဝင်နေသည်။
ယနေ့တွင် ထိပ်သီးကလန်သုံးခုသည် သူတို့၏လူငယ်မျိုးဆက်များကို ကာကွယ်ရန် ရောက်လာကြ၏။ သူတို့ သည်နေရာတွင် ရပ်ကာ ရှန်ကလန်က အမှန်တကယ် တုန့်ပြန်ရဲမည်လား သိလိုကြသည်။
ရှန်ကလန်က တုန့်ပြန်ရဲသည်ဆိုပါက သူတို့ကလည်း အလိုက်သင့် လိုက်ကရပေလိမ့်မည်။
နှစ်ဘက်လုံးအတွက် လောင်းကြေးစားကြေးမှာ ရှန်ကလန်ဖြစ်သည်။ အကယ်၍ ရှန်ကလန်သာ သည်ကစားပွဲကို ကစားရဲပါက သူတို့သည် သေချာပေါက် အမြစ်ဖြုတ်သုတ်သင်ခံရပေလိမ့်မည်။
ကောင်းကင်အာဏာစက်ဘုံမှ ထိပ်သီးတန်ခိုးရှင်လေးဦးအပြင် ထိပ်သီးအင်အားစုသုံးခု ရောက်လာခဲ့သည်။ သူတို့၏ပူးပေါင်းအင်အားက ရှန်ကလန်မှ ထိပ်သီးတန်ခိုးရှင်နှစ်ဦးမှ အပ ကျန်သောသူများအားလုံးကို ရှင်းလင်းပစ်နိုင်သည်မှာ သံသယဖြစ်စရာမလို။
မှန်သည်၊ ထိုခြေလှမ်းကို မည်သူမှ မလှမ်းလို။ သို့သော်လည်း ရှန်ကလန်မှ ထိပ်သီးတန်ခိုးရှင်နှစ်ဦးကို သတ်ဖြတ်ရန်တော့ မဖြစ်နိုင်၊ ထို့ကြောင့် သူတို့သာ ရှန်ကလန်ကို ဖျက်ဆီးပါက ထိုထိပ်သီးတန်ခိုးရှင်နှစ်ဦးသည် သူတို့စားသုံးရမည့် အဆိပ်ဆေးလည်းဖြစ်သည်။
သည်ယခင်က ရှန်ကျဲ့သည် ကောင်းကင်အာဏာစက်ကျောင်းတော်က ပြန်မတိုက်ခိုက်ရဲဟု အတပ်တွေးထင်ကာ ဖိနှိပ်ခဲ့သည်။ ယနေ့ သူတို့ကလည်း ရှန်ကလန် ပြန်လည်တိုက်ခိုက်ရဲမည်လား သိလိုသည်။
နတ်နဂါးသည် ရှေ့ကို ဆက်လက်ပျံသန်းလာခဲ့ကာ ရီဖူရှင်းသည် နဂါးပေါ်၌ ရပ်နေ၏။ သူ့ဘေးတွင်ကား သူနှင့်အတူ လိုက်ပါလာကြသော လူငယ်ပါရမီရှင်များ...။
ဘေးပတ်ပတ်လည်တွင်ကား ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များ ကာကွယ်ပေးထားကြသည်။
“သူတို့ကို ခေါ်လာခဲ့...” ရီဖူရှင်းက ပြောသည်။ နဂါးတစ်ကောင်ရှေ့ကို တိုးလာခဲ့ကာ သူ၏လက်ကို ဆန့်ထုတ်လိုက်လျှင် လူတချို့ ပေါ်လာသည်။
ရှန်ကလန်တည်ရှိရာအရပ်တစ်ခုတွင် ရှန်ဟောက်သည် ငြိမ်သက်စွာ ရပ်နေ၏။
သူ့ဘေးတွင်ကား လော့ရန်တစ်ယောက် မျက်နှာ ဖြူလျော့သွားသည်။
အခြေအနေကို တွေ့မြင်ပြီးနောက်တွင် အရာအားလုံးက လွဲမှားသွားပြီဖြစ်ကြောင်း သူသိလိုက်သည်။ ရှန်ကလန်ကဲ့သို့သော အင်အားကြီးကလန်ကို ရင်ဆိုင်ရာတွင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် မည်သို့မှ ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိမည်မဟုတ်ဟု တွေးခဲ့သည်။
သို့သော်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်သည် သူ၏အတွေးများကို ပြောင်းပြန်လှန်ပစ်ခဲ့၏။
“လော့ရန်...” ရီဖူရှင်းက လှမ်းခေါ်လိုက်သော်လည်း လော့ရန်ကား ထိုနေရာတွင် မလှုပ်မရှား ရပ်နေ၏။
“ခွေးကောင်...” လော့ရန်၏အဖေကား နဂါးတစ်ကောင်၏လက်ထဲတွင် အဖမ်းခံထားရသည်။ သူ့မျက်လုံးများက နီရဲနေ၏။ လော့ရန်က အထက်ဘုံမှ ဤသို့သော ပြဿနာကြီးအား သယ်ဆောင်လာခဲ့မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် အကျိုးအမြတ်အတွက် ဤသို့သော အင်အားစုကြီးများဖြင့် ကစားရဲသည်။ သူကား အမှန်တကယ်အားဖြင့် မီးနှင့် ကစားနေခြင်းဖြစ်သည်။
“အဖေ... ကျွန်တော် တောင်းပန်ပါတယ်...” လော့ရန်၏မျက်နှာကား ပြာနှမ်းနေသော်လည်း သူ သေဆုံး၍ မရသေးပေ။ ရှန်ဟောက်က သူ့အား ရှန်ကလန်သို့ ဝင်ရောက်ရန် သဘောတူပြီးဖြစ်သည်။ သူသာ ရှေ့တက်သွားပါက အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။
သူ့အတွက် အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိနေသေးသည်။
ရီဖူရှင်းက လော့ရန်အား အဝေးမှ အေးစက်စွာ ကြည့်နေသည်။ သူက ဤနည်းဖြင့် အသက်ရှင်နိုင်မည်ဟု တွေးနေသည်လား။
နတ်နဂါးသည် ရှေ့ကို ဆက်၍ ရွေ့လျားလာသည်။ ရီဖူရှင်းက သူ၏လက်ကို ဆန့်တန်းလိုက်လျှင် အာကာသအသိသည် အဝေးသို့ ပျံ့လွင့်သွားကာ ဧရာမလက်ဝါးကြီးအသွင်ဖြင့် လေထုကို ဖိနှိပ်လာသည်။ ဧရာမလက်ဝါးကြီးသည် လော့ရန်ရှိနေရာ လေထုကို ဖမ်းဆုပ်လိုက်ပြီး ဖြေးညင်းစွာ မတင်လိုက်သည်။
“ကယ်ပါ...” လော့ရန်၏မျက်နှာတွင် ကြီးစွာသော ကြောက်လန့်ခြင်းအမူအရာများဖြစ်လာသည်။ သို့သော်လည်း သူ့ဘေးမှ လူများကို အားကိုးတကြီး လှမ်းကြည့်သောအခါ မည်သူမှ သူ့အား အရေးမလုပ်ကြပေ။
ရှန်ကလန်အတွက်မူ လော့ရန်ကား အနည်းငယ်မျှပင် အရေးပါသူ မဟုတ်ပေ။
ထို ထူးမခြားနားသော မျက်လုံးများအား ကြည့်ကာ လော့ရန်သည် တစ်ကိုယ်လုံး အေးစက်သွား၏။
ဧရာမလက်ဝါးကြီးသည် သူ့အား ချုပ်နှောင်ကာ ရီဖူရှင်းထံသို့ ဆွဲခေါ်သွား၏။
ဝုန်း...
မီးတောက်များ ဆင်းသက်လာကာ လော့ရန်ကို စတင်လောင်ကျွမ်း၏။
“ကျုပ်ကို မြန်မြန်သေခွင့်ပေးပါ...” လော့ရန်၏မျက်နှာကား တွန့်လိမ်နေကာ ကြီးစွာသော နာကျင်မှုတရားကို ချုပ်တီးမရတော့သည့်အခြေအနေကို မြင်နေရ၏။
ရီဖူရှင်းက သူ့အား ထူးမခြားနားစွာ စိုက်ကြည့်ကာ သူ၏အော်ဟစ်မှုကို လျစ်လျူရှုထားသည်။ လမ်းစဉ်မီးတောက်အောက်တွင် လော့ရန်ကား အဆုံးသတ်၌ ပြာမှုန့်များအဖြစ်သို့ လောင်ကျွမ်းပျောက်ကွယ်သွားတော့သည်။
တန်ခိုးရှင်များအားလုံးက ထိုမြင်ကွင်းကိုကြည့်ကာ ကျောချမ်းမိကြ၏။
လော့ရန်၏မိသားစုသည် ထိုမြင်ကွင်းကို နီရဲသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ထိုအခိုက်တွင် သူတို့က မည်သူ့ကို အပြစ်တင်ရမည်နည်း။
ထိုအရာများအားလုံးကို လော့ရန်က သယ်ဆောင်လာခြင်းဖြစ်သည်။
“လော့ကလန်ဟာ သွေးနဂါးမြို့တော်ကနေ ဘယ်တော့မှ ထွက်သွားခွင့်မရှိဘူး။ မဟုတ်ရင် ကလန်တစ်ခုလုံး သုတ်သင်ခံရမယ်။ ခင်ဗျားတို့ ပြန်သွားလို့ရပြီ” ရီဖူရှင်းက ပြောသည်။ နဂါးက သူ၏လက်ကို ဖြန့်ကာ လော့ကလန်မှ လူများအား သွားခွင့်ပေးလိုက်သည်။
သူတို့အနေဖြင့် တစ်သက်လုံး သွေးနဂါးမြို့မှ ထွက်သွားခွင့်ရတော့မည် မဟုတ်ပေ။
ရီဖူရှင်းက သူတို့၏မျိုးဆက်များကိုပါ ကန့်သတ်လိုက်ခြင်းဖြစ်သည်။
သွေးနဂါးအင်ပါယာက သူတို့အား အမြဲတမ်း စောင့်ကြည့်နေပေလိမ့်မည်။
လော့ရန်၏သေဆုံးခြင်းကား သာမန်ပုံပြင်တစ်ပုဒ်သာဖြစ်သည်။ မည်သူမှ သိပ်အရေးမစိုက်ကြ။ လော့ရန်ကြောင့်သာမဟုတ်လျှင်လည်း ဤသို့သော မုန်တိုင်းကြီး ဖြစ်လာမည် မဟုတ်။ လော့ရန်၏သတင်းအချက်အလက်ကြောင့်သာ ရှန်ကလန်သည် ဤအရှုပ်အထွေးကြီးကို ဖန်တီးမိခဲ့သည်။
လော့ရန်သည် အရေးမပါသော်လည်း ဖူရှင်းက သူ့အား သတ်ဖြတ်ရန် လိုပေသေးသည်။
သူက ရှန်ကလန်ဘက်သို့ လှမ်းကြည့်ကာ ကျယ်လောင်စွာ ပြောသည် “ကောင်းကင်အာဏာစက်ကျောင်းတော်က ရီဖူရှင်း ကျုပ်ဆရာ ချီရွှမ်ကန်း၊ စီနီယာအစ်ကိုတို့နဲ့ ဖေးရွှီကို လာခေါ်ပါတယ်”
အသံသည် မိုးခြိမ်းသံအလား ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့လွင့်သွား၏။
သူ၏ဆရာချီရွှမ်ကန်းကား ရက်ပေါင်းများစွာကြာအောင် ချုပ်နှောင်ခံထားခဲ့ရသည်။ ယခု သူ့စီနီယာအစ်ကိုနှင့် ဖေးရွှီတို့လည်း အဖမ်းခံထားရ၏။ ယနေ့ သူက သူတို့အား ပြန်ခေါ်သွားရပေမည်။
ထျန်းဟယ်အကြီးအကဲသည် မအောင်မြင်ခဲ့သော်လည်း သူက အောင်မြင်ရပေမည်။
အဝေးတွင် ရှန်ကလန်ခေါင်းဆောင်က အဝေးမှ ရီဖူရှင်းကို လှမ်းကြည့်သည်။ ဤကား ဆံပင်ဖြူလူငယ်ကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်းဖြစ်သည်။ သည်မတိုင်ခင်က သူ့အကြောင်းများ လူအများက ပြောကြသည်ကိုတော့ သူကြားဖူးသည်။
ချီရွှမ်ကန်း၏ပါရမီကား အရမ်းကြီးကောင်းနေသည်တော့မဟုတ်။ ယခင်က ရှန်ကလန်သည် သူနှင့်နွမ်ယွဲ့တို့၏ချစ်ခင်စုံမက်မှုကို သဘောမတူခဲ့ကြ။ ထို့နောက်တွင် ပိုမိုဆိုးဝါးသော အဖြစ်အပျက်များ ဖြစ်ပေါ်လာခဲ့သည်။ ချီရွှမ်ကန်း၏တပည့်က သည်မျှ ထူးချွန်ထက်မြက်နေမည်ဟု မည်သူမှ မထင်ထားကြပေ။
ယနေ့ ရှန်ကလန်ကို လာရောက်ဝန်းရံသော အင်အားစုများ၏နောက်ကွယ်တွင် ဤလူငယ်ရှိနေသည်ကို သူကောင်းကောင်း နားလည်သည်။
ဤသို့လုပ်ဆောင်နိုင်ခြင်းအား ဘုံသုံးထောင်တွင် အမြင့်ဆုံးသော အဆင့်၌ ရပ်တည်နေသောသူက အလွန်ပြောင်မြောက်ပေသည်ဟု ဝန်ခံရ၏။
ရှန်ကလန်သည် ဘုံသုံးထောင်တွင် နှစ်ပေါင်းများစွာ မားမားမတ်မတ်ရပ်တည်လာခဲ့သော်လည်း ယနေ့ကဲ့သို့သော အောက်စည်းရောက်သောအခြေအနေ မကြုံဖူး။
သူက ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်နိုင်ခြင်းမှာ မထူးဆန်းတော့။ ကြည့်ရသည်မှာ သူတို့က သူ့အား လျော့တွက်မိခဲ့ကြသည်။
“ချီရွှမ်ကလန်းနဲ့ တခြားနှစ်ယောက်ကို ခေါ်လာခဲ့ကြ...” ကလန်ခေါင်းဆောင်က ဆိုသည်။ တစ်ယောက်က ကလန်ခန်းမထဲကို ဝင်သွားကာ မကြာခင် လူအချို့ကို ခေါ်လာသည်။ သူတို့ကား ချီရွှမ်ကန်း၊ ယန်ယွင်နှင့် နန်ကျိုင်းတို့ဖြစ်ကြသည်။
ဖေးရွှီတော့ မပါလာပေ။
သိသာစွာပင် ဖေးရွှီ၏တန်ဖိုးက များစွာကြီးမားပေသည်။
ချီရွှမ်ကန်း၊ ယန်ယွင်နှင့် နန်ကျိုင်းတို့က အဝေးမှ ဆံပင်ဖြူလူငယ်ကို လှမ်းကြည့်ကြသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ချီရွှမ်ကန်းသည် သူနှင့်ရီဖူရှင်းတို့ပတ်သက်မှုကို ကင်းရှင်းစေကာ သူတစ်ယောက်တည်း ဒုက္ခများကို ခါးစည်းခံခဲ့သည်။ သူက ရီဖူရှင်းအား လွတ်မြောက်စေလို၏။
သို့သော်လည်း ယနေ့တွင် ရီဖူရှင်းက သူ့အတွက် အင်အားစုများစွာကို ဦးဆောင်ခေါ်လာခဲ့သည်။
“အသုံးမကျတဲ့တပည့် ရီဖူရှင်းက ဆရာကို ပြန်လာခေါ်ပါတယ်” ချီရွှမ်ကန်းကို ကြည့်ကာ ရီဖူရှင်းသည် ခဏတာ ဝမ်းနည်းမှုကို ခံစားရသည်။ သူကား အမှန်တကယ် အသုံးမကျသော တပည့်ဖြစ်သည်။ သူ့ဆရာ ခေါ်ဆောင်သွားခံရသည်ကို သူက မတားဆီးနိုင်ခဲ့သလို သူတို့ပတ်သက်မှုကိုလည်း လူအများကို ထုတ်မပြောရဲခဲ့။ အချိန်များစွာကြာပြီးမှ သူသည် ဤနေရာသို့ ရောက်လာခဲ့သည်။
ကံကောင်းစွာဖြင့် ဆရာကား ဘေးကင်းနေသေးသည်။
“စီဝေ့ဘုံ သောကလန်က သောကျောက် ဆရာနဲ့ စီနီယာအစ်ကိုများကို နှုတ်ဆက်ပါတယ်” ထိုအခိုက်တွင် သောကျောက်က ရှေ့ကိုတက်လာကာ ချီရွှမ်ကန်းကို ဦးညွတ်သည်။ ရီဖူရှင်းက ဆရာကိုယ်စား သူ့ကို တပည့်အဖြစ် လက်ခံပြီးကတည်းက သူသည် ချီရွှမ်ကန်းကို ယခုမှ ပထမဆုံး မြင်ဖူးခြင်းဖြစ်သော်လည်း အရိုအသေတော့ ပေးရပေမည်။
ချီရွှမ်ကန်း မှင်တက်သွားသည်။ သူ့တွင် မည်သည့်အချိန်က သောကျောက်ဟူသော တပည့်ရှိသွားသနည်း။
“ကောင်းကင်အာဏာစက်ဘုံ၊နဂါးကလန်က လုံချင် ဆရာဘိုးဘိုးကို နှုတ်ဆက်ပါတယ်”
“ကောင်းကင်မိစ္ဆာကလန်က ကျွမ် ဆရာဘိုးဘိုးကို နှုတ်ဆက်ပါတယ်”
“နတ်တောင်ကုန်းတစ်ထောင်က ကုန်ဟောင် ဆရာဘိုးဘိုးကို နှုတ်ဆက်ပါတယ်”
“ရှောင်ကလန်က ရှောင်မုယွီ ဆရာဘိုးဘိုးကို နှုတ်ဆက်ပါတယ်”
တစ်ယောက်ပြီးတစ်ယောက် ထွက်လာကာ ချီရွှမ်ကန်းကို ဦးညွတ်ကြ၏။
ထိုအခိုက်တွင် ချီရွှမ်ကန်းကား မှင်တက်ငေးမောနေမိတော့သည်။
***