နတ်ဘုရားတို့ပြောစကား
Vol. 018 Ch. 1707
ရှန်ကလန်ခေါင်းဆောင်က အံ့အားသင့်သွားသည်။ သည်လူများအားလုံးက ချီရွှမ်ကန်း၏တပည့်များနှင့် မြေးတပည့်များလား။
ထိုလူများမှာ ကြီးမားသော နောက်ခံအင်အားစုများ ရှိကြသည်။
ချီရွှမ်ကန်း၏ဆံပင်ဖြူတပည့်က မည်သို့သော ပါရမီရှင်နည်း။
“ဆရာ... ကျွန်တော့ရဲ့ ဒီဂျူနီယာလေးတွေက ပညာရှိကျမ်းကို ကျင့်ကြံပြီး အဆင့်တက်ခဲ့ကြတာမို့လို့ ဆရာ့အတွက် ကျွန်တော်က ကိုယ်စား တပည့်အဖြစ် လက်ခံခဲ့ပါတယ်။ အခု သူတို့က ဆရာ့တပည့်ပါ” ရီဖူရှင်းက ကျယ်လောင်စွာ ပြောသည် “ဂျူနီယာလေးတွေနဲ့ ကျွန်တော်က ဆရာ့ကို အိမ်ပြန်ဖို့ လာခေါ်တာပါ”
ချီရွှမ်ကန်းကား တိတ်ဆိတ်နေသည်။ ဤသို့သော အစီအစဉ်က ရီဖူရှင်းသည် သူ့အား ကူညီရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိပေသည်။
“သူတို့ကို အိမ်ပြန်ခေါ်ဖို့ မင်းက ဘယ်လိုစီစဉ်ထားလဲ...” ရှန်ကလန်ခေါင်းဆောင်က ကောင်းကင်ထက်မှ လှမ်းမေးသည်။
သူတို့မဟာမိတ်အင်အားစုက ရှန်ကလန်ထံသို့ လာရောက်ဝန်းရံကြသည်။ သူတို့က အမှန်တကယ် ရှန်ကလန်နှင့် စစ်ခင်းရဲသည်လား။
သူတို့က ရှန်ကလန် ဒေါသထွက်မည်ကို မစိုးရိမ်သလို နှစ်ဘက်လုံး ထိခိုက်ပျက်စီးမည်ကိုလည်း မစိုးရိမ်ပေဘူးလား။
ရီဖူရှင်းက အဝေးကို လှမ်းကြည့်သည်။ နတ်နဂါးက ရှန်ကလန်အပေါ်ကောင်းကင်သို့ ဆက်လက်ပျံသန်းသွားသည်။ သူ့လူများအားလုံးက သူ့ဘေးတွင် ရှိနေကြ၏။
သူ့နောက်မှ ဧရာမစစ်တပ်ကြီးသည်လည်း သူနှင့်အတူ ရွေ့လျားလာခဲ့သည်။
နတ်ဘုရားမြို့နှင့် အနီးတဝိုက် နေရာများအားလုံးကို ထိပ်သီးတန်ခိုးရှင်လေးဦးက သူတို့၏စိတ်စွမ်းအားဖြင့် ဖိနှိပ်ထားသည်။
နှစ်ဘက်လုံးပျက်စီးနိုင်သော စစ်ပွဲကြီးသည် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့်အနေအထားပင်။
“ကျုပ်က ဒီနေ့ ဒီကို နောက်ဆုတ်ဖို့ စိတ်ကူးနဲ့ရောက်လာတာ မဟုတ်ဘူး။ ကျုပ်က ဒီနေရာကနေ အသက်ရှင်လျက်မထွက်သွားနိုင်ရင် ရှန်ကလန်တစ်ခုလုံးကိုလည်း ကျုပ်နဲ့အတူ မြှုပ်နှံပစ်ဖို့ တွေးထားပြီးသား” ရီဖူရှင်းက ပြန်ပြောသည်။ နတ်နဂါးသည် မြန်ဆန်စွာ သွားနေခြင်းမဟုတ်သည့်တိုင် အလွန်ခိုင်မာသော ဆုံးဖြတ်ချက်အငွေ့အသက်များကို လူတိုင်းက ခံစားမိနိုင်သည်။
သူ၏စိတ်ပိုင်းဖြတ်ထားမှုကို မည်သူမှ သံသယ မဝင်ကြပေ။ ရီဖူရှင်းက ရှန်ကလန်နယ်မြေထဲကို ဝင်ရောက်လာကတည်းက သူ၏အသက်ကို လောင်းကြေးထပ်ထားပြီးဖြစ်သည်။ သူက ရှန်ကလန်အပြင် ရှန်ကလန်မှ ထိပ်သီးတန်ခိုးရှင်သုံးဦးကို ရင်ဆိုင်နေခြင်းဖြစ်သည်။
သို့တိုင်အောင် သူသည် ဧရာမစစ်တပ်ကြီးနှင့် ရောက်လာခြင်းဖြစ်သည်။ယခု သူတို့အားလုံးက ဖြစ်နိုင်ဖွယ်များအတွက် ပြင်ဆင်ပြီးလည်းဖြစ်သည်။
သူတို့က တိုက်ခိုက်ကာ အားလုံးသေဆုံးမည့်လမ်းကို ရွေးမည်လော၊ သို့မဟုတ်လျှင် ရှန်ကလန်က သူတို့၏လူများကို လွှတ်ပေးရပေမည်။
နောက်ထပ် ရွေးချယ်ခွင့်မရှိပေ။
ရှန်ကလန်အတွင်း၌ များစွာသော တန်ခိုးရှင်များ လေထဲကို တက်လာကြသည်။
ရှန်ကလန်မှ တန်ခိုးရှင်များသည်ပင် ထိုအခိုက်တွင် ဧရာမ ဖိအားကြီးကို ခံစားမိကြသည်။
စစ်တပ်ကြီးကား ကောင်းကင်အာဏာစက်ဘုံမှ လက်ရွေးစင်ရန်ဟောင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
သည်ယခင်က ကောင်းကင်အာဏာစက်ဘုံသည် ရှန်ကလန်မှ ထိပ်သီးတန်ခိုးရှင်နှင့် ယှဉ်နိုင်သော သူများ သိပ်မရှိပေ။ ထို့ကြောင့်သည်သာ ရှန်ကျဲ့က အထိန်းအကွပ်မဲ့စွာဖြင့် လာရောက်ဖိနှိပ်ရဲခြင်းဖြစ်သည်။
“ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်...” ရှန်ကလန်ခေါင်းဆောင်က ရီဖူရှင်းကို လှမ်းပြောသည် “မင်းတို့က မင်းတို့ဆရာကို ပြန်လိုချင်မှတော့ ငါ ခွင့်ပြုပေးမယ်။ ချီရွှမ်ကန်းနဲ့ ဆက်စပ်နေသူမှန်သမျှ သူ့ကို ခေါ်ထုတ်ဖို့ ကြိုးစားခွင့်ရှိတယ်။ ရှန်ကလန်ရဲ့ အဆင့်နိမ့်ရန်ဟောင်တွေကပဲ မင်းတို့ကို ခုခံလိမ့်မယ်...”
ချီရွှမ်ကန်းကို ဆရာဟုခေါ်သောသူများအားလုံးမှာ အဆင့်နိမ့်ရန်ဟောင်များသာဖြစ်ကြောင်း သူခံစားမိသည်။
ရန်ဟောင်အဆင့်ကို ကိုးဆင့်ခွဲထားသော်လည်း အမှန်တကယ်အားဖြင့် ပင်မသုံးဆင့်ကိုသာ အများအားဖြင့် အသုံးပြုပေသည်။ ထို့ကြောင့် သူက အဆင့်နိမ့်ရန်ဟောင်များကို စေလွှတ်တိုက်ခိုက်စေခြင်းက သင့်တော်သောကိစ္စဖြစ်သည်။
သို့တိုင်အောင် ရှန်ကလန်တွင် မည်မျှ များပြားသော တန်ခိုးရှင်များ ရှိသနည်း။ အများစုမှာ ရန်ဟောင်များဖြစ်ကြရာ သူတို့ဘက်မှ ကြီးမားသော အလေးသာမှုကတော့ ရှိနေဆဲဖြစ်သည်။
ဤက တစ်ဘက်လူကို သူက လမ်းဖွင့်ပေးခြင်းဖြစ်သည်။
ချီရွှမ်ကန်းနှင့် တခြားလူများကို ဆက်ခေါ်ထားခြင်းက အဓိပ္ပာယ်မရှိတော့။ သို့သော်လည်း ရှန်ကလန်၏ဂုဏ်သိက္ခာအတွက်တော့ တိုက်ခိုက်ရပေမည်။
သူက သည်အတိုင်းတော့ လက်မလွှတ်နိုင်။
သူတို့ကို လက်မလွှတ်ဘဲနေရန်လည်း ခက်ခဲလှသည်။ ရီဖူရှင်းက သည်အထိရောက်လာမှတော့ သူက နောက်ဆုတ်မည့်ပုံမပေါ်။
“လူနည်းနည်းက ရှန်ကလန်ရဲ့အဆင့်နိမ့်ရန်ဟောင်တွေအကုန်လုံးကို တိုက်ခိုက်စေတာဟာ မျှတတယ်လို့ မင်းထင်တာပေါ့” အဝေးမှ ရှောင်တန့်ထျန်းက ငေါ့တော့တော့ ပြောသည်။
ရှန်ကလန်က မည်မျှ ရဲရင့်လိုက်သနည်း။
ရှန်ကလန်သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာစဉ်ကကဲ့သို့ ကြီးစွာရန်လိုမောက်မာခြင်းမရှိတော့သည်ကို ရီဖူရှင်း သိသည်။ သူတို့က အလောင်းအစား မလုပ်ရဲပေ။ နှစ်ဘက်အင်အားစုသည်သာ ထိပ်တိုက်တွေ့ပါက ပထမဆုံး ဖျက်ဆီးခံရမည့်သူမှာ ရှန်ကလန်ဖြစ်သည်။ သည်တိုက်ပွဲကား သူတို့နယ်မြေတွင်ဖြစ်၏။
သူက ရှန်ကလန်ခေါင်းဆောင်ကို ပျက်ရယ်ပြုသောအပြုံးဖြင့်ကြည့်ကာ ပြောသည် “ကျုပ်လူတွေကို ဘယ်လိုဖြစ်ဖြစ် ပြန်ခေါ်သွားမှာဖြစ်ပေမယ့် ရှန်ကလန်ကလူတွေကို ဘယ်လိုအလွယ်တကူ ရိုက်နှက်လို့ရတယ်ဆိုတာကို သက်သေပြဖို့ အခွင့်အရေးကိုတော့ မငြင်းဆန်တော့ပါဘူး။ ခင်ဗျားတို့ ဂုဏ်ယူနေတဲ့ အဲဒီ အမွေအနှစ်တွေဆိုတာ ဘာမှ မဟုတ်ဘူးဆိုတာ…”
တပြိုင်နက်တည်းတွင် သူက နဂါးပေါ်မှ ဆင်းကာ ရှေ့ကို တက်သွားသည်။
သူ့ဘေးတွင်ကား ယူချင်း၊ ရာရာ၊ လီဟန်ဓားသမား၊ ဂူတုံးလျှို၊ ရှောင်မုယွီနှင့် တခြားသောသူများက ရီဖူရှင်းနှင့်အတူ ပုခုံးချင်းယှဉ်ကာ ရှေ့ကို တက်လာကြ၏။
တစ်ဦးတစ်ယောက်စီတိုင်းသည် ကိုယ်စီ ထူးချွန်ကြသူများဖြစ်ကြသည်။
သည်တိုက်ပွဲကား ချီရွှမ်ကန်း၏တပည့်များ အတူတူတိုက်ခိုက်သော ပထမဆုံးတိုက်ပွဲလည်းဖြစ်သည်။
“လမ်းစဉ်သက်သေပြပြီးနောက်မှာ ပထမဆုံးတိုက်ပွဲအနေနဲ့ ငါတို့က ရှန်ကလန်ရန်ဟောင်တွေကို နင်းခြေကြတာပေါ့” ရီဖူရှင်းက ရှေ့ကို တက်လာကာ ပြောသည်။
“စစ်နတ်ဘုရားရဲ့မျိုးဆက် သောကျောက်က ဒီနေ့မှာ ရှန်ကလန်ကိုနင်းခြေမယ်... ဟား... ဟား...” သောကျောက်က အားနှင့်မာန်နှင့် ကြုံးဝါးကာ ပြောသည်။ သူ့ကိုယ်ပေါ်တွင် များစွာသော စစ်နတ်ဘုရားအမှတ်အသားများဖြစ်ပေါ်လာကာ သူ့အရှိန်အဝါမှာလည်း အဆမတန် အားကောင်းလာခဲ့၏။
ဧရာမစစ်နတ်ဘုရားပုံရိပ်သည် သောကျောက်၏နောက်တွင် ဖြစ်ပေါ်လာခဲ့ကာ နတ်ဝင်ရိုး၏အလင်းသည် ပတ်ဝန်းကျင်ကို ထိန်ထိန်လင်းသွားသည်။ သူက လက်သီးကို တင်းတင်းဆုပ်လိုက်လျှင် စစ်နတ်ဘုရားပုံရိပ်သည် သူနှင့်ပေါင်းစပ်သွား၏။ သူက ရှေ့ကို လှမ်းလိုက်သည်နှင့်ပင် အဆုံးမဲ့သော အလင်းများသည် အရှိန်အဝါကြီးစွာဖြင့် ရိုက်ခတ်သွား၏။
“စစ်နတ်ဘုရားအသိ...ခုနစ်ဆင့် ပွင့်စမ်း...” ကျယ်လောင်သောအသံနှင့်အတူ စစ်နတ်ဘုရားသည် ကောင်းကင်ကို ကျော်လွှားကာ တစ်ဘက်မှ ရှန်ကလန်တန်ခိုးရှင်များထံသို့ လှမ်းသွားလိုက်သည်။ ထို့နောက် သူက လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
ရှန်ကလန်မှ ရန်ဟောင်တစ်ပါး၏အရှိန်အဝါ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း သူအဆင်သင့်မဖြစ်သေးခင်တွင်ပင် သောကျောက်၏လက်သီးသည် သူ့ထံသို့ ရောက်လာခဲ့၏။
ဘန်း...
ရွှေရောင်နတ်အလင်းသည် လေထုကို ဖြတ်ခွင်းသွားကာ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ကြရသည်။ ရှန်ကလန်မှ ရန်ဟောင်က သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ငုံ့ကြည့်၏။ ထိုနေရာတွင် သူ့ခန္ဓာကိုယ်ကိုဖောက်ထွင်းသွားသော လက်သီးရာတစ်ခုကို တွေ့ရသည်။
ရုတ်တရက် ဖြစ်ရပ်က လူအများကို အံ့အားသင့်စေသည်။ သောမျိုးနွယ်စုမှ သောကျောက်သည် သူ၏အက်ကြောင်းမဲ့ဝင်ရိုးကို ထုတ်လွှတ်ကာ ရှန်ကလန်မှ ရန်ဟောင်အား တိုက်ရိုက် သုတ်သင်ခဲ့၏။
သောကျောက်က ထိုကိစ္စကို သိပ်အလေးအနက် မထားပေ။ အဆိုပြုချက်ကို ရှန်ကလန်ခေါင်းဆောင်က ပြုလုပ်ခဲ့ခြင်းဖြစ်ရာ သူ့တွင် သတ်ဖြတ်ရန် လုံလောက်သော အကြောင်းပြချက် ရှိသည်။
“အက်ကြောင်းမဲ့ဝင်ရိုး...” ရှန်ကလန်မှ တန်ခိုးရှင်များက တိတ်တခိုး မှတ်ချက်ချကြသည်။ ဇီဝေ့ဘုံ၊သောကလန်မှ သောကျောက်သည် အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့၏။
ရှန်ကလန်မှ တခြားသော အဆင့်နိမ့်ရန်ဟောင်များသည် ချက်ချင်း သတိဝင်လာခဲ့ကြကာ ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။
ရှန်ကလန်မှ တန်ခိုးရှင်များမှာ များပြားလှသည်။ ထိုလူအချို့က ရှန်ကလန်မှ ရန်ဟောင်များကို သတ်ဖြတ်နိုင်မည်ဟု အမှန်တကယ် တွေးတောနေကြသည်လား။
တချိန်တည်းမှာပင် တခြားတစ်နေရာမှ ရှန်ကလန်တန်ခိုးရှင်တစ်ဦးသည် ရှေ့ကို တက်လာခဲ့လျှင် အလွန်လင်းလက်သော ရွှေရောင်စက်ဝန်းတစ်ခုပေါ်လာကာ ကောင်းကင်နှင့်မြေပြင်အကြား လည်ပတ်လျှက် တဖြေးဖြေး ပိုမိုကြီးမားလာခဲ့သည်။ စက်ဝန်းရှေ့တွင်ကား ရွှေရောင်အာကာသဓားတစ်လက်ပေါ်လာ၏။
ရာထောင်ချီသော နတ်ဓားများ လည်ပတ်ကာ ဓားများသည် ကောင်းကင်မှတဆင့် ရီဖူရှင်းတို့ထံသို့ မိုးစက်များအလား ကျဆင်းလာခဲ့သည်။
ဝုန်း...
ထိုအခိုက်တွင် ကမ္ဘာကြီးတုန်ခါသွားခဲ့ကာ အလွန်ရင့်သီးသော ပုံသဏ္ဌာန်တစ်ခုသည် ဓားများထံသို့ တိုက်ရိုက်လျှောက်လှမ်းသွား၏။ မိုးစက်မိုးပေါက်များအလား ဓားများသည် သူ့ကို အနည်းငယ်မျှပင် ထိခိုက်အောင် မတတ်နိုင်။
ဧရာမပုံအနက်ရောင်သဏ္ဌာန်ကြီးသည် သူ့လက်ကို အားယူကာ စက်ဝန်းကို ရိုက်နှက်လိုက်၏။
“မင်း သေချင်နေတာပဲ...”
ထိုရန်ဟောင်က လက်ကို ဝှေ့ယမ်းလိုက်ပြီးမှ ရှေ့ကို တွန်းလိုက်လျှင် မရေမတွက်နိုင်သော ဓားများသည် ရှေ့ကို တိုးဝင်သွားကြ၏။
ယူချင်းက သူ၏လက်သီးဖြင့် ပြန်အဖြေပေးလိုက်သည်။ သူ့ရှေ့မှ ဓားမိုးစက်များအားလုံးမှာ ဟောင်းလောင်းပေါက်ကြီးဖြစ်သွား၏။
ဝုန်း...
လက်သီးကျဆင်းသွားသည်နှင့် စက်ဝန်းမှာ အခေါင်းပေါက်ဖြစ်သွားပြီး ဓားမိုးစက်များအားလုံးမှာလည်း ပျက်စီးသွားရသည်။ လက်သီးသည် ပြိုင်ဘက်၏ဦးခေါင်းကို ပွင့်ထွက်သွားစေကာ သူ့ဝိညာဉ်သည်လည်း ပျံ့ကျဲပျက်စီးသွားရတော့သည်။
ကောင်းကင်တွင် တခြားသော ရန်ဟောင်များလည်း အတူရပ်နေကြ၏။ သူတို့က နတ်မျက်လုံးများကို ဖွင့်ကာ အောက်မှ လူတချို့ကို ကြည့်လိုက်သည်။ နတ်အလင်းများ ကျင်းလာကာ တစ်ဘက်လူ၏စိတ်နယ်ပယ်ထဲကို ကျူးကျော်ဝင်ရောက်လာကြ၏။
တချိန်တည်းတွင် ပုံရိပ်တချို့ လေထဲကို တက်လာကြသည်။ ရှောင်မုယွီ၏နတ်ဝင်ရိုးသည် ပေါက်ကွဲထွက်လာခဲ့ကာ ယင်ယန်ပုံရိပ်သည် သူမ၏မျက်လုံးထဲ၌ ပေါ်လာပြီး တစ်ဘက်လူများကို ကြည့်လိုက်သည်။
ရာရာက မရဏဓားကွန်ယက်ကို ဆင့်ခေါ်လိုက်ကာ ထိုဓားဝင်ရိုးပေါ်၌ပင် ရပ်နေ၏။
ဝုန်း...
မရဏဓားကွန်ယက်သည် တောက်ပလင်းလက်လာခဲ့ကာ ရန်ဟောင်တစ်ပါးကို သူမသိလိုက်ခင်တွင်ပင် သတ်ဖြတ်လိုက်၏။
ကျွမ်နှင့် လုံချင်တို့ကလည်း တချိန်တည်းတွင် လှုပ်ရှားလိုက်ကြသည်။ ကျွမ်က ရွှေရောင်မီးငှက်အသွင်သို့ ပြောင်းလဲကာ မီးတောက်အလင်းတန်းဖြင့် တစ်ဘက်လူကို တိုက်ခိုက်လိုက်သည်။
လုံချင်ကလည်း သူ၏လက်များကိုမြှောက်လိုက်လျှင် ခရမ်းရောင်သွေးမုန်တိုင်းတစ်ခုပေါ်လာ၏။
ကောင်းကင်ထက်တွင်ရပ်ကာ ဂူတုံးလျှိုက ကောင်းကင်အာဏာစက်တံခွန်ကို ဖန်ဆင်းပြီး ကောင်းကင်မှ နတ်ဘုရားများနှင့် မိစ္ဆာများကို ဆင့်ခေါ်လိုက်သည်။
မျက်လုံးတမှိတ်အတွင်းတွင် ရှန်ကလန်မှ တိုက်ခိုက်ရန် ပြင်နေကြသော ရန်ဟောင်များ မြေပြင်သို့ အသက်မဲ့စွာ တစ်ယောက်ပြီးတစ်ယောက် ကျသည်။ တစ်ဘက်တွင်ကား အက်ကြောင်းမဲ့ဝင်ရိုးများ တစ်ခုပြီးတစ်ခုပေါ်လာခဲ့သည်။ ကောင်းကင်တခွင်လုံးတွင် စူးရှသော ရောင်ခြည်ရောင်ဝါများ ထိန်လင်းနေခဲ့ကာ အက်ကြောင်းမဲ့ဝင်ရိုး၏ဂုဏ်ရည်ကို ထင်ရှားစွာ ပြသနေခဲ့ကြ၏။
ရှန်ကလန်မှ တန်ခိုးရှင်များ ထိုဖြစ်ရပ်ကို ထိတ်လန့်တကြား ကြည့်နေကြသည်။ မည်သို့ဖြစ်နိုင်မည်နည်း။
သူတို့အားလုံးသည် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များဖြစ်ကြသည်။
ရှန်ကလန်ခေါင်းဆောင်နှင့် ရှန်ကျဲ့တို့နှစ်ယောက်လုံးမှာ သူတို့မြင်တွေ့သော မြင်ကွင်းကိုပင် မယုံနိုင်။
သည်မျိုးဆက်တွင် အက်ကြောင်းမဲ့ဝင်ရိုးကို ပိုင်ဆိုင်သော ပါရမီရှင်များ မည်သည့်အချိန်က အများအပြား ပေါ်ထွက်လာခဲ့သနည်း။
ဤကား အိပ်မက်တစ်ခုကဲ့သို့ ထင်မှတ်ရသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...” ရှန်ကလန်မှ ရန်ဟောင်များအားလုံး ထိုမြင်ကွင်းကို ငေးကြည့်နေကြသည်။ အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းရန်မှာ တန်ခိုးရှင်တိုင်း၏အိပ်မက်ဖြစ်သည်။
သို့သော်လည်း ရှန်ကလန်၏လက်ရှိမျိုးဆက်၌ ရှန်ဟောက်သည်သာ ထိုသို့လုပ်နိုင်ခဲ့သည်။
ယခု ရုတ်တရက် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်တစ်အုပ်စု ပေါ်လာခဲ့၏။
ရုတ်တရက် ပေါက်ကွဲထွက်လာသော တိုက်ပွဲသည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။ သို့သော်လည်း ရှန်ကလန်တန်ခိုးရှင်များအတွက်မူ ထိုတိတ်ဆိတ်မှုက ကြောက်မက်ဖွယ်ကောင်းလှသည်။
သူတို့၏အကြည့်က ဆံပင်ဖြူလူငယ်ထံသို့ ဖြေးညင်းစွာ ရောက်လာသည်။ ထိုအခိုက်တွင် သူက မရေမတွက်နိုင်သော အကြည့်များကို ရင်ဆိုင်ကာ ရှေ့ကို တက်လာခဲ့၏။
“မင်း ဘယ်လိုလုပ်ခဲ့တာလဲ...” သည်ကိစ္စက ရီဖူရှင်းနှင့် သေချာပေါက် ပတ်သက်နေရမည်ဟု သူသိသည်။
ရီဖူရှင်းက သူ့အား ပြန်လည်စိုက်ကြည့်ကာ ဖြေးလေးစွာ ပြောသည် “ကျုပ်က မဟာအင်ပါယာရဲ့အသက်ဝင်ခြင်းကို မြင်တွေ့ခဲ့ရတယ်။ သူက ကျုပ်ကို ပညာအမွေဆက်ခံစေခဲ့တဲ့နောက်မှာ ကျုပ်ဟာ နတ်ဘုရားတို့ မြည်တမ်းသံ၊ သူတို့ရဲ့စိတ်ဆန္ဒတွေကို ခံစားသိရှိခဲ့တယ်။ နတ်ဘုရားတွေကပြောတယ်။ ရှန်ကလန်ဟာ အမြစ်ဖြုတ်သုတ်သင်ခံရသင့်တယ်”
***