နှစ်ယောက်ချင်းတိုက်ပွဲ
Vol. 018 Ch. 1709
ရှန်ကလန်တန်ခိုးရှင်များအကြားတွင် ရီဖူရှင်း၏သုံးယောက်အဖွဲ့က ရန်ဟောင်များကို နောက်ဆုတ်စေပြီးနောက် တော်ဝင်ခန်းမထံသို့ ဆက်လက်ချီတက်သွားကြ၏။
ရီဖူရှင်းကား ရှန်ကလန်မှ ထိပ်သီးတန်ခိုးရှင်များကို ကြောက်လန့်ခြင်းမရှိပေ။
ထိုလူများက သူတို့ကို တိုက်ခိုက်မည်ကိုလည်း မကြောက်ရွံ့ပေ။ သူတို့က သည်နေရာကို ရောက်လာပြီးမှတော့ အရာအားလုံးကို ထည့်သွင်းတွက်ချက်ပြီးဖြစ်သည်။ သူတို့ အသက်သေဆုံးကာ ရှန်ကလန်ကို အတူဆွဲခေါ်သွားခြင်း သို့မဟုတ် သူတို့၏လူများကို ကယ်တင်ခြင်း နှစ်ခုထဲမှ တစ်ခုသာ ရွေးရပေမည်။
ရှန်ကလန်သည် သူတို့ကလန်တစ်ခုလုံးနှင့်ရင်းကာ မိုက်မဲသော ဆုံးဖြတ်ချက် ပြုလုပ်မည်မဟုတ်ဟု ရီဖူရှင်း ယုံကြည်သည်။
ရီဖူရှင်း၏သဏ္ဌာန်သည် ရှေ့ကို ဆက်သွားနေရင်း ပိုမိုမြန်ဆန်လာသည်။ သောကျောက်နှင့် ယူချင်းက ဘေးတစ်ဘက်တစ်ချက်မှနေ၍ သူ့အတွက်လမ်းရှင်းပေးကြသည်။ သူတို့၏တိုက်ခိုက်မှုများက အလှကွက်များ မဟုတ်ပေ။ သူတို့က ရန်ဟောင်များကို ရင်ဆိုင်တွေ့တိုင်း အနီးကပ်တိုက်ကွက်များကို အသုံးပြုကြ၏။ သောကျောက်က သူ၏ခုနစ်လွှာစစ်နတ်ဘုရားစွမ်းအားကို တိုက်ရိုက်အသုံးပြုသည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ တိုက်ပွဲကို အခြေပြု၍ ကောက်ချက်ချရပါက သောကျောက်သည် ယူချင်းထက် များစွာ အားနည်းခြင်းမရှိပေ။
ထို့ကြောင့် သူတို့နှစ်ဦး၏တိုက်ခိုက်မှုအောက်တွင် ရှန်ကလန်ရန်ဟောင်များ တစ်ဦးပြီးတစ်ဦး လွင့်စင်သွားရသည်သာ။ မည်သူမှ သူတို့ကို ရင်မဆိုင်နိုင်။
ရီဖူရှင်း၏ဘယ်ဘက်နှင့် ညာဘက်တွင် ရာရာနှင့် လီဟန်ဓားသမားတို့ကလည်း ရှင်းလင်းပေးနေကြ၏။ ရီဖူရှင်း၏အပေါ်တွင်ကား ဂူတုံးလျှိုက ရွှယ်ရှင်းစက်ဝန်းကို အသုံးပြုလျှက် နတ်ဘုရားများနှင့် မိစ္ဆာများကို ဆင့်ခေါ်သည်။
ရှန်ကလန်မှ မည်သည့်အဆင့်နိမ့်ရန်ဟောင်မှ သူတို့၏တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိပေ။
ရှန်ကလန်မှ အဆင့်နိမ့်ရန်ဟောင်များအားလုံး နောက်ကို ဆုတ်ကြရသည်။ ဤသို့သော တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူတို့တွင် အခွင့်အရေးမရှိကြောင်း နားလည်လိုက်ကြသည်။
အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင် ရန်ဟောင်များသည်ကား သာမန်ရန်ဟောင်များထက် များစွာ သန်မာကြသည်။
ရီဖူရှင်းက တစ်ကြိမ်မျှသာ တိုက်ခိုက်ခဲ့သော်လည်း သူသည် ရှန်ကလန်မှ ရန်ဟောင်များ ပူးပေါင်းတည်ဆောက်ခဲ့သော ဝင်္ကပါကို ပျက်စီးစေခဲ့သည်။ သူပြောခဲ့သလိုပင် သူ့ရှေ့တွင် အဆင့်နိမ့်ရန်ဟောင်များ အခွင့်အရေးမရှိပေ။
ရှန်ကလန်မှ လူများထဲတွင် ရီဖူရှင်းနှင့် အဆင့်တူအတွင်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူမှာ ရီဖူရှင်းကဲ့သို့ အက်ကြောင်းမဲ့ဝင်ရိုးကို ပိုင်ဆိုင်သူ ရှန်ဟောက်သာ ဖြစ်ပေလိမ့်မည်။
“ပထမအဆင့်နဲ့ ဒုတိယအဆင့် နတ်ဝင်ရိုးပိုင်ရှင်တွေ နောက်ကို ဆုတ်ကြ...” ရှန်ဟောက်က အမိန့်ပေးသည်။ သူ့ခန္ဓာကိုယ်သည်ကား လေထဲကို တဖြေးဖြေး မြောက်တက်လာခဲ့သည်။ သူ့နောက်တွင်ကား တတိယအဆင့်ရှိသော ရန်ဟောင်များအားလုံး ရှိနေကြသည်။ သူတို့မှာ သိပ်မများသော်လည်း လက်ရွေးစင်များဖြစ်ကြ၏။
ကျင့်ကြံခြင်းလောကတွင် စစ်ပွဲများသည် အရေအတွက်အားဖြင့် မည်သည့်အခါမှ အနိုင်ရမည် မဟုတ်ပေ။ အများအားဖြင့် တန်ခိုးအဆင့်သည်သာ ပဓာနဖြစ်၏။ တန်ခိုးအဆင့်တူပြီးမှ အရေအတွက်က အရေးပါသည်။
ရန်ဟောင်အများအပြား၏မျက်နှာများ နက်မှောင်သွားကြသည်။ သူတို့က မလိုလားသော်လည်း မြေပြင်သို့ ဆင်းသက်လိုက်ကြ၏။
လက်ရှိတွင် ရှန်ကလန်၏အထက်ကောင်းကင်တစ်ခုလုံးကို အာကာသစွမ်းအားများ လွှမ်းခြုံထားသည်။ ထိုစွမ်းအားသည် ရှန်ကလန်ကို တခြားသောအရာများမှ သီးခြားဖြစ်စေသည်။ သည်နည်းဖြင့် လူအများကို တိုက်ပွဲအတွင်းသို့ မလိုအပ်ဘဲ ဝင်ရောက်မိခြင်းအား ကာကွယ်ပေးနိုင်သည်။
ရှန်ဟောက်သည် လေထဲတွင် ရပ်နေသည်။ သူ့ခန္ဓာကိုယ်မှ စူးရှသော အလင်းများ ထွက်ပေါ်နေ၏။ သူ့နောက်တွင် တတိယအဆင့် ရန်ဟောင်များက မဟာလမ်းစဉ်၏စွမ်းအားများကို ပြိုင်တူ ထုတ်လွှတ်လိုက်ကြ၏။ အဆုံးအစမဲ့သော နတ်အလင်းများသည် အတူတူစုစည်းလာကြသည်။ သူတို့ရှေ့တွင်ကား အာကာသနတ်နံရံတစ်ခုရှိပြီး ထိုအရာသည် မျက်စိတစ်ဆုံးမြင်နိုင်အောင် ဆွဲဆန့်သွားသည်။ နတ်နံရံတွင် မရေမတွက်နိုင်သော အာကာသအမှတ်သင်္ကေတများ ဖြစ်ပေါ်လာ၏။
ဘန်း...
ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခုကို ကြားရသည်။ ယူချင်းနှင့် သောကျောက်တို့က နတ်နံရံနှင့် တိုက်ရိုက်ထိတွေ့ရင်ဆိုင်မိကြသည်။ ချက်ချင်းပင် နတ်နံရံတွင် အက်ကြောင်းများ ဖြစ်ပေါ်လာ၏။
မကြာခင် စူးရှသော အလင်းဓားနှစ်လက်သည် နံရံနှင့် ထိတွေ့မိ၏။ ထို့နောက်တွင်ကား အဆက်မပြတ်သော ပေါက်ကွဲသံများနှင့်အတူ နံရံသည် လုံးဝ ပြိုကွဲပျက်စီးသွားတော့သည်။
သို့သော်လည်း ယူချင်းနှင့် တခြားလူများကလည်း သူတို့၏လှုပ်ရှားမှုများကို ရပ်လိုက်ကြ၏။ သူတို့က ရှန်ဟောက်နှင့် ရှန်ကလန်မှ ရန်ဟောင်များကို ကြည့်လိုက်ကြသည်။
သောကျောက်သည် အလွန်စိတ်အားထက်သန်နေသည်။ သူ့ရှေ့မှလူကား ရှန်ကလန်၏အတော်ဆုံးတန်ခိုးရှင် ရှန်ဟောက်ဖြစ်သည်။
ဗဟိုအင်ပါယာဘုံတစ်ခုလုံးတွင် ရှန်ဟောက်သည် မျိုးဆက်တစ်ခုလုံး၏အတော်ဆုံးထဲမှ တစ်ယောက်ဖြစ်သည်။ ဘုံသုံးထောင်တွင်ပင် သူသည် အတော်ဆုံးထဲမှ တစ်ယောက်ဖြစ်၏။
သောကျောက်ထံမှ တိုက်ပွဲဝင်အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာ၏။ သူက ရှန်ဟောက်ထံသို့ ပြေးသွားကာ တိုက်ခိုက်လိုသည်။
ရှန်ကလန်တွင် လေ့ကျင့်သော ဤပါရမီရှင်သည် သေချာပေါက် အလွန်သန်မာရပေမည်။
မည်သို့ဆိုစေ သောကျောက် စိတ်မဝင်စားပေ။ သူရှုံးနိမ့်သွားလျှင်ပင် ရီဖူရှင်းနှင့် ယူချင်း ရှိသေးသည် မဟုတ်ပါလား။
ဖပ်...
ထိုသို့တွေးမိလျှင် သောကျောက် သူ့စိတ်ကို မထိန်းနိုင်တော့။ သူက လျပ်တစ်ပြက် လေထုကို ဖြတ်သွားကာ ရှန်ဟောက်ထံသို့ ပြေးသွားတော့သည်။
သောမျိုးနွယ်စုမှ လူများသည်ကား တိုက်ပွဲကို အလွန်ဆာလောင်ကြသည်။ သူတို့သည် စစ်နတ်ဘုရား၏မျိုးဆက်များဖြစ်ကြ၏။ ဤသို့သော တိုက်ပွဲကို သူက မည်သို့ လက်လွှတ်ခံမည်နည်း။
ဝုန်း...
သူက ရှေ့ကို ပြေးသွားရင်းနှင့်ပင် တစ်ကိုယ်လုံးသည် စစ်နတ်ဘုရားအလား ပုံစံပြောင်းသွားသည်။ ခုနစ်ဆင့် စစ်နတ်ဘုရားစွမ်းအားသည် ပေါက်ကွဲထွက်လာခဲ့ကာ ကောင်းကင်တစ်ခုလုံးကို အားကောင်းသော ဖိအားများဖြင့် လွှမ်းမိုးသွားစေသည်။
သောကျောက်က ရှေ့ကို ပြေးသွားသည်ကိုမြင်သော်လည်း ရီဖူရှင်းက ရပ်တန့်ရန် မကြိုးစားခဲ့ပါ။ သောကျောက်ကား တိုက်ခိုက်လိုစိတ် ပြင်းပြသူဖြစ်၏။ သောကျောက်၏စွမ်းရည်ဖြင့် ရှန်ဟောက်က အလွန်အမင်းစွမ်းအားကြီးနေလျှင်ပင် သောကျောက်ကို မြန်ဆန်စွာ အနိုင်ယူနိုင်မည် မဟုတ်ပေ။ ရီဖူရှင်းနှင့် ယူချင်းတွင်ပင် ထိုသို့စွမ်းရည် မရှိပေ။
သောကျောက်၏ခံနိုင်ရည်အားကား အလွန်မြင့်မား၏။
ရှန်ဟောက်၏နတ်မျက်လုံးများက သောကျောက်ကို ကြည့်လိုက်၏။ သူ၏မျက်လုံးများတွင် မောက်မာဝင့်ကြွားသော အငွေ့အသက်များပါဝင်နေသည်။
ထိုအဖြစ်က သောကျောက်အား ကြီးစွာ သဘောမကျဖြစ်စေ၏။
ဝုန်း...
သောကျောက်က လက်ကိုမြှောက်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ စစ်နတ်ဘုရားလက်သီးချက်က လေဟာနယ်ကိုပင် ပြိုကွဲစေသည်။
ရှန်ဟောက်၏အကြည့်က အလွန်တည်ငြိမ်နေသည်။ သောကျောက်၏ပြင်းထန်သော လက်သီးချက်ကို သူက စိတ်ထဲထည့်ဟန်ပင် မရပေ။
ရှန်ဟောက်သည် လေထဲတွင် တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။ သူ့အကြည့်မှ မိုးကြိုးအလင်းများသည် ကြောက်မက်ဖွယ်ကောင်း၏။ သူ့ခန္ဓာကိုယ်မှ အက်ကြောင်းမဲ့ဝင်ရိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူက လက်ကို ဆန့်တန်းကာ လေထဲကို ဖြည်းဖြည်းချင်းတက်လာ၏။
ချက်ချင်းပင် အာကာသမုန်တိုင်းသည် ကျယ်ပြောသော နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။မရေမတွက်နိုင်သော နတ်အလင်းများ ဖြန့်ကျက်ဖြစ်ပေါ်လာသည်။ အာကာသမုန်တိုင်းသည် စူးရှသော အသံများပေးကာ ဒေါမာန်ကြီးစွာဖြင့် လှုပ်ရှားနေကြသည်။
ထိုအရာက မုန်တိုင်းဖြစ်သော်လည်း လေလှိုင်းများမပါဝင်ပေ။ ထိုမုန်တိုင်းတွင် အဖျက်အဆီးစွမ်းအားများသာ ပါဝင်သည်။
ချက်ချင်းပင် သောကျောက်၏ မြင့်မားသော ခန္ဓာကိုယ်ကြီးမှာ နတ်အလင်းများ၏ရိုက်ခတ်မှုကို ခံလိုက်ရသည်။ အာကာသမုန်တိုင်းသည် သောကျောက်အပါအဝင် အရာအားလုံးကို ဝါးမျိုသွား၏။ မုန်တိုင်းထဲတွင် အလင်းတန်းတစ်ခုစီတိုင်းက ကြောက်မက်ဖွယ် ဖျက်ဆီးအားများ ပါဝင်နေသည်။
သောကျောက်၏စိတ်အားထက်သန်နေသော အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ ရှန်ဟောက်၏စွမ်းရည်များက အလွန်အမင်း အားကောင်းနေခြင်း မဟုတ်ဘဲ ထိုသို့သော စွမ်းရည်မျိုးက သူ့အားနည်းချက်ဖြစ်နေသောကြောင့်ဖြစ်သည်။
ဝုန်း...
သူ့နတ်ဘုရားအလား ခန္ဓာကိုယ်တွင် ရွှေရောင်ချပ်ဝတ်များ ဖြစ်ပေါ်လာသည်။ စစ်နတ်ဘုရားက နောက်ထပ် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ လက်သီးက လေဟာနယ်ကို ခွင်းသွားကာ မုန်တိုင်းကို ကျော်ဖြတ်သွား၏။ မုန်တိုင်းသည် သူ့ခန္ဓာကိုယ်ကို ဖြတ်ရိုက်သွားကာ သူ့စိတ်အသိကို ဆက်လက်တိုက်ခိုက်၏။
အက်ကွဲသံအချို့ ထွက်လာသည်။ သောကျောက်၏ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်သည် အမှန်တကယ် အစိတ်စိတ် ကွဲထွက်သွား၏။ မုန်တိုင်းသည် သူ့ခန္ဓာကိုယ်ကို အမှုန့်ခြေရန် ကြိုးစားခဲ့၏။
သောကျောက်၏ခန္ဓာကိုယ်သည် မုန်တိုင်းကို ဖြတ်သန်းကာ ရှန်ဟောက်ထံသို့ ရောက်လာ၏။ သို့သော်လည်း သူ့ပုံစံက မူလကဲ့သို့ မာန်ဟုန်ကြီးသော စစ်နတ်ဘုရားမဟုတ်တော့။
ရှန်ဟောက်က ရှေ့ကို တက်လာခဲ့ကာ လက်များကို ဆန့်တန်းလိုက်၏။ အဆုံးအစမဲ့သော အာကာသမုန်တိုင်းသည် သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်နေဆဲဖြစ်သည်။
သောကျောက်က နောက်မဆုတ်သေးပေ။ သူက ရှေ့ကို ဆက်တက်လာသည်။
ဘန်း... ဘန်း... ဘန်း...
ကြောက်မက်ဖွယ် ထိတွေ့ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ သောကျောက်သည် မုန်တိုင်းများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့၏။ ကံမကောင်းသည်ကား ပြင်းထန်သော မုန်တိုင်းများအောက်တွင် သူ့ခန္ဓာကိုယ်သည် ရပ်တန့်သွားခဲ့ကာ သွေးစီးကြောင်းများ ဖြစ်ပေါ်လာ၏။ သူ၏ခံစစ်သည် ပြိုလဲသွားခဲ့ရကာ အဆုံးတွင် ရှန်ဟောက်ထံသို့ မရောက်နိုင်တော့ပေ။
ရှန်ဟောက်ကား အာကာသစွမ်းအားကို အသုံးပြုရာတွင် အလွန်ကျွမ်းကျင်သည်။ သူ့တွင် သောကျောက်ခဲ့သို့သော အက်ကြောင်းမဲ့ဝင်ရိုးရှိ၏။ သောကျောက်အနေဖြင့် ရှန်ဟောက်ကို ရင်ဆိုင်ရန် အလွန်ခက်ခဲပေသည်။
ထိုတိုက်ခိုက်မှုက သောကျောက်အား အလွန် စိတ်မကျေမနပ်ဖြစ်စေသည်။ ရှန်ဟောက်က သူ့အား မျက်နှာချင်းဆိုင် တိုက်ခိုက်ရန်ပင် အခွင့်အရေး မပေးခဲ့ပေ။
ရှန်ဟောက်က သောကျောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏အကြည့်က ရီဖူရှင်းထံသို့ ရောက်သွား၏။
နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ရှန်ဟောက်သည် ထျန်းဟယ်အကြီးအကဲ၏ဆက်ခံသူ ရီဖူရှင်းအား တွေ့ဆုံခဲ့သည်။ ထိုအချိန်က ရှန်ဟောက်သည် ရီဖူရှင်းကို အနည်းငယ်မျှပင် မျက်လုံးထဲ မထားခဲ့ပေ။
သို့သော်လည်း ထျန်းဟယ်အကြီးအကဲက ရှန်ကလန်ကို လာရောက်တိုက်ခိုက်သတ်ဖြတ်ခဲ့သလို ရီဖူရှင်းသည်လည်း ရှန်ကလန်ကို လာရောက်တိုက်ခိုက်ပြန်ခဲ့သည်။
ထိုအရာများအားလုံးက အိပ်မက်အလား ထင်မှတ်မှားရသည်။
ဘုံကိုးဘုံတခွင် နာမည်ကျော်ကြားသော သည်လူငယ်သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်ကာ သူ့မိတ်ဆွေများကိုလည်း အက်ကြောင်းမဲ့ဝင်ရိုးများ ဖွဲ့စည်းနိုင်အောင် ကူညီပေးခဲ့သေးသည်။
ယနေ့ပြီးနောက်တွင် ရီဖူရှင်းသည် ပိုမို၍ ကျော်ကြားလာပေဦးမည်။
ရီဖူရှင်းသည် လက်ရှိမျိုးဆက်၏အကျော်ကြားဆုံး ပါရမီရှင်ပင် ဖြစ်လာပေလိမ့်မည်။
ရှန်ဟောက်ဖြစ်စေ၊ နန်လော့ရှန်းနှင့် ကျန့်ချင်းကျူတို့ဖြစ်စေ သူတို့သည် ရီဖူရှင်းကဲ့သို့ လုပ်ဆောင်မှုများ မရှိဖူးပေ။ ရီဖူရှင်းသည် စစ်တပ်ကြီးကို ဦးဆောင်ကာ ရှန်ကလန်ကို လာရောက်တိုက်ခိုက်ခဲ့၏။
ရီဖူရှင်းကို ရပ်တန့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ယနေ့ အားလုံး၏ရှေ့မှောက်တွင် ရီဖူရှင်းကို အနိုင်ယူပြရန် ဖြစ်သည်။
မဟုတ်လျှင် ရီဖူရှင်းက သူ့ကိုနင်းကာ နေရာတိုင်း၌ ကျော်ကြားလာပေလိမ့်မည်။
ရီဖူရှင်းကလည်း ရှန်ဟောက်ကို ကြည့်လိုက်သည်။ ရှန်ဟောက်သည် သူ့အား မျက်လုံးထဲ မထည့်ဖူးသည်ကို သူသိ၏။ ရှန်ကလန်မှ လူများက သူ့ကို မည်သည့်အခါကမှ အရေးစိုက်ဖူးသည်မဟုတ်ပေ။
မှန်သည်၊ ရီဖူရှင်းကိုယ်တိုင်ကလည်း သူတို့အရေးစိုက်သည်၊ မစိုက်သည်ကို ဂရုမစိုက်ပေ။
ရီဖူရှင်း၏ဆရာကို ရှန်ကလန်က ခေါ်ဆောင်သွားပြီးကတည်းက တစ်နေ့တွင် သူတို့နှင့်ရင်ဆိုင်ရမည်ကို ရီဖူရှင်း သိသည်။ သို့သော်လည်း ထိုနေ့က ပိုမိုမြန်ဆန်စွာ ရောက်လာခဲ့၏။
“မင်းတို့အားလုံး နောက်ဆုတ်...” ရှန်ဟောက်က အမိန့်ပေးသည်။ ရှန်ကလန်မှ တန်ခိုးရှင်များအားလုံး၏မျက်နှာတွင် ထူးဆန်းသော အမူအရာများဖြစ်ပေါ်လာသော်လည်း သူတို့က နောက်ကို ဆုတ်ပေးလိုက်ကြ၏။
ရှန်ကလန်တွင် ရှန်ဟောက်၏အဆင့်အတန်းမှာ အလွန်မြင့်မားပေသည်။
“မင်းက ငါတို့ရှန်ကလန်က လူအတော်များများကို သတ်ဖြတ်ပြီးပြီ။ မင်းက ဒီကို ရောက်လာမှတော့ မင်းဆရာနဲ့ မင်းလူတွေကို ပြန်ခေါ်သွားချင်လို့ပဲမလား။ နှစ်ဘက်အသေအပျောက်မများရအောင် တိုက်ပွဲကို ငါတို့နှစ်ယောက်နဲ့ပဲ ဆုံးဖြတ်ကြတာပေါ့” ရှန်ဟောက်က ရီဖူရှင်းကို ပြောသည်။
ရှန်ဟောက်ပြောသည်က မမှားကြောင်း ရီဖူရှင်း သိသည်။ သူတို့ကသာ ရှန်ကလန်မှ လူအများအပြားကို သတ်ဖြတ်ကာ ရှန်ကလန်၏ဒေါသကို အမှန်တကယ် ဆွမိပါက နှစ်ဘက်လုံး သည်နေရာတွင် သေဆုံးရပေလိမ့်မည်။
ထိုသို့သော အဆုံးသတ်ကို မည်သူမှ မလိုချင်ပေ။
ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်လျှင် တခြားလူများကလည်း သဘောပေါက်ကာ နောက်ဆုတ်ပေးကြသည်။ သောကျောက်က အနည်းငယ် စိတ်ပျက်နေသော်လည်း သူက တိုက်ပွဲနေရာမှ နောက်ဆုတ်ပေးလိုက်၏။
ယခုတွင် ရှန်ကလန်ကောင်းကင်ထက်၌ လူနှစ်ယောက်သာ ကျန်ရစ်ခဲ့၏။
လက်ရှိ ရှန်ကလန်၏မျိုးဆက်မှ အတော်ဆုံး တန်ခိုးရှင် ရှန်ဟောက်...။
နောက်တစ်ယောက်ကား ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်ခဲ့ကာ ဘုံကိုးဘုံလုံး၌ ထင်ရှားကျော်ကြားလာခဲ့သော ရီဖူရှင်း...။
သည်တိုက်ပွဲကား လက်ရှိမျိုးဆက်တွင် အကောင်းဆုံးတို့၏တိုက်ပွဲဖြစ်သည်။
***