အခန်း (၂၈၁)
Vol. 21 Ch. 281
ထိုသူများသည် အစာရေစာပြတ်လပ်နေသော ခွေးအများကဲ့သို့ ရူးသွပ်စွာ လုယက်နေကြသည်။ ပထမခြေလှမ်းအနေဖြင့် ပြည့်စုံသည့် ကျင့်စဥ်တစ်ခုကို လျင်မြန်စွာ ပေါင်းစပ်ပြီး လက်ဦးမှုရယူကာ ရန်သူများကိုသတ်ဖြတ်ချေမှုန်းရန် ကြိုးစားနေကြခြင်းပင်။
ကန်ဘေးတွင် ယဲ့ကျွင်းလင်က စကားတစ်ခွန်းမျှ မပြောဘဲ ကြည့်နေသည်။ ထို့နောက် ခေါင်းအသာခါပြီး တောနက်ထဲ လျှောက်လှမ်းဝင်ရောက်ခဲ့လိုက်၏။
“ခရမ်းရောင် လျှပ်စီး လက်သီး!” အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် ကျင့်စဥ်တစ်ခုအား ပထမဆုံး စုဆောင်းလိုက်နိုင်ခဲ့သည်။ မျက်လုံးများတွင် အေးစက်စက်အရိပ်အယောင်တို့ဖြတ်ပြေးသွားကာ ခရမ်းရောင်လျှပ်စီးများ တဖျတ်ဖျတ်စီးဆင်းနေသောလက်သီးဖြင့် တစ်ချက်ထိုးချလိုက်သည်။
“အား…” လူငယ်တစ်ဦးမှာ အချိန်မီ ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ပေများစွာအထိ လွင့်စင်ထွက်သွားသည်။ သူ၏ခန္ဓာကိုယ်ကို ထိတ်လန့်စရာကောင်းသည့် ခရမ်းရောင် လျှပ်စီးများက ဖျက်ဆီးနေလေရာ အရေပြားပေါ်ရှိ ကြွက်သားမျှင်တို့မှာ မီးသွေးနက်ရောင်အဖြစ် ပြောင်းလဲသွားပြီး မီးညှော်အခိုးအငွေ့များပင် တလူလူထွက်လာသည်အထိ။
ထို့နောက် ထိုသူ၏ကိုယ်ခန္ဓာ ပျောက်ကွယ်သွားပြီး ရေပေါ်တွင် ဆိုင်းငံ့တည်ရှိနေသည့် သေတ္တာတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ သေတ္တာကိုဖွင့်လိုက်ပါက ထိုသူမသေခင် စုဆောင်းထားသည့် စွမ်းအင်အပိုင်းအစများကို ရရှိနိုင်မည်ပင်။
“ဟဲဟဲ၊ မင်းတို့ အားလုံး သေကြ!”
ပထမဆုံး ကျင့်စဥ်စုဆောင်းနိုင်လိုက်သော အမျိုးသားသည် အလွန်စိတ်လှုပ်ရှားစွာဖြင့် ကျန်သုံးဦးအပေါ်သို့ ခုန်အုပ်လိုက်သည်။ သူ၏လက်သီးများသည် အရပ်လေးမျက်နှာကို မုန်တိုင်းထန်သကဲ့သို့ လေတဝုန်းဝုန်းတိုက်ခတ်စေ၏။ ခရမ်းရောင်လျှပ်စီးများ၏အရှိန်မှာလည်း ရှောင်ချိန်မရလောက်အောင် လျင်မြန်သည်။
“မဖြစ်ဘူး!”
ဝမ်းနည်းဒေါသမျာပြည့်နှက်နေသော အော်သံဖြင့် နောက်လူနှစ်ဦးသည်လည်း ထိုအမျိုသား၏လက်ချက်ဖြင့် ကွယ်ပျောက်သွားရကာ ရေပေါ်သေတ္တာလေးများအဖြစ် ဘဝပြောင်းသွားရရှာလေတော့၏။
နောက်ဆုံးလူမှာ မုတ်ဆိတ်မွေးနှင့် အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏နဖူးမှ ချွေးစက်များ တသွင်သွင် ကျဆင်းနေကာ အခြေအနေကို နားလည်သွားပုံပေါ်၏။ တစ်ခဏချင်းပင် လက်သင်္ကေတများကို လျင်မြန်စွာပြုလုပ်လိုက်ရာ ခိုင်မာလုံးဝိုင်းသည့် မြေကြီးဒိုင်းလွှားတစ်ခု ဖြစ်ပေါ်လာပြီး ထိုအမျိုးသား၏ ခရမ်းရောင် လျှပ်စီးလက်သီးကို တည့်တည့် တားဆီးလိုက်နိုင်သည်။
ဗုံး!
နှစ်ဖက်စလုံးသည် ကန်ရေပြင်ထက် မျက်နှာချင်းဆိုင်ကာ အကွာအဝေးတစ်ခုသို့ အရှိန်ဖြင့် ဆုတ်ခွာသွားရသည်။
“ဟူး…” အချိန်မီ တားဆီးနိုင်ခဲ့သည်ကို မြင်သောအခါမှ မုတ်ဆိတ်မွေးနှင့် အမျိုးသားသည် သက်ပြင်းချလိုက်မိသည်။ ထို့နောက် တစ်ဖက်ရန်သူကိုကြည့်ရ၍်း ယုံကြည်မှုအပြည့်နှင့် လှောင်ပြောင်လိုက်သည်။ “ဆက်တိုက်ချင်သေးလား? ဒါက ငါ့ရဲ့ မြေကမ္ဘာအဆင့် အနိမ့်စား မြေကြီးဒိုင်းလွှားပညာ ပဲ။ မင်းရဲ့ ခရမ်းရောင် လျှပ်စီးလက်သီးက မြေကမ္ဘာအဆင့် မဟုတ်သေးဘူး ထင်တယ်နော်?”
ထိုအမျိုးသား၏မျက်နှာ မည်းမှောင်သွားရ၏။ ခရမ်းရောင်လျှပ်စီးလက်သီးမှာ အဝါရောင် အဆင့်မြင့်ကျင့်စဥ်သာဖြစ်သောကြောင့် ဆက်တိုက်ခိုက်လည်း အကျိုးမရှိနိုင်ပေ။
အနီးအနားတွင် ကျန်ရှိနေသည့် အလင်းတန်းများကို ကြည့်ရင်း ထိုအမျိုးသားက လေးနက်စွာပြောလိုက်သည်။ “ငါတို့က လက်ရှိမှာ အင်အားချင်း တူနေတဲ့အတွက် ဒီက အရင်းအမြစ်တွေကို တူတူ ခွဲဝေယူကြရအောင်။”
မုတ်ဆိတ်မွေးနှင့် အမျိုးသားက သူ၏မျက်လုံးများကို မှေးစင်းလိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် ပြောလာ၏။ “ကောင်းပြီ၊ ဒါပေမဲ့ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ရာ မစဉ်းစားနဲ့၊ မဟုတ်ရင် မသေမချင်းတိုက်ရမယ့်တိုက်ပွဲတစ်ခုတော့ ဖြစ်ပြီသာမှတ်!”
“ကောင်းပြီ!”
သဘောတူညီမှု ရရှိပြီးနောက် နှစ်ဦးသား ကျန်ရှိနေသည့် အလင်းတန်းများကို စတင်စုဆောင်းကြသည်။
သူတို့သည် အပိုင်းအစများကို ပိုမိုကောက်ယူလာနိုင်သည်နှင့်အမျှ ဉာဏ်အလင်းအဆင့် ကျင့်စဥ်အသစ်များကိုလည်း ကျွမ်းကျင်လာကြသည်။ သာမန်အဆင့် လက်နက်ကိရိယာများကိုပင် စုဆောင်းနိုင်ခဲ့ရာ ပိုင်းဖြတ်ထားခဲ့သော စိတ်အစဥ်သည်လည်း စတင်လှုပ်ရှားလာတော့၏။
“ဟင်? အဲ့ဒါ အစောကတွေ့ခဲ့တဲ့ စိတ်ရှုပ်စရာကောင်လေးပဲ!” စတင်တိုက်ခိုက်သူအမျိုးသားက မနီးမဝေးမှ ခိုးကြောင်ခိုးဝှက် ပုံရိပ်ကို မြင်လိုက်ပြီး မျက်လုံးများလင်းလက်လာကာ လှောင်ပြောင်လိုက်သည်။
“ငါ ဆင်းသက်လာခါစက သူ့ကို ဒီမှာတွေ့လိုက်တယ် ထင်တယ်။ ဘာလို့ခုထိ ထွက်မသွားသေးတာလဲ? ဒီမှာ လျှောက်သွားရဲတာ!” မုတ်ဆိတ်မွေးနှင့် အမျိုးသားကတော့ အလွန်မကျေမနပ် ဖြစ်နေသည်။ လက်သီးကို အသံမြည်အောင်ဆုပ်ထားကာ ထိုပြောင်စပ်စပ်မျက်နှာနှင့် ဆန်းပြားသည့်နာမည်ကို ပြန်တွေးမိလိုက်တိုင်း ဆွဲထိုးချင်စိတ်အား ထိန်းမရဖြစ်ဆဲပင်။
“ဘယ်လိုလဲ? သူ့ကို သွားဖမ်းကြမလား?”
“သွားမယ်!”
ဘုံရန်သူကြောင့် နှစ်ဖက်စလုံး ပြန်လည်ပူးပေါင်းခဲ့ကြသည်။
ထို့နောက် နှစ်ဦးသားသည် တောအုပ်ထဲသို့ အရှိန်အဟုန်အပြည့်ဖြင့် ပြေးဝင်သွားကြသည်။ “ဟေး၊ မင်းပြေးဖို့မစဥ်းစားနဲ့!” ဟုလည်း ဒေါသတကြီး ခြိမ်းခြောက်အော်ဟစ်ရင်း။
ထိုပုံရိပ်နှင့် နီးကပ်လာသည်နှင့်အမျှ ခေါင်းပေါ်တွင်ပေါ်နေသော ပြိုင်ဘက်ကင်းအထီးကျန်လူပျိုကြီး ဟူသောအမည်နာမက ပိုလို့ထင်ရှားလာသည်။
“ဟုတ်တယ်၊ အဲ့ဒါ သူပဲ!”
နှစ်ဦးသား အားတက်သရောအတည်ပြုလိုက်ကြသည်။
“ဟမ်?”
ထိုအချိန်တွင် သတ္တိရှိရင်လာထိုးလှည့်ပါလား ဟု စိန်ခေါ်နေဟန် ပြောင်စပ်စပ်ခေါင်းပြောင်မျက်နှာက သူတို့အား ပြန်လှည့်ကြည့်လာသည်။
“ငါ့ကိုခေါ်လိုက်သေးလား?”
စကားစလိုက်သည်နှင့် ခေါင်းပြောင်လူသား၏ လက်ရှိအဝတ်အစားများ ပျောက်ကွယ်သွားကာ ၎င်းအစား ခမ်းနားသည့် အမည်းရောင်နှင့် ရွှေရောင်ရော သံချပ်ကာတစ်စုံဖြင့် အစားထိုးလိုက်သည်။ သူ၏လက်ထဲတွင်လည်း လေးလံခိုင်မာသည့် ဓားကြီး တစ်လက်ရှိသည်။ ဓားသွားမှာ အေးစက်စက်အရှိန်အဝါဖြင့် တောက်ပြောင်လင်းလက်နေလျက်။
ခန္ဓာကိုယ်တစ်ခုလုံတွင် ခရမ်းရောင်အလင်းဝိုင်း မှိန်ပျပျလေးလည်း လင်းလက်နေသည်။
သေချာပေါင် ခရမ်းရောင် ရှားပါးအဆင့် လက်နက်ကိရိယာပါပေ။
တောနက်ထဲ ဆက်ဝင်သွားသည့် ယဲ့ကျွင်းလင်သည် ပျင်းရိပျင်းတွဲ အပိုင်းအစများကို စုဆောင်းနေခဲ့ရင်း ခရမ်းရောင်ရှားပါးအဆင့်သံချပ်ကာကို ရရှိကာ မြေကမ္ဘာအလယ်အလတ်ဆင့် ဓားသိုင်းများကိုလည်း ကျွမ်းကျင်တတ်မြောက်သွားသေး၏။
အင်း၊ တော်တော်လေး ချောချောမွေ့မွေ့ ဖြစ်သွားတာပေါ့!
ရန်လိုသည့်ဟန်ဖြင့် ချဥ်းကပ်လာသော အမျိုးသားနှစ်ဦးကိုကြည့်ရင်း ယဲ့ကျွင်းလင် သည် သူ၏ ဓားကြီးကို ဝင့်ကိုင်ကာ သူတို့နှစ်ဦး၏ ရည်ရွယ်ချက်ကို ရိုးသားစွာမေးမြန်းလိုက်သည်။ ပြောင်စပ်စပ်မျက်နှာကြောင့် အတည်အတံ့မေးခွန်းထုတ်သည်နှင့်တော့ မတူချေ။
အမျိုးသားနှစ်ဦးမှာ ခံစားလိုက်ရသောအရှိန်အဝါကြောင့် ဦးရေပြားများယားယံသည်အထိ ကြက်သီးဖြန်းဖြန်းထကာ မျက်လုံးများလည်း ပြူးကျယ်သွားကြသည်။ ခြေလက်များပါ အေးခဲခံလိုက်ရသကဲ့သို့ မလှုပ်သာမယှက်သာပင်။
ဒီ ကျင့်စဥ်ကြီးက ဘာလဲ?
သူ့ကံက ဒီလောက်ထိ ကောင်းရလား?
ထိုခေါင်းပြောင်နှင့်ယှဥ်လျှင် သူတို့ ခုနက စုဆောင်းထားသော ပစ္စည်းများက တော်တော်လေး ညံ့ဖျင်းနေဆဲသာပင်။
“အာ၊ ဟိုဟာလေ တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ ငါတို့ မင်းဆီလာတာက…”
“အသွားအလာ ဂရုစိုက်ဖို့ လာပြောတာပါ!”
“မောရင် ရေသောက်ပါလားလို့”