အခန်း (၂၈၃)
Vol. 21 Ch. 283
နှာဘူးရုပ်ဖြင့် ရယ်စရာမျက်နှာကို ကြည့်ပြီး ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီးသည် ရယ်ချင်သော်လည်း မရယ်ဝံ့ဘဲ ကြိတ်ထိန်းထားရင်း သရုပ်မှန်ပေါ်သွားမည်ကို စိုးရိမ်နေခဲ့သည်။
“ပြိုင်ဘက်ကင်းကိုကို၊ ရှင်သိတဲ့အတိုင်း ကျွန်မတို့အခု ပုံရိပ်ယောင်ကမ္ဘာထဲ ရောက်နေတာပါ။ ဒီမှာ လူတိုင်းရဲ့ ပုံပန်းသဏ္ဌာန်က အတုအယောင်တွေ၊ အပြင်မှာ ဘယ်သူက ဘယ်သူမှန်း မသိကြပေမယ့် အထိအတွေ့ ခံစားချက်တွေကတော့ အစစ်အမှန်နဲ့ ဘာမှမခြားဘူးလေရှင်။ ကျွန်မ ရှင့်ဆီက အသုံးဝင်တဲ့ပစ္စည်းလေးတစ်ချို့လိုချင်တာ အပြန်အလှန်အနေနဲ့ ရှင်ကျွန်မကို…”
ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီးသည် သူမဆိုလိုချင်သည့် အဓိပ္ပာယ်ကို အရိပ်အမြွက် ပြောဆိုရင်း “ရှင် နားလည်ပါတယ်” ဟူသော အမူအရာဖြင့် ကြည့်လာသည်။ ဤမျှအထိ အရိပ်အမြွက်ပြပြီးမှတော့ တစ်ဖက်လူ နားမလည်နိုင်စရာမရှိ။
“ဒီနေရာမှာ ဒီလိုလုပ်တာ သင့်တော်ရဲ့လား?” ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။
“အို ရှင်ကလည်း၊ ဒီလိုကိစ္စမျိုးမှာ သင့်တော်တဲ့ အခါသမယဆိုတာ ရှိသေးလို့လား?” ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီးက မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
“ကောင်းပြီ!”
ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်သည်။ သူလည်း စိတ်ဝင်စားလာပြီ။
ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီးသည် စိတ်ထဲတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။
ဟုတ်ပြီ၊ ဒီလူ နောက်ဆုံးတော့ ပိုက်ကွန်ထဲဝင်လာခဲ့ပြီပဲ။
နာမည်က ပြိုင်ဘက်ကင်းအထီးကျန်လူပျိုကြီး ဖြစ်နေတာ မဆန်းတော့ပါဘူး။ ဘာကိုလိုချင်နေမှန်း လူတိုင်းသိနိုင်တဲ့ စကားလုံးတွေပဲလေ။
အခုတော့ အနာနဲ့ဆေး တွေ့ရတော့မပေါ့။
“ဒါဆို… စလိုက်ကြစို့” ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီး၏ ရှက်ရှက်ဖြင့်ပြောလိုက်သည်။
ရုတ်တရက် ဆေးလုံး တစ်လုံး သူမ၏ ခြေထောက်နားသို့ လိမ့်ကျလာပြီး မျှော်လင့်ချက်များပြည့်နှက်နေသည့် အသံတစ်သံက စိတ်မရှည်စွာထွက်ပေါ်လာသည်။ “ဒီမှာရော့၊ မင်းဒိုက်ထိုးတာကို ငါမြင်ချင်တယ်"
ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီး၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ဦးနှောက်တစ်ခုလုံး မေးခွန်းများစွာဖြင့် ပြည့်နှက်သွားကာ ကြောင်တောင်တောင်ဖြစ်သွားရ၏။
မဟုတ်သေးပါဘူး၊ ဒီလူ ကျပ်မပြည့်တာလား?
ကျွန်မ အဝတ်တွေ ချွတ်တော့မလို့ကို ဒီလိုစကားပြောရလား?!!
“ရှင်၊ ရှင်က ကျွန်မကို တကယ်ကြီး ဒိုက်ထိုးခိုင်းနေတာလား?” ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီး၏ မျက်နှာမှာ မသက်မသာဖြစ်နေဟန်ဖြင့် ပြောလာသည်။ “မနောက်ပါနဲ့လား…”
“ဆေးလုံး တစ်လုံးက မလုံလောက်ဘူးလား? ဒါဆို ငါ မင်းကို နည်းနည်း ထပ်ပေးမယ်!” ယဲ့ကျွင်းလင် လက်ကိုဝှေ့ယမ်းလိုက်သော် တောက်ပသော ဆေးလုံးခြောက်လုံး သူမခြေထောက်နားသို့ ထပ်လိမ့်ကျလာရာ သူတောင်းစားတစ်ဦးအား အကြွေပေးပြီး နှင်ထုတ်နေသကဲ့သို့။
ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီး: "???"
“ပြိုင်ဘက်ကင်းကိုကို၊ ရှင် ကျွန်မကို နားလည်မှုလွဲနေတယ် ထင်တယ်။ ကျွန်မဆိုလိုတာက ရှင် ကျွန်မနဲ့ ဘာမဆို လုပ်ချင်ရာ လုပ်နိုင်တယ်။ ဒါကြောင့် တကယ်လို့ တောင်းဆိုချင်တာ တစ်ခုခုရှိရင် ရဲရဲဝံ့ဝံ့ ပြောလို့ရတယ်၊ ဒီထ့က်ပိုပြီး ရဲရဲဝံ့ဝံ့ ပြောပါ!” ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီးမှာ ဒေါသကိုထိန်းချုပ်ထားရင်း ခပ်တောင့်တောင့်အပြုံးကြီးဖြင့်ပြောလိုက်သည်။
“အိုး~”
ယဲ့ကျွင်းလင်က တွေးတွေးဆဆ ပြန်ပြောလိုက်သည်။ “မင်း ဘာကိုဆိုလိုတာလဲ ငါ နားလည်ပြီ။”
ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီးမှာလည်း ထိုအခါမှသာ သက်ပြင်းချနိုင်ခဲ့သည်။ “အင်း၊ အင်း၊ ဒါဆို မြန်မြန် စလိုက်ကြရအောင်…”
“ဒါဆို အိပ်ထမတင်လေးပါ နည်းနည်းထပ်လုပ်ပြဦးနော်!”
ယဲ့ကျွင်းလင် ရုတ်တရက် ဝင်ပြောလိုက်သည်။
“ရှင်!” ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီးမှာ လျှပ်စီးပစ်ခံရသကဲ့သို့ တောင့်ခနဲဖြစ်သွားသည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် ဒေါသဖြင့် တုန်ယင်နေလျက် ထိုစပ်ဖြဲဖြဲမျက်နှာကိုပါမြင်နေရသော် ဒေါသမီးမှာ ပို၍ တောက်လောင်သည်ထက်သာ တောက်လောင်လာတော့၏။
ကောင်စုတ်၊ ဒင်းငါ့ကို တမင်တကာ လှောင်ပြောင်နေတာ မဟုတ်လား?
ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီးမှာ အံတင်းတင်းကြိတ်ထားရသည်။ သူမ၏ ရင်ထဲမှ သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။
မူလ စီစဉ်ထားသည့်အတိုင်းဆိုလျှင် သူမသည် တစ်ဖက်လူကို အချိုသတ်ကာ ဆွဲဆောင်ပြီး တောအုပ်ငယ်လေးထဲတွင် မသင့်လျော်သော လုပ်ရပ်များကို လုပ်ဆောင်မည်ဖြစ်သည်။ ထို့နောက် တစ်ဖက်လူ သာယာမှု၌ လွင့်မျောနေစဉ် အလစ်ဝင်တိုက်ခိုက်လျှင် အောင်မြင်နိုင်ချေကသာများသည်ပင်။
သို့သော် ထိုသူက လိုချင်သည့်လမ်းကြောင်းပေါ် လိုက်မလာဘဲ သူမကို အဓိပ္ပာယ်မရှိသော လှုပ်ရှားမှုများ လုပ်ခိုင်းနေသည်။ သူ တစ်ခုခုကို သိသွားလို့များ တမင်တကာလှည့်စားနေတာဖြစ်နိုင်မလား?
ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီး ဘာလုပ်ရမှန်းမသိဖြစ်နေစဉ် သူမ၏ ခြေထောက်နားတွင် အဆင့်မြင့် ဉာဏ်အလင်းအဆင့် ကျင့်စဥ် အပိုင်းအစများ အချို့ ရုတ်တရက် ပေါ်လာပြန်သည်။ သူမ ချက်ချင်း အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာ ခေါင်းထောင်၍ ရေရွတ်လိုက်မိသည်။ “ပြိုင်ဘက်ကင်းကိုကို၊ ရှင်…”
“ငါ မင်းကို မေးနေတာ၊ မင်း လုပ်မှာလား မလုပ်ဘူးလား?!” ယဲ့ကျွင်းလင်က အပေါ်စီးဆန်ဆန်လေသံဖြင့် ထပ်မေးလိုက်သည်။ သူ ပစ်ချလိုက်သည့် ကျင့်စဥ် အပိုင်းအစများမှာလည်း သူ့အတွက် တန်ဖိုးမရှိသော အမှိုက်သာသာပစ္စည်းများသာ။
ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီး၏ နှလုံးသားမှာ လှုပ်ရှားလာခဲ့သည်။ အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် သူမက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး အံကြိတ်ကာ ဒိုက်ထိုးရန်ကုန်းလိုက်တော့၏။
စည်းချက်ညီညီ အတက်အကျ ပြုလုပ်နေရင်း လှုပ်ရှားမှုတိုင်းတွင် သူမ တုန်ခါနေလျက်။
တခြားနည်းလမ်း မရှိတော့ပါ။ တစ်ဖက်လူက အလွန်အကျွံ ပေးလှူနေသည် မဟုတ်ပါလား!
ထိုအချိန်၌။
တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် လူအုပ်စုသည် ဤမယုံနိုင်စရာ မြင်ကွင်းကြောင့် ဆွံ့အသွားကြသည်။
“အရည်ရွှမ်းမင်းသမီးက အဲ့ဒါဘာလုပ်နေတာလဲ?”
တစ်ယောက်က ပြောလိုက်သည်။ "ဒိုက်ထိုးနေတာလားဟ?"
“မဟုတ်ဘူး၊ အခု အိပ်ထမတင်လုပ်နေပြီ” အခြားတစ်ဦးက အံ့အားသင့်စွာ ပြောသည်။
ရည်ရည်မွန်မွန်အမျိုးသား၏ နဖူးကြောများ ထောင်ထလာသည်။ သူ၏ ယခင်က တည်ငြိမ်အေးဆေးသည့် ပုံစံ လုံးဝ ပျောက်ကွယ်သွားပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။ “ချီးပဲ၊ အဲဒီလူက ငါတို့ကို တမင်တကာ လှောင်ပြောင်နေတာ! မစောင့်ကြနဲ့တော့၊ အားလုံး တိုက်ခိုက်ကြ!”
ဝှစ်ဝှစ်ဝှစ်~
ပုံရိပ်လေးခု ချက်ချင်းပင် လှုပ်ရှားလိုက်ကြသည်။
လေးနှင့်မြားများကို ထုတ်ယူလိုက်ကြသည်။ လေးများကို ဆွဲပြီး မြားကိုတင်ကာ မှောင်ရိပ်ထဲမှ ပစ်ခတ်ကြသည်။ အချို့က ဒိုင်းလွှားများကို ချထားပြီး တိုက်ပွဲသုံးတူများဖြင့် ရှေ့ထွက်တိုက်ခိုက်ကြကုန်၏။ အချို့က ဓားမြှောင် များကို ကိုင်ဆောင်ပြီး အရိပ်ခြေလှမ်းများဖြင့် ခပ်ဖွဖွချဥ်းကပ်၍ လုပ်ကြံလူသတ်သမားများကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်ကြသည်။
“ကျစ်”
ယဲ့ကျွင်းလင် အံ့သြခြင်းမရှိဘဲ လှောင်ပြောင်လိုက်သည်။ “နောက်ဆုံးတော့ ထွက်လာကြပြီပဲ"
ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီး ပေါ်လာသည်ကို မြင်သောအခါ နောက်ကွယ်အကြောင်းရင်းက မရိုးရှင်းကြောင်း သူသိလိုက်သည်။ သူမ၏ နောက်ကွယ်တွင် ပူးပေါင်းကြံစည်နေသော အဖွဲ့တစ်ဖွဲ့ ရှိမည်ကို သူ သိထားခဲ့သည်။ ထို့ကြောင့် သက်သက်ဒေါသဆွပေးကာ နောက်ကွယ်ကလူများ စိတ်မထိန်းနိုင်ပဲ ထွက်ပေါ်လာဖို့ မျှော်လင့်ခဲ့တာပင်။
“နင်ငါ့ကိုများ ကစားရဲတယ်၊ နင့်ကို သတ်ပစ်မယ်!” အကြံအစည်ပေါ်သွားသည်ကို မြင်သောအခါ ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီးသည် ချက်ချင်း ပေါက်ကွဲထွက်လာပြီး ဒေါသတကြီးဖြင့် ငွေရောင်ကြိမ်လုံး တစ်ချောင်းကို ပစ်ချလိုက်သည်။ ငွေရောင်ကြိမ်လုံးက ကောက်ကွေးပြီး ဝိညာဉ်မြွေ တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားကာ ကြီးမားသောစွမ်းအားဖြင့် တစ်ဖက်ရန်သူကို စတင်တိုက်ခိုက်တော့၏။
“သူတို့အားလုံး ဒေါသထွက်နေကြပြီပဲ”
ယဲ့ကျွင်းလင် ဓားကိုကိုင်လျက် ခုတ်ချလိုက်သော် ဓားချီစွမ်းအင်က တစ်ပတ်လှည့်ထွက်ပေါ်လာရာ ငွေရောင်ကြိမ်လုံးမှာ မခံနိုင်ဘဲ ကျိုးပျက်သွားရ၏။ ပန်းရောင်ဂါဝတ်ဖြင့် အမျိုးသမီးမှာ သွေးတစ်ပွက်အန်ကျကာ ဒေါသပိုထွက်သွားရသည်။
ထိုမျက်နှာနှင့် လုပ်ခဲ့သည့်လုပ်ရပ်ကို ပေါင်းစဥ်းစားသော် အမှန်တကယ်ပင် သူမအတွက် သည်းမခံနိုင်လောက်စရာ လှောင်ပြောင်မှုတစ်ခုသာဖြစ်၏။
“တောင်ဖြိုတိုက်ကွက်!” အရပ်ရှည်ရှည် အမျိုးသားတစ်ဦးသည် ရိုးရှင်းပြီး လေးလံသော ဒိုင်းလွှား တစ်ခုကို ကိုင်ထားပြီး ထိုဒိုင်းလွှားမှာ အဝါရောင်အလင်းထုဖြင့် ဝန်းရံလျက်ရှိသည်။ ဒိုင်းလွှားအား မြေပြင်ထက်ရိုက်ချလိုက်သော် ဘူဒိုဇာတစ်စီးဖြင့် ကော်ထုတ်လိုက်သကဲ့သို့ ဖုန်အမှုန်များနှင့် ကျောက်တုံးများပါ လွင့်စင်ထွက်သွားလေသည်။
“ကျား!”
တောက်ပသော အလင်းဝိုင်းဖြင့် ဓားချက်တစ်ချက် ရောက်ရှိလာရာ ဒိုင်းလွှားမှ ကွဲအက်သံတစ်ချက်ထွက်ပေါ်လာ၏။
“အာ…” အရပ်ရှည်ရှည် အမျိုးသားသည် သူ၏အဖိုးတန်ဒိုင်းလွှားကြီး တစ်ချက်တည်းဖြင့် ပြတ်သွားသည်ကို မျက်လုံးပြူးပြူးဖြင့် ကြည့်နေခဲ့သည်။ ဒိုင်းလွှားတင်မက လူကိုပါ ရိုက်ခတ်သွားသော စွမ်းအားဖြစ်သည်ပင်။ အနောက်သို့ တန်းတန်းမတ်မတ် လွင့်စင်ထွက်သွားပြီး သစ်ပင်တစ်ပင်ကို တိုက်မိကာ သွေးအလူးလူးဖြင့် မသေရုံတမယ် ဒဏ်ရာပြင်းစွာရသွားခဲ့၏။
ဝှစ်ဝှစ်ဝှစ်~!
ပစ်လွှတ်လိုက်သော မြားများ ရောက်လာပြီး ယဲ့ကျွင်းလင်ကို အာရုံပြောင်းရန် ကြိုးစားကြသည်။ သို့သော် ယဲ့ကျွင်းလင်က ရှောင်တိမ်းခြင်းပင်မရှိ၊ သံချပ်ကာဖြင့် တည့်တည့်ခံလိုက်ရာ တချွင်ချွင်အသံများဖြင့် မြေပေါ်ပြုတ်ကျသွားရတော့လေ၏။
ဝှစ်!
နားနံဘေးမှ ပြင်းထန်သော ဝှစ်ခနဲအသံ တစ်ခု ထွက်ပေါ်လာသည်။ ယဲ့ကျွင်းလင် နောက်ကွယ်မှ တစ်စုံတစ်ဦးက သူ့ကို ချောင်းမြောင်း တိုက်ခိုက်နေကြောင်း သိလိုက်သည်။ ထို့နောက် ဓားတစ်ချက်ခုတ်ချလိုက်ရာ ပြင်းစွာသော ဓားချီစွမ်းအင်က အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားတော့၏။
“အား…” အော်သံတစ်သံထွက်လာပြီး ထိုသူ၏ကိုယ်ခန္ဓာ ချက်ချင်းပင် သေတ္တာ တစ်ခုအဖြစ် ပြောင်းလဲသွားကာ ယဲ့ကျွင်းလင် ရှေ့တွင် ပြုတ်ကျလာသည်။
ယဲ့ကျွင်းလင် တစ်ခုခု ပြောတော့မည်အပြု။
မှော်ပစ္စည်းခြောက်ခု ရုတ်တရက် အနောက်တွင်ပေါ်လာကာ အနက်ရောင်အငွေ့အသက်များကို ထုတ်လွှတ်လျက်ရှိသည်။
ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ကိုယ်ခန္ဓာကို ထူထပ်သော အနက်ရောင်ဓါတ် ဖြင့် ဝန်းရံခံထားရသည်။ မိစ္ဆာစွမ်းအား တစ်ခုခုဖြင့် ထိန်းချုပ်ခံနေရသကဲ့သို့ ခံစားရပြီး စွမ်းရည်များ အားလုံး အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့လေ၏။
“ဟင်?”
သူ အနောက်သို့ လှည့်ကြည့်သောအခါ စာသင်သားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော ရည်ရည်မွန်မွန်အမျိုးသား တစ်ဦး သူနှင့်တည့်တည့်တွင် ရှိနေသည်ကို တွေ့ရလိုက်ရ၏။ သူ၏မျက်နှာတွင် အောင်မြင်မှုအရိပ်အယောင် ပေါ်လွင်လျက်။
“အားနည်းစေခြင်း စွမ်းအားခြောက်ဆင့်နဲ့ မင်းရဲ့ကျင့်စဥ်တွေကို ချိတ်ပိတ်လိုက်ပြီ။ ဘာပြောချင်သေးလဲ?"
ရည်ရည်မွန်မွန်အမျိုးသားသည် ငှက်မွေးယပ်တောင်ကို ကိုင်ထားလျက် အသင့်အနေအထားဖြင့် ငှက်မွေးယပ်တောင်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။ တောက်ပသော၊ နှင်းဖြူရောင်အလင်း တစ်ခု ထွက်ပေါ်လာကာ ကမ္ဘာမြေအဆင့် အနိမ့်စား ကျင့်စဥ်တစ်ခုဖြစ်၏။
ယဲ့ကျွင်းလင်ကိုသာ တည့်တည့်ထိမှန်ပါက ဒဏ်ရာပြင်းစွာရမည် အသေအချာပင်။
ထိုအမျိုးသားသည် သူ့လုပ်ရပ်သူ အလွန်ယုံကြည်မှုရှိပုံပေါ်၏။ အောင်ပွဲသည် သူ့လက်ထဲတွင် ရှိနေသကဲ့သို့ ခံစားရသည်။ ပြိုင်ဘက်မှာ မှော်ပစ္စည်းများ၏ ဖိနှိပ်မှုကြောင့် ဓားတောင်မကိုင်မြှောက်နိုင်သောအခြေအနေတွင် သူတိုက်သမျှခံရတော့မည်သာ။
လူကိုသတ်ပြီး ကျန်ရှိသောအရင်းအမြစ်များအား သိမ်းပိုက်ရန်သာ ကျန်တော့သည်ပင်။ ထိုသူ၏လက်ထဲမှ ကျင့်စဥ်များ၊ စွမ်းရည်များနှင့် လက်နက်ကိရိယာ အားလုံးသည် သူ၏ပိုင်ဆိုင်မှု ဖြစ်လိမ့်မည်။
ကျန်အဖွဲ့ဝင်များအတွက် ဝေစုကို သူကိုယ်တိုင်ခွဲဝေပေးမည်ဟု ဆိုခဲ့သော်ငြား ဤတိုက်ပွဲအပြီးတွင် ကျန်လူများမှာ သူ့အတွက် ဆက်အသုံးမဝင်တော့သည်ဖြစ်ရာ ဖယ်ရှားပစ်ရုံသာ တတ်နိုင်တော့ပေမည်။
စွမ်းအားအပြည့်ဖြင့် ငှက်မွေးယပ်တောင်သည် ယဲ့ကျွင်းလင်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက်ဝင်တော့မည်အပြု၌ သူ၏ကိုယ်ခန္ဓာမှ သန့်ရှင်းစင်ကြယ်သော အဖြူရောင်အလင်း တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက သူ့ပတ်လည်တွင် ပတ်ချာလည်နေသော အနက်ရောင်ဓါတ်များ အားလုံးကို ပယ်ဖျက်လိုက်ရာ သန့်စင်သောလေထုသာ ကျန်ရှိခဲ့တော့၏။
“ဒါ၊ ဒါက…” ရည်ရည်မွန်မွန်အမျိုးသား၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ရင်ထဲတွင် မကောင်းသော နိမိတ် တစ်ခု ပေါ်လာသည်။
ဗုံး!
ယပ်တောင်၏စွမ်းအားကို ဓားဖြင့်ခုခံတားဆီးလိုက်ရာ ပွင့်ထွက်လာသော စွမ်းအင်စီးကြောင်းများက ကွင်းပြင်အနှံ့ လှိုင်းထန်သွားခဲ့သည်။
“ကောင်းတယ်၊ ကောင်းတယ်”
ယဲ့ကျွင်းလင်၏ ပုံရိပ်သည် မရွေ့မလျားဘဲ တောင်ကြီးတစ်လုံးကဲ့သို့ မဖြိုဖျက်နိုင်စွာ တည်ငြိမ်လျက်ရှိ၏။ သူက ခပ်နောက်နောက်လေသံဖြင့် တစ်ခွန်းပြောလာသည်။ "အိုးး ဒုက္ခပဲ ဘယ်လိုလုပ်မလဲ ငါ့ဆီမှာ သန့်စင်ခြင်းစွမ်းအား ရှိနေပြီးသားလေ။ သနားပါတယ် ကရော်ကရော်"