တိုက်ပွဲတိုင်းမှာ ကြက်သားဟင်းစား
Vol. 21 Ch. 284
“မင်း မင်းမှာ သန့်စင်ခြင်းစွမ်းအားရှိနေတာ ဘာလို့ အစောကြီးကတည်းက မပြောတာလဲ!?” ရည်ရည်မွန်မွန်အမျိုးသားသည် သွေးအန်တော့မတတ် ဒေါသတကြီး အော်ဟစ်လာ၏။ အားနည်းစေသော မှော်အဆောင်ခြောက်ခုကို သူအလဟဿဆုံးရှုံးလိုက်ရလေပြီ။ ၎င်းတို့သည် အရေးကြီးသော အချိန်တွင် သူ၏အသက်ကို ကယ်တင်နိုင်မည့် အဖိုးတန်ပစ္စည်းများပင်။
“ငါ့အပြစ်လား~?”
ယဲ့ကျွင်းလင်က ပခုံးတွန့်လိုက်သည်။
ပစ္စည်းများ စုဆောင်းနေစဉ် သူသည် သန့်စင်ခြင်း မှော်အဆောင်တစ်ခုကို မတော်တဆ ကောက်ရခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်အတွက် ဆိုးယုတ်သည့် သက်ရောက်မှုအားလုံးကို ဖယ်ရှားပေးနိုင်သည် ဖြစ်၏။
ဤမျှ မြန်မြန်ဆန်ဆန် အသုံးဝင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
“မင်းမေ…” တစ်ဖက်လူ၏ ပေါ့ပြက်ပြက်အထာကိုမြင်သော် ရည်ရည်မွန်မွန်အမျိုးသားသည် ဒေါသထွက်ကာ ကျိန်ဆဲတော့မည့်ဆဲဆဲ လူဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသော အေးစက်စက်ဓားချီဓာတ်ကြောင့် ထိတ်လန့်တကြားဖြင့် စကားကိုအမြန်ပြောင်းလိုက်ရတော့သည်။
“ပြိုင်ဘက်ကင်းကိုကို! ကျွန်တော့်ကို သက်ညှာပါ!”
ဝှစ်။
ထူထပ်ပိတ်ဆည်းသော ဓားအလင်းတန်းတစ်ခုသည် နှင်းဖြူရောင် ရေတံခွန်တစ်စင်းကဲ့သို့ အရှိန်အပြည့်ဖြင့် ဖိနှိပ်ကျဆင်းလာပြီး အသနားခံနေသော အမျိုးသားအား ညှာတာမှုကင်းမဲ့စွာ တိုက်ရိုက် ဝါးမျိုလိုက်သည်။
ဗုံး!
မြေပြင်မှာ ချက်ချင်း ပြိုကျသွားပြီး မီးခိုးလုံးများ ထူထပ်စွာ ထွက်ပေါ်လာ၏။
မီးခိုးများ ပျောက်ကွယ်သွားပြီးနောက် လေးထောင့်သစ်သားသေတ္တာလေးတစ်လုံးသာ ကျန်ရှိနေခဲ့သည်။ ၎င်း၏ ယခင်ပိုင်ရှင် ထိုနေရာတွင် အဆုံးသတ်ခဲ့ကြောင်း သက်သေပြနေခြင်းပင်။
“ပြေး!” လေးနှင့်မြားကို ကိုင်ဆောင်ထားသော ဝတ်ရုံဖြူဝတ် လူငယ်တစ်ဦးသည် ခေါင်းဆောင်၏သေဆုံးမှုတွင် ထိတ်လန့်တကြား ဖြစ်ကာ စိတ်တည်ငြိမ်မှုကို ဆုံးရှုံးသွားပြီး ထွက်ပြေးရန် အမြန်လှည့်လိုက်သည်။
ဝှစ်ခနဲအသံဖြင့် စုစည်းထားသော ဓားအလင်းတပြက်က ရွှေရောင်သက်တံ့တစ်စင်းကဲ့သို့ ပြေးထွက်လာကာ ဝတ်ရုံဖြူဝတ်လူငယ်၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး ဒဏ်ရာမှ သွေးများ ပန်းထွက်လာ၏။
“အား…” ဝတ်ရုံဖြူဝတ်လူငယ်မှာ တမုဟုတ်ချင်း မြေပြင်ပေါ်သို့ လဲကျသွားရသည်။ နာကျင်မှုအပြည့်ဖြင့် ရှေ့သို့တွားသွားရန် ရုန်းကန်နေပြီး နောင်တတရားအပြည့်ဖြင့် ရှင်သန်ဖို့ရာ မျှော်လင့်မိနေဆဲပင်။
လူ့လောဘသည် အကန့်အသတ်မရှိပေ။ သူတို့အဖြစ်မှာက မြွေတစ်ကောင်က ဆင်ကို မျိုချရန် ကြိုးစားသကဲ့သို့ပင်။
ဇာတ်သိမ်းကိုသာ ကြိုသိခဲ့လျှင် ဤလူကို သူတို့သွားထိဝံ့မည်မဟုတ်။ ယခုတော့ လောဘကိုမထိန်းသိမ်းနိုင်ခြင်းကြောင့် စောစီးစွာ ရှုံးနိမ့်ရပေတော့မည်။
“ပြိုင်ဘက်ကင်းကိုကို! ကျွန်မကို မသတ်ပါနဲ့!” ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီး၏ မျက်နှာမှာ ကြောက်လန့်တကြား ဖြူဖျော့လျက်။ သူမ၏မျက်လုံးထဲတွင် ပြောင်စပ်စပ်မျက်နှာထားနှင့် ခေါင်းပြောင်လူသားသည် သရဲတစ္ဆေ ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းလာခဲ့တော့သည်။
“မင်းကို ငါ ဘာလို့ မသတ်ရမှာလဲ? အရည်ရွှမ်းလို့လား?” ယဲ့ကျွင်းလင်က ခပ်ပြုံးပြုံးဖြင့် မေးခွန်းထုတ်လိုက်သည်။
ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီးက ဆန်ကောက်နေသောကြက်ကဲ့သို့ ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ ပြောလာသည်။ “ဟုတ်တယ် ဟုတ်တယ်၊ ပြိုင်ဘက်ကင်းကိုကို သဘောတူမယ်ဆိုရင် နောက်ပိုင်း ပျင်းရိငြီးငွေ့မှုကို ပြေပျောက်စေဖို့ ကျွန်မ ခစားပေးနိုင်ပါတယ်”။
“အခွင့်အရေး တစ်ခုပေးပါ၊ ပြိုင်ဘက်ကင်းကိုကို~~”
ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီးသည် အတွင်းစိတ်မှ ရွံရှာမုန်းတီးမှုကို ဖိနှိပ်ထားပြီး အသက်ရှင်ရန်အတွက် ကြာအမျိုးမျိုးပစ်ကာ ချိုမြိန်စွာ ပြောဆိုလိုက်သည်။
“မင်းအမေကိုပဲ ခစားခိုင်းလိုက်လေ!”
နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ် ဓားအလင်းကား အတားအဆီးမရှိ ကျဆင်းလာပြန်၏။
“နင့်ကိုသတ်ပစ်မယ်၊ ကောင်စုတ်!” သေခြင်းတရားကို မလွဲမသွေ ရင်ဆိုင်ရတော့မည်အား သိလိုက်ရသော်အခါ ပန်းရောင်ဂါဝန် ဝတ်ထားသည့် အမျိုးသမီးသည် ဝမ်းနည်းမှုနှင့် ဒေါသတို့ရောယှက်လျက် ဒဏ်ရာရထားသော ကျားမတစ်ကောင်ကဲ့သို့ ကျန်ရှိသမျှ အစွယ်နှင့်လက်သည်းတို့အား ထုတ်ဖော်ပြသလာတော့သည်။
“အား!”
အော်ဟစ်သံ ရုတ်တရက် ရပ်တန့်သွားသည်။
ကျော့ရှင်းသော ပုံရိပ် ပျောက်ကွယ်သွားပြီး သစ်သားသေတ္တာငယ်လေးတစ်လုံးက အစားထိုးဝင်ရောက်လာခဲ့ပြန်၏။
ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ကျန်နှစ်ဦးမှာလည်း သွေးထွက်လွန်ပြီး သေဆုံးသွားကြလေပြီ။ ရှင်သန်ရန်အခွင့်အရေး မကျန်ရှိခဲ့ပါပေ။
သစ်သားသေတ္တာငယ်လေး ငါးလုံးသည် ယဲ့ကျွင်းလင် ပတ်လည်တွင် ငြိမ်သက်စွာ လှဲလျောင်းတည်ရှိနေကြ၏။
သေဆုံးသူများ အားလုံး ငြိမ်းချမ်းစွာ ကွယ်လွန်သွားကြလေပြီ…
“ဟူး၊ စိတ်ထဲထည့်မနေတော့ပါဘူးလေ~”
ယဲ့ကျွင်းလင် ခေါင်းခါလိုက်သည်။ အရင်းအမြစ်များကို ရှာဖွေစုဆောင်းပြီးနောက် ဆေးလုံး တစ်လုံးကို မျိုချပြီး အားအင်စုပ်ယူကာ ပြန်လည် နာလန်ထူသည်။ ထို့နောက် သူ၏ လွှမ်းမိုးနိုင်စွမ်းကြီးသော မဟာဓားကြီးကို ပခုံးပေါ်တင်ကာ မောက်မာသော ခြေလှမ်းဖြင့် ပျော်ရွှင်သော တေးသွားကို သီကြူးလျက် နေရာမှ ထွက်ခွာသွားလေတော့၏။
တစ်ချိန်တည်းမှာပင် မျက်နှာပြင် ညာဘက်အပေါ်ထောင့်တွင် ပြသထားသော ကျန်ရှိသောပါဝင်သူအရေအတွက်မှာ ခြောက်ဆယ့်ငါးဦး သာ ရှိတော့သည်ပင်။
စမ်းသပ်မှု ပါဝင်သူတစ်ရာ ဆင်းသက်လာသည့်အချိန်မှစ၍ တိုတောင်းလှသော ကာလအတွင်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ ပြေးကြည့်စရာမလိုလောက်အောင် ရှင်းလင်းသည်။ ယခု အသက်ရှင်ကျန်ရစ်သူများသည် သင့်လျော်သော လက်နက်ကိရိယာနှင့် ကျင့်စဥ်များကို ပိုင်ဆိုင်ထားကြသူများပင်။
သေတ္တာများအဖြစ် ပြောင်းလဲသွားသူတို့မှာမူ မသေမျိုးကျွန်းမှ အပြီးတိုင်ဖယ်ရှားခံရကာ အပြင်လောကသို့ ပို့ဆောင်ခံခဲ့ရပြီဖြစ်၏။
လူတိုင်းသည် အဆုံးသတ်ပွဲအထိ အသက်ရှင်ရပ်တည်နိုင်ရန်နှင့် အပြီးသတ် အောင်ပွဲ ရရှိရန်အတွက် အသည်းအသန် ကြိုးစားနေကြလေသည်။
လူသားတို့သည် မည်သို့ပင်ဆိုစေ အိပ်မက်တစ်ခုတော့ ရှိရန်လိုအပ်သည်သာ။
မရှိလျှင် တစ်ချိန်လုံး ငါးပိအိုးထဲ တောင့်တင်းစွာလှဲလျောင်းနေရသော ငါးဆားနယ်နှင့် ဘာကွာခြားတော့မည်နည်း?
သို့တိုင် ပြိုင်ပွဲအတွေ့အကြုံကိုသာ ပျော်ပျော်ကြီးခံစားလိုသူများလည်း ရှိသည်ပင်။ နိုင်ရင် အောင်ပွဲခံမည်ဖြစ်သလို ရှုံးနိမ့်လျှင်လည်း တည်တည်ငြိမ်ငြိမ်လက်ခံကာ အိမ်ပြန်ကြမည်ဆိုသော ပေါ့ပေါ့ပါးပါးကျင့်ကြံသူများဖြစ်၏။
ရှေးဟောင်းဓားဂူတွင်။
ပုံရိပ်နှစ်ခု ယှဉ်ပြိုင်နေကြသည်။
သူတို့သည် စုဆောင်းရရှိထားသော ဓားသိုင်းကျင့်စဥ်ဖြင့် အားကုန်ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်။ ဓားချီဓာတ်များက လှိုင်းထန်ကာ ထိရောက်မှုပြင်းပြပြီး ဓားချက်များမှာလည်း စည်းချက်ကျကျ တွဲဖက်ညီညီ လှုပ်ရှားမြည်ဟီးနေကြခြင်းပင်။
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို အဖြူရောင်ဖဲကြိုးဖြင့် စည်းနှောင်ထားသော အမျိုးသားတစ်ဦး၊ တင်းမာသော မျက်နှာထားနှင့် ကြယ်ရောင်တောက်ပသော မျက်လုံးတစ်စုံပါရှိကာ ရေခဲပြာရောင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်လျက် လျှောက်ဝင်လာခဲ့သည်။
ရုတ်တရက် ထူးခြားသော ရန်သူတစ်ဦး ထွက်ပေါ်လာခြင်းသည် ပြင်းထန်သော တိုက်ပွဲမှ ရန်ဖက်နှစ်ဦးအား ရပ်တန့်စေလိုက်၏။ ထိုသူနှစ်ဦးက သံသယအပြည့်မျက်လုံးများတွင် အံ့သြမှုတို့စွက်လျက် ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။
“မင်း၊ မင်းက ရွှယ်ဝူဟန် လား!?”
ဤနေရာရှိ ပုံပန်းသဏ္ဌာန်သည် စိတ်ကူးယဉ်ဖန်တီးထားခြင်းဖြစ်သော်လည်း ကိုယ်ကိုယ်တိုင်နှင့် နီးစပ်သော ဇာတ်ကောင်ပုံစံကို တမင်တကာ ဖန်တီးခြင်း၊ နာမည်ကိုလည်း အပြင်လောကမှပုံရိပ်နှင့် ကိုက်ညီအောင် ရွေးချယ်ခြင်းတို့ကြောင့် ၎င်းတို့၏ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အရိပ်အမြွက်လောက်တော့ သိနိုင်မည်သာ။
အဖြူရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသားသည် ခရမ်းရောင် ရှားပါးအဆင့် ရေခဲဝိညာဉ်ဓားကို ကိုင်ဆောင်ထားသည်။ သူ၏အမူအရာမှာ အေးစက်တည်ကြည်ပြီး သီးသန့်ဆန်ကာ သူ၏ ပါးလွှာသော နှုတ်ခမ်းများက စကားတစ်လုံးတည်းကို သိမ်မွေ့စွာ မြွက်ဟလိုက်သည်။ “ဟုတ်တယ်”
သူကတော့ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ထားခြင်းအား စက်ဆုပ်စရာဟု မြင်သည်။
ခေါင်းပေါ်ရှိ နာမည်သည်ပင် ဝတ်ရုံဖြူ ဓားမသေမျိုးဟူသည့် သိသာထင်ရှားသော စာလုံးလေးလုံးအား ထွင်းထုထားခဲ့၏။
“ဒါက ပုံရိပ်ယောင်ကမ္ဘာ ဖြစ်နေပေမယ့် လူအများသတ်မှတ်လက်ခံထားတဲ့ ဓားမသေမျိုးတစ်ပါးနဲ့ တိုက်ခိုက်ခွင့်ရတဲ့အတွက် လာခဲ့ရတာ အချည်းနှီးတော့မဖြစ်ဘူးပဲ!”
“မှန်တယ်၊ ဘာပဲဖြစ်ဖြစ် သူက ငါတို့ ဘယ်သူမှန်း သိတာမဟုတ်ဘူး။ ဒါကြောင့် အဖွဲ့ဖွဲ့ပြီး သူ့ကို ရင်ဆိုင်ရအောင်!”