← Chapters

အခန်း (၂၈၅)

Vol. 21 Ch. 285

အခန်း (၂၈၅)

Vol. 21 Ch. 285

နှစ်ဦးသားသည် စမ်းသပ်တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြပြီး သူတို့၏မျက်လုံးများမှာ တိုက်ပွဲစိတ်ဓာတ်ဖြင့် တောက်လောင်နေလျက်ရှိ၏။

သို့သော် သူတို့ တုံ့ပြန်ရန်ပင် မတတ်နိုင်မီ ရွှယ်ဝူဟန်က လှုပ်ရှားပြီးသား ဖြစ်၏။ ကမ္ဘာမြေအဆင့် ဓားသိုင်းကျင့်စဥ်ဖြင့် လျင်မြန်စွာချဥ်းကပ်လာပြီး လက်ထဲရှိ ရေခဲဝိညာဉ်ဓားဖြင့် ထိုးချလိုက်ရာ ဓားကိုယ်ထည်တွင် နက်နဲသော သက်ဝင်လှုပ်ရှားမှုများ လှိုင်းထလာသည်။

တစ်ခဏတာမျှ ပတ်ဝန်းကျင်အနှံ့ နှင်းပွင့်များ လွင့်မျောနေပြီး ခဲသက်သော အအေးဓာတ်က အရိုးထဲအထိ ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်၏။

“မကောင်းတော့ဘူး၊ ငါ့ရဲ့ လှုပ်ရှားမှုတွေ နှေးသွားပြီ!” သန့်သန့်ပြန့်ပြန့် လူငယ်တစ်ဦး၏ မျက်လုံးများ ကျုံ့ဝင်သွားပြီး အခြေအနေက တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်လိုက်သည်။

ကျန်တစ်ဦးက အံတင်းတင်းကြိတ်ထားပြီး ပြင်းပြင်းထန်ထန် ခုခံရန် ပြင်ဆင်နေပြီး “သတ်!” ဟု အော်ဟစ်လိုက်သည်။

သို့သော် သူတို့၏ အရှိန်အဟုန်မှာ အလွန်နှေးကွေးလွန်းရသည်ပင်။ သုံးစက္ကန့်အတွင်း သူတို့သည် အချက်ရေ ရာပေါင်းများစွာ ထိုးနှက်တိုက်ခိုက်ခံလိုက်ရပြီး အသက်ဓာတ်မှာလည်း ချက်ချင်းဆိုသလို သုညမှတ်အထိ ကျဆင်းသွားရ‌တော့လေသည်။

နှင်းပွင့်များ၏ ထူးခြားသောသက်ရောက်မှု တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အဖြူရောင်ဝတ်စုံ ဝတ်ထားသော ပုံရိပ်သည် ဓားကိုကိုင်ဆောင်ကာ ငြိမ်သက်စွာ ရပ်တည်နေသည်။ သူ၏ခြေထောက်နားတွင် သေတ္တာနှစ်လုံးက လှဲလျောင်းတည်ရှိလျက်။

ရွှယ်ဝူဟန် ကျယ်ပြောလှသော အဝေးသို့ မျှော်ကြည့်လိုက်သည်။ ရုတ်တရက် မြေပုံ၏သွင်ပြင် အသစ်ပြောင်းလဲသွားသည်ကို သတိပြုလိုက်မိ၏။ စက်ဝိုင်းကြီးတစ်ခုက ဒေသကြီးလေးခုကို လွှမ်းခြုံထားပြီးဖြစ်ကာ ကျန်နှစ်ခုမှာတော့ လွတ်ကင်းနေသေးသည်ပင်။

“သေခြင်းတရားချီစွမ်းအင် စတင်ပျံ့နှံ့နေပြီလား?” ရွှယ်ဝူဟန် မျက်ခုံးပင့်လိုက်သည်။ ကံကောင်းထောက်မစွာ သူတည်ရှိရာ ရှေးဟောင်းဓားဂူသည် စက်ဝိုင်းကြီးအပြင်၌ လွတ်ကင်းနေသေးသည်ဖြစ်ရာ အလွန်အကျွံ စိုးရိမ်ရန် မလိုအပ်သေးပေ။

သို့သော် အချိန်ရတုန်း ပြင်ဆင်ထားရန် လိုအပ်နေပြီဖြစ်ပြီး လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်ရန် ယုံကြည်စိတ်ချရသော စီး‌တော်ယာဥ်ကို ရှာဖွေရန် ကြိုးစားရဦးမည် ဖြစ်၏။

ပိကျီးကျွန်းကား အတော်လေး ကြီးမားသည်။ အကယ်၍ သူသာ ဘေးကင်းရာဒေသသို့ အချိန်မီ မရောက်နိုင်ဘဲ ပျံ့နှံ့နေသော သေခြင်းတရားချီဓာတ်ဖြင့် ဝါးမျိုခံရပါက အလွန်ကံမကောင်းလှသောကြောင့်သာ ဖြစ်ပေမည်။

ရှုပ်ထွေးဓားချိုင့်ဝှမ်းတွင်မူ စက်ဝိုင်းအပြင်ဘက်၌ လူအတော်များများ အလျင်အမြန် ထွက်ပြေးနေကြသည်ကို မြင်နိုင်သည်။ သူတို့အားလုံးသည် ရောက်ရှိလာတော့မည့် သေခြင်းတရားချီဓာတ်ကို ရှောင်ရှားရန် ထွက်ပြေးနေကြခြင်းပင်။

ချောက်ကမ်းပါးနှုတ်ခမ်းနားရှိ ဂူတစ်လုံးအတွင်း၌ အသက်ချင်းလဲမည့် တိုက်ပွဲတစ်ခု ဖြစ်ပွားလျက်ရှိသည်။

“မဟာသိမ်းငှက်က ငါ့ဟာ! တခြားဘယ်သူမှ မရစေရဘူး!”

“ထွက်သွားစမ်း! မဟုတ်ရင် သေမယ်!”

“ချီးကိုထွက်သွားလေ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ?!”

ပုံရိပ်အချို့သည် ရှုပ်ထွေးမြန်ဆန်စွာ တိုက်ခိုက်နေကြပြီး တချို့မှာ ရံဖန်ရံခါ လဲကျကာ သေတ္တာများအဖြစ် ပြောင်းလဲသွားကြသည်။ နောက်ဆုံးတွင် တိုက်ပွဲမာန်သွင်းအော်ဟစ်သံများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ဝါးစိမ်းရောင် ဝတ်ရုံဝတ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဓားကောက်နှစ်ချောင်းကိုကိုင်ဆောင်ကာ စိတ်လှုပ်ရှားနေသောမျက်နှာအမူအရာဖြင့် အော်လိုက်သည်။

“ဟားဟားဟား၊ နောက်ဆုံးတော့ ငါနိုင်ခဲ့ပြီ! ဒီ မဟာသိမ်းငှက်က ငါ့အပိုင်ပဲ!”

“ဒါ ငါ့ရဲ့ မဟာသိမ်းငှက်ပဲ!”

သူ့ရှေ့မှ ရှစ်မီတာမြင့်သော မဟာသိမ်းငှက်ကြီးကို မော့ကြည့်လိုက်သည်။ ၎င်း၏ အမွေးအတောင်များသည် အေးစက်သော သံမဏိသားကဲ့သို့ ခိုင်မာကာ အမွေးနုများမှာလည်း လှံသွားအလား ချွန်ထက်နေသည်။ ဦးခေါင်းကို ခပ်မြင့်မြင့်မော့လျက် အရှိန်အဝါမှာ လွန်စွာခမ်းနားထည်ဝါလှ၏။ အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသားသည် ခမ်းနားလှသောစီးတော်ယာဥ်ကိုရှုစားရင်း အလွန်အမင်း စိတ်လှုပ်ရှားကာ တဟားဟားအော်ရယ်နေသည်။

သေခြင်းတရားချီဓာတ်သည် ရှုပ်ထွေးဓားချိုင့်ဝှမ်းကို ဝါးမျိုတော့မည်ဖြစ်ရာ စီးတော်ယာဥ်ကောင်းကောင်း ပိုင်ဆိုင်ထားမှသာ ဤမကောင်းဆိုးဝါးနယ်မြေမှ အချိန်မီထွက်ပြေးတိမ်းရှောင်နိုင်မည်ဖြစ်၏။

အရေးအကြီးဆုံးမှာ မဟာသိမ်းငှက်၏ ပုံပန်းသဏ္ဌာန်ကား အလွန် ခန့်ညားလှသည်ပင်! လာမည့် တိုက်ပွဲများတွင် ဟန်ရေးပြကြွားဝါရန် အလွန်သင့်တော်သော အဆောင်အယောင်ပါပေ!

“အဲဒီလိုလား?”

ရုတ်တရက် ကြည်လင်ပြီး သာယာသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ အသံမှတစ်ဆင့် တစ်ဖက်လူမှာ နူးညံ့ပြီး ချစ်စရာကောင်းသော မိန်းမငယ်လေးတစ်ဦး ဖြစ်ကြောင်း သိနိုင်မည်ပင်။

“တစ်ယောက်ယောက် ရှိနေသေးတာလား?!” အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသား၏ မျက်လုံးများမှာ ဖျတ်ခနဲလက်သွားပြီး ဓားကောက်နှစ်လက်ကို တင်းတင်းဆုပ်လျက် မဆိုင်းမတွ လှည့်ခုတ်လိုက်ရာ အားပြင်းသော လခြမ်းပုံဓားအလင်းတန်းနှစ်သွယ် ထွက်ပေါ်လာသည်။

ဗုံး!

ဓားအလင်းနှစ်သွယ် တားဆီးခံလိုက်ရ၏။

ထူထပ်သော မီးခိုးလုံးများ ထွက်ပေါ်လာပြီး သန်မာသော ပုံရိပ်တစ်ခုက မီးခိုးများကြားမှ ထွက်ပေါ်လာသည်။

သူမ၏ ကြွက်သားများသည် ကိုယ်ကာယကျန်းမာသန်စွမ်းရေး လိုက်စားသူတစ်ဦးကဲ့သို့ အမြင်ဖြင့်ပင် အားအပြည့်ရှိမှန်း ခန့်မှန်းနိုင်သော်လည်း ထူထဲတုတ်ခိုင်သော လည်ပင်းအထက်တွင်ကား ချစ်စရာနူးညံ့သည့် မိန်းမလှမျက်နှာလေးတစ်ခု တည်ရှိနေလေသည်။ ကြည်လင်သော မျက်လုံးဝိုင်းကြီးများနှင့် ပန်းရောင်နှုတ်ခမ်းဖောင်းဖောင်းများက ကြွက်သားအပြည့်ခန္ဓာကိုယ်နှင့် အလွန်ပင်မကိုက်ညီသောအမြင်ကို ဖန်တီးနေလျက်။

သူမသည် ဧရာမ ဓားမကြီး တစ်လက်ကို သယ်ဆောင်ကာ ဖြည်းဖြည်းချင်း လျှောက်လာသည်။ တောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်မှာ မျက်နှာလေးနှင့်မလိုက်ဖက်လှ။

“မင်း မင်းက လှေပေါ်မှာတွေ့ခဲ့တဲ့ ထူးဆန်းတဲ့ အမျိုးသမီးပါလား!” အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသား၏ မျက်နှာမှာ ထိတ်လန့်တကြား ဖြူဖျော့သွားပြီး သူ၏ကျောရိုးတစ်လျှောက် ချမ်းတုန်သွားခဲ့သည်။

“ဟဲဟဲ၊ မဟာသိမ်းငှက်က အခု ငါ့အပိုင်ပဲ။”

ကြွက်သားမိန်းမလှလေးသည် သူမ၏ ဓားမကြီးကို စက်ဝိုင်းပုံ ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ဓားချီဓါတ်က ဖောက်ထွက်လာပြီး အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသားကို တည့်တည့်ထိမှန်စေလိုက်တော့၏။

ရွှပ်

စက္ကန့်အနည်းငယ်ကြာပြီးနောက် အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသား၏ လည်ပင်းပေါ်တွင် သွေးစီးကြောင်းတစ်ကြောင်း ပေါ်လာသည်။ ကိုယ်ခန္ဓာသည် ခြေလှမ်းအနည်းငယ်မျှ အနောက်သို့ ယိုင်နဲ့သွားပြီးနောက် မြေပြင်ပေါ်သို့ အားနည်းစွာ ဒူးထောက်ကျသွားရ၏။ သူ၏မျက်လုံးများမှာ မှေးမှိန်ပြီး အသက်မဲ့လာကာ ချက်ချင်းပင် သေတ္တာတစ်လုံးအဖြစ် ပြောင်းလဲသွားတော့သည်။

“ပြီးပြီ”

ကြွက်သားမမလေးက အောင်ပွဲခံသည့်အနေဖြင့် ဆံပင်ရှည်များကိုယမ်းခါ၍ ချစ်စဖွယ်ရယ်မောလိုက်သည်။

ထိုသူမှာ လီဝူကျယ် မှန်ပါ၏။

လီဝူကျယ်သည် မူလက သေခြင်းတရားချီဓာတ်မရောက်မီ အလျင်အမြန် ထွက်ခွာရန် ရည်ရွယ်ခဲ့သော်လည်း ဤနေရာမှဖြတ်သွားစဉ် တိုက်ပွဲသံများ ကြားရသဖြင့် စပ်စုဖို့ရောက်လာခဲ့ခြင်းးပင်။ ပျံသန်းနိုင်သော စီးတော်ယာဥ်ကိုမြင်သော် ပွဲသိမ်းသည်အထိ ပုန်းအောင်းစောင့်ဆိုင်းနေလိုက်ပြီး အကျိုးအမြတ်အား အသင့်ဝင်ရောက်ရိတ်သိမ်းခဲ့သည်။

ယခုတော့ စီးတော်ယာဥ်ပျံတစ်စင်း ပိုင်ဆိုင်သွားလေပြီ။

ခမ်းနားထည်ဝါသော သိမ်းငှက်ကြီးက လည်စောင်းငဲ့ကြည့်လာသော လီဝူကျယ် စိတ်ကျေနပ်စွာ ချီးကျူးထောပနာပြုလိုက်၏။

“အင်း၊ ဒီ မဟာသိမ်းငှက်က တော်တော်ကြီးတာပဲ၊ အရမ်းသဘောကျတယ်!”

မကြာမီ။

ဂူအတွင်း၌ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ပဲ့တင်ထပ်လာသည်။

ခန့်ညားသော မဟာသိမ်းငှက်တစ်ကောင်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာပျံထွက်လာပြီး ၎င်း၏အတောင်များကို ဖြန့်ကျက်ကာ ကောင်းကင်သို့တိုင် ပျံတက်သွားလျက် ဘေးကင်းရာ ပန်းတိုင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။

“ဟားဟားဟားဟားဟား…” မဟာသိမ်းငှက်၏ ကျယ်ပြန့်သော ကျောပြင်ပေါ်တွင် ကြွက်သားအပြည့်ဖြင့် မမလှလှလေးတစ်ဦးသည် လေပြင်းကြားတွင် ရင်ကိုကော့ကာ မတ်တပ်ရပ်လျက် ခါးထောက်ပြီး ဟန်ပါပါရယ်မောလိုက်တော့၏။

All Chapters