အပေါ်ယံညီအစ်ကိုများ
Vol. 21 Ch. 286
မြူခိုးတောနက်
အမည်နှင့်လိုက်ဖက်စွာ ဤနေရာသည် နတ်ဘုံနတ်နန်းတမျှ ထင်မှတ်မှားစေသော အဖြူရောင်မြူခိုးများဖြင့် ပြည့်နှက်နေပြီး စိမ်းလန်းစိုပြည်သော သစ်ပင်ကြီးများလည်း သိပ်သည်းထူထပ်လျက်ရှိသည်။ မိုးထိမြင့်မားသော သစ်ပင်ကြီးတိုင်းသည် အခက်အလက် မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် သန်စွမ်းစည်ပင်လှပြီး ၎င်းတို့၏ သစ်ရွက်ဖားဖားများမှာ မိုးကောင်းကင်နှင့် နေမင်းကိုပင် ဖုံးအုပ်ထားနိုင်သကဲ့သို့ ခမ်းနားသောအငွေ့အသက်အား ပေးစွမ်းနိုင်၏။
ပုံရိပ်ခြောက်ခုသည် စကားပြောဆိုရင်း လမ်းလျှောက်နေကြပြီး ၎င်းတို့၏အမူအရာများမှာ အလွန်ပင် ပေါ့ပေါ့ပါးပါး ရှိလှ၏။
“လက်ရှိ စက်ဝိုင်းကြီးမရောက်သေးတဲ့ နေရာနှစ်ခုက ရှုပ်ထွေးဓားချိုင့်ဝှမ်းနဲ့ နှင်းခဲလွင်ပြင် ဖြစ်တဲ့အတွက် သိပ်တော့စိုးရိမ်စရာမလိုသေးပါဘူး။ ဒီအခွင့်အရေးကိုအသုံးချပြီး ပိုရှားပါးတဲ့ ကျင့်စဥ်အပိုင်းအစတွေ ထပ်ရှာလိုက်ကြစို့"
“ဟဲဟဲ၊ ကျွန်တော်က ရှားပါးအဆင့် ရင်ဘတ်သံချပ်ကာ တစ်ခု အပြည့်အစုံ ဖန်တီးဖို့ ခရမ်းရောင် အပိုင်းအစနှစ်ခုပဲ လိုတော့တယ်။”
“ကျွန်တော်တို့ ခုနက တွေ့ခဲ့တဲ့ ကောင်လေးနှစ်ယောက်ကတော့ ကံဆိုးရှာတယ်။ အဖွဲ့ဖွဲ့ပြီး ရိုက်နှက်ခံရလိုက်ရတာလေ။ ကုသရေးဆေးလုံးတွေတော့ အများကြီး ကျလာတယ်လေ။ ကျွန်တော်တို့ ညီအစ်ကိုတွေအတွက် လုံလောက်ပါတယ်။”
“ကျွန်တော်တို့ ခြောက်ယောက် အတူတူ ပူးပေါင်းလုပ်ဆောင်ရင် မြူခိုးတောနက်ကို လွှမ်းမိုးနိုင်ပြီး အစောပိုင်းအဆင့်မှာတင် သူတကာထက် အားသာနိုင်ပါတယ်။ သိုးတွေက ကြောက်တတ်လို့ စုပေါင်းတိုက်ခိုက်ကြသတဲ့လား? မိုက်မဲတုံးအလိုက်တဲ့ စကားပဲ!”
…
လူရိုင်းသူရဲကောင်းတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော မျက်စိတစ်ဖက်ပိတ်နှင့်လူသည် မောက်မာသော အမူအရာဖြင့် လမ်းလျှောက်ရင်း ပြောလိုက်သည်။ “အေးကွာ၊ ငါတို့ခြောက်ယောက် ဒီနေရာကို လွှမ်းမိုးထားတာတောင် ‘တစ်ပါးတည်းသော အချုပ်အခြာအာဏာရှင်’ ဆိုတဲ့ကောင်နဲ့ မတွေ့ရတာ နာတာပဲ။ တွေ့များတွေ့ရင် အဲ့ကောင်ဒူးထောက်ပြီး အဖေလို့ ခေါ်တဲ့အထိ ရိုက်နှက်ပစ်မှာ!”
အခြားအဖော်တစ်ဦးက ဤစကားကို ကြားပြီး လှောင်ပြောင်လိုက်သည်။ “မှန်တယ်၊ အရင်က မသေမျိုးလှေ ပေါ်မှာ သတ္တိခဲလိုလို ဟန်လုပ်နေကတည်းက စိတ်တိုနေခဲ့တာ။ ကျွန်တော်တို့ ညီအစ်ကိုတွေ သူ့နဲ့တွေ့ရင် အဲ့ဒီရန်စခဲ့တဲ့လုပ်ရပ်အတွက် နောင်တကြီးကြီးရစေရမယ်!”
“အဲ့ကောင်အကြောင်း မပြောပါနဲ့တော့။ သူ့စွမ်းရည်နဲ့ဆိုရင် ဆင်းသက်တာနဲ့ အစကတည်းက ဖယ်ရှားခံရပြီးသား ဖြစ်မှာပါ။ ဆယ်ဂဏန်းအတွင်း ကျန်နေနိုင်တဲ့လူတွေကတော့ အထက်တန်းလွှာထဲက အထက်တန်းလွှာတွေပဲ။ သူ့လို ကြွားဝါတတ်တဲ့ကောင်က ဘယ်နေရာမှာမှ ဝင်ဆံ့မှာမဟုတ်ဘူး။” သူဘေးမှ အဖော်တစ်ဦးက ထပ်ပေါင်းပြောလိုက်သည်။
“ဟားဟားဟားဟား…” တစ်ဖွဲ့လုံး တဟားဟားဖြင့်အော်ရယ်လိုက်ကြရာ လေထုတစ်ခုလုံး တက်ကြွရွှင်မြူးသွားရတော့၏။
ရုတ်တရက်!
ငွေရောင်ဥက္ကာခဲ တစ်ခု ကောင်းကင်ယံထက် ဖြတ်သန်းသွားပြီး တောက်ပသော မီးတောက်သဖွယ် အဖြူရောင် အလင်းဝိုင်းတစ်ခုကို ဆွဲယူလာကာ ဤခြောက်ဦး၏ ခေါင်းပေါ်မှ လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။
ထို့နောက် မီတာနှစ်ရာ အကွာခန့်ရှိ တောင်ကြီးတစ်လုံးပေါ်သို့ ပြုတ်ကျသွားပြီး မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သောအသံကြီးအား အဝေးမှပင် ကြားနိုင်သည်အထိ။
“ဒါ… ဒါ ဘာကြီးလဲ?!” လူတိုင်း အံ့သြထိတ်လန့်သွားကြသည်။
မျက်စိတစ်ဖက်ပိတ်နှင့်လူသည် ကြက်သေသေနေရာမှ ပြန်လည်သတိဝင်လာသော် ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်။ “ဒါက ကောင်းကင်ဘုံရတနာ တစ်ခုခု ဖြစ်နိုင်မလား?”
ကောင်းကင်ဘုံရတနာများမှာ ဤစမ်းသပ်မှုအဆင့်၏ ဖွဲ့စည်းပုံတစ်ခုဖြစ်ပြီး ကြုံကြိုက်ရန်အခွင့်အရေး အလွန်ရှားပါးသော ပစ္စည်းများပင်။ ကောင်းကင်ဘုံရတနာအား မြင်တွေ့ခဲ့ရသော စမ်းသပ်မှုပါဝင်သူများသည် ရတနာ ကျရောက်သည့်နေရာသို့ သွားရောက်၍ အမျိုးမျိုးသော တန်ဖိုးရှိအရင်းအမြစ်များကို ရယူနိုင်ပေမည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံရတနာတစ်ခုကို ကြုံတွေ့မိသူတိုင်းသည် လက်နက်အပြည့်အစုံ ရရှိပြီး နောင်လာမည့်တိုက်ပွဲများအတွက် ကြီးမားသော အားသာချက်ကို ရရှိနိုင်မည်ဖြစ်၏။
“ဟာ၊ ငါတို့ကံကောင်းလိုက်တာ။ အရည်အသွေးမြင့် လက်နက်ကိရိယာတွေ ပါလာနိုင်တယ်လို့ လောင်းကြေးထပ်ရဲတယ်။”
“ခရမ်းရောင် ရှားပါးအဆင့် လက်နက်ကိရိယာ အစုံအလင်လား?”
“ညီလေး၊ မင်း ပိုပြီး ကြီးကြီးမားမား တွေးဖို့လိုတယ်။ ငါ့အထင်တော့ အနည်းဆုံး လိမ္မော်ရောင် ဒဏ္ဍာရီလာအဆင့် လက်နက်ကိရိယာ ဖြစ်မယ်!”
“အမလေး! ဒါဆို…”
ကြီးမားသော အမြတ်အစွန်း၏ သွေးဆောင်မှုကို ရင်ဆိုင်ရသောအခါ ဤလူအနည်းငယ်၏ စိတ်ထဲတွင် ရုတ်တရက် လှုပ်ရှားဆူပွက်လာခဲ့ပြီး အဖွဲ့ဝင်များအပေါ်ဝေ့ဝဲလာသော အကြည့်များတွင် နက်ရှိုင်းသော အဓိပ္ပာယ်အချို့ ပါဝင်လာသည်။
နောက်ဆုံးတွင် မသေမျိုးကျွန်းကို အမွေခံမည့် နေရာက တစ်ခုသာ ရှိသည်ပင်။ ယခင်က မည်မျှပင် စည်းလုံးညီညွတ်ပြီး ပူးပေါင်းလုပ်ဆောင်နေစေကာမူ ဤပူးပေါင်းဆောင်ရွက်မှုသည် ယာယီမျှသာ ဖြစ်ကြောင်း သူတို့အားလုံး ကောင်းစွာ သိထားကြ၏။
နောက်ဆုံးအဆင့်သို့ ရောက်သောအခါ သူတို့သည် မည်သို့ပင်ဖြစ်စေ ရန်သူများအဖြစ် ပြောင်းလဲသွားကြရမည် ဖြစ်၏။
ထို့အပြင် ယခုအခါ ကောင်းကင်ဘုံရတနာ တစ်ခု ပေါ်ပေါက်လာပြီ ဖြစ်သောကြောင့် ပြိုင်ပွဲတစ်ခုလုံးကို ဦးဆောင်လွှမ်းမိုးနိုင်မည့် အခွင့်အရေးကား လက်တစ်ကမ်းတွင် ရှိလာခဲ့လေပြီ။ သူတို့အားလုံးတွင် မကောင်းသောရည်ရွယ်ချက် ဝင်မလာမှသာ ထူးဆန်းသည်ဟုဆိုနိုင်မည်။
ထူးဆန်းသော လေထုကို သတိပြုမိသောအခါ မျက်စိတစ်ဖက်ပိတ်နှင့်လူ၏ မျက်လုံးများမှာ မသိမသာ တစ်ချက်လင်းလက်သွားသည်။ ထို့နောက် ချောင်းတဟန့်ဟန့်ဖြင့် ဟန်ဆောင်ကာ တင်းမာစွာ ပြောလာ၏။ “အရေးအကြီးဆုံးကတော့ ရတနာရှိတဲ့နေရာကို အရောက်သွားဖို့ပဲ။ အဲဒီရောက်တာနဲ့ အရင်းအမြစ်တွေကို အညီအမျှ ခွဲဝေယူကြမယ်။ ဘယ်သူကမှ ဘယ်သူ့ကို အခွင့်အရေးယူမှာ မဟုတ်ဘူး၊ နောက်ဆုံးတော့ ငါတို့အားလုံးက ညီအစ်ကိုတွေပဲလေ!”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့အားလုံးက ညီအစ်ကိုတွေပဲ!” ကျန်သူများလည်း အပြုံးကိုယ်စီဖြင့် တုံ့ပြန်လိုက်ကြ၏။
သို့သော် ဤအပြုံးများတွင် ဖော်ပြမရနိုင်သော အလွှာပါးတစ်ခု ပါရှိနေသည်ပင်။
“သွားကြစို့၊ တစ်ယောက်မှ အဖွဲ့ထက်အရင်မရောက်စေနဲ့” ဟု မျက်စိတစ်ဖက်ပိတ်နှင့် လူက အော်ပြောလိုက်သည်။
လက်ရှိတွင် ရန်သူအဖြစ်ပြောင်းလဲဖို့ မသင့်တော်သေးဟု သူထင်သည်။ ဤလူအနည်းငယ်ကို တည်ငြိမ်အောင် ထိန်းထားရပေဦးမည်။ အခြားအဖွဲ့များပါ ရတနာတည်ရာသို့ရောက်လာပြီး ပဋိပက္ခဖြစ်လျှင် တစ်ဦးတည်းရင်ဆိုင်ဖို့ ခက်ခဲမည်သာ။
အင်အားများစွာ စုစည်းထားလျှင် ခွန်အားပိုရှိသည်ပင်။
သို့သော် အင်အားစုမရှိခဲ့လျှင်…
မျက်စိတစ်ဖက်ပိတ်နှင့်လူသည် အရင်းအမြစ်များကို အညီအမျှ ခွဲဝေခြင်း ဟူသောစကားမှာ အပေါ်ယံသက်သက်သာဖြစ်ကြောင်း ကောင်းစွာသိ၏။ အကယ်၍ ဒဏ္ဍာရီလာအဆင့် လက်နက်ကိရိယာ တစ်ခု အမှန်တကယ် ပါလာခဲ့လျှင် လူခြောက်ယောက်အကြား မည်သို့ ခွဲဝေနိုင်မည်နည်း။ ၎င်းကို အလှည့်ကျ ဝတ်ဆင်၍ ခံစားကြမည်လား?
ထို့ကြောင့် မညီမျှသော ခွဲဝေမှုသည် ပဋိပက္ခကို မလွဲမသွေ ဖြစ်ပေါ်စေမည်ဖြစ်ပြီး သူတို့သည် တစ်ဦးနှင့်တစ်ဦး မလွဲမသွေ သတ်ဖြတ်ကြရမည်သာ ဖြစ်၏!
ယခုအခါ အန္တရာယ်အရှိဆုံးအချက်မှာ သူသည် သိသိသာသာကို အင်အားအကြီးဆုံးဖြစ်ပါသော်ငြား ကျန်သူအနည်းငယ်က ယာယီမဟာမိတ်ဖွဲ့၍ သူ့ကိုရင်ဆိုင်လာမည်အား စိုးရိမ်မိခြင်းပင်။
အလွန်အန္တရာယ်များသလို ဖြစ်နိုင်ချေလည်းများသည်!
အချိန်အကြာကြီး စဉ်းစားကြည့်ပြီးနောက် မျက်စိတစ်ဖက်ပိတ်နှင့်လူ၏ နှလုံးသားထဲသို့ စိုးရိမ်စိတ်တစ်ခု တဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။
အစပိုင်းတွင် အဖွဲ့လိုက်လှုပ်ရှားခြင်းသည် အမှန်တကယ်ပင် အားသာချက်တစ်ခု ဖြစ်ခဲ့သော်လည်း ဤကဲ့သို့ ရတနာသိုက်ကို ရင်ဆိုင်ရသောအခါ ပြိုင်ဘက်ကို ချိန်ရွယ်ထားသော ဓားထက်ထက်သည် မိမိကိုပြန်ထိုးမည့် နှစ်ဖက်ချွန်ဓားတစ်စင်း ဖြစ်သွားနိုင်သည်သာ။
ကျန်လူအနည်းငယ်ကမူ ကိုယ်ပိုင် ရည်ရွယ်ချက်များကိုယ်စီဖြင့် လမ်းတစ်လျှောက် ဘာမှမပြောဘဲ တမင်တကာ သို့မဟုတ် မသိစိတ်ဖြင့် တစ်ဦးနှင့်တစ်ဦးကြားက အကွာအဝေးကို ထိန်းသိမ်းထားရင်း အတွင်းစိတ်မှ မျက်နှာတစ်မျိုးကို လှစ်ဟပြလျက်ရှိကြ၏။
“ညီအစ်ကိုတွေလား? အပေါ်ယံညီအစ်ကိုတွေလို့ ပြောရင် ပိုဟုတ်သေးတာပေါ့!”
ဝှစ်၊ ဝှစ်၊ ဝှစ် ~
ပြင်းထန်သော လေစီးကြောင်းများက ၎င်းတို့၏ နားထဲသို့ အပြင်းအထန် တိုးဝင်လာသည်။
ပုံရိပ်ခြောက်ခုသည် သူတို့၏ ပစ်မှတ်ဆီသို့ တန်းတန်းမတ်မတ် မြန်မြန်ဆန်ဆန် လျှောက်လှမ်းသွားကြတော့၏။
မကြာမီပင် ထိုတောင်ကြီးပေါ်တွင် တောက်ပသော ငွေရောင်လွှမ်းသည့် မြူခိုးသဏ္ဌာန် အလင်းရောင် တစ်သွယ်ကို တွေ့လိုက်ကြရသည်။ နွံနစ်နေသော ပတ္တမြားတစ်လုံးကဲ့သို့ တောက်ပပြီး မျက်စိပသာဒရှိသော ရောင်ခြည်ကို ထုတ်လွှတ်လျက်ရှိ၏။
“အဲဒီမှာပဲ!!”
လူအုပ်စုသည် တစ်ပြိုင်နက်တည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အားကုန်ပြေးလိုက်ကြသည်။
ထိုအချိန်၌။
နစ်မြုပ်နေသော တွင်းမှ ပူပြင်းသော ဓာတ်ငွေ့များ ထွက်ပေါ်လာသည်။ အတွင်း၌ ကြီးမားသော ငွေရောင် ဥက္ကာခဲ တစ်ခု ရှိသည်ပင်။ ပါဝင်သူတစ်ဦး အနားသို့ချဉ်းကပ်ပြီး ကျင့်စဥ်ထုတ်ယူခြင်းကို စတင်လိုက်သည်နှင့် အတွင်းရှိ အရင်းအမြစ်များကို ရယူနိုင်မည် ဖြစ်၏။