အပေါ်ယံညီအစ်ကိုများ
Vol. 21 Ch. 287
ခြောက်ဦးသည် ဘေးချင်းကပ်လျက် ရပ်နေကြသည်။ တွင်းထဲရှိ လုံးဝ ငွေရောင် ဥက္ကာခဲ ကို ကြည့်ရင်း ၎င်းတို့၏ မျက်လုံးများတွင် မဖုံးကွယ်နိုင်သော စိတ်အားထက်သန်မှု များဖြင့် ပြည့်နှက်နေသည်။
အတွင်းရှိ အရင်းအမြစ်အားလုံးကို ရရှိသည်နှင့် သာမန်လူပင် ချက်ချင်း ဖီးနစ်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်သည်!
“အနီးအနားမှာ အပြင်လူတွေ မရှိဘူးလား?”
“ရှိတယ်!”
“ဘယ်မှာလဲ?”
“မင်းလေ?”
“ဘာ?! မင်း…”
ဝှစ် ~
သိပ်သည်းအားကောင်းသော အနက်ရောင် လက်ဝါးချက် တစ်ခု ကျရောက်လာသည်။ ၎င်းသည် ကြီးမားသော ဝက်ဝံခေါင်းသဏ္ဍာန်ကို မှေးမှိန်စွာ ထုတ်ဖော်ပြသလာသည်။ ပါးစပ်ဖြဲဟကာ ဟိန်းဟောက်နေဟန်သွင်ပြင်တွင် အစွယ်များက ပြင်းစွာတောက်ပနေကာ သွေးနီရောင် မျက်လုံးများက အလွန်အမင်း ကြမ်းတမ်းဟန်ရှိ၏။
မြေကမ္ဘာ အလယ်အလတ်အဆင့် အဆုံးစွန်စွမ်းရည်၊ ကမ္ဘာကိုစိုးမိုးသော နတ်ဆိုးဝက်ဝံ!
“အွတ်!” အုပ်စုထဲမှ ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်လူတစ်ဦးသည် လက်ဝါးချက်ဖြင့် ရင်ဘတ်ကို တိုက်ရိုက်ထိမှန်ခံလိုက်ရပြီး ခန္ဓာကိုယ်မှ သွေးမှုန်များ ပန်းထွက်လာကာ လွင့်ထွက်သွားပြီးနောက် မြေပြင်ထက်၌ လေးထောင့်သေတ္တာလေးတစ်လုံးဖြစ် ပြောင်းလဲသွားခဲ့လေသည်။
“မင်း ချောင်းတိုက်တဲ့ သူရဲဘောကြောင်ကောင်!”
ကျန်လေးဦးမှာ မျက်စိရှေ့မှသေဆုံးမှုကြောင့် ကြက်သီးဖြန်းဖြန်းထသွားရ၏။ ရန်သူကြီးတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ အနောက်ဆုတ်သွားကြပြီး ရုတ်တရက် တိုက်ခိုက်လာသော မျက်စိတစ်ဖက်ပိတ်နှင့်လူအား ထိတ်လန့်အံ့သြစွာ ဒေါသထွက်စွာ စိုက်ကြည့်နေမိကြသည်။
မျက်စိတစ်ဖက်ပိတ်နှင့်လူ က ကျေနပ်သော အပြုံးတစ်ခုကို လှစ်ဟပြလိုက်သည်။ “ဒီအခြေအနေမှာ ဘယ်သူက မင်းတို့နဲ့ သိုင်းလောကစည်းကမ်းအကြောင်း ပြောနေတော့မှာလဲ?”
မည်သို့ပင်ဆိုစေ ဤလူအနည်းငယ်သည် တစ်ချိန်တွင် ပြိုင်ဘက်များဖြစ်လာကြမည် အသေအချာပင်။ ထို့ကြောင့် ဖိအားကို လျှော့ချရန်အတွက် တစ်ဦးကို အရင်ဆုံးဖယ်ရှားပစ်ခြင်းက အားလုံးနှင့်ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ပိုကောင်းသည်။
“မင်း မောက်မာလွန်းနေတာ မဟုတ်ဘူးလား? တစ်ယောက်တည်းနဲ့များ ငါတို့ လေးယောက်လုံးကို ရင်ဆိုင်နိုင်တယ်လို့ တကယ်ထင်နေတာလား?” ချင်ယိနန်၏ မျက်နှာကား ဒေါသဖြင့်မှောင်မည်းလျက်ရှိ၏။ သူသည် ငွေဖြူရောင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး ဓားသွားထိပ်ဖျားတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ လှည့်ပတ်နေကာ အရှေ့မှ မျက်စိတစ်ဖက်ပိတ်နှင့်လူကို ချိန်ရွယ်ထားသည်။
သူတို့ထဲတွင် ချင်ယိနန်၏ခွန်အားသည် မျက်စိတစ်ဖက်ပိတ်နှင့်လူ ပြီးလျှင် ဒုတိယလိုက်၏။
မျက်စိတစ်ဖက်ပိတ်နှင့်လူက အဓိပ္ပာယ်အပြည့်ဖြင့် ပြောလာသည်။ "ငါ့ခွန်အားအဆင့်ကို မင်းသိပါတယ်။ ငါ မသေခင်တော့ မင်းတို့ထဲက တစ်ယောက်ကို ငါနဲ့အတူ သေရွာခေါ်သွားနိုင်တယ်။ မင်းငါနဲ့ ပူးပေါင်းပြီး ကျန်တဲ့ အမှိုက်သုံးကောင်ကို ဖယ်ရှားပစ်လိုက်ပြီးမှ နှစ်ယောက်သား တိုက်ပွဲကောင်းကောင်းတစ်ခု ကျင်းပလို့ရတာပဲ"
ကျန်သုံးဦး၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီး ချင်ယိနန်နှင့် ဝေးရာသို့ ဆုတ်ခွာသွားကြကာ အလစ်တိုက်ခိုက်မှုကို ကြိုတင်ရှောင်ရှားလိုက်ကြ၏။
ချင်ယိနန် ကျန်သုံးဦး၏အပြုအမူကိုမြင်ကာ စိတ်ထဲမှတွေးလိုက်မိသည်။ အတော်ကောက်ကျစ်တဲ့ကောင်၊ ငါ့ကိုအဖွဲ့ကနေ ရည်ရွယ်ချက်ရှိရှိ ခွဲထုတ်လိုက်တာပဲ။
သူ ဆန္ဒမပါလျှင်ပင် တစ်ဖက်လူနှင့်ပူးပေါင်းရတော့မည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် နောက်ဆုံးတွင် ရန်သူများအဖြစ် ပြောင်းလဲကြရမည်သာပင်။
“ကောင်းပြီ၊ သဘောတူတယ်။ သူတို့သုံးယောက်ကို အရင်ရှင်းလိုက်ရအောင်၊ ပြီးမှ အနိုင်အရှုံး ဆုံးဖြတ်ကြတာပေါ့!”
“ဟားဟား၊ ကောင်းပြီ!”
သဘောတူညီမှု ပြီးဆုံးချိန်တွင် မျက်စိတစ်ဖက်ပိတ်လူနှင့် ချင်ယိနန်တို့ အဖွဲ့ဖွဲ့ကာ ကျန်သုံးဦးကို တိုက်ခိုက်ကြပြီး နှစ်ဖက်အကြား ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက်။
ကွင်းပြင်တွင် သေတ္တာသုံးလုံး ထပ်မံပေါ်လာခဲ့သည်။
မျက်စိတစ်ဖက်ပိတ်လူ နှင့် ချင်ယိနန်တို့သည် သတိကြီးစွာဖြင့် တစ်ဦးနှင့်တစ်ဦး အကဲခတ်နေကြပြီး တစ်ချိန်တည်းမှာပင် ဆေးလုံးများကို သောက်သုံး၍ ခန္ဓာကိုယ်အား အားပြန်ဖြည့်ကာ အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။
“ကမ္ဘာကိုအုပ်စိုးမယ့် နတ်ဆိုးဝက်ဝံ!”
မျက်စိတစ်ဖက်ပိတ်နှင့်လူသည် တစ်ဖက်လူ၏ အလစ်တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် သူကစတင်ကာ သံမဏိလက်ဝါးဖြင့် လေဟာနယ်ထက် ပြင်းထန်စွာရိုက်ချလိုက်သည်။
မှေးမှိန်သောအရိပ်အယောင်ဖြင့် နတ်ဆိုးဝက်ဝံ တစ်ကောင် လေဟာနယ်ထက် ရုပ်လုံးပေါ်လာသည်။ သွေးဆာနေဟန်ဖြင့် ပါးစပ်ဖြဲကာ ဟိန်းဟောက်နေပုံမှာ သားရဲတစ်ကောင်၏ ရက်စက်ကြမ်းတမ်းသောသဘာဝ အပြည့်ရှိ၏။
“ကောင်းကင်ထိုးဖောက်ခြင်း နည်းလမ်းကိုးသွယ်!”
ချင်ယီနန်က ငွေဖြူရောင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ လှုပ်ရှားလိုက်သည်နှင့် ပြင်းထန်သော လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့၏။ နှင်းဖြူရောင် ဓားသွားအလင်း ကောင်းကင်ယံကို ဖြတ်ပြေးနေသော ကြယ်တံခွန်တစ်စင်းကဲ့သို့ပင်။ အရှိန်အဝါမှာ စစ်နတ်ဘုရားတစ်ပါး ဝင်ပူးနေသည့်အလား ထင်မှတ်မှားရ၏။
နှစ်ဖက်လုံးသည် ဆယ်မိနစ်ခန့် တိုက်ခိုက်ခဲ့ကြပြီး မျက်စိတစ်ဖက်ပိတ်နှင့်လူက နောက်ဆုံးတွင် ကပ်သီးကပ်သတ် အနိုင်ရရှိခဲ့သည်။
“ခွေးကောင်၊ ဒါဆို ငါလိုအပ်တဲ့ အပိုင်းအစတွေ မင်းဆီမှာ ရှိနေခဲ့တာကိုး! ကောင်းကောင်း ဖုံးကွယ်ထားခဲ့တာပဲ!” သစ်သားသေတ္တာကို ဖွင့်ပြီးနောက် မျက်စိတစ်ဖက်ပိတ်နှင့်လူ၏ ဝတ်စားဆင်ယင်မှု သည် လုံးဝအသစ်စက်စက် ပြောင်းလဲသွားခဲ့၏။ သူ၏တစ်ကိုယ်လုံးမှ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေကာ ၎င်းသည် ရှားပါးအဆင့် ဝတ်စုံတစ်စုံ၏ အမှတ်အသားဖြစ်သည်။
“အခုတော့ ရတနာတွေ အကုန်လုံး ငါ့ဟာပဲ!” မျက်စိတစ်ဖက်ပိတ်နှင့်လူသည် ကျယ်လောင်စွာ ရယ်မောလိုက်ကာ အောင်နိုင်သူတစ်ဦး၏ဘဝအား အပြည့်အဝခံစားချက်ရှိသည်။
ဝှစ်!
ထိုအခိုက်အတန့်၌ ထင်းလင်းမြင်သာသော ပုံရိပ်တစ်ခု သူ၏နောက်မှ ရုတ်တရက် ပေါ်လာသည်။ ၎င်းသည် မှော်အဆောင်ငါးခုကို ကိုင်ဆောင်ထားပြီး ပစ်ချလိုက်သည်။ ထိုအဆောင်များအနက် နှစ်ခုမှာ အားနည်းစေခြင်းမှော်အဆောင်ဖြစ်ကာ ကျန်သုံးခုက မီးတောက်မှော်အဆောင်များဖြစ်ပြီး မျက်စိတစ်ဖက်ပိတ်နှင့်လူထက် အကုန်ကျရောက်သွားလေ၏။
“အာ၊ ဘယ်သူလဲ?!” မျက်စိတစ်ဖက်ပိတ်နှင့်လူမှာ ချက်ချင်းအခြေအနေထိုးကျသွားရတော့၏။ သူ့တစ်ကိုယ်လုံးတွင် ဘာမှန်းမသိသော မီးတောက်များ ဆက်တိုက်လောင်ကျွမ်းနေပြီး အသက်ဓာတ်မှာလည်း လျင်မြန်စွာ ကုန်ဆုံးနေသည်။
ကွင်းပြင်တွင် သူ့အပြင် အခြားတစ်ဦးရှိနေကြောင်း သိလိုက်ရသောအခါ ထိတ်လန့်မှုနှင့်အတူ ဒေါသတလူလူထွက်လာသည်။
တိုက်ခိုက်မှုကြောင့်သာ ထိုသူ၏တည်ရှိမှုကို သူသိလိုက်ရခြင်းပင်။ ၎င်းသည် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော ချောမောသော အမျိုးသား တစ်ဦးဖြစ်ပြီး သူ၏နှုတ်ခမ်းများတွင် ခပ်နောက်နောက်အပြုံးစစ ချိတ်ဆွဲထား၏။
သူ၏ခေါင်းပေါ်တွင် စာသားတစ်ကြောင်း ရှိသည်- တစ်ပါးတည်းသော အချုပ်အခြာအာဏာရှင်။
“မင်း မင်းလား?!” မျက်စိတစ်ဖက်ပိတ်နှင့်လူ၏ မျက်လုံးများ ဒေါသဖြင့် ကွဲအက်တော့မတတ် ဖြစ်ကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။ ရန်သူမှာ မသေမျိုးလှေပေါ်မှ ထိုသကောင့်သားပင်။
ဟုန်ချန်ယဲ့က လှောင်ပြောင်လိုက်သည်။ “သိုးတစ်ကောင်အနေနဲ့ သိုးရဲ့ သတိလောက်တော့ ရှိသင့်တယ်။ မင်းက ရတနာကို လက်ဝါးကြီးအုပ်ချင်တာလား? မှန်ထဲပြန်သွားကြည့်ပါဦး၊ တန်ရဲ့လားလို့"
သူသည် ဤခြောက်ဦးထက်ပင် စောစီးစွာ ရောက်ရှိခဲ့ခြင်း ဖြစ်၏။ ဥက္ကာခဲကို ထုတ်ယူရန် အချိန်အနည်းငယ် ကြာမြင့်မည်ဖြစ်ပြီး အလျင်အမြန် မလှုပ်ရှားနိုင်ပါက ရောက်လာသောအဖွဲ့များထံမှ ဝန်းတိုက်ခိုက်ခံရမည့်အရေးကို ကြိုမြင်သောကြောင့် အသာပုန်းအောင်းစောင့်ကြည့်နေခဲ့ခြင်းပင်။
မျက်စိတစ်ဖက်ပိတ်နှင့်လူ အောင်ပွဲခံပြီး သူ၏ လက်နက်ကိရိယာကိုလည်း အဆင့်မြှင့်တင်ပြီးနောက် သူ ဆက်စောင့်ဖို့မဖြစ်နိုင်တော့ကြောင်း သိရှိလိုက်သည်။ ထို့ကြောင့် ကိုယ်ပျောက်အဆောင်သုံးကာ အသံတိတ်လှုပ်ရှားခဲ့ပြီး ပြိုင်ဘက်အား ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းပင်။