နဂါးဂူ
Vol. 21 Ch. 288
"မင်း လူယုတ်မာကောင်! မျက်နှာပြောင်တိုက်လွန်းတယ်!" မျက်စိတစ်ဖက်ပိတ်နှင့်လူသည် အံတင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဟုန်ချန်ယဲ့က ပြန်လှောင်သည်။ "ဟဲဟဲ၊ မေ့သွားပြီလား? မင်းကိုယ်တိုင်က မင်းရဲ့ အဖွဲ့ဝင်တွေကို ခုနလေးတင် သတ်ခဲ့တာလေ၊ ငါကဒီတိုင်း ပွဲကြည့်သူသက်သက်ပါပဲ။"
စကားလုံးတိုင်းတွင် မခံမရပ်နိုင်လောက်သော လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
မျက်စိတစ်ဖက်ပိတ်နှင့်လူမှာ သည်းမခံနိုင်တော့စွာဖြင့်"ငါ မင်းကို သတ်မယ်!!!" ဟု အော်ဟစ်ကြွေးကြော်လိုက်သည်။
ပြောပြီးသည်နှင့် သူသည် ပြတ်သားစွာ...
လှည့်ပြီး ထွက်ပြေးလေ၏!
မှန်သည်။
မျက်စိတစ်ဖက်ပိတ်နှင့်လူသည် တိုက်ခိုက်လိုဟန်ဆောင်ခဲ့သော်လည်း သူ၏အမှန်တကယ် ရည်ရွယ်ချက်မှာ လစ်သည်နှင့် ချက်ချင်း ထွက်ပြေးရန်ပင်။
မျက်စိတစ်ဖက်ပိတ်နှင့်လူ၏ ခြေလှမ်းများမှာ လျင်မြန်လှသည်။ မရေမတွက်နိုင်သော ပြာလဲ့လဲ့ ချီဓာတ်များက သူ၏ကိုယ်ခန္ဓာကို ဝန်းရံထားပြီး အံ့ဖွယ်စွမ်းအားတစ်ခုက အားသွင်းမြှင့်တင်ပေးနေသကဲ့သို့ပင် ပြေးနေသည့်အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လေသည်။
၎င်းသည် အပြေးမြန်ခြင်းလုပ်ဆောင်ချက်ကို အသက်သွင်းပေးသော မှော်အဆောင် တစ်ခုအား အသုံးပြုထားခြင်းပင်!
မျက်စိတစ်ဖက်ပိတ်နှင့်လူ၏ ကျိုးကြောင်းဆက်စပ်ပုံမှာ ရိုးရှင်းသည်။ လက်ရှိအခြေအနေဖြင့် တိုက်ခိုက်ခြင်းသည် မလွဲမသွေ ရှုံးနိမ့်ခြင်းသို့ ဦးတည်လိမ့်မည်။ နည်းဗျူဟာသုံး၍ ဆုတ်ခွာခြင်းက ပိုကောင်းသည်။ ပြန်လည်အားဖြည့်တိုက်ခိုက်ဖို့လည်း အခွင့်အရေး ရှိလာဦးမည်မဟုတ်လော။
ဟုန်ချန်ယဲ့ကတော့ လှောင်ရယ်သာဆက်ရယ်နေသည်။ သူ နတ်ဆိုးလမ်းစဥ်တွင် ကျင်လည်ခဲ့စဥ်အခါက ဤကဲ့သို့သော တစ်ဖက်လှည့်နည်းဗျူဟာများကို အကြိမ်ကြိမ် မြင်ဖူးခဲ့ပြီး ဖြစ်၏။ အပေါ်ယံအားဖြင့် သွေးချောင်းစီးတိုက်ပွဲအတွက် အသင့်ပြင်ထားဟန်ဆောင်သော်လည်း နောက်တစ်စက္ကန့်တွင် လှည့်ပြီး ထွက်ပြေးတတ်ကြသည်မှာ သူ့အတွက်မကြုံဖူးသောကိစ္စမဟုတ်။
ဟုတ်ပါတယ်၊ သူ့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားပြီးသားပါပဲ!
မျက်စိတစ်ဖက်ပိတ်နှင့်လူ ထွက်ပြေးနိုင်ပြီဟု ထင်လိုက်စဉ်မှာပင် မက်မွန်ဝါရောင် အလံ တစ်ခုသည် တောက်ပသော ရွှေဝါရောင်အလင်းဖြင့် ကောင်းကင်သို့ ပျံတက်သွားပြီး တောင်ထိပ်ကို ဝန်းရံထားသော မှုန်ဝါးဝါး ကန့်လန့်ကာတစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။
ကန့်လန့်ကာချသံ တအီအီလည်း ထွက်ပေါ်လာ၏။
အလင်းကန့်လန့်ကာသည် စွမ်းအင်များဖြင့် လှိုင်းထနေပြီး ၎င်းက သူ့ကို ထွက်မပြေးနိုင်အောင် ပိတ်ဆို့ထားသည်အား မြင်သောအခါ မျက်စိတစ်ဖက်ပိတ်နှင့်လူ၏ စိတ်တည်ငြိမ်မှု ပျက်ပြားသွားခဲ့သည်။ ထို့နောက် စိတ်ပျက်ဒေါသထွက်စွာဖြင့် အားကုန်အော်ဟစ်လိုက်၏။ "မင်း ခွေးကောင်၊ လူစိတ်လေးတော့ မွေးစမ်းပါ!!!"
သူသာ ယခင်စွမ်းအားအဟုန်ဖြင့် ရှိခဲ့ပါလျှင် ဤကန့်လန့်ကာကို ခွန်အားအပြည့်ဖြင့် ထိုးဖောက်နိုင်မည် ဖြစ်သော်လည်း ယခုလို အားနည်းသော အခြေအနေတွင် သူ၏ နောက်ဆုံးသော ရှင်သန်ရေးလမ်းကြောင်းသည်ကား ပိတ်ဆို့ခံလိုက်ရလေပြီ။
ဟုန်ချန်ယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တစ်လှမ်းချင်း ချဉ်းကပ်လာကာ လှောင်ပြောင်လိုက်သည်။ "အရင်က မသေမျိုးလှေပေါ်မှာ ငါ့ကို သင်ခန်းစာပေးမယ်လို့ အော်ဟစ်နေခဲ့တာ။ အခုကျ ဘာလို့ မင်းက အရင်ထွက်ပြေးနေတာလဲ?"
မျက်စိတစ်ဖက်ပိတ်နှင့်လူက အံတင်းတင်းကြိတ်လျက် ပြောသည်။ "မင်း ယုတ်မာတဲ့ကောင်၊ မင်း သတ္တိရှိရင် တရားမျှမျှတတ တိုက်ခိုက်ကြမယ်လေ!"
"တရားမျှတတာလား? အခု တော်တော်လေး တရားမျှတနေပြီ မဟုတ်လား? ဒါက တစ်ဦးချင်း တိုက်ပွဲ ပဲ!"
ဟုန်ချန်ယဲ့ ဟက်ခနဲတစ်ချက်ရယ်လိုက်သည်။ ထို့နောက် လက်သင်္ကေတတစ်ခုကို လျင်မြန်စွာ ပြုလုပ်ပြီး လှိုင်းထန်သော မီးနဂါးများ အချို့ကို ထုတ်လွှတ်လိုက်ရာ ၎င်းတို့သည် အစွယ်နှင့်လက်သည်းများကို ထုတ်ဖော်လျက် ပစ်မှတ်ထံ တိုက်ရိုက်ပြေးဝင်သွားတော့၏။
"ငါ မင်းနဲ့ အသက်ချင်းလဲပစ်မယ်!!!" မျက်စိတစ်ဖက်ပိတ်နှင့်လူသည် စိတ်ကယောက်ကယက်ဖြစ်နေလေပြီ။ ဆုတ်ခွာရန်လည်း လမ်းမရှိတော့သဖြင့် သူ၏ အားနည်းနေသော ခန္ဓာကိုယ်ဖြင့် ခေါင်းမာစွာ ခုခံရန် ဆုံးဖြတ်လိုက်သည်။
မိနစ်ဝက်ခန့်ကြာပြီးနောက်။
လေးထောင့်သေတ္တာလေးတစ်လုံး မြေပြင်ပေါ်၌ လဲလျောင်းနေသည်။ ၎င်း၏ မူရင်းပိုင်ရှင်မှာ ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ပြီ။
ဟုန်ချန်ယဲ့က ၎င်းကို ကြည့်ပင်မကြည့်တော့။ သူသည် ငွေရောင်ဥက္ကာခဲဆီသို့ လျှပ်တစ်ပြက် လျှောက်လှမ်းသွားပြီး စိတ်ကိုတည်ငြိမ်အောင်ထားကာ ရတနာထုတ်ယူခြင်းကို စတင်လိုက်သည်။
ဆယ်စက္ကန့်မျှအကြာတွင် တောက်ပသော ငွေရောင်ဥက္ကာခဲသည် တဖြည်းဖြည်းမှေးမှိန်သွားပြီး သာမန်ကျောက်တုံး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ဒါ..." ဟုန်ချန်ယဲ့က ထုတ်ယူထားပြီးသော ပစ္စည်းများကို စစ်ဆေးနေရင်း နှလုံးသားသည် မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ လှုပ်ရှားရိုက်ခတ်နေလေပြီ။
ဝှစ်ခနဲဆိုသလိုပင် သူ၏ မူရင်းဝတ်စုံ ပျောက်ကွယ်သွားပြီး လျှို့ဝှက်ဆန်းကြယ်မှုနှင့် ခမ်းနားထည်ဝါမှုကို ဖော်ညွှန်းသော ခမ်းနားသည့် ခရမ်းရင့်ရောင် သံချပ်ကာက အစားထိုးဝင်ရောက်လာသည်။ ကျောနောက်ဘက်တွင် ခမ်းနားသော ခရမ်းရောင်မီးတောက်အတောင်ပံ တစ်စုံ ပေါ်လာပြီး အတောင်ပံခတ်လိုက်တိုင်း ကျယ်ပြန့်၍ ပူလောင်သော ချီစွမ်းအင်စီးကြောင်းကို လှုပ်ရှားစေ၏။
သူ၏လက်ထဲတွင်လည်း အနက်ရောင် လှံရှည်တစ်လက်ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးချီဓာတ်မှာ တရှိန်ရှိန်ဖြန့်ကျက်လျက် တိမ်တိုက်များဆီသို့ တည့်တည့်တက်သွားလျက်သား။
ပြည့်စုံသော ဒဏ္ဍာရီလာအဆင့် ဝတ်စုံသည် ထိုက်တန်သောပိုင်ရှင်ထံ ရောက်ရှိလာလေပြီ။
ဟုန်ချန်ယဲ့သည် ဤဒဏ္ဍာရီလာအဆင့် လက်နက်ကိရိယာအစုံအလင်ကို ရရှိပြီးနောက် ပြိုင်ဘက်ကင်းသော စွမ်းအားလှိုင်း တစ်ခုကို ပိုင်ဆိုင်ထားရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏နှုတ်ခမ်းထောင့်များမှာ မထိန်းချုပ်နိုင်စွာ ရူးသွပ်ရွှင်မြူးသည့် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး နောက်ဆုံးတွင် ခေါင်းကို နောက်ပစ်ကာ ခပ်ရိုင်းရိုင်း အော်ဟစ်ရယ်မောလိုက်တော့၏။ "ဟားဟားဟားဟား..."
အမှန်ပင်။
သူကံတက်လာခဲ့လေပြီ။
ငါဟာ ဒီစမ်းသပ်ပွဲရဲ့ နောက်ဆုံးသော အောင်နိုင်သူပဲ!
ဟုန်ချန်ယဲ့သည် ရန်သူတပြုံလိုက်ကို လူသတ်ပွဲဆင်နွှဲခြင်း၊ နောက်ဆုံးသော အောင်နိုင်သူအဖြစ် တစ်ဦးတည်းကျန်ရှိခဲ့ခြင်းနှင့် မသေမျိုးကျွန်း၏ ကျွန်းသခင်သစ်အဖြစ် အမွေခံယူခြင်းတို့အကြောင်း စတင်စိတ်ကူးယဉ်နေပြီဖြစ်သည်။
"နေပါဦး၊ စက်ဝိုင်းအသစ် တစ်ခု ထပ်ပေါ်လာပြန်ပြီလား?"
ရုတ်တရက် ဟုန်ချန်ယဲ့သည် မြေပုံပေါ်တွင် စက်ဝိုင်းအသစ် တစ်ခု ထပ်မံပေါ်ပေါက်လာသည်ကို သတိပြုမိလိုက်၏။ လွတ်ကင်းရာနေရာနှစ်ခုဖြစ်သော ရှုပ်ထွေးဓားချိုင့်ဝှမ်းနှင့် နှင်းခဲလွင်ပြင်တို့သည် သေခြင်းတရားချီဓာတ်၏ လွှမ်းခြုံမှုအောက်တွင် ကျရောက်နေပြီဖြစ်သည်။
စက်ဝိုင်းကြီးမှာ ချီမေ့တောင်တစ်ခုတည်းကိုသာ လွတ်မြောက်ရာနယ်မြေအဖြစ် ကန့်သတ်ထားခဲ့လေ၏!
၎င်းသည် မလွဲမသွေ နဂါးနှင့်ကျား၏ တိုက်ပွဲနေရာဖြစ်ပေလိမ့်မည်!
"ချီမေ့တောင်က ဒီကနေ အလွန်ဝေးကွာပေမယ့် ကံကောင်းလို့ ငါကတော့ ခရီးအကွာအဝေးကို စိတ်ပူနေစရာမရှိတော့ဘူးပဲ"
ဟုန်ချန်ယဲ့က စိတ်ကျေနပ်မိစွာဖြင့် ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထို့နောက် ကျောထက်မှ ခမ်းနားသော ခရမ်းရောင်မီးတောက်အတောင်ပံများအား ပြင်းထန်စွာ ရိုက်ခတ်လိုက်ပြီး တောက်ပသော မီးတောက်များကို ထုတ်လွှတ်လိုက်သည်။
ဝှစ်!
ပျံတက်သွားချိန် စွမ်းအင်ပေါက်ကွဲသံမှာ နားကွဲမတတ်ပင်။
ခရမ်းရင့်ရောင် ပုံရိပ်တစ်ခုသည် အတားအဆီးအားလုံးကို ဖြတ်ကျော်ပြီး ကောင်းကင်သို့ ပျံတက်သွားကာ လျှပ်စီးကဲ့သို့ လှစ်ခနဲပျံသန်းသွားခဲ့၏။
သူသည် ချီမေ့တောင်သို့ ကြိုတင်သွားရောက်ပြီး သေခြင်းတရားချီဓာတ် မသက်ရောက်မီ ရန်သူများအား ချောင်းမြောင်းတိုက်ခိုက်ဖို့ ပြင်ဆင်ထားရန် အစီအစဥ်ရှိသည်။
ဟုန်ချန်ယဲ့ တစ်ဦးတည်းသာမက၊ ကျန်ရှိသော အသက်ရှင်ကျန်ရစ်သူ သုံးဆယ့်ငါးဦးတို့သည်လည်း မြေပုံပြောင်းလဲမှုများကို မြင်သောအခါ ချီမေ့တောင်သို့ အားလုံး ဦးတည်ပြေးဆင်းသွားကြသည်။ ချီမေ့တောင်သည် ရှင်ကျန်သူတို့၏ နောက်ဆုံးတိုက်ပွဲမြေ ဖြစ်လာမည်မှာ သံသယဝင်စရာမလိုလောက်အောင် ရှင်းလင်းပါ၏။
မြေပုံပေါ်၌ ချီမေ့တောင်နှင့် မြူခိုးတောနက်တို့၏ ဆုံမှတ်တွင် လျှို့ဝှက်ဧရိယာတစ်ခုရှိပြီး မည်သူမျှ မသိကြသလောက်ပင်။
ဗုံး!
သိပ်သည်းသော မိုးပြာရောင် လျှပ်စီးတစ်သွယ် ကျဆင်းလာသည်။ အထူးစွမ်းအားဖြင့် ဖြည့်သွင်းထားသလို သာမန်လျှပ်စီးများနှင့် မတူထူးကဲကာ ကျောက်ဂူကို စောင့်ကြပ်နေသော သံချပ်ကာသားရဲအား တိုက်ရိုက်ထိမှန်သွားတော့၏။
သံချပ်ကာသားရဲခမျာ ချက်ချင်းပင် အသွေးအသားတို့ ပေါက်ကွဲပြဲထွက်ကာ သွေးချင်းချင်းနီလျက် ထိုဒဏ်ရာများကို ထပ်ဆင့်မီးလောင်ကျွမ်းသော မီးခိုးလုံးများပါ ထွက်ပေါ်လာသည်။
၎င်းသည် နာကျင်ပူလောင်စွာ ဟိန်းဟောက်လိုက်၏။ သွေးနီရောင် မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေသည်။ ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို တရွတ်ဆွဲလှုပ်ရှားကာ မြေပြင်ထက် လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဗုံး!
အနက်ရောင်ဝတ် လူငယ်သည် အနောက်သို့ ဆယ်ပေခန့်လျှောတိုက်သွားပြီး ခြေနှစ်ဖက်နေရာတွင် နက်ရှိုင်းသော မြောင်းနှစ်ခုအား ပေါ်ထွန်းလာစေသည်အထိ။ သူ၏ ဓားသွားကဲ့သို့ မျက်ခုံးများမှာ နားထင်သို့ ကော့တက်နေပြီး ကြယ်တံခွန်ကဲ့သို့ တောက်ပသောမျက်လုံးများ ရှိကာ သူ၏ ချောမောသော မျက်နှာတွင် စိတ်အနှောင့်အယှက်ဖြစ်သွားသည့် အမူအရာ တစ်ခု ပေါ်လာသည်။
သူ၏ခေါင်းပေါ်တွင် စာလုံးမည်းကြီးများဖြင့် စာကြောင်းတစ်ကြောင်း ပျံဝဲနေပြီး မိမိဂုဏ်ပုဒ်အား တစ်ကမ္ဘာလုံး မသိသိအောင် ကြေညာနေသကဲ့သို့ပင်- ကျွန်ုပ်သည် နတ်ဘုရားဖြစ်နိုင်သော အလားအလာရှိသူ!
ဤသူမှာ ချန်ရှောင်း၊ ယွီဟွားဂိုဏ်း၏ ဦးစားပေးခံသားတော် ဖြစ်သည်။