အခန်း (၂၈၉)
Vol. 21 Ch. 289
ချန်ရှောင်းသည် မြေပုံထဲသို့ ဝင်ရောက်ပြီးနောက် ဆင်းသက်သည်နှင့် ချက်ချင်းပင် တိတ်တဆိတ် တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။ အလင်းတန်းများကို စုဆောင်းနေစဉ် သူသည် လျှို့ဝှက်ဆန်းကြယ်သော သားရေမြေပုံ တစ်ခုအား မတော်တဆ ကောက်ရမိခဲ့၏။ ၎င်းတွင် ပိကျီးကျွန်းကို ဒေသခြောက်ခုအဖြစ် ပိုင်းခြားထားသည်အား အသေးစိတ်ဖော်ပြထားသည်။ သူ အစပိုင်းတွင် အသုံးမဝင်သောအမှိုက်တစ်စဟု ထင်ခဲ့သော်လည်း ပိုမိုနီးကပ်စွာ ကြည့်ရှုစစ်ဆေးလိုက်သောအခါ အံ့အားသင့်စရာ အချက်တစ်ချက် ပါဝင်နေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ၎င်းမြေပုံတွင် ချီမေ့တောင်နှင့် မြူခိုးတောနက် အကြားရှိ လျှို့ဝှက်ဧရိယာ တစ်ခုကို အသေးစိတ် မှတ်သားဖော်ညွှန်းထားသောကြောင့်ဖြစ်သည်။ အများသုံးမြေပုံတွင် လုံးဝပြသမထားသော နေရာအမည်တစ်ခုပင်။
သားရေမြေပုံပေါ်တွင် ၎င်းကို နဂါးဂူ ဟု ခေါ်ဆိုထားသည်!
ပါဝင်သော မှတ်တမ်းများအရ နဂါးဂူ အတွင်း၌ ရှေးဟောင်း နတ်နဂါးတစ်ပါး ချန်ရစ်ခဲ့သော လျှို့ဝှက်အမွေအနှစ် တစ်ခု ရှိသည်ဟု ဆို၏။ အကယ်၍ ထိုလျှို့ဝှက်အမွေအနှစ်ကို အောင်မြင်စွာ ရှာဖွေတွေ့ရှိပါက ကျွန်းပေါ်ရှိ သက်ရှိအားလုံးထက် သာလွန်သော နတ်နဂါးစွမ်းအား တစ်စိတ်တစ်ပိုင်းကို ရယူနိုင်မည်ဖြစ်သည်။
ချန်ရှောင်းသည် ထိုအချင်းအရာကို မြင်မြင်ချင်း အလွန်စိတ်လှုပ်ရှားမိခဲ့၏။ အဘယ်ကြောင့်ဆိုသော် နဂါးဂူ၏ တည်နေရာနှင့် တည်ရှိမှုကို သားရေမြေပုံ ကိုင်ဆောင်ထားသူများသာ သိနိုင်သောကြောင့်ပင်။
သားရေမြေပုံ ရရှိခြင်းသည် နဂါးဂူ၏ လျှို့ဝှက်အမွေအနှစ် သော့တံကို ပိုင်ဆိုင်ခြင်းသာဖြစ်၏။ သူမှလွဲ၍ တခြားမည်သူမျှ ဤတည်နေရာကို မသိရှိထားကြပေ!
ထို့ကြောင့် ချန်ရှောင်းသည် သားရေမြေပုံပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာခရီးဆက်ရင်း ဤလျှို့ဝှက်ဆန်းကြယ်သော ဧရိယာကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ခရီးလမ်း အလွန်ကွေ့ပတ်ခက်ခဲလှပြီး လမ်းတစ်လျှောက်ရှိ သားရဲကောင်များကိုလည်း အတော်လေးရှင်းလင်းခဲ့ရသည်။
ကံကောင်းထောက်မစွာ နဂါးဂူ၏ ဝင်ပေါက်ကို သူ ရှာဖွေတွေ့ရှိခဲ့သည်။ ချန်ရှောင်း စိတ်လှုပ်ရှားစွာ ဝင်ရောက်ရန် ပြင်ဆင်နေစဉ် ဝင်ပေါက်ကို စောင့်ကြပ်နေသော သံချပ်ကာသားရဲ ထွက်ပေါ်လာပြီး သူ့ကို တားဆီးလိုက်သည်။ ရွေးချယ်စရာမရှိတော့သဖြင့် ချန်ရှောင်းသည် ၎င်းနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုအား ဆင်နွှဲရတော့၏။
"ချီးပဲ! ငါ့ရဲ့ ပြစ်ဒဏ်ဓားချက်နဲ့ အထိခံရပြီးတာတောင် မသေသေးဘူးလား?!"
ပြင်းထန်စွာ ဒဏ်ရာရရှိထားသော သံချပ်ကာသားရဲကို ကြည့်ရင်း ချန်ရှောင်း ဒေါသဖြင့် အံတင်းတင်းကြိတ်လိုက်သည်။
ပြစ်ဒဏ်ဟု အမည်ရသော ထိုမှော်အဆောင်သည် သားရဲများကိုတိုက်ခိုက်ရန် သီးသန့်အသုံးပြုရသောအရာပင်။
ချန်ရှောင်းသည် ၎င်းကို တယုတယသိမ်းဆည်းကာ ပေါ့ပေါ့ဆဆ မသုံးရဲခဲ့ပေ။ ခရမ်းရောင် ရှားပါးအဆင့် လက်နက်ကိရိယာ အစုံအလင်ဖြင့် နှိုင်းယှဉ်နိုင်သော ဤအားကြီးလှသည့် သံချပ်ကာသားရဲ ကို တွေ့ဆုံသောအခါမှသာ အသက်ရှင်ရေးအတွက် အသည်းအသန်ဖြစ်လာ၍ အသုံးပြုခဲ့ရခြင်းပင်။
သို့သော် ဤသံချပ်ကာသားရဲသည် ပြစ်ဒဏ်ဓားချက်ကို ခံယူပြီးနောက်တွင်ပင် ဤမျှ မာကျောစွာ အသက်ရှင်နေလိမ့်ဦးမည်ဟု မည်သူ ထင်မည်နည်း!
သွေးများရဲရဲနီနေသော သံချပ်ကာသားရဲသည် သားကောင်ကို ခုန်အုပ်တော့မည့် ကျားရဲတစ်ကောင်၏ ကိုယ်ဟန်အနေအထားဖြင့် အရှေ့မှ အနက်ရောင်ဝတ် ပုံရိပ်ကို စူးစိုက်ကြည့်ပြီး ခြေလေးချောင်းလုံးပစ်လျက် ခုန်ဝင်လာသည်။
"ဝေါင်း!"
မကောင်းဆိုးဝါးချီဓာတ်က သူ့ကို တိုက်ခိုက်လာသည်။
ချန်ရှောင်း အံတင်းတင်းကြိတ်ကာ တောင့်ခံသည်။ သူ နောက်မဆုတ်လိုပေ။
နဂါးဂူ ဝင်ပေါက်သည် သူ၏မျက်စိရှေ့တွင် တည်ရှိနေပြီဖြစ်ပြီး နတ်နဂါးစွမ်းအားက သူအမွေဆက်ခံလာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။ အကယ်၍ သူသာ ထိုရတနာသိုက်အား အောင်မြင်စွာ ရယူနိုင်ပါက နောက်ပိုင်းတိုက်ပွဲများတွင် ပြိုင်ဘက်ကင်းစွမ်းအားတန်ခိုးရှင်တစ်ပါးအဖြစ် သူသည်သာ နောက်ဆုံး အသက်ရှင်ကျန်သူ ဖြစ်လိမ့်မည်!
မသေမျိုးကျွန်းသခင်အဖြစ် အမွေဆက်ခံရန် သူ သန္နိဋ္ဌာန်ချထားသည်!
"ငါ ချန်ရှောင်းဟာ ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသူပဲ! ငါ့ရဲ့ တက်လှမ်းမှုကို မည်သူမျှ တားဆီးနိုင်မည်မဟုတ်!!!"
ချန်ရှောင်း ဟိန်းဟောက်ကြွေးကြော်လိုက်သည်။ သူ၏ကိုယ်ခန္ဓာတွင် စီးဆင်းနေသောသွေးများ ဆူပွက်လျက်ရှိ၏။ သံချပ်ကာသားရဲ၏ ဒေါသတကြီး ခုန်အုပ်မှုကို ရင်ဆိုင်လျက် ဖြတ်ထိုးဉာဏ်ဖြင့် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ လက်နှစ်ဖက်ကိုပူးလျက် တောက်ပသော ဓားအလင်းတန်းတစ်သွယ်ကို စုစည်းလိုက်ရင်း လျှောတိုက်ကာ ရှေ့သို့ ပြေးဝင်သွားပြီး လင်းလက်တောက်ပသော ဓားသွားဖြင့် ချပ်ကာသားရဲ၏ ဝမ်းဗိုက်ကို လှီးဖြတ်လိုက်သည်။
ရွှပ်~!
သံချပ်ကာသားရဲသည် တောင့်မခံနိုင်တော့စွာ လဲကျသွားရ၏။ သူ၏ ပေါက်ပြဲနေသော ဝမ်းဗိုက် မှ သွေးများ စီးထွက်လာပြီး ရှိပြီးသား မီးလောင်ဒဏ်ရာများကို ပိုမိုဆိုးရွားစေသည်။
"အော်ရိုရာကျင့်စဥ်!" ချန်ရှောင်း လျင်မြန်စွာ ထရပ်လိုက်ပြီး လက်ကိုမြှောက်ကာ လက်သင်္ကေတတစ်ခုဖြင့် နှင်းဖြူရောင်သက်တံ့ ဒါဇင်များစွာကို ထုတ်လွှတ်လိုက်ကာ သံချပ်ကာသားရဲကို အနားမပေးဘဲ တရစပ် တိုက်ခိုက်လိုက်သည်။
ဗုံး ဗုံး ဗုံး ~
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် သံချပ်ကာသားရဲ လဲကျသေဆုံးသွားသော မြေပြင်တွင် ထူထပ်သော အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။ ထိုအလင်းတန်းများတွင် ကျင့်စဥ်များ၊ မှော်အဆောင်များ၊ ဆေးလုံးများနှင့် အခြားပစ္စည်းများစွာလည်း ပါဝင်၏။
"ဟမ့်၊ မင်း ခုခံလို့ ဒီလိုလုပ်ရတာပဲ!" ခြိမ်းခြောက်မှုကြီး ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ချန်ရှောင်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး အေးစက်စက် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။
အလင်းတန်းများကို ကောက်ယူစုဆောင်းပြီးနောက် ချန်ရှောင်းသည် သူ၏စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ နဂါးဂူထဲသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
နဂါးဂူ၏ အတွင်းပိုင်းသည် ကျယ်ပြောလှပြီး လျှို့ဝှက်ဆန်းကြယ်သော အံ့ဖွယ်နေရာတစ်ခုဖြစ်သည်။ ထုံးကျောက်ဂူတစ်လုံးနှင့် ဆင်တူသလို ခံစားချက်ပေး၏။
ကွေ့ကောက်သော လမ်းကြောင်းများကို ဖြတ်သန်းပြီး ချန်ရှောင်းသည် ဂူတွင်း အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရှိလာသည်။ သူ့ရှေ့တွင် ထူးဆန်းသော ဘဲဥပုံကျောက်တုံးတစ်ခု ရှိနေပြီး နဂါး၏ စွမ်းအားအငွေ့အသက်များကို ထုတ်လွှတ်နေကာ အနားကပ်လာသောသူကို အလိုလိုကြောက်စိတ်ဝင်အောင် ခြိမ်းခြောက်နိုင်၏၊
ချန်ရှောင်း တွန့်ဆုတ်စွာ လက်လှမ်းတင်လိုက်သည်။ ထိုစဥ် ထူးဆန်းသော ကျောက်တုံးသည် တောက်ပသော နတ်ဘုရားအလင်းဖြင့် ပေါက်ကွဲထွက်လာပြီး အကန့်အသတ်မရှိသော စွမ်းအားစီးကြောင်းတစ်ခုက သူ၏လက်ဖဝါးမှတစ်ဆင့် ကိုယ်ခန္ဓာထဲသို့ စီးဝင်လာသည်။ ချန်ရှောင်းသည် သူ၏တစ်ကိုယ်လုံးမှ သွေးများဆူပွက်နေသည်ကို ခံစားရပြီး မျက်လုံးများလည်း တောက်ပလာ၏။
သူ၏ ဒန်ထျန်ကို ပြန်လည်ဆင်ခြင်ကြည့်လိုက်သော် ရွှေရောင်လုံးတစ်လုံး ပျံဝဲနေသည်ကို တွေ့ရသည်။ ထိုအလုံးထဲတွင် ကွေ့ကောက်နေသော နဂါးပုံစံ ချီဓာတ်စီးကြောင်းတစ်ခု ပါဝင်ပြီး လျှို့ဝှက်ဆန်းကြယ်၍ မြင့်မြတ်သော အရှိန်အဝါတစ်ခုရှိ၏။
ချန်ရှောင်းသည် နတ်နဂါးစွမ်းအား တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့ပြီဖြစ်သည်။ ဤရွှေရောင်လုံး ကို အသက်သွင်းလိုက်သည်နှင့် စွမ်းအားမြှင့်တင်မှုများကို အကန့်အသတ်မရှိ ရယူနိုင်ပြီး သူ၏တစ်ကိုယ်လုံးသည် ချက်ချင်း အံ့မခန်းလောက်အောင် အစွမ်းထက်လာလိမ့်မည်။
"ရှားပါးအဆင့် လက်နက်ကိရိယာအပြည့်အစုံ ရှိတဲ့ကောင်တွေလောက်တော့ ငါ ချန်ရှောင်းက လက်ဗလာနဲ့တောင် ရိုက်သတ်လို့ရပြီ။ ဒဏ္ဍာရီလာအဆင့် ဝတ်စုံ ရှိတဲ့သူတောင် ငါ့ရှေ့မှာဆို ဘယ်လောက်ကြာအောင် တောင့်ခံနိုင်ဦးမတဲ့လဲ!"
"ငါက ပြိုင်ဘက်ကင်းစွမ်းအားရှင်ပဲ!!!"
ချန်ရှောင်းသည် အောင်ပွဲခံသည့် တဟားဟား ရယ်မောသံကို ထုတ်လွှတ်လိုက်သည်။ ဆံပင်များက သူရဲကောင်းဆန်ဆန် လေထဲတွင် လွင့်မျောနေပြီး အပြီးသတ်အောင်နိုင်သူဖြစ်လာမည့် မြင်ကွင်းအား ကြိုတင်မြင်ယောင်မိနေ၏။
သူသည် မသေမျိုးကျွန်း၏ ကျွန်းသခင်အသစ် ဖြစ်လာတော့မည်!
"ချီမေ့တောင် ဟုတ်လား? ငါ ချန်ရှောင်း အဲဒီမှာ လူသတ်ပွဲဆင်နွှဲပစ်မယ်။" ချန်ရှောင်းသည် ကိုယ်ခန္ဓာအတွင်းရှိ နတ်နဂါးစွမ်းအား အနည်းငယ်ကို အသက်သွင်းလိုက်သော် သူ၏နဖူးမှ နဂါးချိုနှစ်ချောင်း ပေါ်ထွက်လာပြီး နောက်ကျောမှ ရွှေရောင်နဂါးအမြီး ထွက်လာသည်။ လျှပ်စီးကဲ့သို့ မျက်လုံးများဖြင့် နတ်နဂါးစွမ်းအားရှင်ကား အံ့မခန်း ခမ်းနားထည်ဝါလှ၏။
ဝှစ်!
လူမကျ သားရဲမကျ ပုံရိပ်သည် နဂါးဂူမှ ထွက်ခွာပျောက်ကွယ်သွားသည်။
နဂါးဂူ အပြင်ဘက်တွင် တောက်ပသော ရွှေရောင်အလင်းတန်း တစ်ခု ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ထိုအလင်းတန်းမှာ စိတ်ကူးပင်မယဉ်နိုင်သော အရှိန်ဖြင့် ချီမေ့တောင်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလေတော့၏။