← Chapters

တိုက်ပွဲနယ်မြေ

Vol. 21 Ch. 290

တိုက်ပွဲနယ်မြေ

Vol. 21 Ch. 290

ပိကျီးကျွန်း၏ ပွက်လောရိုက်နေသော အခြေအနေကြားတွင် မသေမျိုးအရှင်တစ်ပါးကဲ့သို့ ပုံသဏ္ဌာန်ရှိသည့် တာအိုကျင့်ကြံသူတစ်ဦးသည် သူ၏ခြံဝန်းထဲတွင် ရပ်လျက် ရေကန်ထဲ၌ ပေါ်ထွန်းနေသည့် မြင်ကွင်းအမျိုးမျိုးကို ဂရုတစိုက် လေ့လာနေသည်။

"ဟင်? ငါ အဲဒီတုန်းက တမင်တကာ ချန်ထားခဲ့တဲ့ နည်းလမ်းကို တကယ်ကြီးရှာတွေ့တဲ့သူ ရှိနေပါလား" ချန်ရှောင်းက နဂါးဂူ ကို ရှာတွေ့ပြီး နတ်နဂါးစွမ်းအားကို ရယူသည်ကို မြင်သောအခါ လျိုဟွမ်းရှု အံ့သြတကြီးဖြစ်သွားရ၏။

နဂါးဂူနှင့် နတ်နဂါးစွမ်းအားမှာ အောင်နိုင်သူဖြစ်ဖို့ ဖြတ်လမ်းတစ်ခုဖြစ်ပြီး သားရေမြေပုံတွင် သဲလွန်စပြထားသော်လည်း ရရှိနိုင်မည့်အခွင့်အရေးကား အလွန်နည်းပါသည်ပင်။

ချန်ရှောင်းက ဤအခွင့်အရေးကို ရယူနိုင်ခြင်းကား သူသည်လည်း ကံကောင်းခြင်းကြီးမားသူ တစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။ ယခုအခါ သူသည် ပိကျီးကျွန်းပေါ်တွင် လက်ရည်တူပြိုင်ဘက်မရှိသလောက်ဖြစ်ပြီး စစ်မြေပြင်ကို လွှမ်းမိုးနိုင်စွမ်း သေချာပေါက်ရှိနေပြီဖြစ်သည်။

"ကျွန်းသခင်အသစ်က သူများဖြစ်မလားလား?" လျိုဟွမ်းရှုမျက်ခုံးများကို ပင့်လိုက်သည်။ သူ၏နှလုံးသားတွင် ထူးဆန်းသော ဆန့်ကျင်မှုတစ်ခုကို ခံစားနေရပြီး ဤကလေးသည် စိတ်သဘောထားမကောင်းလောက် ဟုသောထင်မြင်ချက်တစ်ခု အလိုလိုဝင်ရောက်လာမိ၏။

ပိကျီးကျွန်း။

သေခြင်းတရားကို ဖော်ညွှန်းသည့် သွေးရောင်ချီဓာတ်များ မရေမတွက်နိုင်အောင် လျင်မြန်စွာ ပျံ့နှံ့နေသည်။ ၎င်းတို့ ဖြတ်သန်းသွားရာတိုင်းတွင် အပင်များအားလုံး ခြောက်သွေ့သေဆုံးကုန်ကြပြီး လှပသော တောင်တန်းနှင့် မြစ်ချောင်းများလည်း ၎င်းတို့၏ သက်ဝင်တောက်ပမှုကို ဆုံးရှုံးသွားကြရလေသည်။

သေခြင်းတရားချီဓာတ်သည် ပိုမိုကြီးမားပြင်းထန်လာခဲ့လေပြီ။

ဤတစ်ကြိမ်တွင် ချီမေ့တောင်မှလွဲ၍ ကျန်ဒေသများအားလုံး ဒုက္ခခံစားကြရလိမ့်မည်!

လမ်းတစ်လျှောက်တွင် မီးခိုးရောင်မြည်း တစ်ကောင်သည် တောင်တန်းမြစ်ချောင်းများကို ဖြတ်ကျော်ကာ ချီမေ့တောင်ဆီသို့ လျင်မြန်စွာ ဦးတည်နေသည်။

မြည်းသည် ရိုးရိုးအအပုံစံဖြစ်ပြီး ပုံပန်းသဏ္ဌာန်မှာ သိပ်ဆွဲဆောင်မှုမရှိသော်ငြား ၎င်းသည်လည်း စီးတော်ယာဥ်အစစ်တစ်ခုသာပင်။

၎င်း၏ကျောပေါ်တွင် ပိန်ပိန်ပါးပါး ခေါင်းပြောင်လူသား တစ်ဦး ထိုင်နေသည်။ မျက်နှာပေါက်မှာ ဆိုးသွမ်းညစ်ညမ်းပြီး အလွန် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသော ပြောင်စပ်စပ်မျက်နှာပေးကြောင့် မြင်သမျှလူတိုင်းကို လိုက်လံလှောင်ပြောင်နေသကဲ့သို့။

ဤထူးဆန်းသော ပေါင်းစပ်မှုသည် စစ်မြေပြင်တွင် ထူးထူးခြားခြားကွဲထွက်နေမည်မှာ သေချာ၏။

ခေါင်းပြောင်လူသားသည် သူ၏နောက်ဘက်မှ လှိမ့်ဆင်းလာသော သေခြင်းတရားချီဓာတ် ကို လှည့်ကြည့်ကာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ "အင်း၊ အဆိပ်စက်ဝိုင်းက တကယ်မြန်မြန် ရောက်လာတာပဲ။"

သူသည် မြည်း၏ခေါင်းကို ပုတ်လိုက်ပြီး နည်းနည်းတိုက်တွန်းလိုက်သည်။ "မီးခိုးရောင်လေး၊ မြန်မြန်သွား! ပိုကြိုးစားထား၊ နောက်မှ ငါ မင်းအတွက် မြည်းမ တစ်ကောင် ရှာပေးမယ်!"

မြည်းသည် ခေါင်းကို မြှောက်ကာ မကျေနပ်စွာ ဟစ်အော်လိုက်သည်။ ဆိုလိုသည်မှာ "သခင်ရေ ဒါမြည်းလုပ်နိုင်သမျှ အကုန်ပဲ" ဟူ၍ပင်။

ယဲ့ကျွင်းလင် အကူအညီမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။ ဤစီးတော်ယာဥ်သည် ပုံပန်းသဏ္ဌာန်သာမက အရှိန်အဟုန်မှာလည်း အားသာချက်မရှိလှ။

သာ၍ အစွမ်းထက်သော အဆင့်မြင့် စီးတော်ယာဥ်သာဆိုလျှင် ၎င်း၏အရှိန်မှာ သေချာပေါက် ထိပ်တန်း ဖြစ်လိမ့်မည်!

ရုတ်တရက်။

ငွေရောင်ဥက္ကာခဲ တစ်ခု ကောင်းကင်ကို ဖြတ်သန်းသွားပြီး အံအားသင့်ဖွယ် တိုက်ဆိုင်စွာပင် သူ၏ရှေ့တည့်တည့်သို့ ကျရောက်လာသည်။

ဗုံး!

မှိုပုံသဏ္ဌာန် ဖုန်လုံးတစ်လုံး လေထဲသို့ မြင့်တက်လာသည်။

"အမလေး၊ ဒါ လေကြောင်းတိုက်ခိုက်မှု မဟုတ်ဘူးလား?"

ယဲ့ကျွင်းလင် သိထားသလောက်တော့ ၎င်းသည် လေကြောင်းတိုက်ခိုက်မှုနှင့် ဆင်တူသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး ကောင်းကင်ဘုံရတနာဟု ခေါ်ဆိုကာ ကြီးမားသော အကျိုးကျေးဇူးများစွာ ပါဝင်သည်။

"မီးခိုးရောင်လေး၊ မြန်မြန်!"

မြည်းသည် ရှေ့သို့ အစွမ်းကုန် ပြေးဝင်သွားပြီး ဥက္ကာခဲကျရောက်သည့် နေရာသို့ ရောက်ရှိလာသည်။

ယဲ့ကျွင်းလင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး လက်တင်လိုက်ကာ ထုတ်ယူခြင်းအဆင့်ကို စတင်လိုက်သည်။

ဥက္ကာခဲသည် သူ၏ငွေရောင်တောက်ပမှုကို ဆုံးရှုံးသွားပြီး မှေးမှိန်ကာ ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားတော့၏။

"ရှူး!"

ပါဝင်သော ပစ္စည်းများကို မြင်သောအခါ ယဲ့ကျွင်းလင် အသက်ရှူမှားသွားသည်။

"အိုး၊ ရွှေရောင်ဒဏ္ဍာရီလာ ပစ္စည်းတစ်စုံပဲ ~"

ချီမေ့တောင်။

ဆက်တိုက် တည်ရှိနေသော တောင်တန်းများမှာ လှိုင်းထနေပြီး ခမ်းနားထည်ဝါသည်။ ဤနေရာရှိ ကျောက်တုံးများနှင့် သဲများအားလုံး အနီရောင်ရှိပြီး အပူချိန်မှာ အခြားနေရာများထက် အနည်းငယ် ပိုမြင့်သည်။

တစ်ချိန်တည်းမှာပင် ပုံရိပ်များစွာသည် ဤအဆုံးအဖြတ်တိုက်ပွဲမြေသို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာကြ၏။

စိတ်ဝင်စားစရာမှာ ချီမေ့တောင်တွင် အခြေချပြီးသား ကျင့်ကြံသူများသည် လူတိုင်း၏ အာရုံစိုက်တိုက်ခိုက်မှုကို ရှောင်ရှားရန်အတွက် ပုန်းစရာနေရာများကို အလျင်အမြန်ရှာဖွေကာ ဖြစ်ပျက်နေသော အခြေအနေတစ်ခုလုံးအား လျှို့ဝှက်စွာ စောင့်ကြည့်နေကြသည်။

မမြင်နိုင်သော မျက်လုံးအစုံများစွာက လျှို့ဝှက်စွာ စူးစမ်းထောက်လှမ်းနေကြပြီး သတ်ဖြတ်လိုသော စိတ်ဆန္ဒ အနည်းငယ်က လေထဲတွင် ပျံ့နှံ့နေသည်။

ချီမေ့တောင်သည် နောက်ဆုံးတိုက်ပွဲမြေဖြစ်သည့်အလျောက် ပုံမှန်အားဖြင့် စည်ကားနေသင့်သော်လည်း ယခုမူ သက်ရှိတစ်ကောင်ပင် ရှိမနေသကဲ့သို့ အလုံးစုံ တိတ်ဆိတ်ငြိမ်သက်နေခဲ့လေ၏။

အခြေအနေလေ့လာတတ်သော လိမ္မာပါးနပ်သူများသာ ဤနေရာတွင် လျှို့ဝှက်အန္တရာယ်များ ပြည့်နှက်နေသည်ကို နားလည်ကြပေမည်။

မျက်နှာထွက်ပြမိသူတိုင်းသည် သေချာပေါက် အုပ်စုလိုက်ပစ်မှတ်ထားခံရပြီး ဆိုးရွားစွာ သေဆုံးရလိမ့်မည်!

လူတိုင်း မိမိတို့၏ ဉာဏ်နီဉာဏ်နက်များကို အစီအစဥ်ချနေစဥ် ဝတ်ရုံဖြူဝတ် ပုံရိပ်တစ်ခုသည် ကျားဖြူတစ်ကောင်ကိုစီးလျက် ချီမေ့တောင်ထဲသို့ ဝင်ရောက်လာသည်။

ဤကျားဖြူသည် သုံးမီတာမြင့်ပြီး ဖြူစင်သန့်ရှင်းသော အမွေးများ ရှိသည်။ သူ၏ မိုးပြာရောင်မျက်လုံးများက စူးရှပြင်းထန်ကာ ကျောပေါ်တွင်သယ်ဆောင်လာသော အေးစက်ပြီး ခန့်ညားသော အမျိုးသားမှာ နှင်းဖြူရောင်ဆွတ်ဆွတ် ဝတ်ရုံအား ဝတ်ဆင်လျက် ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲလို့ထားသည်။ သူ၏မျက်နှာထားမှာ တည်ငြိမ်ပြီး ပြိုင်ဘက်ကင်းစွမ်းအားအပြည့်ဖြင့် မျက်လုံးများကို ပိုင်ဆိုင်၏။

သူ၏ခေါင်းပေါ်ရှိ စာလုံးကြီးလေးလုံးဖြစ်သော "ဝတ်ရုံဖြူဝတ် ဓားမသေမျိုး" ဆိုသည်က တကယ့်ကမ္ဘာတွင် သူ၏ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို ကြေညာနေပြီးသား ဖြစ်သည်။

လှည့်ပတ်ဖျားယောင်းခြင်းကင်းသည့် စစ်မှန်သောယုံကြည်မှုပင်။

"အဲဒါ ဓားမသေမျိုး ရွှယ်ဝူဟန် လား?"

မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသူများ နှလုံးသားအခြေမှ အေးစိမ့်သွားကြပြီး ဤသူသည် အားကြီးသော ရန်သူ တစ်ဦးဖြစ်ကြောင်း သိလိုက်ကြရ၏။

"ဟွန့်၊ ဘာကြောက်စရာ ရှိလဲ? ဒီမှာတော့ လူတိုင်းက အတူတူလောက်ပါပဲ။ အနိုင်အရှုံးက တစ်ယောက်ချင်းစီ ရရှိထားတဲ့ ကျင့်စဥ်တွေအပေါ် မူတည်တယ်။ သူက ဒီလောက်ရဲရဲတင်းတင်း ဝင်လာရဲတယ်ဆိုတော့ အုပ်စုလိုက်ဝိုင်းရံခံရတော့မယ် ထင်တယ်။" မလိုမုန်းတီးသည့် ရေရွတ်သံများလည်း ထွက်ပေါ်လာသည်။

ရွှယ်ဝူဟန်တစ်ယောက် ကျားဖြူကိုစီးလျက် ချီမေ့တောင်၏ အထင်ရှားဆုံး ကွင်းပြင်နေရာတွင် လှည့်ပတ်နေခြင်းကို လူတိုင်း မြင်ပြီးကြပြီဖြစ်သည်။

ထို ကြောက်ရွံ့မှုကင်းသော ကိုယ်ဟန်နှင့် ပေစောင်းစောင်းအကြည့်က ကျင့်ကြံသူများစွာကို မကျေမနပ်ဖြစ်စေကာ ထိုအားကြီးသောရန်သူအား ဝိုင်းဝန်းတိုက်ခိုက်အနိုင်ယူလိုစိတ်ဖြင့် စိတ်အားထက်သန်လာစေ၏။

ဘာပဲဖြစ်ဖြစ် ဓားမသေမျိုး တစ်ပါးနှင့် တိုက်ခိုက်ရမည့် အခွင့်အရေးမှာ ဘဝတစ်သက်တာတွင် တစ်ကြိမ်သာ လာမည်မဟုတ်ပါလား!

အတုအယောင်ကမ္ဘာ ဖြစ်နေသည့်တိုင် တိုက်ပွဲတစ်ခုအဖြစ် မှတ်ယူလို့ရဆဲပင်!

ထွက်သွားပြီးနောက် သူငယ်ချင်းမိတ်ဆွေများနှင့် မိသားစုကို "ငါ တကယ့်ဓားမသေမျိုးတစ်ပါးနဲ့ တိုက်ခိုက်ခဲ့တယ်၊ လုံးဝအကြိတ်အနယ်ပဲ..." ဟု ကြွားဝါနိုင်ပေမည်။

ရွှယ်ဝူဟန်သည် ပါးနပ်သော အာရုံခံနိုင်စွမ်းဖြင့် လူအချို့က သူ့ကို လျှို့ဝှက်စွာ စူးစမ်းထောက်လှမ်းနေသည်ကို သိရှိထားပြီး လေထဲရှိ သတ်ဖြတ်လိုသော စိတ်ဆန္ဒ ပိုမိုပြင်းပြလာသည်ကိုလည်း သတိထားမိ၏။

အုပ်စုလိုက် တိုက်ခိုက်ခံရတော့မည်မှာ ဖြစ်နိုင်ချေအတော်များသည်။

သို့သော် ရွှယ်ဝူဟန်က လုံးဝဂရုမစိုက်ဘဲ ကျားဖြူကိုစီးလျက် လှည့်ပတ်ကာ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေသည်။

ရုတ်တရက်။

ကြည်လင်သော အော်သံတစ်ခု ကောင်းကင်ကို ထိုးဖောက်သွားပြီးနောက် ရွှင်မြူးသွက်လက်သည့် ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။ အသံကို မှန်းဆကြည့်ခြင်းအားဖြင့် ချစ်စရာကောင်းသော မိန်းမပျိုလေးတစ်ဦးသာ ဖြစ်မည်။

"ဘယ်သူလဲ?"

လူတိုင်း အံ့အားသင့်စွာ လှည့်ကြည့်လိုက်ကြရာ သူတို့၏အမူအရာများ ချက်ချင်း ထူးဆန်းသွားသည်။

ဧရာမ သိမ်းငှက်ကြီးပေါ်တွင် လက်ပိုက်ရပ်နေသော ကြွက်သားအပြည့်နှင့် မမလေးကို မြင်လိုက်သောအခါ တည်ငြိမ်လှပါသည်ဆိုသော ရွှယ်ဝူဟန်၏ နှုတ်ခမ်းများပင် မသိမသာ တုန်ယင်သွားရ၏။

သူလို သဘောထားကြီးမားသူပင် ဤပုံပန်းသဏ္ဌာန်မှာ အလွန်မသင့်လျော်လှဟု ခံစားနေရသည်။

ဧရာမ သိမ်းငှက်ကြီးသည် လေထဲတွင် အတောင်ပံများကို တဖျတ်ဖျတ်ခတ်နေသည်။ ခိုင်မာထွားကြိုင်းပြီး သံမျှော်စင်ကဲ့သို့ တောင့်တင်းသောကိုယ်ခန္ဓာနှင့် ချစ်စဖွယ်မျက်နှာ ရှိသော မိန်းကလေးက အောက်ရှိ ဝတ်ရုံဖြူဝတ် အမျိုးသားကို စိတ်ဝင်တစား ပြောလိုက်သည်။ "ဟဲဟဲ၊ ခင်ဗျားစီးတော်ယာဥ်က အတော်လေးမိုက်သားပဲ"

ရွှယ်ဝူဟန် ပေါ့ပါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။ "ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။"

ဤကျားဖြူသည် အဆင့်မြင့် စီးတော်ယာဥ်တစ်စင်းဖြစ်ပြီး သခင်ဖြစ်သူကို တိုက်ပွဲတွင် အကူအညီပေးနိုင်သော တိုက်ခိုက်ရေးသမားတစ်ဦးလည်းဖြစ်၏။

"ဒါပေမယ့် ငါ့ ဧရာမသိမ်းငှက်ကြီး က မင်းကျားထက် ပိုကြီးတယ်!" ပြောရင်းဆိုရင်း ကြွက်သားမမလေးက သူမ၏ရင်ဘတ်ကြွက်သားများကို ဂုဏ်ယူစွာ တတွန့်တွန့်လှုပ်ကာ အောင်ပွဲခံလိုက်သည်။

"အမ်..." ရွှယ်ဝူဟန် ဆွံ့အသွားရသည်။

ရောက်ရှိလာသော ကြွက်သားမမလေး လီဝူကျယ်ပင် ဖြစ်သည်။

မသင့်လျော်သော စကားဝိုင်းကို အဆုံးသတ်ပြီးနောက် လီဝူကျယ်က တမင်တကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။ "ကောင်းပြီ၊ မင်းတို့အကုန် ပုန်းနေကြတာပဲ!"

ဝှစ်!

လီဝူကျယ်က ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး အရှိန်အဝါကြီးစွာသော အသံဖြင့် အော်လိုက်သည်။ "ငါ အမုန်းဆုံးက ကောက်ကျစ်တဲ့ မြေအောင်းကြွက်တွေပဲ! မင်းတို့ ထွက်မလာချင်ဘူးဆိုရင် ငါကပဲ ဒုက္ခခံပြီး တစ်ယောက်ချင်းစီ လိုက်ရှာရတော့မှာပေါ့!"

စကားဆုံးသည်နှင့်။

လေထဲရှိ သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် ရုတ်တရက် ဆူပွက်ထိုးတက်လာတော့၏။

ချီမေ့တောင်တွင် ပုန်းအောင်းနေသော ကျင့်ကြံသူများသည် ကြွက်သားမမလေး ၏ မာနထောင်လွှားမှု တွင် ဒေါသပေါက်ကွဲကုန်ကြလေပြီ။

ရွှယ်ဝူဟန်ကဲ့သို့ ဓားမသေမျိုးတစ်ပါး မာနထောင်လွှားခြင်းကို နားလည်ပေးနိုင်သော်လည်း ဤမျှ ထူးခြားသော ပုံပန်းသဏ္ဍာန်ဖြင့် မိန်းကလေးတစ်ဦးက ရဲရဲဝံ့ဝံ့ မာန်တက်ထောင်လွှားနေသည်ကိုတော့ သူတို့သည်းမခံနိုင်ကြတော့ပေ။

ချက်ချင်းပင် လူအများ စတင်လှုပ်ရှားလာကြသည်။

ချီမေ့တောင်တွင် လူသုံးဆယ်ထက်မက ပုန်းအောင်းနေကြသည်ပင်။ ၎င်းတို့ စုဝေးမိပါက အလွန်အားကြီးသော အင်အားစု ဖြစ်လိမ့်မည်။

ရှားပါးလက်နက်ကိရိယာအပြည့်အစုံနှင့် မြေကမ္ဘာအဆင့် ကျင့်စဥ်များစွာကို ကျွမ်းကျင်သော အားကြီးသော ပုဂ္ဂိုလ်တစ်ဦးပင် ထိုအုပ်စုကြား ပိတ်မိသွားပါက သေချာပေါက် သေရလိမ့်မည်!

ယခု လီဝူကျယ်၏ စကားများသည် လူအများ၏ ဒေါသကို နှိုးဆွလိုက်ပြီး လူတိုင်းသည် ဤကြွက်သားမမလေးကို ဦးစွာဖယ်ရှားဖို့ ပူးပေါင်းသင့်လျှင် ပူးပေါင်းကြပေတော့မည်။

ကြွက်သားမမလေး ဓားကို ဝှေ့ယမ်းကာ အော်ဟစ်နေသည်ကို ကြည့်ရင်း ရွှယ်ဝူဟန် တောင့်ခဲလျက် ရပ်တန့်သွားသည်။ သူ၏မျက်လုံးများတွင် လေးစားမှု အရိပ်အယောင် ပေါ်လာသည်။ သူမ၏ပုံပန်းသဏ္ဌာန်မှာ မသင့်လျော်သော်လည်း ရှင်းပြမရအောင်ပင် သူ့ကို အကြိုက်တွေ့စေ၏။

သူမသည် ရဲရင့်သည်၊ ပွင့်လင်းသည်။ နှုတ်ရွှင်ကာ စကားလုံးများကိုလည်း ဟာသဆန်ဆန်အသုံးပြုတတ်သည်။

ဤမျှ ရဲရင့်၍ ဆိုးသွမ်းသော ကောင်မလေးသည်ကား အပြင်လောကတွင် မည်သူများဖြစ်လိမ့်မည်နည်းဟု သူတွေးမိလာ၏။

ရွှယ်ဝူဟန်သည် ကြွက်သားမမလေး၏ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာအပေါ် မကြုံစဖူး စူးစမ်းလိုစိတ် တစ်ခုအား စတင်ခံစားလာရသည်။

သူမနှင့် ခင်မင်သိကျွမ်းချင်မိသည်။

All Chapters