← Chapters

ချီမေ့တောင်ပေါ်က တိုက်ပွဲ

Vol. 21 Ch. 291

ချီမေ့တောင်ပေါ်က တိုက်ပွဲ

Vol. 21 Ch. 291

"အိုး၊ မင်းကငါ့ကို ဘယ်လိုမျက်လုံးမျိုးတွေနဲ့ ကြည့်နေတာလဲ? စီးချင်းထိုးဖို့ စိန်ခေါ်ချင်တာလား?"

သူမကို ရွှန်းရွှန်းစားစားကြည့်နေသော ဝတ်ရုံဖြူဝတ် အမျိုးသားကို သတိထားမိလိုက်သောအခါ ကြွက်သားမမလေးသည် သူမ၏ဓားရှည်ကို မြှောက်ကာ အဝေးမှ ချိန်ရွယ်လိုက်၏။ မေးစေ့ကို မာန်ပါပါမော့ထားသည့်ဟန်မှာ မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်းမရှိကြောင်း ဖော်ပြနေသကဲ့သို့။

ဓားမသေမျိုးဂုဏ်ပုဒ်ရှင် နှင့် အတုအယောင်ကမ္ဘာတွင် ယှဉ်ပြိုင်တိုက်ခိုက်ရမည့်အရေးအား ဓားကျင့်ကြံသူတစ်ဦးဖြစ်သည့် လီဝူကျယ်လည်း အတော်လေးစိတ်ဝင်စားမိသားပင်။

သူမ ထိုစကားပြောလိုက်သည်နှင့် ချီမေ့တောင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

လူတိုင်းက လှောင်ရယ်မိလိုက်ကြသည်။ ဤထူးဆန်းသောမိန်းမပျိုကား ကိုယ့်သေတွင်းကိုယ်တူးလေပြီ ဟူသောအတွေးကိုယ်စီဖြင့်။ ဝတ်ရုံဖြူဝတ် အမျိုးသားကို မည်သူမှန်းမရိပ်မိ၍ ဤမျှ မလေးမစား ပြောရဲခြင်းပေလား?

ထိုသူသည် မကြာသေးခင်ကမှ အဆင့်တက်ထားသော ဓားမသေမျိုးတစ်ပါးဖြစ်သည်။ စိတ်ဓာတ်အဆင့်အတန်းက မိုးထိတက်နေမည့်ကာလဖြစ်ပေရာ အငယ်တန်းကျင့်ကြံသူတစ်ဦးက ရန်စကားစသည်ကို မည်သို့ ခွင့်လွှတ်နိုင်မည်နည်း။

အတွေးများစွာဖြင့် လူတိုင်းသည် စိတ်ထဲရှိသတ်ဖြတ်လိုစိတ်ကို ဖိနှိပ်ထားကာ ပွဲကြည့်ဖို့အလေးသာနေကြသည်။ ဤအခွင့်အရေးကို အသုံးချကာ တောင်ပေါ်မှ ကျားချင်းတိုက်ပွဲကို လေ့လာကြည့်ရှုပြီး ရွှယ်ဝူဟန်၏ ခွန်အားအစစ်အမှန်အား ထပ်မံသိရှိနိုင်ဖို့ စိုင်းပြင်းထားကြ၏။

မည်သူမျှ မထင်မှတ်ထားသည်မှာ ရွှယ်ဝူဟန်သည် ကြွက်သားမမလေး၏ မာနထောင်လွှားသော ရန်စကားကို စိတ်ဆိုးစိတ်ခုခြင်း အလျဥ်းမရှိသည်ပင်။

သူသည် ကျားဖြူပေါ်တွင် တင်ပျဥ်ချိတ်ထိုင်လျက် သိမ်းငှက်ကြီးပေါ်တွင် ရင်ကော့ရပ်နေသော ကြွက်သားမမလေးကို ဟန်မပျက်ဆက်ကြည့်နေသည်။ ထို့နောက် အကြံတစ်ခုပေါက်သွားဟန်ဖြင့် အလေးအနက်ဖိတ်ခေါ်လိုက်၏။ "တာအိုမိတ်ဆွေက ကျုပ်နဲ့စိတ်သဘောထားတိုက်ဆိုင်သားပဲ။ ကျုပ်တို့အတူပူးပေါင်းပြီး ဒီတောင်ပေါ်က မြေအောင်းကြွက်တွေကို ရှာဖွေရှင်းထုတ်ကြရင်ရော?"

ဗုံး!

တိတ်ဆိတ်နေခဲ့သော ချီမေ့တောင်တစ်ခုလုံး ချက်ချင်းပင် ဆူပွက်နေသော သတ်ဖြတ်လိုသောစိတ်ဖြင့် ပေါက်ကွဲထွက်လာသည်။ သူတို့အားလုံး မထင်မှတ်ထားချိန်၌ ရေခဲလှောင်ကန်ထဲ ကန်ချခံလိုက်ရသလိုပင်။

အရိပ်ထဲတွင် ပုန်းအောင်းနေသော ပါဝင်သူများသည် ထိတ်လန့်ခြင်းနှင့်အတူ ဒေါသလည်းထွက်နေကြသည်။ ရွှယ်ဝူဟန်သည် သူ၏ ဂုဏ်သိက္ခာကို အရေးမထားဘဲ ထိုကြွက်သားမမလေးအပေါ် မျက်နှာလုပ်ချင်ဇောဖြင့် မိမိကိုယ်ကိုယ် ဆန္ဒအလျောက် နှိမ့်ချလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ခုနကပဲ တိုက်ပွဲတစ်ခု ထဖြစ်တော့မလို အခြေအနေ တင်းမာနေခဲ့တာမဟုတ်လား?

လီဝူကျယ် ကြက်သေသေသွားသည်။ ထို့နောက် ခေါင်းကိုကုတ်လျက် စဥ်းစားခန်းဝင်၏။ ဤလူသည် တော်တော်လေး ရိုးသားပြီး သူထင်ထားသလောက် မာနမကြီးပေ။

တစ်ဖက်က ပြေရာပြေကြောင်း ညှိနှိုင်းလာသည့်အတွက် သူလည်း ငြင်းပယ်၍မဖြစ်။

မည်သို့ပင်ဖြစ်စေ ဤသို့ အဆင့်မြင့်စွမ်းအားရှင်နှင့် တစ်သားတည်းပူးပေါင်းနိုင်ခြင်းသည် မည်သူ့မဆို ဂုဏ်ယူမိစေမည့် ကောင်းချီးတစ်ခုပင်!

"မင်း ဒီလို ရိုးသားနှိမ့်ချတာကို မြင်လို့ ပူးပေါင်းဖို့သဘောတူတယ်၊ ဒါပေမယ့် တစ်ခုကြိုပြောထားမယ်၊ ငါ့ကို နောက်ကွယ်ကနေ လှည့်စားဖို့ ကြိုးစားရင် ငါကညှာပေးနေမှာမဟုတ်ဘူး။ အဲ့ကျမှ နောင်တမရပါနဲ့!" လီဝူကျယ်က သူ၏ဓားမကြီးကို ပခုံးပေါ်တင်ကာ မျက်စောင်းထိုးပြီး သတိပေးလိုက်သည်။

ပြောစရာရှိသမျှ ပြောပြီးသည်နှင့် သူသည် မယုံနိုင်လောက်အောင် လန်းဆန်းသွားသလို ခံစားရ၏။ ခန္ဓာကိုယ်တစ်ခုလုံးရှိ ချွေးပေါက်များအားလုံး ကျယ်ပြန့်လာပြီး လေတဖြူးဖြူးပြေးဝင်လာသကဲ့သို့ လူတစ်ကိုယ်လုံး ပေါ့ပါးတက်ကြွကာ စိတ်လှုပ်ရှားလာသည်။

ဓားမသေမျိုး တစ်ပါးကို ဤမျှရဲရဲတင်းတင်း ပြောဆိုကြိမ်းမောင်းရသည့် အခွင့်အရေးမျိုး ဘယ်နေရာမှာမှ ထပ်မရနိုင်။

တစ်နည်းအားဖြင့်ဆိုရလျှင် ဤခရီးသည် အချည်းနှီး မဖြစ်ခဲ့ပေ!

ဓားမကြီးကို ပခုံးပေါ်တင်ကာ တောက်ပသော မျက်လုံးရွဲကြီးများဖြင့် မျက်စောင်းတထိုးထိုး မာနတထောင်ထောင်ဖြင့် ခြိမ်းခြောက်နေသည့် သန်သန်မာမာမိန်းကလေးမှာ အသံလေးကတော့ နူးညံ့ချိုသာနေပေရာ ရွှယ်ဝူဟန်၏မျက်စိထဲတွင် အလွန်တရာမှ ချစ်စရာကောင်းနေခဲ့လေသည်။

"စိတ်ချပါ၊ နောက်ကျောဓားနဲ့ထိုးတဲ့ လုပ်ရပ်မျိုးကို ကျွန်‌တော်လည်းရှုတ်ချပါတယ်!" ရွှယ်ဝူဟန်က လေးနက်စွာ ကတိပေးလိုက်သည်။

"ဟားဟား၊ ဒါဆို ဘာလို့အချိန်ဆွဲနေဦးမလဲ? စလိုက်ကြရအောင်!!!"

လီဝူကျယ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဓားမကြီးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ တောက်ပသော ဓားချီဓာတ်သည် လျှပ်စီးကဲ့သို့ ပျံထွက်သွားပြီး ချီမေ့တောင်၏ တောင်စောင်းတစ်ခုပေါ်သို့ ကျရောက်သွားသည်။

ဗုံး!

ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး မီးခိုးလုံးကြီးများ လွင့်ပျံသွားသည်။

ထိုတောင်စောင်းငယ်လေးသည် ချောက်နက်ကြီးတစ်ခုအဖြစ် ကွဲထွက်သွားပြီး ချောက်အတွင်းတွင် သွေးများဖြင့် ဖုံးလွှမ်းနေသော လူတစ်ဦးရှိကာ ထိုသူသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ကောင်းကင်သို့ ဟစ်အော်လိုက်သည်။ "အခြေအနေက ဒီအထိရောက်နေပြီပဲ၊ မင်းတို့ကောင်တွေ ဘာကို စောင့်နေကြသေးတာလဲ? အတူတူ တိုက်ခိုက်ကြ၊ သူတို့ကို သတ်ကြ!"

သူစကားမဆုံးမီတွင် အစွမ်းထက်သော အရှိန်အဝါများ ဒါဇင်များစွာ ကောင်းကင်သို့ ပျံတက်သွားပြီး အမှောင်ရိပ်ထဲမှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ခုန်ထွက်လာကြသည်။ ၎င်းတို့၏ လက်နက်များမှာ အမျိုးမျိုးကွဲပြားပြီး တစ်ဦးချင်းစီတွင် အထူးကျွမ်းကျင်ရာနယ်ပယ်ကိုယ်စီလည်း ရှိကြသေး၏။

သူတို့၏မျက်နှာများတွင် သတ်ဖြတ်လိုစိတ်များ အပြည့်ရှိနေပြီး ဒေါသလည်း အတော်ထွက်နေပုံရကာ သူတို့ရှေ့ရှိ အကြီးမားဆုံး ခြိမ်းခြောက်မှုနှစ်ခုကို အစွမ်းကုန် ရှင်းလင်းပစ်ရန် စိတ်ပိုင်းဖြတ်ထားကြပုံပေါ်၏။

"ဒီကောင်တွေ တော်တော်တရားလွန်နေပြီ! သူတို့ကို သတ်ကြ၊ ကျား!"

တိုက်ပွဲကြွေးကြော်သံများက ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသည်။ ဆူပွက်နေသော သတ်ဖြတ်လိုသောစိတ်မှာ ကောင်းကင်သို့တိုင် ထကြွနေပြီဖြစ်၏။

"အချိန်ကောင်းပဲ!" လီဝူကျယ် ပိုမိုစိတ်လှုပ်ရှားလာသည်။ သူသည် သိမ်းငှက်ကြီးကို မောင်းနှင်ကာ အောက်သို့ ထိုးဆင်းလိုက်၏။ သူ၏ဓားရှည်သည် လမ်းတစ်လျှောက် အဆက်မပြတ် ခုတ်ပိုင်းနေပြီး အာဏာရှင်ဆန်ဆန် ကြမ်းကြုတ်လွှမ်းမိုးသော ဓားချီဓာတ်သည် နေရာစုံသို့ ဝေ့ဝဲနယ်ချဲ့လျက်ရှိသည်။

ချွမ်၊ ချွမ်၊ ချွမ် ~

ပြင်းထန်သော သတ္တုချင်းရိုက်ခတ်သံများ ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်နေပြီး တချို့သော နားခါးဖွယ် အော်သံများလည်း ရောနှောပါဝင်နေသည်။

လေထဲတွင် ကြွက်သားမမလေးက ရင်ကိုကော့ ခေါင်းကိုမော့လျက် အရိုင်းဆန်စွာ ရယ်မောနေသည်။ သူမ၏ဓားရှည်ကို မာန်ပါပါကိုင်ဆောင်လျက် သိမ်းငှက်ကြီး၏ သာလွန်သော အရှိန်နှုန်းကို အသုံးပြုကာ ဝန်းရံပိတ်ဆို့ထားသော ရန်သူတို့အား အားကုန်ထိုးဖောက်လျက်ရှိ၏။ သူမရော သိမ်းငှက်ပါ မတားဆီးနိုင်သော အရှိန်အဝါများကို ပြိုင်တူထုတ်လွှတ်နေကြသည်။

"အကြီးအကဲရွှယ်၊ ခင်ဗျားရဲ့နာမကို ကြာမြင့်စွာကတည်းက ကြားသိခဲ့ဖူးပြီး အတိုင်းမသိ လေးစားခဲ့ရပါတယ်။ ကျွန်ုပ်တို့ကို သင်ကြားပြသပေးပါ!" တောင်လမ်းသွယ်ပေါ်မှ လူရိပ် ဆယ်ယောက်ကျော်ခန့် စကားဆိုရင်း ဆင်းသက်လာကြသည်။ အမျိုးသားရော အမျိုးသမီးပါ ပါဝင်ပြီး အများစုမှာ ကောင်းမွန်သော ပစ္စည်းများ ဝတ်ဆင်ကိုင်ဆောင်ထား၏။ တချို့ဆိုလျှင် ရှားပါးအဆင့်ပစ္စည်းများကိုပါ အစုံအလင်ရရှိထားသည်အထိ။ ဤအချိန်တွင် သူတို့အားလုံး ရန်လိုနေကြပြီး လှံများကို ဝင့်ကိုင်ကာ ဝတ်ရုံဖြူဝတ် အမျိုးသားဆီသို့ ချိန်ရွယ်ထားကြသည်။

"ဝေါင်း!" ပတ်ဝန်းကျင်မှ ရန်လိုမှုကို ခံစားမိသောအခါ ကျားဖြူ၏မျက်နှာမှာ ကြမ်းတမ်းသွေးဆာလာပြီး သတိပေးဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာသည်။ အမြီးကို အနောက်သို့ ခပ်ဖြောင့်ဖြောင့်တန်းမတ်ထားလိုက်ခြင်းမှာ တိုက်ခိုက်ဖို့ရာ အသင့်ဖြစ်နေသည့် သားရဲတစ်ကောင်၏ ပုံပန်းအနေအထားပင်။

ရွှယ်ဝူဟန်ကား မျက်နှာထား တည်ငြိမ်သည်။ ထို့နောက် ညာလက်ဖြင့် ဓားရိုးကို ဆုပ်ကိုင်ပြီး ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ ထို လှုပ်ရှားမှုတစ်ချက်တွင် ဆယ်ပေပတ်လည်ရှိ အပူချိန်မှာ အောက်ဆုံးသို့ ထိုးကျသွားပြီး ဆီးနှင်းခဲများ လေထဲတွင် လွင့်ဝဲလာသည်။

All Chapters